← Chapters

ပြဿနာကြီးတစ်ခု

Vol. 126 Ch. 1759

ပြဿနာကြီးတစ်ခု

Vol. 126 Ch. 1759

အင်အားစုသုံးစုက ပူးပေါင်းထားသဖြင့် ကျန်းရီ ခေါင်းကိုက်နေရသည်။ ရန်သူဘက်တွင် စွမ်းအားကြီး သိုင်းသမားများစွာလည်း ရှိနေသည်။ အကယ်၍ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများက အတူပူးပေါင်းပြီး ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များကို သတ်လိုက်လျှင် သူတို့ ဆက်တိုက်ရန်ပင် လိုတော့မည် မဟုတ်ချေ။

ကျန်းရီသည် ဤအတောအတွင်း များစွာ တွေးတောနေခဲ့သည်။ သူသည် မဟာမိတ်စစ်တပ်ကို မည်သို့ခွဲထုတ်ပစ်ကာ တပ်ဖွဲ့တစ်ဖွဲ့ချင်းစီကို မည်သို့အနိုင်ယူရမည်ကို တွေးနေခဲ့ခြင်းပင်။ သို့သော် ရန်သူဘက်က သူတို့ဘာသာ သူ့ကို ကူညီပေးခဲ့သည်။ မဟာမိတ်စစ်တပ်က တပ်ဖွဲ့သုံးဖွဲ့ ခွဲထားပြီး လမ်းကြောင်းသုံးကြောင်းမှနေ၍ တစ်ကွဲစီ ချီတက်လာနေသည်။ တပ်ဖွဲ့တစ်ဖွဲ့နှင့် တစ်ဖွဲ့လည်း မိုင်သန်းချီ ဝေးကွာပေသည်။

ကျန်းရီသည် မဟာမိတ်စစ်တပ်၏ ဗျူဟာကို သဘောပေါက်၏။ စစ်တပ်ကို တပ်ဖွဲ့သုံးဖွဲ့ခွဲကာ ရန်သူကို ဖောက်မထွက်နိုင်အောင် ဝိုင်းလျက် သုံးဘက်သုံးတန်မှ အပြင်းအထန် တိုက်ခိုက်မည့် ဗျူဟာမှာ လူသားမျိုးနွယ်အတွက်မူ ရိုးရှင်းသော ဗျူဟာတစ်ခုပင်။

တပ်မှာ ဦးချိုပုံသဏ္ဌာန် ချီတက်လာနေသည်။ ကျန်းရီတို့သာ တပ်ဖွဲ့တစ်ဖွဲ့ကို တိုက်ခိုက်လိုက်လျှင် ကျန်တပ်ဖွဲ့နှစ်ဖွဲ့က လျင်မြန်စွာ ဝိုင်းကာ တိုက်မည်ဖြစ်သည်။ ထိုဗျူဟာမှာ မဆိုးလှပါ။

ရန်သူများသည် တစ်ခါခံရပြီးနောက် ဉာဏ်သုံးရမည်ဖြစ်ကြောင်း သိလာပုံပင်။ သူတို့ မဆင်မခြင် မလုပ်ရဲတော့ဘဲ စစ်ဗျူဟာများကို လွှာသုံး၍ တစ်ဘက်ကို တတိတိ ဖျက်ဆီးရန် ကြံရွယ်ထားကြပေသည်။

ကျန်းရီသာ အစီအစဉ်တစ်ခု မဆွဲနိုင်လျှင် ဤတစ်ခေါက်တွင် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများ အဆုံးသတ်သွားပေလိမ့်မည်။ ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများသည် အကြံကုန်နေပြီဖြစ်ပြီး သေသည်အထိ တိုက်ခိုက်ရန်သာ ဆုံးဖြတ်နိုင်ကြသည်။ သူတို့သည် ဗျူဟာများ၊ လှည့်ကွက်များကို မနိုင်နင်းကြပေ။

စစ်တပ်ကိုမူ လျင်မြန်စွာ စုစည်းနိုင်ပါ၏။ ကျန်းရီက နတ်ဘုရားဘုရင်အဆင့်အထက်ရှိ စွမ်းအားကြီး သိုင်းသမားအားလုံးကို စုဝေးခိုင်းထားသည်။ ဤတစ်ကြိမ်တွင် သိုင်းသမားဆယ်သန်း စုဝေးနေသည်။ နတ်ဘုရားဧကရာဇ်နှင့်အထက် သိုင်းသမားများကိုသာ စုဝေးစေမည်ဆိုလျှင်မူ အရေအတွက် သုံးသန်းကျော် လေးသန်းလောက်သာ ရှိပေလိမ့်မည်။

သိုင်းသမားဆယ်သန်းသည် အနက်ရောင် မြေကွက်လပ်ကြီးတစ်ခုပေါ်တွင် တိတ်ဆိတ်စွာ ရပ်နေကြ၏။ ပြီးခဲ့သည့် ရက်များအတွင်း ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များက စစ်တပ်ကို လေ့ကျင့်ပေးခဲ့ပြီး စစ်တပ်မှာလည်း ယခင်က တိုက်ပွဲအတွေ့အကြုံများ ရှိထား၍ အင်အားစုသုံးစု၏ မဟာမိတ်စစ်တပ်ထက် ပိုစည်းစနစ်ကျနေပြီး ပို၍လည်း စည်းလုံးကြပေသည်။

ဤတစ်ခေါက်တွင် စစ်တပ်ထဲ၌ လီရှန်းအာလည်း ပါနေ၏။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်သည် တိုက်ပွဲတွင် ဝင်ပါမည်ဖြစ်သည်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ ဝိညာဉ်အဆိပ်စွမ်းရည်က ရန်သူများနှင့် ရင်ဆိုင်ရာတွင် အလွန်အသုံးဝင်သည်။ သူတို့သည် ရန်သူများကို အလစ်ဝင်တိုက်ကာ ရန်သူ၏ တပ်ဖွဲ့စည်းပုံကို ပရမ်းပတားဖြစ်သွားစေနိုင်ပေသည်။

ကောင်းကင်ကြောင်ကတိုးမျိုးနွယ်သည် တပ်ဖွဲ့သုံးဖွဲ့စလုံးတွင် ဖြန့်ကျက်နေရ၏။ လီရှန်းအာကမူ တမန်တော်တစ်ယောက်အဖြစ် ကျန်းရီအနောက်မှ လိုက်၏။ သူမက ကျန်းရီ၏ အမိန့်များကို ထုတ်ပြန်ပေးရမည်ဖြစ်သည်။ သို့သော် ယင်းမှာ ဟန်ပြသာ။ ကျန်းရီ လီရှန်းအာကို သူ့နောက်သို့ လိုက်လာစေခြင်းမှာ သူမ ထိခိုက်မည်ကို စိုးရိမ်၍ဖြစ်သည်။

“တိုက်ဖို့ အမိန့် ထုတ်ပြန်လိုက်”

ကျန်းရီသည် စစ်တပ်ကိုကြည့်၍ လီရှန်းအာကို ပြောလိုက်၏။ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့သည် ချက်ချင်းပင် စစ်တပ်ကို ခွဲလိုက်ပြီး စတင် ချီတက်လိုက်ကြသည်။

ကျန်းရီထံတွင် တမန်တော်တပ်တစ်ဖွဲ့ရှိ၏။ ထိုတပ်ဖွဲ့ကို ဖီးနစ်တောင်ပံမျိုးနွယ်ဝင်များနှင့် ဖွဲ့စည်းထားခြင်းပင်။ ထိုမျိုးနွယ်ဝင်များက အလွန်လျင်မြန်သဖြင့် ကျန်းရီ၏ အမိန့်များကို မြန်ဆန်စွာ ထုတ်ပြန်ပေးနိုင်ပေသည်။

ကျန်းရီ၏ လက်ရှိအမိန့်မှာ တပ်ဖွဲ့သုံးဖွဲ့ကို အရှေ့ဘက်သို့ ချီတက်စေရန် ဖြစ်သည်။ ယင်းမှလွဲ၍ အခြားအမိန့်များ မထုတ်ပြန်သေးပေ။

ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့သည် အရှေ့ဘက်သို့ ချီတက်ရခြင်းအကြောင်းကို နားမလည်နိုင်သော်လည်း ကျန်းရီကို ယုံကြည်သည့်အတွက် များစွာ မမေးကြပါ။ သူတို့သည် တပ်သားဆယ်သန်းလုံး၏ သေခြင်း၊ ရှင်ခြင်းကို ကျန်းရီ၏လက်ထဲတွင် ထည့်ထားပေသည်။

ပြီးခဲ့သော ပြောင်းရွှေ့မှုတွင် ကျန်းရီသည် မျိုးနွယ်ဘုရင်အများစုကို အကြမ်းဖျင်းဗျူဟာသာ ပြောပြခဲ့ပြီး တိုက်ပွဲအစီအစဉ်များကို အသေးစိတ် မပြောပြခဲ့ချေ။ ကြမ်းကြုတ်နဂါးဘုရင်တို့လောက်သာ အစီအစဉ်ကို သိခဲ့ရသည်။ ထိုသို့လုပ်ရခြင်းမှာ လုံခြုံရေးအတွက်ပင်။ ထိုဗျူဟာအစီအစဉ်များကို ရန်သူများသာ သိသွားလျှင် အကျိုးဆက်များက အလွန်ဆိုးဝါးသွားနိုင်သည် မဟုတ်ပါလား။

ဤတစ်ခေါက်တွင်လည်း ကြမ်းကြုတ်နဂါးဘုရင်တို့သည် များစွာမေးမြန်းမနေဘဲ သူတို့၏ တပ်ဖွဲ့ကိုယ်စီကို ဦးဆောင်ကာ ချီတက်သွားကြသည်။ သို့သော် ကျန်းရီက တပ်ဖွဲ့သုံးဖွဲ့နှင့်အတူ မချီတက်ဘဲ အင်အားတစ်သောင်းရှိသော သူ၏ ကိုယ်ပိုင်တပ်ဖွဲ့ကိုသာ ဦးဆောင်လိုက်သည်။

လီရှန်းအာသည် နားမလည်နိုင်သော်လည်း မမေးဝံ့ပါ။ ကျန်းရီက သူမနှင့်အတူ စစ်ရထားလုံးထဲတွင် ထိုင်နေသည်။ စစ်ရထားလုံးဘေးတွင် တပ်သားတစ်သောင်းက သွက်လက်စွာ လိုက်လာသည်။ ထောက်လှမ်းရေးများကလည်း စစ်ရေးသတင်းများကို မပြတ် လာတင်ပြနေကြသည်။ ထောက်လှမ်းရေးများ လာတင်ပြသည့် သတင်းများကို လီရှန်းအာက ကျန်းရီအား တဆင့်ပြန်တင်ပြရပေသည်။

စစ်ရထားလုံးက အတော်လေး ကျယ်ဝန်း၏။ အထဲတွင် သဲမြေပုံစားပွဲတစ်ခုပင် ရှိသည်။ ကျန်းရီသည် စားပွဲအရှေ့တွင် တစ်နေကုန်ရပ်ကာ လာတင်ပြသည့် စစ်သတင်းအမျိုးမျိုးကို နားထောင်ရင်း လီရှန်းအာကို အံ့အားသင့်စေမည့် အမိန့်များကို ပေးလိုက်လေသည်။

တပ်ဖွဲ့သုံးဖွဲ့သည် အလွန်လျင်မြန်စွာ ချီတက်နေ၏။ ကျတ်တီးမြေနယ်စပ်သို့ ရောက်ရန် တစ်ရက်သာ လိုပေလိမ့်မည်။ ရန်သူဘက်မှ မဟာမိတ်စစ်တပ်ကမူ တစ်ရက်နှင့် နေ့တစ်ဝက်နေမှ ကျတ်တီးမြေနယ်စပ်သို့ ရောက်မည်ဖြစ်သည်။ ထိုအခါကျလျှင် စစ်ပွဲတစ်ပွဲ ရုတ်ခြည်း ဖြစ်ပေါ်လာပေလိမ့်မည်။

***

ကော့ချန်ဘုရင်တို့ဘက်မှ မဟာမိတ်စစ်တပ်တွင်လည်း ထောက်လှမ်းရေးများစွာရှိ၏။ ထိုထောက်လှမ်းရေးများ ထောက်လှမ်းပြီးနောက်တွင် ကျန်းရီဘက်ကလည်း တပ်ဖွဲ့သုံးဖွဲ့ခွဲလိုက်ကြောင်း သူတို့ သိလိုက်ရသည်။ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့က တပ်ဖွဲ့တစ်ဖွဲ့စီကို ဦး‌ဆောင်ကာ သူတို့ဆီသို့ ချီတက်လာနေသည်။ ထိုသတင်း‌ကြောင့် သူတို့ ရယ်လိုက်ကြပေသည်။

တပ်ဖွဲ့သုံးဖွဲ့ချင်း ယှဉ်လျှင် သူတို့ဘက်က အင်အားသုံးဆပိုများသည်။ ထို့ပြင် ရန်သူဘက်မှ အင်အားအနည်းဆုံး တပ်သားများက နတ်ဘုရားဘုရင်အဆင့်တွင် ဖြစ်ပြီး သူတို့ဘက်မှ အင်အားအနည်းဆုံး တပ်သားများမှာမူ နတ်ဘုရားဧကရာဇ်အဆင့်တွင် ဖြစ်ပေသည်။ ထို့ကြောင့် တိုက်ခိုက်စွမ်းအားကလည်း မိုးနှင့်မြေလို ကွာခြားသည်။ စွမ်းအားကြီး သိုင်းသမား အရေအတွက်မှာမူ ပို၍ပင် ကွာခြားပေသေးသည်။

တပ်ဖွဲ့တစ်ဖွဲ့ချင်း ယှဉ်တိုက်မည်ဆိုလျှင် သူတို့ဘက်က သာမည်ဖြစ်ရာ အင်အားစုသုံးစု၏ မဟာမိတ်စစ်တပ်သည် မကြောက်သည့်အပြင် အရှိန်တင်၍ပင် ချီတက်လိုက်ကြသည်။ လှည့်ကွက်များ၊ အလစ်တိုက်ခိုက်မှုများ မရှိဘဲ ထိပ်တိုက် တိုက်ခိုက်မည်ဆိုပါက အင်အားပိုများသော ဘက်ကသာ နိုင်မည်ဖြစ်သည်။

ကော့ချန်ဘုရင်သည် ကျန်းရီ၏ ဗျူဟာကို နားမလည်နိုင်။ သဘောတရားအရဆိုလျှင် ကျန်းရီက သူ့စစ်တပ်ကို တပ်ဖွဲ့မခွဲဘဲ တစ်စုတစ်စည်းတည်း ထားသင့်သည် မဟုတ်လော။ သူတို့ဘက်က အင်အားနည်းနေပြီးဖြစ်ရာ တပ်ဖွဲ့ထပ်ခွဲလိုက်လျှင် အင်အားက ပြန့်ကျဲသွားမည် မဟုတ်လော။ သူက သူ့သေတွင်း သူတူးနေခြင်းလော။

ကော့ချန်ဘုရင်သည် လျှို့ဝှက်အကြံအစည်တစ်ခု၏ အငွေ့အသက်ကို ရနေ၏။ သူ စိုးရိမ်နေသဖြင့် အခြေအနေကို ထောက်လှမ်းရန် သူ့လက်အောက်မှ ကျွမ်းကျင်ထောက်လှမ်းရေးများကို ကိုယ်တိုင်သွားထောက်လှမ်းစေလိုက်သည်။ ရန်သူ၏ အကြံအစည်ကို စေ့စေ့စပ်စပ် သိမထားလျှင် သူ့တပ်ကို တိုက်ပွဲသို့ ခေါ်မသွားရဲပါ။

သို့သော်...

အပြန်ပြန်အလှန်လှန် ထောက်လှမ်းပြီးသော်လည်း မည်သည့်ပြဿနာကိုမှ ရှာမတွေ့ပေ။ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့က အမှန်ပင် တပ်ဖွဲ့များကို ဦးဆောင်၍ ချီတက်လာနေပေသည်။ တပ်ဖွဲ့များထဲတွင် သူတို့မျိုးနွယ်များမှ စွမ်းအားကြီး သိုင်းသမားများလည်း ပါလာသည်။ သို့ဖြစ်ရာ သူတို့ အယောင်ပြနေခြင်းတော့ မဖြစ်နိုင်ပါချေ။

အလစ်ဝင်တိုက်ရန် ကြံနေကြခြင်းလော...

အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများထဲတွင် စွမ်းအားကြီး သိုင်းသမားများစွာ၊ တပ်သားများစွာ မရှိပေ။ သို့ဖြစ်ရာ အလစ်ဝင်တိုက်ရန်အတွက် တပ်သားများကို မည်သည့်နေရာက ရမည်နည်း။ ထိုအင်အားဆယ်သန်း စစ်တပ်က အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများ အကုန်ဖြစ်သည်။

သို့သော် တပ်ဖွဲ့သုံးဖွဲ့ ခွဲခြင်းမှာ သံသယဝင်စရာ ကောင်းနေသေး၏။ ထို့ပြင် ထိုတပ်ဖွဲ့သုံးဖွဲ့နောက်၌ အင်အားတစ်သောင်းသာပါသော တပ်ဖွဲ့ငယ်လေးလည်း ရှိနေသည်။ ထိုတပ်ဖွဲ့ထဲတွင် စွမ်းအားကြီး သိုင်းသမားများစွာ မပါသဖြင့် အရေးမစိုက်၍တော့ ဖြစ်ပေသည်။

တစ်စုံတစ်ခု မှားနေကြောင်း သိသော်လည်း မည်သည်က မှားနေခြင်းဖြစ်ကြောင်း ကော့ချန်ဘုရင် ထောက်မပြနိုင်ပါ။ အခြေအနေက မည်သို့ဖြစ်စေ အလျင်စလို မပြုမူခြင်းက ပိုကောင်းပေလိမ့်မည်။ သူ အခြားတပ်ဖွဲ့နှစ်ဖွဲ့ကို အရင်တိုက်ခိုက်စေပြီး အခြေအနေက မည်သို့ ဖြစ်လာမည်ကို စောင့်ကြည့်ရပေမည်။

ကော့ချန်ဘုရင်၏ ဆုံးဖြတ်ချက်ကို ထျန်းဖုန့်ဧကရာဇ်၏ တမန်တော်က မကျေနပ်သဖြင့် ကော့ချန်ဘုရင်ကို ကိုယ်တိုင်သွားတွေ့၏။ သို့သော် ကော့ချန်ဘုရင်သည် ချီတက်ရှိန်တင်ရန် ငြင်းဆန်လိုက်ပြီး ငြင်းရသည့် အကြောင်းကိုလည်း ရှင်းမပြလိုက်ပေ။

တမန်တော် ရွေးချယ်စရာ မရှိတော့။ သို့သော် ဤတိုက်ပွဲကို အလွယ်တကူ နိုင်လိမ့်မည်ဟု တွေးမိ၍ ကော့ချန်ဘုရင်၏ တပ်ဖွဲ့က နှောင့်နှေးလျှင်လည်း ရှိစေတော့ဟု သဘောထားလိုက်လေသည်။

အခြားတပ်ဖွဲ့နှစ်ခုကမူ အရှိန်မလျှော့ကြပါ။ သို့သော် သူတို့ ထောက်လှမ်းရေးများ ပိုများများ စေလွှတ်လိုက်သည်။ ရန်သူဘက်မှ တပ်ဖွဲ့သုံးဖွဲ့က တန်းတန်းမတ်မတ် ချီတက်လာနေသေးဆဲဖြစ်ပြီး မည်သည့် ပြဿနာမှ မရှိကြောင်း သိလိုက်ရသောအခါ သူတို့ စိတ်အေးသွားကြပေသည်။

တစ်ရက်ကြာပြီးနောက် ကျန်းရီ၏ တပ်ဖွဲ့သုံးဖွဲ့က သတ်မှတ်ထားသော နေရာသို့ ရောက်လာပြီး စစ်စခန်း စတင်ချလိုက်သည်။ သူတို့သည် တပ်သားများကိုလည်း စေလွှတ်၍ အနီးပတ်ဝန်းကျင်ရှိ ရန်သူ ထောက်လှမ်းရေးများကို ရှင်းပစ်စေသည်။ သူတို့က သေသည်အထိ ခုခံတော့မည်ဖြစ်ကြောင်း ထင်ရှားပေသည်။

အင်အားစုသုံးစု၏ မဟာမိတ်စစ်တပ်မှ ထောက်လှမ်းရေးများစွာ သတ်ဖြတ်ခံလိုက်ရ၏။ ကျန်သော ထောက်လှမ်းရေးများမှာ အနီးမကပ်ဝံ့တော့ဘဲ ပြန်ဆုတ်သွားလိုက်ရ၏။ သို့သော် မလှမ်းမကမ်းတွင် ရပ်ကာ ရန်သူစစ်တပ်က နေရာမှ ရွေ့၊ မရွေ့ကို စောင့်ကြည့်နေကြပေသေးသည်။

စစ်တပ်က နေရာမရွေ့ပါ။ ထောက်လှမ်းရေးများသည် ယာယီစစ်စခန်းများမှ ထွက်လာသော ကျယ်လောင်သည့်အော်သံများကိုပင် ကြားနေရသည်။ သို့သော် အနီးကပ်၍ မထောက်လှမ်းဝံ့သဖြင့် ထိုအော်သံများမှာ စစ်တပ်က တိုက်ပွဲပုံစံများကို လျှို့ဝှက်လေ့ကျင့်နေခြင်းဖြစ်ရမည်ဟုသာ ခန့်မှန်းကောက်ချက်ချလိုက်လေသည်။

နေ့ဝက်ကြာပြီးနောက် အင်အားစုသုံးစု၏ မဟာမိတ်စစ်တပ် ရောက်ရှိလာသည်။ သို့သော် တပ်ဖွဲ့နှစ်ဖွဲ့သာ ရောက်လာခြင်းဖြစ်သည်။ ကော့ချန်ဘုရင်၏ တပ်ဖွဲ့က အနောက်တွင် မိုင်သန်းဆယ်ချီ၍ ပြန်ကျန်နေခဲ့သည်။

“တိုက်ကြ...”

တောင်စပါးကြီးဘုရင်နှင့် မီးမြေခွေးဘုရင်တို့သည် တပ်သားများ စိတ်အားတက်ကြွနေဆဲတွင် ရန်သူစစ်စခန်းတစ်ခုကို သိမ်းရန် ဆုံးဖြတ်ထားကြသည်။ သူတို့သည် ကန်းဟန့်ဘုရင်၏ အင်အားသုံးသန်းရှိသော တပ်ဖွဲ့ကို ရှင်းပစ်လိုနေပေသည်။

“သတ်ကြ...”

အမိန့်တစ်ချက် ပေးလိုက်သည်နှင့် တပ်သားများ စတင်လှုပ်ရှားကြ၏။ ကောင်းကင်ထဲတွင် တပ်သားများ၊ သတ်ဖြတ်အရှိန်အဝါများနှင့် ပြည့်နှက်သွားသည်။ သူတို့သည် ကျတ်တီးမြေထဲသို့ အလုံးအရင်းနှင့် ထိုးဝင်ကြ၏။ ရန်သူတပ်သားများက သူတို့ကို မခုခံနိုင်ကြပေ။ သူတို့ ခံစစ်ကို အလွယ်တကူ ဖောက်နိုင်လိုက်ပြီး ကန်းဟန့်ဘုရင်၏ စစ်စခန်းထဲ ရောက်သွားပေသည်။

“တစ်ခုခု မှားနေပြီ”

တောင်စပါးကြီးဘုရင်သည် စစ်စခန်းထဲသို့ ရောက်သောအခါ ကောင်းကင်စိတ်အာရုံနှင့် အာရုံခံကြည့်ပြီးနောက် တုန်လှုပ်သွား၏။ သူသည် အစကတည်းမှ တစ်ခုခု လွဲနေကြောင်းကို ခံစားနေခဲ့ရပြီးဖြစ်သည်။ ရန်သူ၏ ခံစစ်က အားနည်းနေခဲ့သည် မဟုတ်ပါလား။ ထို့ပြင် ခုခံသည့် တပ်သားများမှာလည်း အနည်းငယ် ရှိခဲ့သည်။ စွမ်းအားကြီး သိုင်းသမားများလည်း တစ်ယောက်မှ မပါခဲ့ချေ။ ထို့ကြောင့်လည်း သူတို့ စစ်စခန်းထဲ အလွယ်တကူ ဝင်လာနိုင်ခဲ့ခြင်း မဟုတ်ပါလား။

ယခုတွင် မည်သည်က မှားနေကြောင်းကို သိလိုက်ရပြီဖြစ်သည်။ စစ်စခန်းက ဗလာဖြစ်နေသည်။ ကန်းဟန့်ဘုရင်နှင့် သန်းချီသော တပ်သားများက လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ပင်။

***

All Chapters