← Chapters

စစ်သူကြီးမှာ တပ်သားများ၏ စိတ်ဝိညာဉ်

Vol. 126 Ch. 1761

စစ်သူကြီးမှာ တပ်သားများ၏ စိတ်ဝိညာဉ်

Vol. 126 Ch. 1761

တပ်သားများကို ရုတ်တရက်ကြီး လေထဲမှ ထွက်ပေါ်လာအောင် လုပ်ရန်မှာ အလွန်ရိုးရှင်းသည်။ သို့သော် မိစ္ဆာမျိုးနွယ်အတွက်မူ ယင်းက အလွန်ဆန်းကြယ်နေပေသည်။

ကျန်းရီထံတွင် ကျန့်ရှမျိုးနွယ်ဝင် ဆယ်သန်းကို သိမ်းထားဖူးသည့် လေဟာနယ်နတ်ဘုရားအသုံးအ‌ဆောင်တစ်ခု ရှိသည်။ ၎င်းကို ဆောင်းဥတုပုလဲဟုခေါ်သည်။ မိစ္ဆာမျိုးနွယ်ထံတွင် ထိုကဲ့သို့ အဆင့်မြင့် လေဟာနယ်နတ်ဘုရားအသုံးအဆောင်များ မရှိ။ မိစ္ဆာအရှင်သုံးပါးထံတွင်တော့ ထိုကဲ့သို့သော ရတနာမျိုး ရှိနိုင်သည်။ သို့သော် သာမန်မျိုးနွယ်ဘုရင်များထံတွင်မူ ထိုမျှကြီးမားသည့် လေဟာနယ်နတ်ဘုရားအသုံးအဆောင်များ မရှိကြပေ။ ဆိုရလျှင် သူတို့ထံတွင် လေဟာနယ်နတ်ဘုရားအသုံးအဆောင်ပင် ရှိချင်မှ ရှိမည်ဖြစ်သည်။

မိစ္ဆာမျိုးနွယ်ထံတွင် သန်မာသော ခွန်အားရှိ၏။ အတိတ်တွင် သူတို့သည် လူသားမျိုးနွယ်၏ စည်းမျဉ်းဆန်းကြယ်စွမ်းရည်များကို မကျင့်ကြံခဲ့ကြပေ။ လူသားမျိုးနွယ်က ဖန်တီးထားသော ရတနာများကိုလည်း အသုံးမပြုခဲ့ကြ။ သူတို့သည် သူတို့၏ ကိုယ်ပိုင်ခွန်အားကိုသာ အားထားခဲ့ကြသည်။ သူတို့အတွက် ကျန်အရာအားလုံးမှာ အပိုပင်။

ထို့ပြင်...

လူသားမျိုးနွယ်ကလည်း မိစ္ဆာမျိုးနွယ်ကို ရတနာများ မရောင်းလိုပါ။ အစတွင် မိစ္ဆာမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့က ရန်သူများ မဟုတ်ပါလော။ အတိတ်တွင် မိစ္ဆာမျိုးနွယ်က ဘုံကြီးတစ်ခုကို ကြီးစိုးထားခဲ့သည်။ လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်သည်လည်း အမြဲ စစ်ဖြစ်နေခဲ့သည်။ သို့ဖြစ်ရာ လူသားများက မိစ္ဆာများကို အဘယ်ကြောင့် ရတနာများ ရောင်းပါမည်နည်း။

ထို့ကြောင့် မိစ္ဆာမျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမားများထံတွင်ပင် ရတနာအနည်းငယ်သာ ရှိကြသည်။ သူတို့ထံတွင် ရှေးဦးဝိညာဉ်ရတနာ အနည်းငယ်သာ ရှိသည်။ လီရှန်းအာသည်လည်း ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင် စစ်ချပ်ဝတ်ကိုသာ ဝတ်နိုင်ပေသည်။

လက်ရှိအခိုက်တွင် တစ်စုံတစ်ယောက်က ကျယ်ဝန်းသော လေဟာနယ်နတ်ဘုရားအသုံးအဆောင်တစ်ခုကို သုံး၍ သန်းချီသော တပ်သားများကို လျှို့ဝှက်ရွှေ့ပြောင်းသွားလိမ့်မည်ဟု မည်သူကမှ မတွေးမိကြပေ။ ထို့ပြင် ကျန်းရီထံတွင် ပုန်းကွယ်ခြင်းအတတ်ရှိသည်။ သာမန်ထောက်လှမ်းရေးများက သူ့ကို ရှာတွေ့နိုင်မည် မဟုတ်ပါ။

ကျန်းရီသည် စစ်စခန်းနှစ်ခုတွင် တပ်သား သောင်းဂဏန်းလောက်သာ ချန်ခဲ့သည်။ ထိုတပ်သားများ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း နတ်ဘုရားဘုရင်အဆင့်သာ ရှိသည်။ သူတို့၏တာဝန်မှာ ရန်သူများကို အာရုံလွှဲရန်၊ ထောက်လှမ်းရေးများကို ရှင်းလင်းရန်နှင့်... သူတို့ကိုယ်သူတို့ အသေခံရန်ဖြစ်သည်။

ကိစ္စကြီးများကို ပြီးမြောက်လိုသူများသည် ကိစ္စအသေးအဖွဲလေးများကို အရေးမစိုက်ပေ။

အကယ်၍ ကျန်းရီသာ တပ်သား သောင်းကျော် ချန်မထားခဲ့လျှင် တပ်ဖွဲ့များ၏ လျှို့ဝှက်ထွက်ခွာသွားမှုကို ဖုံးကွယ်ထားနိုင်လိမ့်မည် မဟုတ်ချေ။ သို့ဆိုလျှင် ဤကဲ့သို့လည်း အလစ်ဝင်တိုက်နိုင်မည် မဟုတ်ပေ။

ဤတစ်ကြိမ်တွင် အင်အားစုသုံးစုလုံး ပူးပေါင်းထားရာ သူတို့မဟာမိတ်စစ်တပ်၏ အင်အားက အလွန်ကြီးနေသည်။ သူတို့သာ တပ်တစ်ခုတည်း ပေါင်းစည်းနေမည်ဆိုလျှင် ကျန်းရီ မည်သို့မှ တတ်နိုင်ခဲ့မည် မဟုတ်ပေ။ သူသည် စစ်တပ်ကို ခွဲထုတ်ရမည့် နည်းလမ်းကို တွေးတောနေခဲ့သည်။ သို့သော် စစ်တပ်သည် သူတို့ကိုယ်တိုင် သုံးဖွဲ့ခွဲလာခဲ့၏။ ကောင်းကင်က သူ့ကို ကူညီနေခြင်းပင်။ ထိုကဲ့သို့သော အခွင့်အရေးကို သူ မည်သို့ လက်လွတ်ခံနိုင်မည်နည်း။

မိမိတပ်၏ အင်အားအကုန်လုံးကို အသုံးပြု၍ ရန်သူ၏ တပ်ဖွဲ့တစ်ဖွဲ့ချင်းစီကို လိုက်ရှင်းမည်ဆိုလျှင် အနိုင်ရရန် လွယ်ကူနိုင်သည်။ ယနေ့အလစ်ဝင်တိုက်မှု အောင်မြင်ပြီးနောက်တွင် ဤစစ်ပွဲကို သူတို့ဘက်ကသာ နိုင်တော့မည်ဖြစ်ကြောင်း ကျန်းရီ သေချာသွားပေသည်။

အရာအားလုံးက ကျန်းရီ မျှော်လင့်ထားသလို ဖြစ်လာသည်။ ကွေ့လုဘုရင်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားအချို့မှလွဲ၍ ကျန်တပ်သားအားလုံးက ပြန်ဆုတ်လိုနေကြပြီဖြစ်သည်။ သို့သော် ပြန်မဆုတ်နိုင်ဘဲ တိုက်ခိုက်သတ်ဖြတ်ခံနေရရာ သူတို့ တုန်လှုပ်နေကြပေသည်။

ကန်းဟန့်ဘုရင်သည် ကွေ့လုဘုရင်နှင့် တိုက်ခိုက်နေ၏။ ကြမ်းကြုတ်နဂါးဘုရင်မှာမူ ကောင်းကင်ကြွက်ဘုရင်နှင့် တိုက်ခိုက်နေပြီး ကောင်းကင်ဂဠုန်ဘုရင်က ပူနီဧကရာဇ်၏ တမန်တော်နှင့် တိုက်ခိုက်နေပေသည်။ နှစ်ဘက်စလုံးမှ ကျန်သော ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများမှာလည်း အချင်းချင်း တိုက်ခိုက်နေကြလေသည်။

ကျန်းရီက သူတို့ကို ပေးထားသော တာဝန်မှာ အလွန်ရိုးရှင်းသည်။ သူတို့က ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများကို ထိန်းထားကာ တပ်သားများကို လွတ်လွတ်လပ်လပ် တိုက်ခွင့်ပေးရန်ဖြစ်သည်။

ကျန်းရီဘက်မှ တပ်သည် မုန်တိုင်းတစ်ခုအလား၊ ထက်ရှ‌သောဓားတစ်လက်အလား ရွတ်ရွတ်ချွံချွံ တိုက်ခိုက်နေ၏။ ကွေ့လုဘုရင်၏ တပ်ဖွဲ့မှာ ပြိုပျက်လာပြီး လေးထောင့်ပုံ အဖွဲ့ငယ်လေးများအဖြစ် ကွဲထွက်သွားသည်။ ကျန်းရီ၏တပ်ကလည်း ပို၍ ဖိအားပေးလာသည်။

ထိုဗျူဟာမှာ အလွန်ရိုးရှင်းသည်။ ရန်သူတပ်ဖွဲ့ကို အထိန်းအကွပ်မဲ့သွားစေရန်ဖြစ်သည်။ သူတို့၏ စစ်သူကြီးများနှင့် အကြီးအကဲများက စစ်တပ်ကို မစုစည်းနိုင်တော့။ သူတို့ ခုခံရန်၊ ပြန်တိုက်ရန်လည်း မစွမ်းသာတော့ပေ။ အခြေအနေက ပို၍သာ ရှုပ်ထွေးလာမည်ဖြစ်သည်။

ကွေ့လုဘုရင်နှင့် အခြား စွမ်းအားကြီး သိုင်းသမားများက ကောင်းကင်ထဲတွင် ခြေချုပ်မိနေသည်။ ဦးဆောင်သူမရှိသော၊ ဦးတည်ရာမရှိ‌သော၊ ထိရောက်သည့် ဗျူဟာမရှိသော တပ်သည် ပြန်မတိုက်နိုင်ဘဲ ခံစစ်နှင့်သာ နေရမည်ဖြစ်သည်။ သို့ဆိုလျှင် အဆုံးသတ်ရလဒ်က မည်သို့ဖြစ်မည်နည်း။

“ပြန်ဆုတ်ကြ...ပြန်ဆုတ်ကြ...”

“ပြေးကြ... ပြေးကြ... ပြေးကြ...”

ကျန်းရီ၏တပ်မှ တပ်သားတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်ရာ အနီးမှ ရန်သူတပ်သားများ တုန်လှုပ်သွားကြသည်။ ပြန်ဆုတ်မည်လော၊ ပြေးမည်လော။ ထိုသို့အော်သင့်သူမှာ သူတို့မဟုတ်လော။ အဘယ်ကြောင့် တစ်ဘက်မှ အော်နေရသနည်း။

မကြာခင်တွင် ကျန်းရီ၏တပ်က အဘယ်သို့ ထိုသို့ အော်နေရကြောင်း သူတို့ သိသွားသည်။ နှစ်ဘက်စလုံးမှ တပ်များက ပြန့်ကျဲနေသည်။ ထို့ကြောင့် အဝေးရှိ တပ်သားများက ထိုသို့ အော်သူမှာ မည်သည့်ဘက်မှ တပ်သားဖြစ်ကြောင်း မသိကြပေ။ ထိုအော်သံကြောင့် ကွေ့လု၏ တပ်သားများက ပြန်ဆုတ်လိုသွားကြပြီး ချက်ချင်း အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြသည်။ ကျန်သော တပ်သားများကလည်း ထိုသူများ ထွက်ပြေးသည်ကို မြင်သောအခါ လိုက်ပါထွက်ပြေးကြလေသည်။

တပ်ဖွဲ့မှာ စတင်ပြိုကွဲလာ၏။ တပ်ပြိုလာသဖြင့် ရလဒ်မှာ သေချာသွားသည်။ အကျအဆုံးများလည်း ပိုများလာသည်။ တပ်သားအုပ်စုများ ရက်ရက်စက်စက် အသတ်ခံနေရသည်။ မြေပြင်ပေါ်တွင် သွေးများ ရွှဲနေသည်။ မူလက အညိုရင့်ရောင် ရှိခဲ့သော မြေပြင်မှာ နီညိုရောင် ဖြစ်နေပေပြီ။

တပ်ပြိုသောအခါ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများလည်း တုန်လှုပ်သွားကြသည်။ သူတို့၏ မျိုးနွယ်ဝင်များက ရက်ရက်စက်စက် အသတ်ခံနေရကြောင်း မြင်သောအခါ ဧကရာဇ်တစ်ပိုင်းအဆင့် အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်သည် ပြန်ဆုတ်လိုစိတ် ပေါက်လာ၏။ သို့ဖြင့် သူတို့သည် အရာအားလုံးကို လျစ်လျူရှုကာ သူတို့၏ မျိုးနွယ်ဝင်များကို ခေါ်၍ ထွက်ပြေးလေတော့သည်။

“ကွေ့လုဘုရင် သေပေတော့...”

ကျန်းရီ၏တပ်မှ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားနှစ်ယောက်သည် ပြေးသွားသော နှစ်ယောက်နောက်သို့ မလိုက်ဘဲ ကွေ့လုဘုရင်ကိုသာ ဝိုင်းလိုက်ကြသည်။ ကန်းဟန့်ဘုရင်က ရုတ်တရက် မူလပုံစံ ပြန်ပြောင်းလိုက်၏။ တစ်ချိန်တည်းမှာပင် ကြမ်းကြုတ်နဂါးဘုရင်ကလည်း ကောင်းကင်ကြွက်ဘုရင်ကို တိုက်ခိုက်နေရာမှ ကွေ့လုဘုရင်ကို လှည့်တိုက်လိုက်လေသည်။

ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမား လေးယောက်က ဝိုင်းတိုက်နေသဖြင့် ကွေ့လုဘုရင်သည် မည်သို့မှ မလုပ်နိုင်တော့ပေ။ သူ့ကိုယ်သည် ကြမ်းကြုတ်နဂါးဘုရင်၏ နောက်ကျောမှ အရိုးစူးချွန်အချို့နှင့် ထိုးဖောက်ခံလိုက်ရသည်။ ထို့နောက် ကန်းဟန့်ဘုရင်၏ ထက်ရှသော လက်သည်းများ၏ အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲမှုကို ခံလိုက်ရပေသည်။

“ပြေးကြ...”

ကောင်းကင်ကြွက်ဘုရင်နှင့် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများသည် ဆက်မတိုက်လိုကြတော့ပေ။ သူတို့ သွေးရူးသွေးတန်းနှင့် ထွက်ပြေးကြသည်။ ပူနီဧကရာဇ်၏ တမန်‌တော်မှာလည်း ထွက်ပြေးလိုနေသည်။ နောက်ဆုံးတွင်မူ တမန်တော်သည် မူလပုံစံ ပြန်ပြောင်းလိုက်သော ကြမ်းကြုတ်နဂါးဘုရင်၏ အမြီးချက်ကို ခံလိုက်ရတော့သည်။

“မင်းက သေချင်နေတာပဲ”

တမန်တော်က သူ၏ ဧရာမပုဆိန်ကြီးနှင့် ကြမ်းကြုတ်နဂါးဘုရင်၏ အမြီးကို ပြင်းထန်စွာ ခုတ်ချလိုက်၏။ အမြီးပြတ်သွားသည်။ သို့သော် ကန့်ဟန့်ဘုရင်၊ ကောင်းကင်ဂဠုန်ဘုရင်နှင့် အခြားသူများ၏ တိုက်ခိုက်မှုများ ကျရောက်လာ၏။ ထိုတမန်တော်၏ ခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေသည်။

“နဂါးအိုကြီး... ခင်ဗျားရဲ့ ဒဏ်ရာကို လာကုပါ”

တည်ငြိမ်သော အသံတစ်သံ ပဲ့တင်ထပ်လာ၏။ ကြမ်းကြုတ်နဂါးဘုရင်၏ ဧရာမခေါင်းကြီးက ကျန်းရီကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ပါးစပ်ဟကာ ရယ်လိုက်၏။ သူ သူ့ဒဏ်ရာများကို မကုသလိုပါ။ ထိုအစား ထွက်ပြေးသွားသော ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများ နောက်သို့သာ လျင်မြန်စွာ လိုက်သွားလိုက်သည်။

ကြမ်းကြုတ်နဂါးဘုရင်သည် အမြီးဖြတ်ခံလိုက်ရသော်လည်း ယနေ့က သူ၏အပျော်ဆုံးနေ့ဟု ခံစားနေရပေသည်။ သူ ကွေ့လုဘုရင်ကို ကိုယ်တိုင်သတ်ကာ ကြမ်းကြုတ်နဂါးဘုရင်ဟောင်းအတွက် လက်စားချေနိုင်လိုက်ပြီဖြစ်သည်။ ထို့ပြင် ယနေ့တွင် သူတို့ နိုင်တော့မည်ဖြစ်ကြောင်းလည်း ထင်ရှားနေပြီ။ ဤအခြေအနေတွင် သူသည် အဘယ်သို့ ဒဏ်ရာကုသပြီး အချိန်ဖြုန်းနေနိုင်ပါမည်နည်း။ အရင်ဆုံး သူ၏ အောင်မြင်မှုကို အဆအနည်းငယ် ပိုတိုးသွားအောင် လုပ်ရပေမည်။

“သတ်ကြ...”

ကန့်ဟန့်ဘုရင်နှင့် အခြားသူများလည်း အလွန်ဝမ်းမြောက်နေကြ၏။ ဤတိုက်ပွဲမှာ အလွန်ကျေနပ်စရာကောင်းသည်။ ထို ဆန်းကြယ်သော အရှင်ကျိုး ရှိနေလျှင် သူတို့ မည်သည်ကိုမှ တွေးတောနေရန် မလိုပါ။ သူတို့အနေဖြင့် အစွမ်းကုန် တိုက်ခိုက်လိုက်ရုံသည်နှင့် အဆုံးတွင် အနိုင်ရမည်သာ။

“ဟင်းဟင်း...”

ကျန်းရီ ပြုံးလိုက်ပြီး ကြမ်းကြုတ်နဂါးဘုရင်တို့ကို အရေးမစိုက်တော့ပေ။ သူ များစွာ မလှုပ်ရှားလိုပါ။ မဟုတ်လျှင် ရန်သူက သူ့အင်အားနှင့် နောက်ကြောင်းကို သိသွားနိုင်သည်။ သတ်ဖြတ်ခြင်းမှာ ပျင်းစရာကောင်းသည်။ သူ ဗျပ်စောင်းတီးရင်း သေရည်သာ သောက်နေလိုပေသည်။

ရွှီး...

ကျန်းရီသည် လီရှန်းအာနှင့် ဗျပ်စောင်းကို တစ်ချိန်တည်း ပြန်ထုတ်လိုက်၏။ သူ အမှန်ပင် ဗျပ်စောင်းကို စတင်တီးခတ်သည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို မသုံးလိုက်ချေ။ သူ လီရှန်းအာကိုလည်း ကရန် ပြောလိုက်ပြီး လက်တစ်ဘက်နှင့် ဗျပ်စောင်းတီးကာ အခြားတစ်ဘက်နှင့် သေရည်ငှဲ့လိုက်သည်။

ပတ်ဝန်းကျင်တွင် သာယာသော ဗျပ်စောင်းသံလေး ပဲ့တင်ထပ်နေပြီး အားလုံး၏ နားသောတကို ကလူနေသည်။ ထို့ကြောင့် ကောင်းကင်စိတ်အာရုံများစွာ ရောက်ရှိလာ၏။ ကွေ့လုဘုရင်၏ တပ်သားများ မျက်နှာပျက်သွားကြသည်။ သူတို့သည် ကြောက်မက်ဖွယ် တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ ဆက်ခုခံမနေကြ‌တော့ဘဲ ထွက်ပြေးကြလေတော့သည်။

ကျန်းရီဘက်မှ တပ်သားများကမူ စိတ်ဓာတ် ထပ်မံတက်ကြွသွားသည်။ ထိုအခိုက်တွင် သူတို့နှလုံးသားထဲ၌ ကျန်းရီက ဘုရားတစ်ပါးကဲ့သို့ ဖြစ်သွားပေပြီ။ သူက ဘုရားမဟုတ်လျှင် ဤကဲ့သို့သော အခြေအနေတွင် အဘယ်သို့ သေရည်‌တောက်ကာ ဗျပ်စောင်းတီးလိုစိတ် ရှိနေပါမည်နည်း။

နေရာအနှံ့တွင် အလောင်းများနှင့် ခြေပြတ်လက်ပြတ်များ ရှိနေသည်။ မြေပြင်မှာ ချင်းချင်းနီနေသည်။ ကြွေးကြော်သံများမှာလည်း ကောင်းကင်ကိုပင် တုန်ခါနေစေပေသည်။ သို့သော် ကျန်းရီမှာ သူ့အိမ်အနောက်ခြံဝန်းထဲ၌ ရှိနေသကဲ့သို့ မျက်လုံးကလေး မှေးလျက် ဗျပ်စောင်းတီးနေ၏။ သူ့ဘေးတွင် လီရှန်းအာကလည်း လှပစွာ ကနေသည်။ ထိုသို့ လုံးဝဆန့်ကျင်ဘက်ဖြစ်သော မြင်ကွင်းမှာ စိတ်အပေါ် များစွာ သက်ရောက်နိုင်ပေသည်။

ကျန်းရီကလည်း ထိုရည်ရွယ်ချက်နှင့် ဤသို့ လုပ်ခဲ့ခြင်းဖြစ်သည်။ သူသည် သူ့ဘက်မှ တပ်သားအားလုံးကို ဤတိုက်ပွဲမှာ အသေးအမွှားလေးသာဖြစ်ကြောင်း အသိပေးလိုခြင်းပင်။

စစ်သူကြီးမှာ တပ်သားများ၏ စိတ်ဝိညာဉ်ဖြစ်သည်။ တပ်သားများကသာ စိတ်အားတက်ကြွနေမည်ဆိုလျှင် ထိုစစ်တပ်မှာ မရှုံးနိုင်သော စစ်တပ် ဖြစ်လာပေလိမ့်မည်။

All Chapters