← Chapters

ကျတ်တီးမြေထဲ ဝင်ရောက်မည်

Vol. 126 Ch. 1756

ကျတ်တီးမြေထဲ ဝင်ရောက်မည်

Vol. 126 Ch. 1756

ကော့ချန်ဘုရင်သည် ကျန်းရီ၏ ဗျူဟာကျရည်ရွယ်ချက်များကို သုံးသပ်ခန့်မှန်းထားပြီးဖြစ်သည်။

အရှင်မချင်လင်း၏ လက်အောက်ခံ မျိုးနွယ်အားလုံး စုဝေးနေမည်ဆိုလျှင် အင်အားစုသုံးစု ပူးပေါင်းပါမှ တိုက်ခိုက်နိုင်ပေလိမ့်မည်။ သို့သော် အင်အားစုသုံးစုထဲမှ မျိုးနွယ်များသည် နယ်မြေလုရင်းနှင့် အချင်းချင်း တိုက်ခိုက်နေကြသည်။ သို့ဖြစ်ရာ ကျတ်တီးမြေထဲသို့ ဝင်ရန် မည်သူက စစ်တပ်စုစည်းနိုင်မည်နည်း။

အရေးအကြီးဆုံး အချက်မှာ...

အင်အားစုသုံးစု၏ အင်အားက တူညီကြခြင်းပင်။ အားလုံးကို စုစည်းနိုင်အောင် စွမ်းအားပိုကြီးသည့် မျိုးနွယ်၊ စွမ်းအားပိုကြီးသည့် သိုင်းသမားဟူ၍ မရှိပေ။ မည်သူကမှ အချင်းချင်းထံတွင် လက်အောက်မခံလိုရာ အင်အားစုသုံးစု မဟာမိတ်ဖွဲ့နိုင်ခဲ့လျှင်ပင် ခေါင်းဆောင်မှာ မည်သူဖြစ်မည်နည်း။ အထူးသဖြင့် စစ်ပွဲတစ်ပွဲ ဖြစ်ပွားနေစဉ်တွင် မည်သူက အကျိုးအကြောင်းကို နားထောင်မည်နည်း။ အကယ်၍ ကွဲပြားသော အမြင်များ ရှိနေလျှင် အတွင်းပဋိပက္ခများပင် ဖြစ်မလာနိုင်သလော။

ထို့ကြောင့် ‌ကော့ချန်းဘုရင်သည် နဂါးတောင်ကြားမှ ပြန်ဆုတ်လာပြီးနောက် ရှေ့ထွက်ဦးဆောင်ကာ မဟာမိတ်မဖွဲ့ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သူက နောက်ကွယ်မှ ကြိုးကိုင်သူကိုလည်း ရှိန်နေသည်။ သူသာ ကျတ်တီးမြေထဲသို့ ဝင်ရန် စစ်တပ်တစ်တပ် စုစည်းလိုက်မည်ဆိုလျှင် ကိုယ့်မျိုးနွယ်သို့ မပြန်နိုင်တော့မည်ကို စိုးရိမ်ပေသည်။

မိစ္ဆာမြေခွေးမျိုးနွယ်က အခြားမျိုးနွယ်များ၏ စစ်တပ်ပုံစံဖြင့် ထွက်ပေါ်လာနေကြောင်း ပြောနေရန်ပင် မလိုပေ။ သူတို့က ပြဿနာရှာက မျိုးနွယ်ငယ်လေးများကြားတွင် စစ်ပွဲတစ်ပွဲ ဖြစ်လာအောင် လုပ်ခဲ့သည်။ ထို့နောက် မျိုးနွယ်ကြီးများအကြားတွင် စစ်မီးမွှေးခဲ့သည်။

သို့ဖြင့် အင်အားစုသုံးစုသည် မဟာမိတ်မဖွဲ့နိုင် ဖြစ်နေပေသည်။ ထို့ပြင် အင်အားစုတစ်စုထဲရှိ မျိုးနွယ်များမှာလည်း အရှင်မချင်လင်း၏ လက်အောက်ခံမျိုးနွယ်များကဲ့သို့ မညီညွတ်ကြပါ။ ထိုမျိုးနွယ်များသည် ကိုယ်ကျိုးကိုသာ ရှေ့တန်းတင်ကြပြီး အချင်းချင်း အကောက်ကြံရန်လည်း ဝန်မလေးကြပေ။

ဤနေရာမှာ အလွန်အန္တရာယ်များသော နေရာတစ်ခုပင်။ သခင်တူလျှင်ပင် ချောက်တွန်းလိုသူများ များစွာရှိနေသေးသည်။ အကယ်၍ အတွင်းပဋိပက္ခတစ်ခုသာ ဖြစ်လာပါက စစ်မီးကို ငြှိမ်းနိုင်တော့မည် မဟုတ်ချေ။ မိစ္ဆာအရှင်သုံးပါးကလည်း အရှေ့ဒေသ၏ အတွင်းအရေးပဋိက္ခများကို ဝင်ရှင်းပေးနိုင်မည် မဟုတ်ပါ။

ထို့ကြောင့် အခြေအနေတစ်ခုလုံး ပရမ်းပတာဖြစ်နေသည်။ ကော့ချန်ဘုရင်သည် ထျန်းဖုန့်မဟာမိတ်တွင် အတော်လေး ဩဇာအာဏာရှိသည်။ သို့သော် ထိုမဟာမိတ်ထဲမှ မျိုးနွယ်နှစ်ခုက စစ်ဖြစ်လာ၍ ကော့ချန်ဘုရင်က ရပ်တန့်ရန် ပြောလျှင် ထိုမျိုးနွယ်များက စစ်ကို ရပ်တန့်ပါမည်လော။ အကယ်၍ မျိုးနွယ်တစ်ခုက ရပ်တန့်လိုက်လျှင်ပင် ကျန်မျိုးနွယ်တစ်ခုက ရပ်တန့်ပါမည်လော။

ကြိုးထုံးသေတစ်ခု...

ကြိုးထုံးသေတစ်ခုကို မဖြေနိုင်ပေ။

ဤစစ်ပွဲ၏ မူလအရင်းခံမှာ တစ်ကိုယ်ကောင်းဆန်မှုနှင့် လောဘဖြစ်သည်။ မိစ္ဆာမြေခွေးမျိုးနွယ်က ပြဿနာမရှာလျှင်ပင် စစ်ပွဲတစ်ပွဲက အနှေးနှင့် အမြန်ဆိုသလို ဖြစ်လာဦးမည်သာ။

မူလတွင် အင်အားစုသုံးစုထံ၌ ဘုံရန်သူ ရှိခဲ့သည်။ ထိုဘုံရန်သူမှာ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများပင်။ အကယ်၍ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက ထွက်ပြေးသွားခြင်း မဟုတ်ဘဲ အင်အားစုသုံးစု၏ ဖျက်ဆီးမှုကို ခံလိုက်ရခြင်း ဆိုလျှင်ပင် နောက်ဆုံးရလဒ်က စစ်ပွဲနှင့်ပင် အဆုံးသတ်ရမည်သာ။

ဖြစ်ကိုဖြစ်လာမည့် အရာတစ်ခုကို ဖြစ်မလာအောင် တား၍မရနိုင်ပါ။

ထို့ကြောင့် ကော့ချန်ဘုရင်သည် စေ့စေ့စပ်စပ် တွေးတောပြီးနောက် သူ့စစ်တပ်ကို ပြန်ဆုတ်စေခဲ့ခြင်းဖြစ်သည်။ သူသည် မည်သည့်နယ်မြေကိုမှလည်း မကျူးကျော်ဘဲ ကိုယ့်နယ်မြေကိုသာ ကာကွယ်နေခဲ့သည်။ တစ်ချိန်တည်းမှာပဲ ကော့ချန်မျိုးနွယ်က အရှေ့ဒေသတွင် နယ်မြေများနှင့် အရင်းအမြစ်များအတွက် တိုက်ခိုက်မည် မဟုတ်သလို မည်သည့်စစ်ပွဲတွင်မှလည်း ဝင်ပါမည်မဟုတ်ဟု ကြေညာခဲ့သည်။

ဤပရမ်းပတာစစ်ပွဲတွင် ရှင်သန်လိုလျှင် လောဘမကြီးရန် လိုအပ်သည်။ သူတို့သည် အပြင်တွင် ဖြစ်နေသည့် တိုက်ပွဲများကို အရေးစိုက်ရန် မလိုဘဲ ကော့ချန်မျိုးနွယ်ကိုသာ ကာကွယ်ထားရန် လိုအပ်ပေသည်။ သို့‌သော် ကော့ချန်မျိုးနွယ်က စစ်ပွဲထဲတွင် ဝင်ပါလိုက်လျှင် အခြေအနေက တစ်မျိုးတစ်မည် ပြောင်းသွားပေလိမ့်မည်။

မည်သည့်အချိန်တွင် ထိုးစစ်ဆင်ရမည်၊ မည်သည့်အချိန်တွင် ခံစစ်ပြင်သင့်သည်ကို သိပါမှ ဘုရင်ကောင်းတစ်ပါး ဖြစ်နိုင်သည်။ ကော့ချန်ဘုရင်သည် စစ်ပွဲထဲတွင် ဝင်မပါဘဲ မိမိမျိုးနွယ်ကို ကာကွယ်ထားနိုင်လျှင် အနည်းဆုံးတော့ စစ်ပွဲပြီးသွားသည်နှင့် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများနှင့်အတူ အရှေ့ဒေသကို ဝေမျှနိုင်လိမ့်မည်ဟု ယုံကြည်ပေသည်။

**

စစ်မီးက ပို၍ ပို၍ ပြင်းထန်လာသည်။ နောက်ကွယ်တွင် တစ်စုံတစ်ယောက်က ကြိုးကိုင်နေခြင်း ဖြစ်ရမည်ဟု သံသယဝင်လာသူများလည်း ပိုများလာသည်။

အဘယ်ကြောင့်ဆိုသော် မျိုးနွယ်အများစုကြားမှ စစ်ပွဲများ ဖြစ်လာရသည့်အကြောင်းကို ရှင်းပြ၍ မရနိုင်၍ပင်။ တစ်ဘက်က အခြားတစ်ဘက်ကို စတိုက်သည်ဟု စွပ်စွဲသည်၊ အခြားတစ်ဘက်ကလည်း ကျန်တစ်ဘက်ကို စတိုက်သည်ဟု စွပ်စွဲသည်။ တစ်ဘက်က အခြားတစ်ဘက်ကို သူတို့၏ ဆေးတောင်ကို လုယက်သည်ဟု စွပ်စွဲသည်၊ အခြားတစ်ဘက်ကလည်း ကျန်တစ်ဘက်မှာ သူတို့၏ ဆန်းကြယ်နယ်မြေကို သိမ်းယူရန် ကြိုးစားခဲ့သည်ဟု စွပ်စွဲပေသည်။

နောက်ဆုံးတွင် တစ်ဘက်နှင့် တစ်ဘက် စွပ်စွဲခြင်းမှာ အသုံးမဝင်တော့ပေ။ ကြားဝင်ဖျန်ဖြေ၍လည်း မရတော့ချေ။

ထိုသို့ဖြစ်ရခြင်းမှာ လူများစွာ သေခဲ့၍ဖြစ်သည်။ သွေးကြွေးမှာ ရှင်း၍မရနိုင်လောက်အောင် နက်ရှိုင်းနေပေပြီ။ မိစ္ဆာအရှင်သုံးပါက အမိန့်ပေးမည်ဆိုလျှင်ပင် များစွာအသုံးဝင်တော့မည် မဟုတ်ပေ။ မျိုးနွယ်များစွာသည် သွေးရူးသွေးတန်းနှင့် သတ်ဖြတ်နေကြပေပြီ။

ဤတစ်ခေါက်တွင် ထျန်းဖုန့်ဧကရာဇ်ထံတွင် သစ္စာခံထားသော မျိုးနွယ်များက အများဆုံး ဆုံးရှုံးခဲ့သည်။ ယင်းသို့ဆုံးရှုံးရခြင်းမှာလည်း သူတို့က နယ်မြေများစွာနှင့် အရင်းအမြစ်များစွာကို သိမ်းယူခဲ့၍ဖြစ်သည်။ မိစ္ဆာမြေခွေးမျိုးနွယ်က ကြားမှ ဝင်ရှုပ်လိုက်သောအခါ အခြားမျိုးနွယ်များ ဒေါသူပုန်ထသွားပြီး စစ်ပွဲထဲ ဝင်ပါလာခြင်းမှာ အံ့ဩစရာမရှိပါ။ ထိုမျိုးနွယ်များသည် စတင်တိုက်ခိုက်၍ နယ်မြေများနှင့် အရင်းအမြစ်များကို ပြန်လုလာကြပေသည်။

ကော့ချန်မျိုးနွယ်က စစ်ထဲတွင် ဝင်မပါရာ ထျန်းဖုန့်မဟာမိတ်မှ အခြားမျိုးနွယ်များသည် ဆိုးဆိုးဝါးဝါး ခံရတော့သည်။ သူတို့ အနိုင်ကျင့်ခံရလျှင်ပင် မည်သို့မှ မလုပ်နိုင်ကြချေ။ ထျန်းဖုန့်မဟာမိတ်ထဲမှ အင်အားကြီးမျိုးနွယ်တစ်ခုဖြစ်သော စွမ်နီမျိုးနွယ်ကလည်း နဂါးတောင်ကြားကို စောင့်ကြပ်နေသည်။ သူတို့ အပြင်တွင် မျက်နှာထွက်မပြဝံ့ကြ။ အင်အားကြီးမျိုးနွယ်နှစ်ခုက ထိုသို့ ငြိမ်နေရာ အခြားအင်အားစုနှစ်စုသည် နယ်မြေများနှင့် အရင်းအမြစ်များကို စိတ်ကြိုက် လုယူသိမ်းပိုက်ကြလေတော့သည်။

ထိုပရမ်းပတာစစ်ပွဲက လဝက်ကြာခဲ့သည်။ ထို့နောက် စစ်ပွဲအစစ်အမှန် စတင်လာလေသည်။ အခြားမျိုးနွယ်ကြီးများသည် ကော့ချန်မျိုးနွယ်က အမှန်ပင် ဝင်မပါကြောင်း သိလိုက်သောအခါ နဂါးတောင်ကြားကို သိမ်းယူရန် ဆုံးဖြတ်လိုက်ကြလေသည်။

အရှေ့ဒေသတွင် နဂါးတောင်ကြားက အကောင်းဆုံးနေရာဖြစ်သည်။ နဂါးတောင်ကြားကို သိမ်းပိုက်ထားနိုင်သည့်မျိုးနွယ်တိုင်း အင်အားကြီးလာမည်ဖြစ်သည်။ သို့သော် ဤအခိုက်တွင် စွမ်နီမျိုးနွယ်က လိပ်တစ်ကောင်ကဲ့သို့ ပုန်းနေသည်။ သူတို့လက်အောက်ခံ မျိုးနွယ်ငယ်လေးများမှာ မျိုးဖြုတ်ခံနေရသော်လည်း သူတို့ ဝင်မကူဝံ့ကြချေ။ ထို့ကြောင့် အခြားမျိုးနွယ်ကြီးများသည် စွမ်နီမျိုးနွယ်ကို အထင်သေးလာသည်။ စွမ်နီမျိုးနွယ်က နဂါးတောင်ကြားနှင့် မထိုက်တန်ဟု ခံစားလာရသည်။

ကွေ့လုမျိုးနွယ်နှင့် ‌တောင်စပါးကြီးမျိုးနွယ်တို့သည် စွမ်နီမျိုးနွယ်က နဂါးတောင်ကြားကို သိမ်းယူထားခြင်းအပေါ် မကျေနပ်ကြပေ။ သူတို့သာ ကော့ချန်မျိုးနွယ်နှင့် ပူးပေါင်း၍ ကြမ်းကြုတ်နဂါးမျိုးနွယ်ကို အင်အားလျော့ကျသွားအောင် မလုပ်ခဲ့လျှင် စွမ်နီမျိုးနွယ်က နဂါးတောင်ကြားကို အဘယ်သို့ သိမ်းယူနိုင်ပါမည်နည်း။ စွမ်နီမျိုးနွယ်က မည်သည့်ဘက်တွင်မှ တာဝန်ဝင်မထမ်းခဲ့ပါဘဲ အရှေ့ဒေသ၏ အကောင်းဆုံး နယ်မြေကို ပေါ်ပေါ်ထင်ထင် သိမ်းယူထားခြင်းဖြစ်ရာ သူတို့ မည်သို့ ကျေနပ်နိုင်ပါမည်နည်း။

အတန်ငယ် ညှိနှိုင်းဆွေးနွေးပြီးနောက် မျိုးနွယ်နှစ်ခု အင်အားပူးပေါင်းလိုက်သည်။ သူတို့သည် အင်အားသန်းချီသော စစ်တပ်ကို စုစည်းကာ နဂါးတောင်ကြားကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြလေသည်။

စွမ်နီမျိုးနွယ်က ကော့ချန်ဘုရင်ကို အကူအညီလှမ်းတောင်း၏။ သို့သော် ကော့ချန်ဘုရင်က ကူညီရန် ငြင်းဆိုလိုက်သည်။ ထိုအခါ စွမ်နီမျိုးနွယ်သည် အခြားမျိုးနွယ်ကြီးများကို အကူအညီလှမ်းတောင်သည်။ သို့သော် အခြားမျိုးနွယ်များ တိုက်ခိုက်ခံခဲ့ရစဉ်တွင် စွမ်နီမျိုးနွယ်က ဝင်မကူခဲ့ရာ ယခုတွင် မည်သည့်မျိုးနွယ်က စွမ်နီမျိုးနွယ်ကို ကူညီပါတော့မည်နည်း။

ပြင်းထန်သော တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားလာသည်။ မျှော်လင့်ထားသလိုပင် စွမ်နီမျိုးနွယ် မရှုမလှ ခံလိုက်ရသည်။ မျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမား တစ်ဝက်ကျော် အသတ်ခံရသည်။ သာမန်မျိုးနွယ်ဝင် တစ်ဝက်ကျော်လည်း အသတ်ခံရသည်။ ကျန်သော စွမ်းအားကြီး သိုင်းသမားများမှာလည်း သာမန်မျိုးနွယ်ဝင်များကို ခေါ်၍ ထွက်ပြေးကြသည်။ စွမ်နီမျိုးနွယ်၏ အင်အားက ကြီးမားစွာ ထိခိုက်သွားပေပြီ။ ထိုတိုက်ပွဲပြီးနောက် ပြန်နလန်ထူနိုင်ရန် အနည်းဆုံး ဆယ်စုနှစ်အနည်းငယ်လောက် အချိန်ယူရပေလိမ့်မည်။

ကွေ့လုမျိုးနွယ်နှင့် တောင်စပါးကြီးမျိုးနွယ်သည် ထွက်ပြေးသွားသော စွမ်နီမျိုးနွယ်ဝင်များကို လိုက်မသတ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အချင်းချင်းကြားတွင် တိုက်ပွဲဖြစ်လာ၍ပင်။

အားလုံးက နဂါးတောင်ကြားကို လိုချင်သော်လည်း နဂါးတောင်ကြားက တစ်ခုတည်း ရှိသည်။ အချီအနည်းငယ် တိုက်ခိုက်ပြီးသည်အထိ မည်သည့်ရလဒ်မှ ထွက်မလာ။ မိစ္ဆာမြေခွေးမျိုးနွယ်၏ ဝင်နှောက်မှု ကြောင့်လည်း မျိုးနွယ်ကြီးများကြားတွင် ပွတ်တိုက်မှုများ ဖြစ်လာသည်။ မကြာခင်မှာပင် မျိုးနွယ်ကြီးများ အချင်းချင်း စတင် သတ်ဖြတ်လာတော့သည်။ သူတို့သည် ရဲဘော်ရဲဘက်များ ဖြစ်ခဲ့သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ရန်သူများ ဖြစ်သွားကြလေသည်။

တိုက်ပွဲက တစ်ရက်နှင့် တစ်ည ကြာခဲ့သည်။ မျိုးနွယ်အားလုံး အပြင်းအထန် ထိခိုက်သွားကြသည်။ သို့သော် အခြေအနေက ဤအဆင့်အထိ ရောက်နေပြီဖြစ်ရာ မည်သူမှ နောက်မဆုတ်လိုကြတော့ပေ။ စွမ်းအားကြီး သိုင်းသမားများစွာ ဆုံးရှုံးခဲ့ပြီးမှ နဂါးတောင်ကြားကို မသိမ်းယူနိုင်လျှင် များစွာဆုံးရှုံးနစ်နာရပေလိမ့်မည်။ သို့ဖြစ်ရာ မည်သူကမှ အမြီးကုပ်၍ မပြေးလိုချေ။

တိုက်ပွဲ ပြင်းထန်လာပြီး မျိုးနွယ်ကြီးများ နလန်မထူနိုင်လောက်တော့အောင် ထိခိုက်သွားတော့မည့် အချိန်တွင် ဆန်းကြယ်သော တမန်တော်သုံးယောက် ရောက်ရှိလာသည်။ မိစ္ဆာအရှင်သုံးပါးသည် ဆက်၍ ရပ်ကြည့်မနေနိုင်တော့ပေ။ သူတို့က အမိန့်ပို့ခဲ့သော်လည်း အခြေအနေကို မထိန်းချုပ်နိုင်ခဲ့။ ထို့ကြောင့် အခြေအနေကို ပိုဆိုးမလာခင်တွင် ဖိနှိပ်ရန် စွမ်းအားကြီး တမန်တော်တစ်ယောက်စီ စေလွှတ်လိုက်ရလေသည်။

ထိုတမန်တော်သုံးယောက်စလုံးက ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများဖြစ်သည်။ သူတို့သည် မိစ္ဆာအရှင်သုံးပါး၏ အမိန့်ပြားများကိုလည်း သယ်ဆောင်လာသည်။ သူတို့ အမိန့်ထုတ်ပြန်လိုက်သောအခါ အရှေ့ဒေသတစ်ခုလုံး ငြိမ်ကျသွားပေသည်။

စစ်ပွဲသည် တစ်လကျော်ကြာခဲ့၏။ မျိုးနွယ်အသီးသီး၏ အကျအဆုံးအရေအတွက် စုစုပေါင်းမှာ သန်းတစ်ရာ ကျော်ခဲ့သည်။ စစ်ပွဲကြားတွင် ကြားညပ်ကာ သေခဲ့ရသော သာမန်မျိုးနွယ်ဝင်များမှာမူ မရေမတွက်နိုင်ပေ။

တမန်တော်သုံးယောက်သည် မျိုးနွယ်ဘုရင်အားလုံးကို ဆင့်ခေါ်၍ နဂါးတောင်ကြားတွင် စုဝေးစေလိုက်၏။ စစ်ပွဲစကတည်းက လူလုံးထွက်မပြခဲ့သော ကော့ချန်ဘုရင်သည် ဤဆင့်ခေါ်မှုတွင်မူ ပထမဆုံး ရောက်လာသည်။ သူ နဂါး‌တောင်ကြားထဲရှိ နဂါးနန်းတော်ခန်းထဲ ဝင်ပြီးနောက် ပထမဆုံး ပြောလိုက်သော စကားမှာ အောက်ပါအတိုင်းဖြစ်သည်။

“အရူးတွေ... ထောင်ချောက်ထဲ ကျသွားပြီဆိုတာ သိရက်သားနဲ့ အချင်းချင်း ပြန်တိုက်ခိုက်နေကြသေးတယ်။ တမန်တော်သုံးပါးသာ ရောက်မလာရင် အရှေ့ဒေသက မကြာခင် စုစည်းခံရတော့မှာ။ ဒါပေမဲ့ စုစည်းမဲ့သူကတော့ ခင်ဗျားတို့ အရူးတွေ မဟုတ်ဘူး၊ တခြားတစ်ယောက်ပဲ”

မျိုးနွယ်ဘုရင်များ မျက်နှာပျက်သွားကြ၏။ သူတို့သည် အရှက်ရကာ ဒေါသထွက်နေကြသည်။ ကော့ချန်ဘုရင်၏ စကားမှာ မှန်သည်။ ဆိုရလျှင် သူတို့လည်း ဤကိစ္စက ထောင်ချောက်တစ်ခုဟု သံသယရှိခဲ့ကြသည်။ သို့သော် သူတို့သည် တစ်ကိုယ်ကောင်းဆန်မှု၊ လောဘ၊ အမုန်းတရား၊ မျှော်လင့်ချက်တို့နှင့် အမြင်ကန်းနေခဲ့၍ ဤပရမ်းပတာစစ်ပွဲကြီး ဖြစ်လာခဲ့လေသည်။

ဝတ်ရုံခြုံထားသော တမန်‌တော်သုံးယောက်သည် စားပွဲ၏ ထိပ်ဆုံးတွင် ထိုင်နေကြ၏။ သူတို့ထဲမှ တစ်ယောက်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“အတိတ်ကို ပြန်ပြောမနေနဲ့တော့။ ဘယ်သူမှန်မှန်၊ ဘယ်သူမှားမှား ဒီနေ့ကစပြီး ကျုပ်တို့ အတိတ်ကို စွန့်ပစ်လိုက်ရမယ်။ အခု ကျုပ်တို့ လုပ်ဖို့လိုတာက စည်းစည်းလုံးလုံးနဲ့ မဟာမိတ်အသစ်တစ်ခု ဖွဲ့ဖို့ပဲ။ ကျုပ်တို့ မဟာမိတ်စစ်တပကို စုစည်းပြီးတာနဲ့ ကျတ်တီးမြေထဲ ဝင်ပြီး ကြမ်းကြုတ်နဂါးမျိုးနွယ်၊ ကန်းဟန့်မျိုးနွယ်နဲ့ ကောင်းကင်ဂဠုန်မျိုးနွယ်တို့ကို ရှင်းပစ်မယ်”

***

All Chapters