← Chapters

ဖြေရှင်းမရနိုင်သော ဗျူဟာ

Vol. 126 Ch. 1754

ဖြေရှင်းမရနိုင်သော ဗျူဟာ

Vol. 126 Ch. 1754

သာမန်တပ်သားများသည် ကျန်းရီ၏ ဗျူဟာကို နားမလည်နိုင်ကြပေ။ သို့သော် ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များက ထိုဗျူဟာကို ရှင်းလင်းစွာ နားလည်၏။ ထို့ပြင် သူတို့သည် ကျန်းရီ၏ ဉာဏ်ရည်ကိုလည်း အလွန်‌လေးစားသွားကြပေသည်။

ဤတစ်ခေါက်တွင် သူတို့က မည်သည်ကိုလုပ်ရန် ရည်ရွယ်ထားသနည်း။ ပြောင်းရွှေ့ရန်ပင်။ ယင်းက သူတို့၏ အဓိကရည်ရွယ်ချက်ဖြစ်သည်။ ထိုရည်ရွယ်ချက်ကသာ အရေးအကြီးဆုံးဖြစ်ပြီး ကျန်သောအရာများမှာ ထိုရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ရန် အထောက်အပံ့များသာဖြစ်သည်။

ကော့ချန်မျိုးနွယ်ကို ရှင်းပစ်လျှင် မည်သည့်အကျိုး ရှိမည်နည်း။ သန်းချီသော တပ်သားများကို သတ်လျှင် မည်သည့်အကျိုး ရမည်နည်း။ သူတို့ ကော့ချန်ဘုရင်ကို သတ်လိုက်လျှင်ပင် အဓိပ္ပာယ်မဲ့နေမည်ဖြစ်သည်။

ဤတစ်ခေါက် စစ်ချီရခြင်းမှာ ပြောင်းရွှေ့မှုအကြောင်းကို ဖုံးကွယ်ရန်သာ။ လုံအောင်းနှင့် အခြားအကြီးအကဲများသည် ကြမ်းကြုတ်နဂါးမျိုးနွယ်ဝင်များ ပြောင်းရွှေ့နိုင်ရန် လျှို့ဝှက်စီစဉ်နေကြပြီဖြစ်သည်။ အခြားမျိုးနွယ်များသည်လည်း လျှို့ဝှက်ပြောင်းရွှေ့မှု စတင်နေကြပေပြီ။

ကျန်းရီ၏ ရည်ရွယ်ချက်မှာ အလွန်ထင်ရှားသည်။ သူက မဟာမိတ်စစ်တပ်ကို အသုံးချ၍ မျိုးနွယ်အားလုံး၏ အာရုံကို ဆွဲဆောင်လိုနေခြင်းဖြစ်သလို တစ်ချိန်တည်းမှာပဲ သူတို့ကို ရှိန်သွားအောင် လုပ်ရန်လည်း ရည်ရွယ်ပေသည်။ သူတို့ မဟာမိတ်စစ်တပ်၏ အင်အားက မည်သည့်မျိုးနွယ်ကိုမဆို ရှင်းပစ်နိုင်ကြောင်း အားလုံးကို သိသွားစေရပေမည်။

မဟာမိတ်စစ်တပ်သည် ကော့ချန်နယ်မြေ နယ်စပ်ရှိ အင်အားသုံးသန်း စစ်တပ်ကို အနိုင်ယူကာ သိန်းချီသော တပ်သားများကို သတ်ပစ်ခဲ့သည်။ သူတို့၏ ရည်ရွယ်ချက်မှာ သူတို့က ဤတစ်ခေါက်တွင် အယောင်ပြနေခြင်း မဟုတ်ကြောင်း အရှေ့ဒေသကို ကြေညာရန်ပင်။ သူတို့ အတည်တိုက်နေခြင်းဖြစ်သည်။

ကျန်းရီသည် မဟာမိတ်စစ်တပ်ကို ဆက်လိုက်၍ မသတ်ရန် တားခဲ့ခြင်းမှာ ကော့ချန်ဘုရင် ဒေါသူပုန်ထသွားမည်ကို မလိုလား၍ပင်။ ကန်းဟန့်ဘုရင်အား စွမ်နီမြို့ကို ဖျက်ဆီးမပစ်ရန် ပြောခဲ့ခြင်းမှာလည်း ထိုအကြောင်းကြောင့်ဖြစ်သည်။ သူတို့ ရန်သူကို ထိခိုက်သွားအောင် လုပ်နိုင်သည်။ သို့သော် အပြင်းအထန် ထိခိုက်သွားစေ၍တော့ မဖြစ်ပေ။ ရန်သူက ကျားနာခဲ ခဲသည့်အခါ ရင်ဆိုင်ရန် ခက်ပေလိမ့်မည်။ သို့သော် အတန်ငယ် ထိခိုက်ရုံလောက်သာဆိုလျှင် ကော့ချန်ဘုရင်သည် သူ့အသက်ကိုရင်း၍ တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။

မဟာမိတ်စစ်တပ်ကို စွမ်နီမျိုးနွယ်သို့ ဦးတည်ခိုင်းရခြင်း၏ ရည်ရွယ်ချက်မှာ ပို၍ပင်ရှင်းသည်။ ထိုနည်းနှင့်မှ မျိုးနွယ်ကြီးများသည် မဟာမိတ်စစ်တပ်က တစ်ချိန်ချိန်တွင် သူတို့မျိုးနွယ်ဆီ ရောက်လာမည်လောဟု တွေးကာ အခြားအရာများကို အာရုံမစိုက်နိုင်ဘဲ စစ်တပ်၏ လှုပ်ရှားမှုကိုသာ မပြတ်စောင့်ကြည့်နေကြဖြစ်သည်။ သို့ဆိုလျှင် ပြောင်းရွှေ့ခြင်းကိစ္စကို ဖုံးကွယ်ထားနိုင်ပေလိမ့်မည်။

***

တိုက်ပွဲကြီးအကြောင်း သတင်းများ ပျံ့နှံ့သွားသောအခါ အရှေ့ဒေသတစ်ခွင်လုံး လှုပ်ခတ်သွားသည်။

မဟာမိတ်စစ်တပ်၏ လှုပ်ရှားမှုကလည်း မျိုးနွယ်ကြီးအားလုံးကို နားမလည်နိုင်ဖြစ်နေစေသည်။ သူတို့က စစ်ကို စလိုက်သော်လည်း အဘယ်ကြောင့် အဆုံးအထိ မတိုက်ရသနည်း။ အဘယ်ကြောင့် စွမ်နီမျိုးနွယ်ဆီသို့ ဦးတည်သွားရသနည်း။ သူတို့က အဘယ်အရာကို ကြံစည်နေခြင်းနည်း။

ကော့ချန်ဘုရင် ဒေါသထွက်သွားပြီး စွမ်နီဘုရင် တုန်လှုပ်သွားသည်။ သူတို့နှစ်ယောက်သည် တပ်သားသန်းအနည်းငယ်ကို ဦးဆောင်၍ စွမ်နီမျိုးနွယ်ဆီသို့ ဖြတ်လမ်းမှ သွားလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် အင်အားတစ်သန်း စစ်တပ်ကို ကြမ်းကြုတ်နဂါးမျိုးနွယ်၏ နယ်မြေကို တိုက်ခိုက်ရန် စေလွှတ်လိုက်သည်။

ကြမ်းကြုတ်နဂါးမျိုးနွယ်က ကိုယ့်မျိုးနွယ်ကိုယ် အရေးမစိုက်‌တော့ရာ ကော့ချန်ဘုရင်သည် ကြမ်းကြုတ်နဂါးမျိုးနွယ်ကို နဂါးတောင်ကြားထဲမှ ရှင်းထုတ်ပစ်ရန် ဆုံးဖြတ်ထားပေသည်။

သို့သော် မည်သူ သိမည်နည်း...

နှစ်ရက်ကြာပြီးနောက် အင်အားတစ်သန်းစစ်တပ်သည် ကြမ်းကြုတ်နဂါးမျိုးနွယ်၏ နယ်မြေကို မရောက်သေးခင်မှာပင် အလစ်ဝင်တိုက်ခံလိုက်ရသည်။ အလစ်ဝင်တိုက်သည့် တပ်မှာ အင်အားမများပါ။ တပ်သားငါးသိန်းသာပါသည်။ သို့သော် ထိုတပ်ထဲ၌ စွမ်းအားကြီး သိုင်းသမား သုံးယောက် ပါလာ၏။ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ပင်။

အင်အားတစ်သန်းစစ်တပ်သည် ဧကရာဇ်တစ်ပိုင်းအဆင့် မျိုးနွယ်ဘုရင်သုံးပါးကြောင့် မရှုမလှနှင့် ဆုတ်ပြေးရလေသည်။ ဤတစ်ခေါက်တွင် ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများသည် မညှာခဲ့ပေ။ သူတို့သည် နောက်မှလိုက်၍ အင်အားတစ်သန်းစစ်တပ်ထဲမှ တပ်သားရှစ်သိန်းကို သတ်ပစ်လိုက်ပေသည်။

ကော့ချန်ဘုရင်နှင့် စွမ်နီဘုရင်တို့သည် ထိုသတင်းကို ကြားသောအခါ အလွန်ဒေါသထွက်သွားကြပြီး သွေးအန်မိမလိုပင် ဖြစ်သွားကြသည်။ သူတို့နှစ်ယောက်က စွမ်နီမျိုးနွယ်သို့ ချီတက်နေသည့် မဟာမိတ်စစ်တပ်ကို အာရုံစိုက်ထားခဲ့သော်လည်း ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားဘုရင်နှစ်ပါး စစ်တပ်ထဲမှ တိတ်တဆိတ် ထွက်သွားခဲ့သည်ကို သတိမပြုမိခဲ့ပေ။

မြို့ကို သိမ်းရန် စစ်ကူကို တိုက်ခိုက်ခြင်း...

ကျန်းရီ၏ ဤတစ်‌ခေါက် ရည်ရွယ်ချက်မှာလည်း အလွန်ရှင်းသည်။ ကော့ချန်ဘုရင်က ကြမ်းကြုတ်နဂါးမျိုးနွယ်၏ နယ်မြေဆီ စစ်တပ်စေလွှတ်လိမ့်မည်ဖြစ်ကြောင်း သူ ခန့်မှန်းထားပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ကြမ်းကြုတ်နဂါးဘုရင်တို့အား ထိုအင်အားတစ်သန်း စစ်တပ်ကို သွားရှင်းပစ်ရန် ပြောခဲ့သည်။

ကော့ချန်ဘုရင်နှင့် စွမ်နီဘုရင်တို့က မဟာမိတ်စစ်တပ်ကို တိုက်ခိုက်တော့မည့် အချိန်တွင် ကျန်းရီသည် စစ်တပ်ကို ကော့ချန်မျိုးနွယ်ဆီ ပြန်ဦးတည်စေလိုက်ပြန်သည်။ ကြမ်းကြုတ်နဂါးဘုရင်တို့က အင်အားငါးသိန်းတပ်နှင့် ပြတ်ဆုတ်လာပြီး လမ်းတွင် မဟာမိတ်စစ်တပ်နှင့် ပြန်ပေါင်းလိုက်လေသည်။

ရူးသွပ်ဖွယ်ပင်...

ကော့ချန်ဘုရင်နှင့် စွမ်နီဘုရင်တို့ ရူးချင်စိတ် ပေါက်လာကြသည်။ သူတို့ ကျန်းရီကြောင့် ရူး‌တော့ပေမည်။ ခွေးရူးမောင်းသလို အမောင်းခံနေရသော ခံစားချက်မှာ အဆိုးဆုံးပင်။ သူတို့၏ တုံ့ပြန်ပုံက ရန်သူ၏ တွက်ချက်မှုအတွင်းမှာပင် ရှိနေပေသည်။ သူတို့ မည်သို့ တိုက်ခိုက်ပါစေ ရှုံးမည်သာ။ ထိုခံစားချက်က သူတို့ကို ရူးမလို ဖြစ်လာစေပေသည်။

နောက်ဆုံးတွင် ကော့ချန်ဘုရင်သည် ရက်စက်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် အင်အားတစ်သန်းစစ်တပ်ကို ဦးဆောင်၍ နဂါးတောင်ကြားသို့ ချီသွားလိုက်သည်။ တစ်ချိန်တည်းမှာပင် ကော့ချန်မျိုးနွယ်ကို ကြိုရှောင်ရန် လှမ်းအမိန့်ပေးလိုက်၏။ သူ သင်ခန်းစာ ရပြီးပေပြီ။ ကျန်းရီ၏ နှစ်ကြိမ် အသုံးချမှုကို ခံတော့မည် မဟုတ်ချေ။

ကော့ချန်ဘုရင်သည် မဟာမိတ်စစ်တပ်ကို နဂါး‌တောင်ကြားဆီ စစ်ကူအဖြစ် ပြန်လာရရန် ဖိအားပေးလိုနေသည်။ သူ အရှင်မချင်လင်း၏ လက်အောက်ခံများနှင့် တစ်ကြိမ်တည်း အပြီးအပြတ် တိုက်ခိုက်လိုနေသည်။ သူ များစွာအရေးစိုက်နေတော့မည် မဟုတ်ပေ။ ကျန်းရီ၏ အရူးလုပ်မှုကို ခံနေရခြင်းထက် အပြင်းအထန် တိုက်ပစ်ခြင်းက ပိုကောင်းလေသည်။

သို့သော်...

ရက်အတော်ကြာပြီးနောက် ကော့ချန်ဘုရင်နှင့် စွမ်နီဘုရင်တို့သည် သူတို့က အလွန်နုံအနေသေးကြောင်း သဘောပေါက်သွား၏။ သူတို့ နဂါးတောင်ကြားဆီသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။ သို့သော် မဟာမိတ်စစ်တပ်က စစ်ကူအဖြစ် ပြန်ရောက်မလာခဲ့ဘဲ ကော့ချန်မျိုးနွယ်သို့ ဆက်ချီတက်၍ ကော့ချန်မျိုးနွယ်ဝင်များကို လိုက်သတ်ခဲ့ပေသည်။

နဂါးတောင်ကြားသို့ ရောက်သောအခါတွင်လည်း ကော့ချန်ဘုရင်တို့ တုန်လှုပ်ဖွယ် အချက်တစ်ခုကို ထပ်သိလိုက်ရသည်။ နဂါးတောင်ကြားက ဗလာဖြစ်နေပေသည်။ ကြမ်းကြုတ်နဂါးမျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမားများ မဆိုထားနှင့် အဆင့်နိမ့် မိစ္ဆာသားရဲများကိုပင် မတွေ့ရတော့ပေ။ ကြမ်းကြုတ်နဂါးမျိုးနွယ်က လောကကြီးထဲမှ ပျောက်ကွယ်သွားသလိုပင်။

ကော့ချန်ဘုရင်နှင့် စွမ်နီဘုရင်တို့ အံ့အားသင့်သွားကြသည်။ အင်အားတစ်သန်းစစ်တပ်သည် တောင်ကြားအပြင်တွင် တပ်ချထား၏။ သူတို့အားလုံးက မဟာမိတ်စစ်တပ်အပေါ်တွင်သာ အာရုံစိုက်မိခဲ့သဖြင့် နဂါးတောင်ကြားမှ အခြေအနေများကို သတိမပြုမိခဲ့ကြပေ။

ထို့ပြင် ဤသို့ စေလွှတ်ထားသည့် ထောက်လှမ်းရေးအားလုံးလည်း ရှင်းပစ်ခံလိုက်ရပြီဖြစ်ကြောင်း ထင်ရှားသည်။ မဟုတ်လျှင် သတင်းတစ်ခုခု‌တော့ ပေါက်ကြားလာရပေမည်။ ကြမ်းကြုတ်နဂါးမျိုးနွယ်က မည်သည့်နေရာသို့ ရောက်သွားကြောင်းကို ကော့ချန်ဘုရင်နှင့် စွမ်နီဘုရင်တို့ မသိကြချေ။

လက်ရှိတွင် ကြမ်းကြုတ်နဂါးဘုရင်က မဟာမိတ်စစ်တပ်ကို ဦးဆောင်၍ ကော့ချန်မျိုးနွယ်ဝင်များကို လိုက်သတ်နေသည်။ အကယ်၍ ကော့ချန်ဘုရင်တို့သာ ပြန်မသွားလျှင် ကော့ချန်မျိုးနွယ် ရှင်းပစ်ခံရပေလိမ့်မည်။ သို့သော် သူတို့ ပြန်မသွားဘဲ ကြမ်းကြုတ်နဂါးမျိုးနွယ်ဝင်များက မည်သည့်နေရာသို့ ပြောင်းရွှေ့သွားကြောင်းကို လိုက်ရှာနိုင်သည်။ ထိုနည်းနှင့်ဆိုလျှင် နှစ်ဘက်စလုံး ပျက်သုဉ်းရပေလိမ့်မည်။

စွမ်နီဘုရင်သည် မည်သို့ ဆက်လုပ်ရမည်ကို မသိတော့ပေ။ သူသည် ကော့ချန်ဘုရင်ကိုသာ ကြည့်၍ ကော့ချန်ဘုရင် ဆုံးဖြတ်ချက်ချမည်ကို စောင့်နေလိုက်လေသည်။

ကော့ချန်ဘုရင်သည် တစ်နာရီကြာအောင် မျက်လုံးမှိတ်လျက် တိတ်ဆိတ်နေ၏။ ထို့နောက် သူ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်ဝန်းများက တောက်ပစွာ လင်းလက်နေသည်။ သူသည် ခံစားချက်များ ပြည့်နှက်နေသော မျက်နှာထားနှင့် ရေရွတ်လိုက်သည်။

“ပြောင်မြောက်လိုက်တာ.. ဒါက တကယ့်ကို ‌ပြောင်မြောက်တာပဲ။ မင်းက နောက်ကွယ်မှာ ပုန်းနေပြီး အားလုံးကို လှည့်စားနေတာပဲ...”

နောက်ဆုံးတွင် ကော့ချန်ဘုရင်သည် ကျန်းရီ၏ ဗျူဟာကို နားလည်သွားပေပြီ။ ကျန်းရီက အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများကို မည်သည့်နေရာသို့ ပြောင်းရွှေ့မည်ကိုပင် သူ ခန့်မှန်းနိုင်လိုက်သည်။ သို့သော် ခန့်မှန်းနိုင်လျှင်ပင် ထိုဗျူဟာကိုဖျန်ရန် သူ့တွင် နည်းလမ်းမရှိပေ။ သူ၏ခန့်မှန့်ချက်သာ မှန်မည်ဆိုပါက မဟာမိတ်စစ်တပ်သည် မကြာခင်တွင် ကော့ချန်မျိုးနွယ်ဝင်များ‌နောက် ဆက်လိုက်လိမ့်မည် မဟုတ်ချေ။ ထိုအစား အရှေ့ဘက်ရှိ ကောင်းကင်ဂဠုန်မျိုးနွယ်၏ နယ်မြေထဲ ပြန်ဆုတ်သွားပေလိမ့်မည်။

ကြမ်းကြုတ်နဂါးမျိုးနွယ်ဝင်များ၊ ကန်းဟန့်မျိုးနွယ်ဝင်များနှင့် အရှင်မချင်လင်း၏ လက်အောက်ခံမျိုးနွယ်အားလုံးက ကောင်းကင်ဂဠုန်နယ်မြေသို့ ပြောင်းရွှေ့သွားခြင်း ဖြစ်နိုင်သည်။ လက်ရှိတွင် မျိုးနွယ်အားလုံး အရှေ့ဘက်သို့ ပြောင်းရွှေ့နေကြသည်။

အရှေ့ဘက်ရှိ ကောင်းကင်ဂဠုန်နယ်မြေက ကျတ်တီးမြေတစ်ခုပင်။ မြေမျက်နှာသွင်ပြင်ကလည်း ရှုပ်ထွေးပြီး နတ်ဆိုးချောက်နက်အပါအဝင် အန္တရာယ်များသော နေရာများစွာလည်း ရှိသည်။ ထို့ကြောင့် ထိုနယ်မြေမှနေ၍ ခုခံရန်မှာ လွယ်ကူပြီး ထိုနယ်မြေကို တိုက်ခိုက်ရန်မှာမူ ခက်ခဲပေသည်။ ကော့ချန်ဘုရင်တို့ ကောင်းကင်ဂဠုန်နယ်မြေဆီ လိုက်သွားမည်ဆိုလျှင်ပင် မည်သည့်အကျိုးမှ ရှိလိမ့်မည် မဟုတ်ချေ။

ကော့ချန်ဘုရင်ကလည်း လိုက်မသွားဝံ့ပါ။ ဤကိစ္စတစ်ခုလုံး၏ နောက်ကွယ်မှ ကြိုးကိုင်သူက အလွန်အစွမ်းထက်လွန်းသည်။ ကော့ချန်ဘုရင်သည် ထိုကြိုးကိုင်သူကို အမှန်ပင် ကြောက်ရွံ့နေပေပြီ။ သူသာ သူတို့နောက်သို့ လိုက်သွားလျှင် ကိုယ့်သေလမ်းကိုယ်ရှာမိသလို ဖြစ်သွားမည်ကို သူ စိုးရိမ်ပေသည်။

ကော့ချန်ဘုရင်သည် သူ၏ ခန့်မှန်းချက်များကို စွမ်နီဘုရင်အား ပြောပြလိုက်၏။ စွမ်နီဘုရင်လည်း တုန်လှုပ်သွားသည်။ သို့သော် သူက အတန်ငယ် သံသယရှိနေသေးသည်။ ထို့ကြောင့် ချက်ချင်းပင် သူ့ထောက်လှမ်းရေးများကို ကောင်းကင်ဂဠုန်နယ်မြေနှင့် ကော့ချန်မျိုးနွယ်ကို ထောက်လှမ်းရန် စေလွှတ်လိုက်သည်။

အနိမ့်ဘုံအချိန် တစ်ရက်ကြာပြီးနောက်...

သတင်းမှာ အလွန်ရှင်းလင်း၏။ အခြေအနေမှာ ကော့ချန်ဘုရင် ခန့်မှန်းထားသကဲ့သို့ပင်။ အရှင်မချင်လင်း လက်အောက်ခံမျိုးနွယ်အားလုံးက ကောင်းကင်ဂဠုန်နယ်မြေထဲတွင် စုဝေးနေကြသည်။ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ ဦးဆောင်သော မဟာမိတ်စစ်တပ်ကလည်း ကောင်းကင်ဂဠုန်နယ်မြေသို့ ပြန်ရောက်တော့မည်ဖြစ်သည်။

“သူတို့က ရှောင်ထွက်မှာလား...”

စွမ်နီဘုရင်သည် သတင်းကို အတည်ပြုပြီးနောက် ဒေါသထွက်ရမည့်အစား ဝမ်းသာသွား၏။ သူ ကော့ချန်ဘုရင်ကို ကြည့်ကာ ပြောလိုက်သည်။

“ကော့ချန်ဘုရင်... ခင်ဗျား ဒီနဂါးတောင်ကြားကို သိမ်းယူရဲလား။ ကျုပ်တို့ မျိုးနွယ်နှစ်ခုစလုံး ဒီကိုပြောင်းလာပြီး နဂါးတောင်ကြားကို သိမ်းယူလိုက်မယ်ဆိုရင် ဘယ်လိုလဲ။ ဒီနဂါးတောင်ကြားက အရှေ့ဒေသထဲမှာ အကောင်းဆုံးနေရာပဲ”

“အရူး...”

ကော့ချန်ဘုရင်က တီးတိုးဆဲဆို၍ လှည့်ထွက်သွားကာ အေးစက်စက် ပြောလိုက်သည်။

“ကျုပ် ဒီနဂါးတောင်ကြားကို မသိမ်းယူရဲဘူး။ ခင်ဗျားလိုချင်ရင် ခင်ဗျားဘာသာ သိမ်းယူလိုက်။ ဒါပေမဲ့... ကျုပ် ခင်ဗျားကို သတိမပေးဘူးလို့တော့ မပြောနဲ့။ ခင်ဗျား ဒီနေရာကို သိမ်းယူလိုက်ရင် ရှင်းပစ်ခံရဖို့ အသင့်ပြင်ထားပေတော့”

ကော့ချန်ဘုရင်သည် ကျန်းရီထံတွင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အကြံအစည်များ ရှိလိမ့်ဦးမည်ဟု ခန့်မှန်းသည်။ အရှင်မချင်လင်း၏ လက်အောက်ခံများက ပြောင်းရွှေ့သွားခဲ့ခြင်းမှာ ကြောက်၍ မဟုတ်ပေ။ သူတို့သည် ထိုးမည့်ဆင် နောက်တစ်လှမ်းဆုတ်နေခြင်းသာ။ သူတို့က အခြားမျိုးနွယ်များ အချင်းချင်း တိုက်ခိုက်အောင် အသားစတစ်စ ပစ်ပေးလိုက်ခြင်းပင်။ ထို့နောက် ကျားများ တိုက်ခိုက်သည်ကို တောင်ပေါ်မှ ထိုင်ကြည့်နေရုံသာ။ အခြားမျိုးနွယ်များ အင်အားနည်းသွားသည်နှင့် သူတို့က အလုံးအရင်း ပြန်ချီတက်လာမည်ဖြစ်သည်။

သို့သော် ကော့ချန်ဘုရင်က ထိုဗျူဟာကို ခန့်မှန်းမိလျှင်ပင် မည်သို့မှ မတတ်နိုင်ချေ။ ထိုဗျူဟာကို ဖြေရှင်းနိုင်မည့် နည်းလမ်း မရှိပါ။ နယ်မြေများနှင့် အရင်းအမြစ်များမှာ ငါးမျှားချိတ်ရှိ သွားရည်ကျဖွယ် ငါးစာပင်။ လောကတရားမှာ လူသားမျိုးနွယ်တွင်သာ ရှိသည်မဟုတ်။ မိစ္ဆာမျိုးနွယ်တွင်လည်း ရှိပေသည်။

***

All Chapters