← Chapters

မချွတ်ချော်နိုင်သော အစီအစဉ်တစ်ခု

Vol. 126 Ch. 1757

မချွတ်ချော်နိုင်သော အစီအစဉ်တစ်ခု

Vol. 126 Ch. 1757

အရှေ့ဒေသ၏ အရှေ့စွန်းစွန်းတွင် အဖော်မဲ့ပင်လယ်ဟုခေါ်သော ပင်လယ်တစ်စင်းရှိသည်။ အဖော်မဲ့ပင်လယ်၏ အနောက်ဘက် မိုင်သန်းဆယ်ချီဝေးသော နေရာတွင် ကျတ်တီးမြေတစ်ခုရှိ၏။ မည်သည့်အကြောင်းကြောင့်ရယ်မသိ ထိုကျတ်တီးမြေပေါ်တွင် မြက်ပင်တစ်ပင်မှ မပေါက်ပေ။ အပင်များ၊ ရေသန့်နှင့် ဝိညာဉ်ဆေးပင်များလည်း မရှိ။ သို့ဖြစ်ရာ အစာလည်း မရှိ‌ချေ။

သို့သော် ထိုကျတ်တီးမြေ၏ မိုးမြေဝိညာဉ်စွမ်းအင်က အခြားနေရာများမှာထက် ပိုသိပ်သည်း၏။ အဘယ်ကြောင့်ဆိုသည်ကိုမူ မည်သူမှ မသိပါ။

မိစ္ဆာအချို့သည် ထိုသို့ဖြစ်ရခြင်းမှာ နတ်ဆိုးချောက်နက်နှင့် သက်ဆိုင်ရမည်ဟု ခန့်မှန်းကြ၏။ နတ်ဆိုးချောက်နက် အနီးမှ မြေကလည်း ထိုကျတ်တီးမြေကဲ့သို့ အညိုရင့်ရောင် မဟုတ်ပါလား။ ထို့ပြင် မိုးမြေဝိညာဉ်စွမ်းအင် ရှိသော်လည်း အပင်များ မပေါက်ရောက်ရာ ထိုကျတ်တီးမြေကိုက ပြဿနာတစ်ခု ရှိနေခြင်း ဖြစ်ပေမည်။

နတ်ဆိုးချောက်နက်က ဆန်းကြယ်၏။ ထိုချောက်နက်ထဲတွင် မိစ္ဆာတစ်ကောင်ရှိနေသည်ဟု ဆိုကြသည်။ ထို့ပြင် ချောက်နက်အနီးမှ ကုန်းမြေများက ချောက်နက်၏ သက်ရောက်မှုကို ခံရသည်။ သို့သော် အဘယ်ကြောင့် ထိုနတ်ဆိုးချောက်နက်က ဤနေရာတွင် ရှိနေရသနည်း။

ကျတ်တီးမြေထဲ ပြောင်းရွှေ့သွားခဲ့သော မျိုးနွယ်များမှာ အခြေအနေဆိုးနေပေသည်။ အစာမရှိ၊ ရေသန့်မရှိ၊ အိမ်မရှိ၊ မည်သည့်အရာမှမရှိ။ စွမ်းအားကြီး သိုင်းသမားများအတွက်ဆိုလျှင်မူ မပြောပပါ။ သူတို့သည် အစာမရှိ၊ ရေမရှိဘဲ တစ်နှစ်ကျော် နှစ်နှစ်လောက် နေနိုင်ကြသည်။ သူတို့ ကျင့်ကြံနေလျှင် မိုးမြေဝိညာဉ်စွမ်းအင်က သူတို့၏ ခန္ဓာကိုယ်ကို စွမ်းအင်ဖြည့်ပေးနေမည်ဖြစ်သည်။

ပြဿနာမှာ သာမန်မျိုးနွယ်ဝင်များစွာ ရှိနေခြင်းပင်။ မျိုးနွယ်တိုင်းတွင် အဆင့်နိမ့်မိစ္ဆာသားရဲများရှိသည်။ ပုံစံမပြောင်းလဲနိုင်သေးသော မိစ္ဆာများမှာ သန့်ရှင်းသောရေ၊ အစာနှင့် နားခိုရန် နေရာတစ်ခု လိုအပ်ပေသည်။ ထိုအရာများ မရှိလျှင် သူတို့ အနှေးနှင့်အမြန်ဆိုသလို ရူးသွပ်လာပြီး ဆာလောင်မှုကြောင့် အချင်းချင်း ပြန်သတ်ကြပေလိမ့်မည်။

ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များသည် အဖော်မဲ့ပင်လယ်ကို လှမ်းမြော်ကြည့်လိုက်ကြ၏။ ပင်လယ်ထဲတွင် အစာမျိုးစုံ ရှိသည်။ ပင်လယ်ရေမှာလည်း အတန်ငယ် ငန်သော်ငြား သန့်ရှင်းသည်။ ရေတိုအနေဖြင့် ပင်လယ်ရေကိုပဲ သောက်သုံးလျှင် ပြဿနာများစွာ ရှိမည် မဟုတ်ချေ။ အနာဂတ်အတွက်မူ ဖြေရှင်းနည်းတစ်ခုကို ရှာရပေမည်။

စစ်တပ်ကြီးသည် ကျတ်တီးမြေကို ဖြတ်ကျော်၍ အဖော်မဲ့ပင်လယ်အနီသို့ ရောက်ရှိလာ၏။ စစ်တပ်သည် သန်းရာချီသော မိစ္ဆာများ နားခိုနိုင်ရန်အတွက် ဂူများ စတင် တူးလိုက်သည်။ ကြမ်းကြုတ်နဂါးဘုရင်သည်လည်း တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်၍ အဖော်မဲ့ပင်လယ်ထဲဝင်ကာ ပင်လယ်သတ္တဝါများကို အမဲလိုက်၍ ရေနေအပင်များကို ခူးနှုတ်လိုက်သည်။ ထိုအစာများနှင့်ဆိုလျှင် သူတို့ ယာယီတော့ အဆင်ပြေပေလိမ့်မည်။

ကျန်းရီကမူ ထိုအရာများကို အရေးမစိုက်ပေ။ သူသည် ထိုကိစ္စများအတွက် ကြမ်းကြုတ်နဂါးဘုရင်တို့ကိုသာ တာဝန်ပေးထားပြီး အခြားနည်းလမ်းတစ်ခုကို စဉ်းစားနေလိုက်သည်။ သူ ထောက်လှမ်းရေးတစ်ဖွဲ့ကို ဦးဆောင်လျက် ကျတ်တီးမြေထဲတွင် စတင်လှည့်ပတ်ကြည့်လိုက်၏။ မကြာခင်မှာပင် ကျတ်တီးမြေ၏ မြေမျက်နှာသွင်ပြင်တစ်ခွင်လုံးကို သူ နားလည်သွားလေသည်။

မိစ္ဆာအရှင်သုံးပါးက မကြာခင်တွင် အရှေ့ဒေသကို ပေါင်းစည်းနိုင်လိမ့်မည်ဖြစ်ကြောင်း ကျန်းရီ ကောင်းစွာသိသည်။ မကြာခင်အချိန်အတွင်း မဟာမိတ်စစ်တပ်တစ်တပ်က ကျတ်တီးမြေထဲ ဝင်လာပေလိမ့်မည်။ ထိုတိုက်ပွဲကို ရှောင်လွှဲ၍ မရနိုင်ပေ။ ရှောင်လွှဲ၍မရနိုင်ရာ ရန်သူကို ကြောက်ရွံ့သွားအောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရပေမည်။ ထိုမှ ရန်သူများက ကျတ်တီးမြေထဲ ထပ်ဝင်မလာရဲမည်ဖြစ်သည်။

သူတို့ ထိုတိုက်ပွဲကို နိုင်လိုက်လျှင် အရှေ့ဒေသမှ အခြေအနေက ပြောင်းလဲသွားနိုင်သည်။ မဟာမိတ်စစ်တပ် ပြန်ဆုတ်သွားသည်နှင့် ပရမ်းပတာစစ်ပွဲ နောက်တစ်ပွဲ ထပ်ဖြစ်လာနိုင်သည်။ ထိုစစ်ပွဲကို မိစ္ဆာအရှင်သုံးပါးပင် မတားနိုင်လောက်ချေ။

လေးရက် ကြာပြီးနောက် ကျန်းရီသည် ထောက်လှမ်းရေးအဖွဲ့နှင့်အတူ ပြန်လာ၏။ သူသည် အမြဲ ရုပ်သွင်ပြောင်းနေပြီး သိုသိုသိပ်သိပ် နေနေသည်။ ထို့ကြောင့် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများထဲတွင် သူ့အကြောင်းသိသူမှာ အနည်းငယ်သာ ရှိသည်။

ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်၊ ကောင်းကင်ဂဠုန်ဘုရင်နှင့် လီရှန်းအာတို့ကမူ ကျန်းရီကို ကိုယ်တိုင်ကြိုဆိုကြသည်။ ပြောင်းရွှေ့မှုကြီး ပြီးသွားပြီးနောက်တွင် ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များ၏ ရင်ထဲ၌ ကျန်းရီက ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပြီဖြစ်သည်။ မျိုးနွယ်ဘုရင်အားလုံးသည် ကျန်းရီက အရှင်မချင်လင်း၏ တမန်တော်ဟု ယုံကြည်ကြသည်။ မဟုတ်လျှင် သူတို့ ပြီးခဲ့သော ပြောင်းရွှေ့မှုမှာပင် သေဆုံးသွားလောက်သည် မဟုတ်ပါလား။

“အရှင်ကျိုး...”

လီရှန်းအာ၏ အပြုံးမှာ ပန်းလေးတစ်ပွင့်အလား ချိုသာ၏။ သူမ၏ အဆင့်အတန်းက မင်းသမီးသာဖြစ်‌သော်လည်း သူမသည် ကျန်းရီနှင့် အထူးရင်းနှီးသဖြင့် ကြမ်းကြတ်နဂါးဘုရင်တို့နှင့် တစ်တန်းတည်း ထိုင်ခွင့်ရပေသည်။ ယင်းမှာ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်အတွက် အလွန်ဂုဏ်ယူစရာပင်။

ကျန်းရီက မျက်နှာသေနှင့် ခေါင်းညိတ်ပြလိုက်ပြီး ယာယီဂူထဲသို့ ဟိတ်ဟန်အပြည့်ဖြင့် လျှောက်ဝင်သွား၏။ သူသည် ကြမ်းကြုတ်ဘုရင်တို့ကို များစွာလေးစားဟန် မပြပေ။ ခေါင်းဆောင်တစ်ယောက်က နှိမ့်ချလျှင် လက်အောက်ငယ်သားများက အထင်သေးတတ်ကြောင်းကို သူ သိသည်။ သူက ဟိတ်ဟန်အပြည့်၊ တင်စီးမှုအပြည့်နှင့် နေပါမှ လက်အောက်ငယ်သားများက သူ့ကို ခန့်ညားကြောက်ရွံ့ကာ မဆင်မခြင် မပြုမူဝံ့မည်ဖြစ်သည်။

ဂူကြီးမှာ ကြီးမား၏။ ဂူကိုသာ တန်ဆာဆင်လိုက်မည်ဆိုလျှင် ခန်းမကျယ်ကြီးနှင့် တူသွားပေလိမ့်မည်။ ဂူကြမ်းပြင်တွင် ကော်ဇောခင်းထားသည်။ ကော်ဇောပေါ်၌ စားပွဲနှင့် ထိုင်ခုံအချို့ ချထားသည်။ ကျန်းရီသည် တုံ့ဆိုင်းမှုမရှိဘဲ ထိပ်ဆုံးမှ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး မျိုးနွယ်ဘုရင်အားလုံးကို ကြည့်ကာ ပြောလိုက်လေသည်။

“ထိုင်ကြပါ။ ဒီက အခြေအနေက ဘယ်လိုရှိလဲ”

“ဘာပြဿနာမှ မရှိပါဘူး”

ကြမ်းကြုတ်နဂါးဘုရင်က လက်ဆုပ်၍ ပြောလိုက်၏။

“ကျုပ် ရှင်းရှင်းလင်းလင်း စုံစမ်းပြီးပါပြီ။ အဖော်မဲ့ပင်လယ်ထဲက အစာတွေက ကျုပ်တို့အတွက် ရှစ်နှစ်ကနေ ဆယ်နှစ်လောက်အထိ ခံနိုင်ပါတယ်။ ဒါပေမဲ့... အစာရှာဖို့က နည်းနည်းတော့ ခက်မယ်”

“နည်းနည်းခက်ရုံလောက်က အဆင်ပြေပါတယ်။ ခင်ဗျားတို့ နှစ်နည်းနည်းလောက် တောင့်ခံနိုင်မယ်ဆိုရင် နောက်ကျရင် အရှေ့ဒေသက ခင်ဗျားတို့အပိုင် ဖြစ်လာမှာပဲ”

ကျန်းရီက ယုံကြည်မှုရှိရှိ ဆို၏။

“မကြာခင် အင်အားစုသုံးစုရဲ့ မဟာမိတ်စစ်တပ်က ဒီကို ရောက်လာလောက်တယ်။ ခင်ဗျားတို့ နေရာတွေ စီစဉ်ပြီးရင် တိုက်ပွဲတိုက်ဖို့ အသင့်ပြင်ထားပါ။ တိုက်ပွဲမစခင် အတွင်းရေးကို တည်ငြိမ်အောင် လုပ်ရမယ်။ တည်ငြိမ်တဲ့ နောက်တန်းမရှိရင် တိုက်ပွဲကို တိုက်နိုင်မှာ မဟုတ်ဘူး”

မျိုးနွယ်ဘုရင်များ စိတ်လှုပ်ရှားသွားကြ၏။ ကန်းဟန့်ဘုရင်က ထမေးလိုက်သည်။

“အရှင်ကျိုး... တိုက်ပွဲကို နိုင်မယ်လို့ ယုံကြည်မှုရှိပါသလား”

“မစိုးရိမ်ပါနဲ့”

ကျန်းရီ ခပ်သဲ့သဲ့ပြုံး၏။

“ကျွန်တော့်မှာ မချွတ်ချော်နိုင်တဲ့ အစီအစဉ်တစ်ခု ရှိပြီးထားပါပြီ။ ဒီတစ်ခေါက် သူတို့ မပြန်နိုင်စေရဘူးလို့ ကျွန်တော် အာမခံတယ်။ ခင်ဗျားတို့ ကိုယ်လုပ်စရာရှိတာ သွားလုပ်ကြပါ။ ကျွန်တော် အနားယူပြီး ခဏလောက် ကျင့်ကြံလိုက်ဦးမယ်”

“ဟုတ်ကဲ့ပါ”

မျိုးနွယ်ဘုရင်များ စိတ်အေးသွားကြသည်။ ကျန်းရီ၏ ခိုင်မာသော ယုံကြည်မှုက သူတို့ကိုလည်း ယုံကြည်မှု ရှိလာစေသည်။ သူတို့တွင် ထောင်တိုင်ကြီးတစ်ခု ရှိလာပြီဟု အားလုံး ခံစားလိုက်ရသည်။ ထို ဆန်းကြယ်သော အရှင်ကျိုးသာ ရှိနေလျှင် မည်သည့်ပြဿနာမှ မရှိနိုင်ဟု ထင်ရပေသည်။ မိစ္ဆာအရှင်သုံးပါး ရောက်လာလျှင်ပင် ပြဿနာရှိလိမ့်မည် မဟုတ်ချေ။

မျိုးနွယ်ဘုရင်များသည် မိမိတို့၏ မျိုးနွယ်ဝင်များကို စနစ်တကျ နေရာချထားပေးရန် ထွက်သွားကြ၏။ ကျန်းရီက လီရှန်းအာကို ခေါ်၍ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်အတွက် ရထားသော နယ်မြေကို သွားလိုက်သည်။ နယ်မြေဟုခေါ်သော်လည်း တောင်ကတုံးအနည်းငယ်သာ။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်သည် သူတို့နေထိုင်ရန် ဂူများကို သူတို့ဘာသာ တူးရပေသည်။

လီရှန်းအာ နေရသော နေရာက အခြားနေရာများနှင့် နှိုင်းလျှင် အတော်လေး ကောင်းသည်ဟု ဆိုနိုင်၏။ ထိုနေရာမှာ တောင်ထွတ်တစ်ခုပေါ်တွင် တည်ဆောက်ထားသော ရဲတိုက်တစ်လုံးပင်။ ရဲတိုက်ကို အဖိုးတန်ကျောက်စိမ်းများနှင့် တည်ဆောက်ထားရာ ကျန်းရီအတွက် ရည်ရွယ်ကြောင်း ထင်ရှားပေသည်။

ကျန်းရီသည် လီရှန်းအာကို ခေါ်၍ ရဲတိုက်ထဲ ဝင်သွား၏။ ထို့နောက် ရဲတိုက်အကာအရံများကို နှိုးလိုက်သည်။ လီရှန်းအာသည် ကျန်းရီ ရေချိုးရန်အတွက် ရေအသင့်ပြင်ထားရန် အစေခံများကို ခိုင်းထားခဲ့ပြီးဖြစ်သည်။

ကျန်းရီသည် ရေချိုးကန်ဘောင်ကို မှီကာ မျက်မှောင်ကြုတ်လျက် ရှိနေပေသည်။ အစောတွင် ကျန်းရီသည် အလွန်ယုံကြည်မှုရှိသလို ဟန်ဆောင်ခဲ့ခြင်းဖြစ်သည်။ မျိုးနွယ်ခေါင်းဆောင်များက ကျန်းရီမှာ အ‌င်အားစုသုံးစု၏ မဟာမိတ်စစ်တပ်ကို ရှင်းပစ်နိုင်ရန် အကြွင်းမဲ့ယုံကြည်မှုရှိနေသည်ဟု ထင်သွားကြသည်။ သို့သော် ယင်းမှာ အပြင်လူများ၏ အမြင်သာ။ ကျန်းရီ ထိုသို့ ဟန်ဆောင်ခဲ့ခြင်းမှာ မိမိဘက်မှ စစ်တပ်၏ စိတ်ဓာတ်ကို မြှင့်တင်ပေးရန်ဖြစ်သည်။ အမှန်တွင်မူ သူ့ထံ၌ ယုံကြည်မှုသိပ်မရှိပေ။ သူတို့ နိုင်လျှင်ပင် များစွာပေးစပ်ပြီးမှ နိုင်မည်ဖြစ်သည်။

ကျန်းရီသည် ကျတ်တီးမြေတစ်ခွင်လုံးကို ထောက်လှမ်းခဲ့ပြီးပေပြီ။ ကျတ်တီးမြေထဲတွင် အန္တရာယ်များသော နေရာငါးခုနှင့် နတ်ဆိုးချောက်နက် ရှိသော်လည်း ၎င်းတို့က တိုက်ပွဲအတွက် များစွာအထောက်အကူ ဖြစ်စေမည် မဟုတ်ပါ။

အရှေ့ဒေသတွင် အချင်းချင်း သတ်ဖြတ်နေကြသည်။ ဤတစ်ခေါက်တွင် တပ်သားများစွာနှင့် စွမ်းအားကြီး သိုင်းသမားများစွာ သေခဲ့လောက်သည်။ သို့သော် ရန်သူအင်အားစုက သုံးစု ရှိနေသည်ကို မမေ့သင့်ပေ။ အင်အားစုသုံးစု၏ ပူးပေါင်းအင်အားက အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများ၏ ပူးပေါင်းအင်အားထက် များစွာပိုကြီးပေလိမ့်မည်။ ထို့ကြောင့် တပ်သားများစွာနှင့် စွမ်းအားကြီး သိုင်းသမားများစွာ သေခဲ့လျှင်ပင် သူတို့၏ အင်အားက သိပ်၍ကွာခြားလိမ့်မည် မဟုတ်ချေ။

ကျန်းရီ မျက်လုံးမှိတ်ကာ အတွေးနက်နေသည်။ လီရှန်းအာသည် သူမ၏ ဝတ်စုံရှည်ကို ချွတ်၍ ကျန်းရီအား ပွတ်သပ်သုတ်သင်ပေးနေ၏။ သူမ၏ နူးညံ့ချောမွေ့သော လက်လေးများက ကျန်းရီ၏ ခန္ဓာကိုယ်ကို ပွတ်သပ်နေရာ ကျန်းရီ သက်တောင့်သက်တာ ခံစားနေရသည်။ လီရှန်းအာသည် ကျန်းရီက တွေးတောနေကြောင်းကို သိသဖြင့် စကားမပြောပေ။ ဤအတိုင်း သိမ်မွေ့စွာသာ ပွတ်သပ်နှိပ်နယ်လျက် သူ့အား သက်တောင့်သက်သာ ရှိအောင် လုပ်ပေးနေလေသည်။

‘ငါ ဒီတိုက်ပွဲကို ဘယ်လိုတိုက်ရမလဲ’

ကျန်းရီသည် သူ့အတွေးများကို လီရှန်းအာထံမှ ပြန်ရုတ်လိုက်ပြီး တိုက်ပွဲအပေါ် ပြန်အာရုံစိုက်လိုက်၏။ သူသည် တိုက်ပွဲများစွာ တိုက်ခဲ့ဖူးပြီး အကြိမ်များစွာ အကောက်ကြံခဲ့ခဲ့ဖူးသည်။ ထို့ကြောင့် သူ အခြေခံဗျူဟာများကို သိသည်။ သို့သော် ကျီထင်ယွီလောက်တော့ ဉာဏ်နီဉာဏ်နက် မများနိုင်သေးပေ။ လက်ရှိတွင် သူ့၌ အကြံတစ်ခုမှ မရှိပါချေ။

အကယ်၍ အင်အားစုသုံးစုလုံးရှိ မျိုးနွယ်အားလုံးက စည်းလုံးသွားပြီး မိစ္ဆာအရှင်သုံးပါးကလည်း စွမ်းအားကြီး သိုင်သမားအချို့ စေလွှတ်ပေးလိုက်မည်ဆိုလျှင် ကျန်းရီတို့ဘက်က ဆိုးဆိုးဝါးဝါး ထိခိုက်သွားနိုင်သည်။ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များ အသတ်ခံလိုက်ရလျှင် သူတို့ ကြိုးပမ်းအားထုတ်ခဲ့ရမှုအားလုံးက အချည်းနှီးဖြစ်သွားပေမည်။ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများလည်း ရှင်းပစ်ခံရလိမ့်မည်။

ကျန်းရီအနေဖြင့် ကြမ်းကြုတ်နဂါးဘုရင်တို့နှင့်အတူ တိုက်ပွဲကို ဝင်တိုက်ရမည်ဖြစ်သည်။ သို့မဟုတ်လျှင်လည်း ဤနေရာမှ ထွက်ပြေး၍ ကောင်းကင်မိစ္ဆာဘုံထဲတွင် လှည့်လည်နေရမည်။ သို့သော် ထိုသို့ လှည့်လည်နေလျှင် မရေမတွက်နိုင်သော စွမ်းအားကြီး သိုင်းသမားများက သူ့အား ခွေးတစ်ကောင်လို လိုက်ဖမ်းခြင်းကို ခံရပေလိမ့်မည်။

***

All Chapters