← Chapters

သေချာနေသော ရလဒ်

Vol. 126 Ch. 1760

သေချာနေသော ရလဒ်

Vol. 126 Ch. 1760

သန်းချီသော တပ်သားများက လေထဲတွင် ပျောက်ကွယ်သွားသည်လော။ ယင်းမှာ လောကထဲရှိ အရယ်ရဆုံး ဟာသပင်။

မိစ္ဆာများသည် တည်နေရာပြောင်းရွှေ့ အစီအရင်များအား မည်သို့ တည်ဆောက်ရမည်ကို မသိလို တည်နေရာလည်း မပြောင်းရွှေ့တတ်ကြပေ။ သူတို့ တည်နေရာပြောင်းရွှေ့နိုင်လျှင်ပင် သန်းချီသော တပ်သားများကို အဘယ်သို့ အချိန်တိုအတွင်း ပြောင်းရွှေ့ပေးနိုင်မည်နည်း။

ဤနေရာကို ထောင်ချီသော ထောက်လှမ်းရေးများက နေ့ညမပြတ် စောင့်ကြည့်နေကြသည်။ သန်းချီသော တပ်သားများ မဆိုထားနှင့် တပ်သားထောင်ဂဏန်းကိုပင် ရွှေ့ပြောင်းရန် ခက်ခဲမည်ဖြစ်သည်။ ထို့ပြင် စစ်စခန်းထဲ၌ မည်သည့် လူသားတည်နေရာပြောင်းရွှေ့အစီအရင်မှ ရှိမနေပေ။ သို့ဖြစ်ရာ တပ်သားများက အဘယ်သို့ ပျောက်ကွယ်သွားခြင်းနည်း။

တောင်စပါးကြီးဘုရင် နားမလည်နိုင်ပေ။ သူ ကွေ့လုဘုရင်နှင့် ကော့ချန်ဘုရင်တို့ဆီသာ ချက်ချင်း သတင်းပို့၍ ဂရုစိုက်ရန်သာ ပြောလိုက်ရသည်။ သူတို့တွင် သတင်းပို့ ကျောက်စိမ်းအဆောင်များ မရှိပါ။ လျင်မြန်စွာ သွားနိုင်သည့် အထူးမျိုးနွယ်ဝင်တစ်ယောက်ကိုသာ သတင်းပို့ခိုင်းရသည်။ ထို့ကြောင့် သတင်းရောက်ရန် နာရီအနည်းငယ်လောက် ကြာပေလိမ့်မည်။

ဆိုရလျှင် သတင်းပို့ရန်ပင် မလို‌တော့ပါ။ ကွေ့လုဘုရင်၏ တပ်ဖွဲ့ကလည်း တိုက်ခိုက်နေကြပြီဖြစ်သည်။ ထိုတိုက်ပွဲသည် ရပ်တန့်မရနိုင်သော အားဖြင့် စတင်ခဲ့သည်။ သူတို့ ခံစစ်အလွှာများကို အလွယ်တကူ ဖောက်ဝင်နိုင်ခဲ့သည်။ သို့သော် စစ်စခန်းထဲသို့ ရောက်သောအခါ စခန်းက ဗလာဖြစ်နေကြောင်း သိလိုက်ရပေသည်။

ကွေ့လုဘုရင်က သူ လှည့်စားခံရပြီဟု တွေးနေစဉ်မှာပင် အရပ်မျက်နှာအနှံ့မှနေ၍ တပ်သားများ ထွက်လာကြ၏။ ထိုတပ်သားများကို ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားအချို့က ဦးဆောင်လာသည်။ သူတို့၏ သတ်ဖြတ်အရှိန်အဝါများကလည်း မိုးထိုးနေသည်။ စစ်တပ်က နေရာအနှံ့တွင် ရှိနေသကဲ့သို့ပင်။ သူတို့အားလုံးက စွမ်းအားကြီး သိုင်းသမားများပင်။ အရေအတွက်မည်မျှရှိသည်ကိုမူ အတိအကျ မပြောနိုင်။

“ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်၊ ကောင်းကင်ဂဠုန်ဘုရင်... ဘာလို့ သူတို့အကုန်လုံးက ဒီမှာ ရှိနေတာလဲ။ ဘာလို့ စစ်တပ်တစ်ခုလုံးက ဒီကို ရောက်နေတာလဲ”

ကွေ့လုဘုရင် ထိတ်လန့်သွား၏။ သူတို့က ရန်သူ၏ ထောင်ချောက်ထဲ ကျရောက်သွားပေပြီ။ သို့သော် သူတို့ အပြစ်တော့ မဟုတ်ပါ။ ရန်သူဘက်မှ ဗျူဟာက အလွန်ပြောင်မြောက်နေခဲ့ခြင်းဖြစ်သည်။

ကွေ့လုဘုရင်၏ တပ်ဖွဲ့တစ်ခုလုံး တုန်လှုပ်နေကြသည်။ သူတို့သည် စစ်စခန်းကို ဗလာအဖြစ် တွေ့ရ၍ ရန်သူများက ကြောက်ကာ ထွက်ပြေးသွားကြပြီဟု တွေးလျက် သတိလျှော့ချလိုက်ကြပြီဖြစ်သည်။ ယခု သန်းချီသော တပ်သားများ ထွက်ပေါ်လာသောအခါတွင်မူ အငိုက်ဖမ်းခံရသလို ဖြစ်ကာ သူတို့ ထိတ်လန့်သွားကြခြင်းပင်။ ထို့ပြင် ဤနေရာတွင် ရှိမနေသင့်သော ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြား စွမ်းအားကြီး သိုင်းသမားများက လေထဲမှ ပေါ်လာသလို ထွက်ပေါ်လာသည်။ ထိုအခြေအနေတွင် မည်သည့်တပ်မဆို တုန်လှုပ်သွားပြီး သူတို့ ရန်သူ၏ ထောင်ချောက်ထဲ ကျသွားပြီဖြစ်ပြီး အဆုံးသတ်သွားပြီဟု တွေးမိကြမည်သာ။

“ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်... ဘာလို့ သူတို့က ဒီမှာ ရှိနေရတာလဲ”

“အာ... တပ်သားတွေ အများကြီးပဲ။ သူတို့က ဘယ်လိုလုပ် ရုတ်တရက်ကြီး ပေါ်လာရတာလဲ”

“မကောင်းတော့ဘူး။ ငါတို့ ထောင်ချောက်ထဲ ကျသွားပြီ။ အားလုံးပဲ... ပြေးကြ”

“ပြန်ဆုတ်... ပြန်ဆုတ်ကြ”

“...”

ထိတ်လန့်မှုက ပလိပ်ရောဂါတစ်ခုလို ပျံ့နှံ့သွားသည်။ တပ်ဖွဲ့ကို မျိုးနွယ်ပေါင်းစုံမှ တပ်သားများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ တပ်ဖွဲ့မှာ မစည်းလုံးပေ။ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများမှာမူ စည်းလုံးကြသည်။ အကယ်၍ သူတို့သာ သူတင်ကိုယ်တင် တိုက်ခိုက်ကြမည်ဆိုလျှင် သူတို့ သေရပေလိမ့်မည်။ ထို့ကြောင့် တပ်သားများစွာသည် တုန်လှုပ်စွာ ပြန်ဆုတ်ကြလေသည်။

အင်အားဆယ်သန်းရှိသော တပ်ဖွဲ့သည် မူလတွင် စည်းစနစ်တကျ ရှိနေခဲ့သည်။ သို့သော် ပြန်ဆုတ်သောအခါ ထိုစည်းစနစ်က ပျက်သွားပေသည်။ တပ်ဖွဲ့တစ်ဝက်လောက်လည်း ပရမ်းပတာဖြစ်သွားသည်။

“မင်းတို့က ဘာလို့ ထိတ်လန့်နေကြတာလဲ”

ကွေ့လုဘုရင်က ကျယ်လောင်စွာ အော်ပြောလိုက်၏။ သို့သော တပ်ဖွဲ့မှာ ငြိမ်မသွားပါ။ ကွေ့လုဘုရင်၏ အရှိန်အဝါက ထိုးထွက်လာသည်။ သူသည် ရှေ့ဆုံးမှ ဦးဆောင်ကာ ထပ်အော်ပြောလိုက်သည်။

“အားလုံးပဲ... ငါ့နောက်ကလိုက်ခဲ့ကြ။ ဝိုင်းထားတာကို ဖောက်ထွက်မယ်”

ကွေ့လုဘုရင်မှာ မတုံးအပါ။ အရှင်မချင်လင်း၏ လက်အောက်ခံစစ်တပ်ကို အရပ်မျက်နှာအနှံ့မှနေ၍ တိုက်ခိုက်ခွင့် ပေးလိုက်မည်ဆိုလျှင် သူတို့တပ်ဖွဲ့က သေချာပေါက် ဖရိုဖရဲ ဖြစ်သွားပေလိမ့်မည်။ ဤကဲ့သို့သော စစ်ပွဲမျိုးတွင် တိုက်ပွဲတစ်ပွဲက ပရမ်းပတာဖြစ်သွားသည်နှင့် စစ်တပ်တစ်ခုလုံး ပျက်ရမည်ဖြစ်သည်။ ထို့ကြောင့် သူသည် တပ်ဖွဲ့ကို ဦးတည်ရာတစ်ဘက်တည်းသို့ ဦးဆောင်ခေါ်သွားပြီး တပ်ကို ပြန်စုစည်း၍ ပြန်တိုက်ခိုက်ရပေမည်။

“တက်ကြ... သတ်ကြ....”

တပ်ဖွဲ့သည် အားကိုးရလိုက်ပြီဖြစ်၍ ကွေ့လုဘုရင်နောက်သို့ လိုက်ကာ အခြားအရပ်များမှ လာနေသော ရန်သူတပ်သားများကို လျစ်လျူရှု၍ ဦးတည်ရာတစ်ဘက်တည်းသို့ ဖောက်ထွက်ကြလေသည်။ သူတို့ ဖောက်ထွက်ရာဘက်တွင် ကန်းဟန့်ဘုရင်က တပ်ကို ကိုယ်တိုင်ဦးဆောင်၍ လာနေ၏။ သူ့ဘေးတွင် ကန်းဟန့်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများနှင့် ဧကရာဇ်တစ်ပိုင်းအဆင့်ရှိသော အခြားမျိုးနွယ်ဘုရင်တစ်ယောက် ပါလာသည်။ သို့သော် ကွေ့လုဘုရင်တို့ဘက်တွင် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမား ငါးယောက်ရှိရာ ကွေ့လုဘုရင်တို့က အဘယ်ကြောင့် ကြောက်ရမည်နည်း။

“ရပ်လိုက်ကြ”

ကန်းဟန့်ဘုရင်က အရှေ့သို့ လျင်မြန်စွာ ပျံသန်းနေရင်း အော်ပြောလိုက်၏။ သူ့အနောက်မှ တပ်ဖွဲ့က စနစ်တကျ ရပ်တန့်ကာ စောင့်နေလိုက်ကြ၏။ သူတို့သည် သူတို့ထံ မုန်တိုင်းတစ်ခုကဲ့သို့ ထိုးဝင်လာသော ရန်သူတပ်ဖွဲ့ကို အေးစက်စက် စိုက်ကြည့်နေကြပေသည်။

“အခြေအနေက ဘယ်လိုလဲ”

ကွေ့လုဘုရင်နှင့် ကောင်းကင်ကြွက်ဘုရင်သည် အခြေအနေကို နားမလည်နိုင်ဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ တပ်ဖွဲ့က ဆက်ချီနေဆဲပင်။ တပ်တစ်ခုလုံးကို ချက်ချင်း ရပ်တန့်ရန် မလွယ်။ ထို့ပြင် ဘေးဘယ်ညာမှနေ၍လည်း အရှင်မချင်လင်း၏ လက်အောက်ခံတပ်များ လာနေသေးသည်။ သို့ဖြစ်ရာ သူတို့ မည်သို့ ရပ်နိုင်ပါမည်နည်း။

“တက်ကြ...”

ကွေ့လုဘုရင်သည် အံကြိတ်၍ အော်ပြောလိုက်၏။ သူ တပ်ဖွဲ့ကို ဦးဆောင်ကာ အရှေ့သို့ ဆက်တိုးဝင်သွားသည်။ သူ့လက်ထဲရှိ နတ်ဆိုးသတ်ဓားကလည်း အနက်ရောင်အလင်း တောက်ပနေပေသည်။ သူသည် ရန်သူတပ်ဖွဲ့နှင့် အကွာအဝေးကိုလည်း စိတ်ထဲမှ တွက်ချက်၍ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။

သုံးဆယ်ကီလိုမီတာ...

ငါးဆယ်ကီလိုမီတာ...

ခြောက်ဆယ်ကီလိုမီတာ...

ကွေ့လုဘုရင်၏ လက်ထဲရှိ နတ်ဆိုးသတ်ဓားက ပို၍ တောက်ပလာ၏။ သူ တိုက်မိန့်ပေးရန် ဟန်ပြင်လိုက်ချိန်တွင် ကန်းဟန့်ဘုရင်တို့က ရုတ်တရက် ဘေးသို့ ရှဲသွားကြ၏။ ထို့နောက် ဝတ်ရုံနက် ဝတ်ဆင်ထားသော သိုင်းသမားတစ်ယောက် ထွက်ပေါ်လာလေသည်။

ထိုဝတ်ရုံနက်သိုင်းသမားက မြေပြင်ပေါ်တွင် တိတ်ဆိတ်စွာ တင်ပျဉ်ခွေထိုင်နေ၏။ သူ့ပေါင်ပေါ်တွင်မူ ဗျပ်စောင်းတစ်လက်ရှိသည်။ သူ့ဘေးတွင် လှပသော မိန်းမပျိုတစ်ယောက် ရပ်နေသည်။ သူ ဗျပ်စောင်းကြိုးများကို ညင်သာစွာ တီးခတ်လိုက်သည်။ သိမ်မွေ့သော ဗျပ်စောင်းသံ ထွက်ပေါ်လာ၏။ အသံမှာ မကျယ်သော်ငြား အ‌ရှေ့ရှိ သန်းချီသော တပ်သားများ၏ နားထဲတွင် ပဲ့တင်ထပ်သွားပေသည်။

တင်...တောင်...တုန်...

ဗျပ်စောင်းသံမှာ ကျောက်စိမ်းပြားပေါ်သို့ ပုလဲလုံးလေးများ ကျဆင်းလာသံကဲ့သို့ပင်။ စမ်းချောင်းလေး တသွင်သွင် စီးဆင်းနေသံနှင့်လည်း တူသည်။ နားတွင် ပီယံချိုလှသည်။ တပ်ဖွဲ့၏ အရှိန်အဝါက ရုတ်တရက် အားနည်းသွား၏။ သူတို့၏ အမြန်နှုန်းလည်း နှေးသွားသည်။

ဘေးဘယ်ညာနှစ်ဘက်မှနေ၍ သန်းချီ‌သော တပ်သားများ လာနေကြသည်။ အရှေ့အလယ်တွင်မူ ဝတ်ရုံနက်သိုင်းသမားတစ်ယောက်က ထိုင်၍ ဗျပ်စောင်းတီးနေသည်။ သူ့ဘေးတွင်မူ လှပသော မိန်းမပျိုတစ်ယောက် ရပ်နေပေသည်။

ထိုကဲ့သို့ ထူးဆန်းသော မြင်ကွင်းက ကွေ့လုဘုရင်၏ တပ်ဖွဲ့မှ တပ်သားများကို မှင်တက်သွားစေသည်။ ထိုမြင်ကွင်းမှာ ထူးခြားလွန်းပေသည်။

တွမ်...တွမ်...

ရုတ်တရက် ဗျပ်စောင်းသံက ကြမ်းတမ်းလာ၏။ ထိုကြောက်မက်ဖွယ် ဗျပ်စောင်းသံက တောင်များကို ဖြို၊ ပင်လယ်ကို ပြောင်းပြန်လှန်နိုင်လောက်သော အားကောင်းသည့် အရှိန်အဝါကို သယ်ဆောင်လာသည်။ ထိုအရှိန်အဝါမှာ မကောင်းသော အရှိန်အဝါထက်ပင် များစွာပို၍ အားကောင်းသဖြင့် သန်းချီသော တပ်သားများက သူတို့၏ ဦးခေါင်းများကို ဆုပ်ကိုင်လျက် မြေပြင်ပေါ်တွင် လူးလွန့်သွားကြသည်။

ကွေ့လုဘုရင်၏ တပ်ဖွဲ့မှာ လုံးဝပရမ်းပတာ ဖြစ်နေပေပြီ။ တပ်ရှေ့တန်းမှ တပ်သားများက ဦးခေါင်းများကို ဆုပ်ကိုင်၍ မြေပြင်ပေါ်တွင် လူးလွန့်နေကြ၏။ နောက်တန်းမှ တပ်သားများမှာလည်း ဖရိုဖရဲဖြစ်နေကြသည်။ ရလဒ်မှာ ထင်ရှားနေပေပြီ။

“ဒါ...ဒါက ဘာမိစ္ဆာအတတ်လဲ”

ကွေ့လုဘုရင်၊ ကောင်းကင်ကြွက်ဘုရင်နှင့် ပူနီဧကရာဇ်၏ တမန်တော်တို့ တုန်လှုပ်သွားကြ၏။ သူတို့သည် မြေပေါ်တွင် လူးလွန့်နေကြသော သန်းချီသည့် တပ်သားများကို ကြည့်ကာ ကြောက်ရွံ့နေကြပေသည်။

မိစ္ဆာမျိုးနွယ်သည် ဂီတနှင့် ပတ်သတ်သည့် နတ်ဘုရားအသံ ကောင်းကင်အတတ်အကြောင်းကို မသိကြပေ။ မိစ္ဆာများက လူသားမျိုးနွယ်၏ ဂီတအနုပညာကို အဘယ်သို့ နားလည်နိုင်ပါမည်နည်း။

“သူ့ကိုသတ်ကြ...”

ကွေ့လုဘုရင် အသိကပ်လာပြီး နတ်ဆိုးသတ်ဓားကို သူ့အရှေ့တွင် ရွယ်ထားလိုက်၏။ အနက်ရောင်ဓားအရှိန်အဝါ ထွက်သွားပြီး ဗျပ်စောင်းတီးနေသော ဝတ်ရုံနက်သိုင်းသမားထံ ဦးတည်သွားသည်။

ရွှီး...

ဝတ်ရုံနက်သိုင်းသမား၏ လက်စွပ်က လင်းလက်လာ၏။ သူ ဗျပ်စောင်းနှင့် သူ့ဘေးမှ မိန်းမလှလေးကို သိမ်းလိုက်သည်။ ၎င်းမှလွဲ၍ အခြားအရာကို မလုပ်ပါ။ သူသည် ဝံ့ကြွားစွာရပ်၍ သူ့အရှေ့တွင် လက်ဖြင့်သာ ကာလိုက်လေသည်။

ဝုန်း...

ဓားအလင်းက လေထုကိုဖြတ်၍ ဝတ်ရုံနက်သိုင်းသမား၏ လက်ကို လာထိမှန်၏။ ဝတ်ရုံနက်သိုင်းသမားက အနောက်သို့ ပေတစ်ထောင်လောက် လွင့်ထွက်သွားသည်။ သူ၏ဝတ်ရုံနက် စုတ်ပြဲသွားပြီး အောက်မှ လှပသော အစိမ်းရောင် စစ်ချပ်ဝတ်နှင့် မရင်းနှီးသော မျက်နှာတစ်ခုကို လှစ်ဟပြလိုက်၏။ သူသည် တုန်ယင်နေသော သူ့လက်ကို အခြားလက်တစ်ဘက်နှင့် ဆုပ်ကိုင်ကာ အော်ပြောလိုက်သည်။

“တိုက်ကြ...”

“အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ကွေ့လုဘုရင်သည် မယုံနိုင်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်လိုက်၏။ ထိုဝတ်ရုံနက်သိုင်းသမားက အုပ်ချုပ်သူအဆင့်သာဖြစ်ကြောင်း ထင်ရှားသည်။ သို့သော် သူ့ တိုက်ခိုက်မှုကို လက်သက်သက်နှင့် ကာပြီးနောက်တွင်ပင် ဒဏ်ရာရမသွားသည်လော။

“သတ်ကြ...”

ကန်းဟန့်ဘုရင်သည် စိတ်မရှည်နိုင် ဖြစ်နေပေပြီ။ သူ အော်ပြောလိုက်ပြီး သူ့တပ်ဖွဲ့ကို အရှေ့သို့ ဦးဆောင်ခေါ်သွားလိုက်သည်။

ကျန်းရီသည် တိုက်ပွဲတွင် ဝင်မတိုက်ဘဲ ဘေးမှသာ တိတ်တဆိတ် ရပ်ကြည့်နေ၏။ ထို့နောက် သူ ပြုံးလိုက်လေသည်။

နှစ်ဘက်စလုံးတွင် သန်းဆယ်ချီသော တပ်သားများ ရှိသည်။ သို့သော် တစ်ဘက်၏ စိတ်ဓာတ်က မြင့်တက်နေပြီး ကျန်တစ်ဘက်၏ စိတ်ဓာတ်မှာ လျော့ကျနေသည်။ သူတို့ တိုက်ခိုက်လိုစိတ်ပင် မရှိကြပေ။ ကျန်းရီဘက်တွင် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမား ခုနစ်ယောက်ရှိသည်။ ကြမ်းကြုတ်နဂါးဘုရင်နှင့် ကန်းဟန့်ဘုရင်တို့က အရှေ့ဒေတွင် ကျော်ကြားသည်။ ကွေ့လုဘုရင်ဘက်တွင်မူ သူအပါအဝင် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမား ခြောက်ယောက်သာရှိသည်။ ထိုခြောက်ယောက်သည်လည်း ယခုလောက်တွင် ပြန်ဆုတ်ရန် တွေးနေလောက်ပေပြီ။

ထို့ကြောင့် ရလဒ်မှာ သေချာနေပြီဖြစ်သည်။

***

All Chapters