← Chapters

စစ်ပွဲကြီး စပြီ

Vol. 126 Ch. 1758

စစ်ပွဲကြီး စပြီ

Vol. 126 Ch. 1758

တမန်တော်သုံးယောက် ရောက်လာခဲ့သဖြင့် ပရမ်းပတာစစ်ပွဲက ချက်ချင်း အဆုံးသတ်သွားခဲ့၏။ သို့သော် စစ်ပွဲ၏ နောက်ဆက်တွဲများကို ရှင်းရန်နှင့် မဟာမိတ်စစ်တပ်တစ်တပ်ဖွဲ့ရန်မူ အချိန်အနည်းငယ် လိုလိမ့်ဦးမည်ဖြစ်သည်။

မျိုးနွယ်အသီးသီးက အချင်းချင်း သူသေကိုယ်သေ တိုက်ခိုက်ခဲ့ကြသည် မဟုတ်ပါလား။ သူတို့သည် အချင်းချင်း မြင်ရလျှင် မျက်လုံးများ နီရဲလာနေသေးဆဲပင်။ သာမန်တပ်သားများဆိုလျှင် အချင်းချင်း မြင်ရသည်နှင့် သတ်ဖြတ်လိုစိတ်များပင် ပေါက်လာကြသည်။ လက်ရှိအခြေအနေတွင်သာ မဟာမိတ်စစ်တပ် ဖွဲ့စည်းလိုက်မည်ဆိုလျှင် ကျတ်တီးမြေထဲ ဝင်နိုင်ရန် မဆိုထားနှင့် တပ်တွင်းပဋိပက္ခများဖြစ်ကာ သွေးချောင်းစီးသွားနိုင်ပေသည်။

တမန်တော်သုံးယောက်သည် အတူစုဝေး၍ မည်သို့ဆက်လုပ်ရမည်ကို ဆွေးနွေးနေကြ၏။ နောက်ဆုံးတွင် သူတို့သည် ခေါင်းဆောင်မတူသော တပ်ဖွဲ့သုံးဖွဲ့ ဖွဲ့ရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုနည်းနှင့်ဆိုလျှင် ပဋိပက္ခများ မဖြစ်နိုင်သလို တပ်ကို စီမံရန်လည်း ပိုလွယ်သွားလောက်သည်။

သို့ဖြင့် တမန်တော်သုံးယောက်သည် မျိုးနွယ်ကြီးများကို မိမိတို့ သစ္စာခံသည့် အရှင်အလိုက် စုဝေးရန် အမိန့်ပေးလိုက်၏။ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများ၏ နယ်မြေများကိုလည်း တမန်တော်သုံးယောက်ကသာ ခွဲဝေပေးသည်။ ပြီးခဲ့သော စစ်ပွဲတွင် ကြီးကြီးမားမား ထိခိုက်သွားသည့် မျိုးနွယ်များက နယ်မြေများများ ပိုရပေသည်။ သို့သော် နဂါးတောင်ကြားကိုမူ မည်သည့်မျိုးနွယ်ကမှ မရပါ။ နဂါးတောင်ကြားကို မည်သို့မျိုးနွယ်သို့ ပေးလိုက်သည်ဖြစ်စေ အခြားမျိုးနွယ်များက ကျေနပ်မည် မဟုတ်၍ မည်သူ့ကိုမှ မပေးခြင်းကသာ အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်ပေသည်။

ညှိနှိုင်းဆွေးနွေးမှုများ၊ စိတ်ရင်းမပါသည့် ကတိများနှင့် မရေရာသော အာမခံချက်များစွာကို ပေးပြီးနောက်တွင် မျိုးနွယ်အသီးသီးသည် သူတို့၏ ရန်ငြိုးများနှင့် အမုန်းတရားများကို ဘေးဖယ်ထားလိုက်ကြပြီး အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများကို ရှင်းပစ်ရန် အတူတကွ ပူးပေါင်းလိုက်ကြသည်။

ကော့ချန်ဘုရင်က မိစ္ဆာမြေခွေးမျိုးနွယ်၏ လုပ်ရပ်များအကြောင်းကို အများသိအောင် ကြေညာလိုက်သည်။ သူက သက်သေအချို့ကိုလည်း လျှို့ဝှက်စုဆောင်းထားပြီးဖြစ်သည်။ ထိုအခါမှ မျိုးနွယ်များစွာသည် ရှင်းပြ၍ မရခဲ့သော တိုက်ပွဲများမှာ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက ဝင်နှောင်ခြင်းကြောင့်ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ သူတို့ အမုန်းတရားများနှင့် အံတင်းတင်း ကြိတ်လိုက်ကြသည်။ ထို့နောက် ဓားများကို သွေးကာ ကျတ်တီးမြေထဲ ဝင်၍ အရှင်မချင်လင်း၏ လက်အောက်ခံစောင်းများကို သတ်ပစ်ရန် ပြင်ဆင်လိုက်ကြလေသည်။

ဆယ်ရက်ကြာပြီးနောက်...

အရှေ့ဘက်ဒေသရှိ မျိုးနွယ်အားလုံး ပါဝင်သော မဟာမိတ်စစ်တပ်ကြီးကို အောင်မြင်စွာ ဖွဲ့စည်းပြီးသွားသည်။ ထိုစစ်တပ်ကို ကော့ချန်ဘုရင်၊ ကွေ့လုဘုရင်နှင့် တောင်စပါးကြီးဘုရင်တို့ ဦးဆောင်သော တပ်ဖွဲ့သုံးဖွဲ့ ပြန်ခွဲထားသည်။ တမန်တော်သုံးယောက်က တိုက်ပွဲတွင် ပေါ်ပေါ်ထင်ထင် ဝင်တိုက်၍ မဖြစ်ပေ။ ထိုသို့လုပ်မိလျှင် အရှေ့ဒေသ၏ အတွင်းရေးများကို ဝင်ရှုပ်သလို ဖြစ်သွားပေလိမ့်မည်။

တပ်ဖွဲ့သုံးဖွဲ့၏ တစ်ဖွဲ့စီတွင် တပ်သားဆယ်သန်းရှိသည်။ အရှေ့ဒေသရှိ မျိုးနွယ်အရေအတွက်နှင့် ယှဉ်လျှင် ထိုအရေအတွက်က မများဟု ဆိုနိုင်သည်။ သို့သော် တပ်သားအားလုံးက ထိပ်သီးများချည်း ဖြစ်ပေသည်။

ကျတ်တီးမြေသို့ သွားရမည့် စစ်တပ်မှာ အရေအတွက်များရန်မလို အရည်အချင်းပြည့်ရန်သာ လိုသည်။ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများ၏ စစ်တပ်အင်အားက သုံးသန်းကျော်၊ လေသန်းလောက်သာ ရှိသည် မဟုတ်ပါလား။ သို့ဖြစ်ရာ ယခုအတိုင်းမှာပင် ကော့ချန်ဘုရင်တို့ဘက်မှ အင်အားက ကိုးဆ၊ ဆယ်ဆလောက် ပိုများနေပေသေးသည်။

ထို့ပြင် ကော့ချန်ဘုရင်တို့ဘက်၌ စွမ်းအားကြီး သိုင်းသမား ပိုများ၏။ ပြီးခဲ့သော ပရမ်းပတာစစ်ပွဲတွင် စွမ်းအားကြီး သိုင်းသမားများစွာ သေသွားခဲ့၍ မဟုတ်လျှင် ယခုထက်ပင် ပိုများဦးမည်ဖြစ်သည်။ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများဘက်တွင် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမား ခုနစ်ယောက်သာ ရှိသည်။ ဤဘက်တွင်မူ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမား ဆယ့်‌ခြောက်ယောက်နှင့် တမန်တော်သုံးယောက်ရှိသည်။ ထို့ကြောင့် အင်အားမှာ နှစ်ဆကျော် ပိုများပေသည်။

မျှော်မှန်းမထားသည့် ကိစ္စများသာ ဖြစ်မလာလျှင် အင်အားစုသုံးစု၏ မဟာမိတ်စစ်တပ်က အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများကို အလွယ်တကူ ရှင်းပစ်နိုင်ပေလိမ့်မည်။ သို့သော် ကော့ချန်ဘုရင်သည် ရန်သူကို လျှော့မတွက်ပေ။ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများဘက်တွင် အလွန်တော်သော စစ်ရေးအကြံပေးတစ်ယောက် ရှိနေသည်။ ထိုစစ်ရေးအကြံပေးက ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်တစ်ယောက် မဟုတ်ဘဲ ဆန်းကြယ်သော အရှင်ကျိုးဆိုသူပင်။

ကော့ချန်ဘုရင်သည် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများဘက်တွင် စစ်ရေးအကြံပေးတစ်ယောက် ရှိနေလောက်သည်ဟု သံသယစဝင်ကတည်းက လျှို့ဝှက်ထောက်လှမ်းရေးများကို စေလွှတ်၍ စုံးစမ်းစေခဲ့သည်။ သို့သော် ထိုစစ်ရေးအကြံပေးက ဆန်းကြယ်သော နောက်ကြောင်းရှိသည့် အရှင်ကျိုးဆိုသည်မှလွဲ၍ အခြားမည်သည့်အကြောင်းကိုမှ မစုံစမ်းနိုင်ခဲ့ချေ။

ကျန်းရီ၏ ဇာစ်မြစ်က ထိပ်တန်းလျှို့ချက်ဖြစ်သည်။ သူ့အကြောင်းများ မပေါက်ကြားစေရန်လည်း တင်းတင်းကြပ်ကြပ် ဆောင်ရွက်ထားသည်။ မျိုးနွယ်ဘုရင်များမှလွဲ၍ အကြီးအကဲများပင် သူ့အကြောင်းကို အနည်းငယ်သာ သိကြသည်။ သို့ဖြစ်ရာ သာမန်တပ်သားများအတွက် ထည့်ပြောနေရန်ပင် မလိုပေ။

သို့သော် တမန်တော်သုံးပါးက ကော့ချန်ဘုရင်၏ ပြောပြချက်များကို လက်မခံကြချေ။ ကော့ချန်ဘုရင်က ချဲ့ကားပြောနေခြင်းဖြစ်ရမည်ဟု သူတို့ ထင်သည်။ ထို့ပြင် သူတို့ဘက်မှ အင်အားက ရန်သူဘက်မှ အင်အားထက် အဆများစွာ ပိုများသည်။ ရန်သူဘက်က စစ်ဗျူဟာပိုကောင်းလျှင်လည်း ဘာအရေးနည်း။ အကြွင်းမဲ့အင်အားနှင့် ရင်ဆိုင်ရလျှင် ဗျူဟာများ၊ လှည့်ကွက်များမှာ အသုံးဝင်တော့မည် မဟုတ်ပါ။

‌တမန်တော်သုံးပါး၏ တုံ့ပြန်မှုကြောင့် ကော့ချန်ဘုရင် မည်သို့ဆက်ပြောရမည်မသိ ဖြစ်သွားသည်။ ဤတစ်ခေါက်တွင် သူတို့ဘက်က နိုင်ပါစေဟုသာ သူ မျှော်လင့်နိုင်တော့သည်။ ကွာခြားသော အင်အားကြောင့် အရှင်ကျိုးက မည်သို့မှ တတ်နိုင်မည်မဟုတ်လောက်ဟု မျှော်လင့်ရပေသည်။

မဟာမိတ်စစ်တပ်ကို ဖွဲ့စည်းပြီးနောက် တပ်သားများကို စတင် လေ့ကျင့်ပေး၏။ မျိုးနွယ်အသီးသီး၏ စစ်ရေးတိုက်ကွက်များက မတူရာ တပ်သားများကို ပြန်‌လေ့ကျင့်မပေးဘဲ စစ်ထွက်လိုက်မည်ဆိုလျှင် အမှားအယွင်း တစ်စုံတစ်ခု ရှိလာနိုင်သည်။ စစ်တပ်က တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဖြစ်မနေလျှင်၊ အမိန့်များကို မနာခံတတ်လျှင် တိုက်ခိုက်နိုင်စွမ်း လျော့ကျရုံသာမက အတွင်းပဋိပက္ခများလည်း ဖြစ်လာနိုင်ပေသည်။

တစ်ရက် လေ့ကျင့်ပြီးနောက် စစ်တပ် စတင်ချီသည်။ တပ်သည် နှေးနှေးသာ ချီလျက် လမ်းတစ်လျှောက်တွင် စစ်ရေးများ ဆက်လေ့ကျင့်သွားကြသည်။ တပ်ကို စည်းကမ်းသေဝပ်အောင်လည်း လုပ်ဆောင်ပြီး အမိန့်ပေးလိုက်သည်နှင့် ရုတ်ခြည်းဆောင်ရွက်နိုင်သည်အထိ အမိန့်ပုံစံများနှင့် အကျွမ်းတဝင်ရှိအောင်လည်း သင်ကြားပေးလေသည်။

သို့ဖြင့် အင်အားသန်းသုံးဆယ်ရှိသော စစ်တပ်ကြီးသည် ထောင်ချီသော တောင်များ၊ မြစ်များကို ဖြတ်ကျော်ကာ ကျတ်တီးမြေဆီသို့ တန်းတန်းမတ်မတ် ဦးတည်ချီတက်နေသည်။ ကျတ်တီးမြေထဲသို့ ရောက်ရန် သုံးရက်ကြာ ချီတက်ရမည်ဖြစ်သည်။ သူတို့ ကျတ်တီးမြေထဲ ရောက်သည်နှင့် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများနှင့် သူသေကိုယ်သော တိုက်ခိုက်ရပေတော့မည်။

***

အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများဘက်ကလည်း အရှေ့ဒေသထဲတွင် လျှို့ဝှက်ထောက်လှမ်းရေးများ ထည့်ထားသဖြင့် အင်အားစုသုံးစု၏ မဟာမိတ်စစ်တပ်ကြီး စတင်ချီလာသည်နှင့် ချက်ချင်း သတင်းရလိုက်ကြသည်။ တိကျသော သတင်းကို ရရှိပြီးနောက် အားလုံး တုန်လှုပ်သွားကြပေသည်။

အင်အားသန်းသုံးဆယ်ရှိသော စစ်တပ်မှာ လျှော့တွက်၍ရသောအရာ မဟုတ်ပါ။ ယခုတွင် ထိုစစ်တပ်က တရွေ့ရွေ့နှင့် ချီတက်လာနေပေပြီ။ စစ်ကြောင်းတွင်လည်း မည်သည့်ဟာကွက်မှ မရှိချေ။ သူတို့ ထိုမဟာမိတ်စစ်တပ်ကို ယှဉ်နိုင်ပါမည်လော။

သူတို့သည် အရှေ့ဒေသ၏ အရှေ့အကျဆုံးအပိုင်းတွင် နေထိုင်နေပြီဖြစ်သည်။ ထို့ထက်အရှေ့ရောက်သည်ဆို၍ အဖော်မဲ့ပင်လယ်သာရှိတော့သည်။ အဖော်မဲ့ပင်လယ်၏ နက်ရှိုင်းသော အပိုင်းတွင် ပင်လယ်မိစ္ဆာများစွာရှိသည်။ ထို့ပြင် သူတို့က ပင်လယ်မိစ္ဆာများကို မကြောက်ရလျှင်ပင် ပင်လယ်ထဲတွင် ရှင်သန်နေထိုင်နိုင်ပါမည်လော။ မဟာမိတ်စစ်တပ်က အဖော်မဲ့ပင်လယ်ထဲအထိ လိုက်လာလျှင်ရော မည်သို့လုပ်မည်နည်း။

ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်အချို့သည် ကျန်းရီနေထိုင်ရာ တောင်သို့ ချက်ချင်း ပျံသန်းသွားလိုက်ကြ၏။ သူတို့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ ရဲတိုက်သို့ ရောက်သောအခါ ကျန်းရီနှင့် တွေ့ခွင့်ပေးရန် ချက်ချင်း တောင်းဆိုလိုက်သည်။

ကျန်းရီသည် ချက်ချင်း ထွက်မလာဘဲ သူတို့ကို အပြင်တွင် တစ်နာရီကြာအောင် စောင့်နေစေပြီးမှ ပျင်းရိပျင်းတွဲပုံစံနှင့် ထွက်လာလေသည်။ လီရှန်းအာက နီမြန်းနေသော မျက်နှာလေးနှင့် ကျန်းရီနောက်မှ လိုက်လာသည်။ သူတို့နှစ်ယောက်က တူနှစ်ကိုယ်ကျင့်ကြံနေခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

“အခု ဘယ်အချိန်ရှိနေပြီလဲ”

ကန်းဟန့်ဘုရင်က စိတ်မရှည်ဟန်ဖြင့် တဲ့တိုးပင် ပြောလိုက်သည်။

“အရှင်ကျိုး... အခုလို အချိန်မှာတောင် အရှင်က အဲ့ဒါကို လုပ်ချင်စိတ် ရှိသေးတယ်ပေါ့လေ”

“ဟင်...”

ကျန်းရီက အေးစက်သော မျက်ဝန်းများနှင့် စိုက်ကြည့်လိုက်၏။ သူ့မျက်ဝန်းများထဲမှ အေးစက်မှုနှင့် သူ့ခန္ဓာကိုယ်မှ ထွက်လာသော သတ်ဖြတ်အရှိန်အဝါတို့က ကန်းဟန့်ဘုရင်ကို ကြက်သီးမွေးညင်းများ ထသွားစေသည်။ ထိုခံစားချက်မှာ သူ့အပေါ်သို့ ရေအေးတစ်ပုံး လောင်းချလိုက်သလိုမျိုးပင်။

ယခင်တွင် ကန်းဟန့်ဘုရင်သည် ကျန်းရီက သိမ်မွေ့ခံညားသော ယောက်ျားတစ်ယောက်ဟု ထင်ခဲ့၏။ ကျန်းရီထံတွင် ထိုမျှကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ရှိနေလိမ့်မည်ဟု သူ ထင်မထားပေ။ ထိုကဲ့သို့ သိပ်သည်းသော သတ်ဖြတ်အရှိန်အဝါ ရှိနေအောင် ထိုအရှင်ကျိုးက မည်မျှသတ်ဖြတ်ခဲ့ရပါသနည်း။

“အရှင်ကျိုး... ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ”

ကြမ်းကြုတ်နဂါးဘုရင်သည် အခြေအနေတင်းမာလာသည်ကို မြင်သဖြင့် ကြားမှဝင်၍ ခပ်သွက်သွက် တောင်းပန်လိုက်သည်။

“ကန်းဟန့်ဘုရင်က အမြဲ ဒီလိုပဲ စကားအပြောအဆို မတတ်ပါဘူး။ သူက မင်းသမီးလီရှန်းအာကို စော်ကားချင်စိတ် မရှိပါဘူး။ ကန်းဟန့်ဘုရင်.. မြန်မြန် မင်းသမီးလီရှန်းအာနဲ့ အရှင်ကျိုးကို တောင်းပန်လိုက်လေ”

ကန်းဟန့်ဘုရင် ခပ်သွက်သွက် ဦးညွှတ်လိုက်၏။ လီရှန်းအာသည် ရှက်လှသဖြင့် တွင်းတူကာ တွင်းထဲဝင်နေလိုစိတ်ပင် ပေါက်နေသည်။ သူမ တစ်စုံတစ်ခု ပြောရန် ဟန်ပြင်လိုက်စဉ်တွင် ကျန်းရီက ဟိတ်ပန်အပြည့်နှင့် လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။

“ကောင်းပြီ.. ဘာဖြစ်နေတယ်ဆိုတာပဲ ကျွန်တော်တို့ကို ပြောပါ”

ကြမ်းကြတ်နဂါးဘုရင်က မျိုးနွယ်ဘုရင်တစ်ယောက်ကို မြေပုံတစ်ချပ် ထုတ်စေလိုက်၏။ ထို့နောက် မြေပုံပေါ်မှ နေရာသုံးခုကို ညွှန်ပြကာ ပြောလိုက်သည်။

“အင်အားစုသုံးစုရဲ့ မဟာမိတ်စစ်တပ်က ချီတက်လာပါပြီ။ အဲ့မဟာမိတ်စစ်တပ်ကို တပ်ဖွဲ့သုံးဖွဲ့ ခွဲထားပါတယ်။ တစ်ဖွဲ့မှာ တပ်သားဆယ်သန်းစီ ပါပါတယ်။ အခု သူတို့က ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာကနေပြီး ကျတ်တီးမြေဆီ ဦးတည်လာနေပါတယ်။ မျိုးနွယ်ဘုရင်တွေ အကုန်လုံးလည်း ပါလာပါတယ်။ သူတို့ဘက်မှာ အနည်းဆုံး ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမား ဆယ့်နှစ်ယောက်နဲ့ အုပ်ချုပ်သူအဆင့် သိုင်းသမား တစ်ထောင်ကျော် ပါပါတယ်။ သူတို့ ဒီကို အလွန်ဆုံး သုံးရက်အတွင်း ရောက်လာပါလိမ့်မယ်”

“အင်အားဆယ်သန်းစီပါတဲ့ တပ်ဖွဲ့သုံးဖွဲ့လား။ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမား ဆယ့်နှစ်ယောက်ပေါ့...”

ကျန်းရီ အတွေးနက်သွား၏။ သူ ခေတ္တမျှ တွေးတောပြီးနောက် မြေပုံကို ပြန်ကြည့်လိုက်သည်။ စုတ်တံတစ်ချောင်းကို ထုတ်၍လည်း မြေပုံပေါ်တွင် လမ်းကြောင်းများ ရေးဆွဲကာ အခြေအနေကို ထပ်ခါ ထပ်ခါ မေးမြန်းလိုက်လေသည်။

မျိုးနွယ်ဘုရင်သုံးပါးသည် ကျန်းရီ၏ လုပ်ရပ်များကို နားမလည်နိုင်သဖြင့် ဆက်တွေးမနေတော့ရန်သာ ဆုံးဖြတ်လိုက်ကြသည်။ ကျန်းရီက မေးလျှင် သူတို့ဖြေမည်။ ကျန်းရီက အမိန့်ပေးလျှင် သူတို့ နာခံမည်။ ထိုသို့လုပ်ခြင်းကသာ စိတ်အေးရပေသည်။

တစ်နာရီ၊ နှစ်နာရီ... လေးနာရီ...

နောက်ဆုံးတွင် ကျန်းရီသည် ခေါင်းမော့ကာ ပြုံးလိုက်၏။

“ကောင်းပြီ၊ အားလုံးပဲ စိတ်မပူကြပါနဲ့။ ကျွန်တော့်မှာ မချွတ်ချော်နိုင်တဲ့ အစီအစဉ်တစ်ခု ရှိထားပါပြီ။ ခင်ဗျားတို့ရဲ့ လူတွေနဲ့ ‌မြင်းတွေကို သွားစုစည်းလိုက်ကြပါ။ နတ်ဘုရင်အဆင့်အထက်မှာရှိတဲ့ စွမ်းအားကြီး သိုင်းသမားတွေ အကုန်လုံးကိုလည်း စုဝေးခိုင်းလိုက်ပါ။ ပြီးရင် သူတို့ကို တပ်ဖွဲ့သုံးဖွဲ့ ခွဲလိုက်။ ခင်ဗျားတို့ သုံးယောက်က တပ်ဖွဲ့တစ်ခုစီကို ဦးဆောင်ပြီး နေ့ဝက်အတွင်း စစ်ချီရမယ်”

“နားလည်ပါပြီ”

မျိုးနွယ်ဘုရင်သုံးပါးသည် လက်ဆုပ်ကာ တုံ့ဆိုင်းမှုမရှိဘဲ ထွက်သွားကြ၏။ လီရှန်းအာသည် ကျန်းရီကို စိုးရိမ်ဟန်ဖြင့် ကြည့်၍ နူးညံ့စွာ မေးလိုက်သည်။

“သခင်လေးကျိုး... ကျွန်မတို့ ဒီတစ်ခေါက် နိုင်နိုင်မလား”

ကျန်းရီ အေးချမ်းစွာ ပြုံးကာ ပြန်ပြောလိုက်လေသည်။

“ငါတို့ နိုင်မနိုင်ဆိုတာကို တိုက်ကြည့်မှာ သိရမှာပေါ့”

***

All Chapters