← Chapters

ကြိုတင်သတ်မှတ်ပြီးသွားပြီ

Vol. 126 Ch. 1755

ကြိုတင်သတ်မှတ်ပြီးသွားပြီ

Vol. 126 Ch. 1755

အချိန်လဝက် ကုန်ဆုံးသွား၏။

ပြောင်းရွှေ့မှုကြီးလည်း ဆုံးခန်းတိုင်သွားသည်။ ထိုပြောင်းရွှေ့မှုက အလွန်အောင်မြင်ခဲ့သည်။ သူတို့သည် ကော့ချန်မျိုးနွယ်နှင့် စွမ်နီမျိုးနွယ်တို့မှ တပ်သားတစ်သန်းကျော်ကိုပင် ရှင်းပစ်နိုင်ခဲ့သည်။ သူတို့ဘက်မှ ဆုံးရှုံးမှုများမှာမူ လျစ်လျူရှုနိုင်လောက်သော အသေးအဖွဲမျှသာ။

ထို့ကြောင့် ၎င်းပြောင်းရွှေ့မှုကို ပြီးပြည့်စုံသော လုပ်ငန်းစဉ်တစ်ခုဟု ဆိုနိုင်သည်။ ထို့ပြင် သူတို့က နောက်ပိုင်းတွင် ပေါ်ပေါ်ထင်ထင် ပြောင်းရွှေ့ခဲ့ကြသော်လည်း အင်အားစုသုံးစုထဲက မည်သည့်အင်အားစုကမှ သူတို့နောက်သို့ လိုက်မလာဝံ့ကြပေ။

မျိုးနွယ်ကြီးအချို့သည် သူတို့က ပြောင်းရွှေ့နေကြောင်းကို သိထားပြီးဖြစ်သည်။ သူတို့ သိသွားလိမ့်မည်ဖြစ်ကြောင်းကိုလည်း ကျန်းရီက ခန့်မှန်းမိသည်။ သို့သော် မည်သည့်မျိုးနွယ်ကြီးကမှ လှုပ်ရှားလိမ့်မည် မဟုတ်ကြောင်းကိုလည်း ကျန်းရီ သိပေသည်။

ပြောင်းရွှေ့မှုက အလွန်လျင်မြန်ခဲ့သည်။ လျင်မြန်လှသဖြင့် မျိုးနွယ်များသည် တုံ့ပြန်ရန်ပင် အချိန်မရခဲ့ပေ။ မိစ္ဆာအရှင်သုံးပါးကလည်း မည်သည့်အမိန့်မှ မပို့ခဲ့။ အမိန့်မရလျှင် မည်သူမှ မဆင်မခြင် မတိုက်ခိုက်ဝံ့ချေ။ သူတို့ ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများကို ဒေါသထွက်အောင် လုပ်မိလျှင် မဟာမိတ်စစ်တပ်က နောက်ပြန်လှည့်လာပြီး သူတို့ကို ရှင်းပစ်ပေလိမ့်မည်။ သူတို့ မလှုပ်ရှားခဲ့သည့် အခြားအကြောင်းတစ်ခုမှာမူ အကျိုးအမြတ်ကြောင့်ဖြစ်သည်။

ယခုတွင် နယ်မြေလွတ်များစွာ ရှိနေပြီဖြစ်သည်။ တိုက်ခိုက်ယူရမည့် အရင်းအမြစ်များစွာ၊ သိမ်ပိုက်ရမည့် နယ်မြေများစွာ ရှိနေလေပြီ။ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက သူတို့၏ နယ်မြေများကို စွန့်ခဲ့ကြသည်။ သို့ဖြစ်ရာ မည်သူက သူတို့ကို အသေခံ၍ လိုက်တိုက်ခိုက်ပါဦးမည်နည်း။ အားလုံးသည် နယ်မြေလွတ်များကို သိမ်းပိုက်နိုင်ရေးအတွက် စတင်၍ လျှို့ဝှက်ကြံစည်လာကြပေသည်။

ကြမ်းကြုတ်နဂါးဘုရင်က နဂါးတောင်ကြားကိုပင် စွန့်ခဲ့ရာ အချိန်တစ်ခုအတွင်း ပြန်လာလိမ့်ဦးမည် မဟုတ်ပေ။ သူတို့သာ ထိုနယ်မြေများကို အောင်အောင်မြင်မြင် သိမ်းပိုက်ထားနိုင်လိုက်လျှင် နောင်တွင် ကြမ်းကြုတ်နဂါးဘုရင်တို့ ပြန်လာရန် ခက်သွားပေလိမ့်မည်။

ထို့ပြင် ကြမ်းကြုတ်နဂါးဘုရင်တို့က အမှန်တကယ် ထွက်ပြေးလွတ်မြောက်နိုင်ပါမည်လော။ အင်အားစုသုံးစုသာ ပူးပေါင်းလိုက်လျှင် ကြမ်းကြုတ်နဂါးဘုရင်တို့ အရှေ့ဒေသမှ ထွက်ပြေးမည်ဆိုလျှင်ပင် သေရဦးမည်သာ။

ထို့ကြောင့် မျိုးနွယ်ကြီးများသည် ပြောင်းရွှေ့မှုသတင်းကို ရသော်လည်း မည်သို့မှ မလှုပ်ရှားခဲ့ခြင်းဖြစ်သည်။ သူတို့သည် ကြမ်းကြုတ်နဂါးမျိုးနွယ်၊ ကန်းဟန့်မျိုးနွယ်နှင့် အခြားမျိုးနွယ်များက ကောင်းကင်ဂဠုန်နယ်မြေထဲ ပြောင်းရွှေ့သွားသည်ကို ကြည့်၍သာ နေခဲ့ကြသည်။ နောက်ဆုံးတွင် ထိုမျိုးနွယ်များသည် အရှေ့ဘက်အစွန်းရှိ ကျတ်တီးမြေထဲ ရောက်သွားကြလေသည်။

သန်းရာချီသော မိစ္ဆာများက အစုလိုက် ပြောင်းရွှေ့ခဲ့ကြသည်။ သူတို့ နတ်ဆိုးချောက်နက်ကို ကွေ့ပတ်ရှောင်ကာ အန္တရာယ်များသော နေရာများစွာကို ဖြတ်ကျော်ခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် ကျတ်တီးမြေ၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ရောက်သွားလေသည်။

လုံအောင်းက စစ်တပ်ကို ဦးဆောင်၍ အရှေ့ဆုံးမှနေလျက် လမ်းရှင်း၏။ ပြောင်းရွှေ့သူအများစုသည် စစ်တပ်၏ ကာကွယ်ပေးမှုကို ခံရသည်။ ကျန်းရီ၊ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ကလည်း နောက်ဆုံးတွင်ချန်နေခဲ့၍ အင်အားတစ်သန်းစစ်တပ်ကို ဦးဆောင်ကာ နောက်မှလိုက်လာသူများ မရှိအောင် ကာကွယ်ပေးနေသည်။

“သွားကြစို့...”

မျိုးနွယ်အားလုံး ပြောင်းရွှေ့ပြီးသွားသောအခါ ကျန်းရီက ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားသုံးယောက်နှင့် အုပ်ချုပ်သူအဆင့် သိုင်းသမားအချို့ကို ကြည့်လိုက်၏။ ထို့နောက် သူ သက်ပြင်းသဲ့သဲ့ချကာ ပြောလိုက်သည်။

“ကျွန်တော့်ကို ယုံပါ။ တစ်နေ့ကျရင် ကျွန်တော် အားလုံးကို ပြန်ခေါ်သွားမှာပါ။ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာနဲ့ နယ်မြေတွေကို ပြန်ယူမှာပါ”

“သွားကြမယ်...”

ကြမ်းကြုတ်နဂါးဘုရင်က အသံနက်ကြီးနှင့် အော်လိုက်သည်။ မဟာမိတ်စစ်တပ်သည် ကောင်းကင်ဂဠုန်နယ်မြေထဲမှ ထွက်ကာ ကျတ်တီးမြေဆီသို့ သွားလိုက်ကြသည်။ လမ်းတစ်လျှောက်တွင် အခြေအနေကို သတင်းလာပို့သော ထောက်လှမ်းရေးများ ရှိနေသည်။ အရာအားလုံးက အဆင်ပြေချောမွေ့နေပြီး မည်သည့်စစ်တပ်ကမှ သူတို့နောက်ကို လိုက်မလာပေ။ သို့ဖြင့် မဟာမိတ်စစ်တပ်သည် တောင်များအတွင်ဝင်ကာ တောင်တန်းများကြား၌ ပျောက်ကွယ်သွားလေတော့သည်။

***

အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများ ထွက်ခွာသွားသောအခါ တောင်တန်းနယ်မြေ တစ်ထောင်ကျော်လောက် လွတ်သွားသည်။ ရာချီသော ဆန်းကြယ်နယ်မြေများ၊ သတ္တုတွင်းများနှင့် ဝိညာဉ်ဆေးပင်များ ပေါက်ရောက်ရာ တောင်များမှာ ပိုင်ရှင်မဲ့သွားကြသည်။ ထို့ကြောင့် ရုတ်ခြည်းပင် အရှေ့ဒေသတစ်ခုလုံး သက်ဝင်လှုပ်ရှားလာသည်။

မျိုးနွယ်ကြီးအချို့သည် ချက်ချင်းပင် တပ်ဖွဲ့များ စေလွှတ်၍ နယ်မြေများနှင့် အရင်းအမြစ်များကို သိမ်းယူခဲ့သည်။ ကျန်သော မျိုးနွယ်များကလည်း သွက်လက်စွာ တုံ့ပြန်၍ သူတို့၏ တပ်များကို စေလွှတ်ကာ နယ်မြေများနှင့် အရင်းအမြစ်များအတွက် တိုက်ခိုက်ကြလေသည်။

စွမ်နီမျိုးနွယ်က နောက်မဆုတ်ခဲ့ပေ။

ကော့ချန်ဘုရင်က သတိပေးခဲ့သော်လည်း စွမ်နီဘုရင်တွင် သူ့အကြံနှင့်သူ ရှိသည်။

နဂါးတောင်ကြားမှာ အရှေ့ဒေသရှိ အကောင်းဆုံးနယ်မြေဖြစ်သည်။ နဂါးတောင်ကြားထဲမှ မိုးမြေဝိညာဉ်စွမ်းအင်က အပြင်ကထက် အဆတစ်သောင်း ပိုသိပ်သည်းသည်။ သူတို့သာ ထိုနယ်မြေကို အနှစ်(၃၀)မှ (၅၀)အတွင်း သိမ်းယူထားနိုင်လျှင်ပင် စွမ်နီမျိုးနွယ်က အရှေ့ဒေသ၏ အင်အားအကြီးဆုံးမျိုးနွယ် ဖြစ်လာနိုင်ပေသည်။

လက်ရှိတွင် စွမ်နီမျိုးနွယ်က အရှေ့ဒေသ၌ နံပါတ်သုံး ဖြစ်၏။ ကျန်းရီက သူတို့မျိုးနွယ်၏ အုပ်ချုပ်သူအဆင့် သိုင်းသမား အချို့နှင့် အင်အားတစ်သန်းစစ်တပ်ကို ရှင်းပစ်ခဲ့သော်လည်း မျိုးနွယ်၏ အင်အားမှာ များစွာထိခိုက်မသွားသေးပေ။ ယခုတွင် ကော့ချန်ဘုရင်က နဂါးတောင်ကြားကို လက်လွှတ်လိုက်ပြီဖြစ်ရာ စွမ်နီဘုရင်သည် ထိုအခွင့်အရေးကို မည်သို့ လက်လွှတ်ခံနိုင်ပါမည်နည်း။

ကြမ်းကြုတ်နဂါးမျိုးနွယ် ထွက်သွားပြီဖြစ်သော်လည်း ‌ကော့ချန်ဘုရင်က နဂါးတောင်ကြားကို မလိုချင်ခဲ့ပေ။ ယခု အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက ထွက်သွားပြီဖြစ်ရာ ကော့ချန်မျိုးနွယ်က အင်အားအကြီးဆုံးမျိုးနွယ် ဖြစ်သွားပြီဖြစ်သည်။ သူတို့မျိုးနွယ်ကသာ နဂါးတောင်ကြားကို သိမ်းယူမည်ဆိုလျှင် မည်သည့်မျိုးနွယ်ကမှ သူတို့ကို တိုက်ဝံ့လိမ့်မည် မဟုတ်ပါ။ စွမ်နီမျိုးနွယ်နှင့် ကော့ချန်မျိုးနွယ်က ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ သို့ဖြစ်ရာ စွမ်နီမျိုးနွယ်ကိုလည်း မည်သူကမှ ရန်ပြုဝံ့လောက်မည် မဟုတ်ဟု ယူဆရပေသည်။

သို့ဖြင့် စွမ်နီဘုရင်သည် စွမ်နီမျိုးနွယ်ဝင်များကို နဂါးတောင်ကြားသို့ ခေါ်လာလိုက်၏။ တစ်ချိန်တည်းမှာပင် ယခုမှစ၍ နဂါး‌တောင်ကြားက စွမ်နီမျိုးနွယ်အပိုင် ဖြစ်သွားပြီဖြစ်ပြီး စွမ်နီမျိုးနွယ်ကို တိုက်ခိုက်ဝံ့သူတိုင်း ကော့ချန်မျိုးနွယ်နှင့်လည်း ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း ကြေညာလိုက်လေသည်။

မည်သို့ပင်ဖြစ်စေ စွမ်နီဘုရင်သည် စွမ်နီမျိုးနွယ်တစ်ခုလုံးကိုတော့ နဂါးတောင်ကြားသို့ မပြောင်းရွှေ့ရဲသေးပါ။ အရင်ဆုံး အခြေအနေကို စောင့်ကြည့်ရပေမည်။

ဆယ်ရက်ကျော်သွားသည်အထိ အခြေအနေက အေးချမ်းနေခဲ့သည်။ မည်သည့်မျိုးနွယ်ကမှ နဂါးတောင်ကြားကိုလုရန် စွမ်နီမျိုးနွယ်ကို လာမတိုက်ခိုက်ခဲ့ပါ။ လွတ်သွားသော အခြားနယ်မြေများကိုလည်း မျိုးနွယ်အသီးသီးက အချင်းချင်း နားလည်မှုထား၍ အတိုက်အခိုက်မရှိဘဲ မျိုးနွယ်တစ်ခုလျှင် နယ်မြေတစ်ခုစီ သိမ်းယူနေကြသည်။ အရှေ့ဒေသတစ်ခုလုံး အေးချမ်းနေပေသည်။

ဆယ်ရက်ကျော်သွားပြီဖြစ်သော်လည်း အရှေ့ဒေသက အေးချမ်းနေသေးသဖြင့် စွမ်နီဘုရင် စိတ်အေးလာပြီး သူ့မျိုးနွယ်တစ်ခုလုံးကို ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်သည်။ သူသည် စွမ်နီနယ်မြေဆီသို့ စစ်တပ်စေလွှတ်လိုက်ကာ ကျန်နေသော မျိုးနွယ်ဝင်အားလုံးကို နဂါးတောင်ကြားဆီ စောင့်ရှောက်၍ ခေါ်လာခဲ့ရန် အမိန့်ပေးလိုက်လေသည်။

စွမ်နီမျိုးနွယ် စတင်ပြောင်းရွှေ့ချိန်တွင် တစ်စုံတစ်ခု ဖြစ်လာ၏။ စစ်တပ်တစ်တပ်က စွမ်နီမျိုးနွယ်ကို တိုက်ခိုက်ခြင်းတော့ မဟုတ်ပါ။ စွမ်နီမျိုးနွယ် ပြောင်းရွှေ့ပြီးနောက် စွမ်နီနယ်မြေက လွတ်သွားသည် မဟုတ်ပါလား။ ထို့ကြောင့် မျိုးနွယ်ငယ်လေးအချို့သည် ထိုနယ်မြေအတွက် တိုက်ခိုက်ကြသည်။ နောက်ဆုံးတွင် စစ်ပွဲတစ်ပွဲ ဖြစ်ပွားလာလေသည်။

ထိုစစ်ပွဲသည် အရှေ့ဒေသထဲတွင် အဆုံးမရှိသော ပဋိပက္ခများကို မီးမွှေးပေးခဲ့ပေသည်။ အစပိုင်းတွင် မျိုးနွယ်ငယ်လေးများကြားမှ စစ်ပွဲသာ ဖြစ်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် မျိုးနွယ်ကြီးများပါ ပါဝင်လာပြီး စစ်ပွဲမှာ ပို၍ ပို၍ ပြင်းထန်လာပေသည်။

နေရာအနှံ့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။ မျိုးနွယ်ကြီးအချို့က အခြေအနေကို ထိန်းလိုခဲ့သော်လည်း မျိုးနွယ်ဝင်များစွာ သေဆုံးလာသောအခါ မဖြေနိုင်သော ရန်ငြိုးများ ဖြစ်တည်လာရသည်။ သို့ဖြင့် စစ်ပွဲမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာလေတော့သည်။

စွမ်နီဘုရင် အတန်ငယ် တုန်လှုပ်နေ၏။ မည်သည့်မျိုးနွယ်ကမှ နဂါးတောင်ကြားကို မတိုက်ခိုက်သေးသော်လည်း သူ မကောင်းသော နမိတ်ကို ခံစားနေရသည်။ ထို့ကြောင့် မည်သို့ဆက်လုပ်ရမည်ကို ကော့ချန်ဘုရင်အား လှမ်းမေးလေသည်။

ကော့ချန်ဘုရင်က ချက်ချင်း အကြောင်းပြန်၏။ သို့သော် သူ့ အကြံပြုချက်မှာ ယခင်ကနှင့် အတူတူပင်ဖြစ်သည်။ နဂါးတောင်ကြားမှ ထွက်၍ မူလစွမ်နီနယ်မြေသို့ ပြန်သွားလျှင်သွား မဟုတ်လျှင် စစ်အတွက် ပြင်ဆင်လျှင်ပြင်ဆင်။ သို့သော် ကော့ချန်မျိုးနွယ်ကမူ ဤတစ်ကြိမ်စစ်ပွဲတွင် ဝင်ပါမည် မဟုတ်ပေ။

စွမ်နီဘုရင် မည်သို့ဆက်လုပ်ရမည်မသိ ဖြစ်သွားသည်။ သူသည် သူ့မျိုးနွယ်တစ်ခုလုံးကို နဂါးတောင်ကြားသို့ ရွှေ့ပြောင်းပြီးသွားပေပြီ။ သူတို့၏ စွမ်နီနယ်မြေကိုလည်း အခြားမျိုးနွယ်များက အပိုင်းပိုင်း သိမ်းပိုက်သွားပြီ။ သို့ဖြစ်ရာ ယခု သူတို့ မည်သို့ ပြန်သွားနိုင်ပါတော့မည်နည်း။

ထို့ပြင် နဂါးတောင်ကြားက နေရာကောင်းတစ်ခုဖြစ်၍ စွမ်နီဘုရင် ထွက်မသွားလိုပေ။ သူက ထွက်သွားရန် အမိန့်ပေးလျှင်ပင် အကြီးအကဲအချို့က သဘောတူလိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် သူတို့ စစ်ပြင်ရန်သာ ရှိပေတော့သည်။

စွမ်နီဘုရင် အံကြိတ်လိုက်သည်။ သူ့ရင်ထဲတွင် အလွန်မကောင်းသော ခံစားချက်တစ်ခု ရှိနေသည်။ ထိုခံစားချက်က ကော့ချန်ဘုရင်ထံမှ လာခြင်းဖြစ်သည်။ ကော့ချန်ဘုရင်က အလွန်ထူးဆန်းစွာ ပြုမူနေသည်။ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများ ထွက်သွားပြီးနောက် နယ်မြေများစွာ လွတ်သွားခဲ့သော်လည်း သူက မည်သည့်နယ်မြေကိုမှ မသိမ်းယူခဲ့ဘဲ ကိုယ့်နယ်မြေထဲတွင်သာ ကုပ်နေခဲ့သည်။

ကော့ချန်မျိုးနွယ်၏ အကြီးအကဲများသည်လည်း ကော့ချန်ဘုရင်၏ လုပ်ရပ်ကို နားမလည်နိုင်ကြပေ။

ကော့ချန်မြို့ရှိ နန်းတော်ကြီးတစ်ခု၏ ခန်းမကျယ်ကြီးတစ်ခန်းထဲတွင် အကြီးအကဲတစ်စုက လေးလေးစားစား ရပ်နေကြ၏။ မျိုးနွယ်ကြီးအချို့က စစ်ပွဲထဲ ဝင်ပါလာသည်ဆိုသော သတင်းကို ရထားသဖြင့် အကြီးအကဲများသည် တစ်စုံတစ်ခု မှားနေပြီဟု ခံစားနေကြရသည်။ ဤစစ်ပွဲက မြန်လွန်းနေသည်။ သူတို့ လုံးဝ မထိန်းချုပ်နိုင်ပါချေ။

“ခန့်မှန်းနေစရာ မလိုတော့ပါဘူး”

ပလ္လင်မြင့်တွင် အစိမ်းရောင် သေရည်ခွက်ကိုကိုင်လျက် ထိုင်နေသော ကော့ချန်ဘုရင်က သက်ပြင်းသဲ့သဲ့ချ၍ ပြောလိုက်၏။

“ကျုပ် နဂါးတောင်ကြားကနေ ပြန်လာကတည်းက ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်ဆိုတာကို မျှော်လင့်ထားပြီးသားပါ။ ဒီတစ်ခေါက် စစ်ပွဲက ပျံ့နှံ့တာ အရမ်းမြန်တယ်။ ဒါပေမဲ့ အဲ့အတွက် ပဟေဠိဖြစ်နေစရာ မရှိပါဘူး။ ဘာလို့ဆို ထူးဆန်းတဲ့ စစ်တပ်တစ်တပ်က တခြားမျိုးနွယ်တွေရဲ့ စစ်တပ်လို ဟန်ဆောင်ပြီးတော့ စစ်မီးကို မွှေးနေတာမို့လို့ပဲ။ ခင်ဗျားတို့ မိစ္ဆာမြေခွေးမျိုးနွယ်အကြောင်းကို သိကြမှာပေါ့...”

“အာ...”

အကြီအကဲအားလုံး ရုတ်တရက် အံ့အားသင့်သွားကြ၏။ အမှန်တွင် အကြီးအကဲအချို့က ခန့်မှန်းနိုင်ခဲ့ပါသည်။ သက်သေမရှိသဖြင့် ထုတ်မပြောခဲ့ခြင်းသာ။

မိစ္ဆာမြေခွေးမျိုးနွယ်မှာ အလွန်ဆန်းကြယ်သောမျိုးနွယ်တစ်ခုဖြစ်ပြီး အရာအားလုံးအဖြစ် ပုံစံပြောင်းလဲနိုင်ကြသည်။ အကယ်၍ မိစ္ဆာမြေခွေးစစ်တပ်က အခြားမျိုးနွယ်များ၏ စစ်တပ်အဖြစ် ဟန်ဆောင်၍ နေရာအနှံ့တွင် ပြဿနာရှာနေခြင်းဆိုလျှင် စစ်ပွဲက အဘယ်ကြောင့် လျင်မြန်စွာ ပျံ့နှံ့လာရကြောင်းကို ရှင်းသွားပေလိမ့်မည်။

မိစ္ဆာမြေခွေးမျိုးနွယ်မှာ အရှင်မချင်လင်း၏ လက်အောက်ခံမျိုးနွယ်တစ်ခုဖြစ်သည်။ သို့ဖြစ်ရာ သူတို့ ပြဿနာရှာနေရသည့် ရည်ရွယ်ချက်မှာလည်း ရှင်းသည်။

အကြီးအကဲအားလုံး ရုတ်ခြည်း ဒေါသထွက်သွားကြ၏။ အကြီးအကဲတစ်ယောက်က ဦးညွှတ်ကာ ပြောလိုက်သည်။

“အရှင်... အရှင်က ခန့်မှန်းထားပြီးဖြစ်ရယ်သားနဲ့ ဘာလို့ တခြားမျိုးနွယ်တွေကို သတိမပေးခဲ့တာပါလဲ။ အင်အားစုသုံးစုက မျိုးနွယ်တွေ ထိခိုက်သွားရင် အရှင်မချင်လင်းရဲ့ လက်အောက်ခံမျိုးနွယ်တွေပဲ အကျိုးရှိသွားမှာ မဟုတ်လား”

“ဟင်းဟင်း...”

ကော့ချန်ဘုရင်က ခါးသက်သက် ရယ်၍ ခေါင်းခါလိုက်၏။

“သူတို့ကို သတိပေးနေလည်း အသုံးဝင်မှာ မဟုတ်ဘူး။ သူတို့ကို တားလို့မရဘူး။ ပြောရရင် ဟိုကြိုးကိုင်သူ ပေါ်လာကတည်းက အရှေ့ဒေသရဲ့ ကံကြမ္မာကို ကြိုတင်သတ်မှတ်ပြီးသွားပြီ...”

***

All Chapters