တကယ့်ကို ‘ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’ ပဲ
Vol. 79 Ch. 1109
အခန်း (၁၁၀၉) တကယ့်ကို ‘ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’ ပဲ
ရန်ကျောက်ကဲမျက်လုံးများကို မှေးမှိတ်လိုက်သည့်အခါ သူ၏စိတ်အာရုံ အမှောင်ထုထဲတွင် ပုံရိပ်များ ထွက်ပေါ်လာသည်။
သေရည်အိုးငယ်လေးတစ်ခုကိုကိုင်ထားပြီး အဖြူရောင်ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက် လေထုထဲတွင် မတ်တတ်ရပ်နေသည်။
သူမထံမှ ဓားတစ်လက်ပမာ ကြောက်မက်ဖွယ်ရာအငွေ့အသက်များထွက်ပေါ်နေပြီး သူမက လက်ချောင်းများဖြင့် လေထဲတွင် ပေါ့ပါးစွာ ရေးဆွဲလိုက်သည်။
ရန်ကျောက်ကဲက နတ်ဘုရားအဆုံးသတ်ဓားသိုင်း ၊ နတ်ဘုရားထောင်ချောက်ဓားသိုင်းနှင့် နတ်ဘုရားသတ်ဖြတ်ဓားသိုင်းများကို ကျွမ်းကျင်တတ်မြောက်ခဲ့ပြီး ထိုဓားသိုင်းများအားလုံးက ဤလောကတွင် အလွန်ကြောက်စရာကောင်းသော ဓားသိုင်းများ ဖြစ်ကြသည်။
သို့တိုင် ဓားကွက်ထုတ်ဖော်လိုက်သည့် အဖြူရောင်ဝတ်မိန်းမပျိုကိုကြည့်ရင်း သူ့ရင်ထဲ တုန်လှုပ်သွားသလို ခံစားလိုက်သည်။
တုနှိုင်းမရသော ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားက မဟာတာအို ပြိုလဲသွားပြီး မိုးနှင့်မြေ ပျောက်ကွယ်သွားသည့်ပမာ ဖြစ်သည်။
အချိန်နှင့်နေရာ ၊ ရုပ်နှင့်နာမ် ၊ ဖန်ဆင်းခြင်းဆိုင်ရာ အမျိုးမျိုးသော သဘောတရားများအပါအဝင် ဤလောက၌ ပေါင်းစည်းထားသမျှ အရာအားလုံး ချုပ်ငြိမ်းသွားသည်။
“နတ်ဘုရားသုတ်သင်ဓားသိုင်းက ထက်မြက်တယ် ၊ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းက သေစေနိုင်တယ် ၊ နတ်ဘုရားထောင်ချောက်ဓားသိုင်းရဲ့ အနီရောင်အလင်းတန်းက မြင့်တက်လာချိန် ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ က အဆုံးမရှိသိမ်မွေ့တယ်”
ဤစာပိုဒ်က လင်ပေါင်ဓားသိုင်း (၄)မျိုး၏ အံ့သြဖွယ်ရာအသွင်အပြင်ကို ကောင်းစွာဖော်ပြထားသည်။
“နတ်ဘုရားသုတ်သင်ဓားသိုင်း” က ထက်မြက်ပြီး ဖျက်ဆီးမရသော ဓားတစ်လက် ဖြစ်သည်။
ဤလောကတွင် မရေမတွက်နိုင်သော သိုင်းပညာရပ်များရှိပြီး ၊ ပညာရပ်တစ်ခုစီတိုင်းတွင် အစွမ်းထက်သော ခံစစ် ၊ တိုက်စစ် အခြေခံမူများပါဝင်သည်။
သို့သော် ခံစစ်စွမ်းအား အလွန်တရာကြီးမားသော သိုင်းပညာရပ်များသည်ပင် လင်ပေါင်ဓားသိုင်း (၄)မျိုးကို ခုခံရန် မတတ်နိုင်ပေ။ အထူးသဖြင့် နတ်ဘုရားသုတ်သင်ဓားသိုင်းက ခံစစ်ပညာရပ်များအားလုံးကို အဓိပ္ပါယ်မဲ့သွားစေသည်။
“နတ်ဘုရားသုတ်သင်ဓားသိုင်း” က နတ်ဘုရားထောင်ချောက်ဓားသိုင်း ၊ နတ်ဘုရားအဆုံးသတ်ဓားသိုင်း ၊ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းတို့ထက် အတိုင်းအတာတစ်ခုအထိ သာလွန်သည်။
လင်ပေါင်ဓားသိုင်း (၄)မျိုး၏ အထွတ်ထိပ်အဖြစ် ဂုဏ်သတင်းနှင့်ထိုက်တန်သည်မှာ သေချာသည်။
စန့်ချင်အဆက်အနွယ်၏ ထိပ်တန်းသိုင်းပညာရပ်များထဲတွင် “မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း” ပြီးလျှင် “နတ်ဘုရားသုတ်သင်ဓားသိုင်း” က ဒုတိယလိုက်သည်။
ထိုဓားသိုင်း၏ ထက်ရှမှု ၊ တိုက်စစ်ဆင်နိုင်မှုအရ အထွတ်ထိပ်အဆင့်ရှိနေသည်မှာ ငြင်းမရပေ။
ထိုသို့ ကြောက်မက်ဖွယ်ရာ ထိပ်တန်းဓားသိုင်းတစ်ရပ်ကို အဖြူရောင်ဝတ်မိန်းမပျိုက ထုတ်ဖော်လိုက်သည့်အခါ တုနှိုင်းမရသောတန်ခိုးစွမ်းအား ထွက်ပေါ်လာသည်။
တုနှိုင်းမရသော တန်ခိုးစွမ်းအားများပါဝင်သည့် ကြောက်မက်ဖွယ်ရာ ဓားသိုင်းကို ထုတ်ဖော်ပြသလိုက်သည့်တိုင် အဖြူရောင်ဝတ်မိန်းမပျိုက ပေါ့ပါးစွာဖြင့် စိတ်အေးလက်အေး ရှိနေသည်။
သူမက ဓားနှင့်လူတသားတည်းကျနေပြီး ကွဲလွဲမှုကို ရှာဖွေရန် ခက်ခဲသည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲ ခေါင်းတညိတ်ညိတ်လုပ်ရင်း...
“သူက တခြားသူတွေမယှဉ်သာအောင် ဒီဓားသိုင်းကို နက်နက်နဲနဲ နားလည်ခဲ့တာပဲ ၊ ‘ဓားဧကရီ’ ဘွဲ့ပိုင်ဆိုင်နိုင်တာ မအံ့သြတော့ပါဘူး”
ရန်ကျောက်ကဲက အစစ်အမှန် ဓားသိုင်းကျင့်ကြံသူ မဟုတ်သော်လည်း သူက စန့်ချင်အဆက်အနွယ် ဓားသိုင်းပညာရပ်များကို ကျင့်ကြံခဲ့ပြီး မကြာသေးခင်ကပင် ကိုယ်ပိုင်ဓားသိုင်းဖြစ်သော ‘စိမ်းပြာနဂါးသုတ်သင်ဓားသိုင်း’ ကို တီထွင်ခဲ့သည်။
ယခု အဖြူရောင်ဝတ်မိန်းမပျို ဓားသိုင်းကစားသည်ကိုကြည့်ပြီး သူ့ကို အလွန်အမင်း စိတ်အားထက်သန်စေသည်ဖြစ်ရာ ယခု ခရီးစဉ်က အလဟသဖြစ်ကြောင်း ခံစားခဲ့ရသည်။
အဖြူရောင်ဝတ်မိန်းမပျိုမှာ ရန်တိ၏မိခင် ၊ ရန်ကျောက်ကဲ၏အဘွား ၊ ဓားဧကရီ ‘တိချင်းလျန်’ ပင် ဖြစ်သည်။
ထိုစဉ်အချိန်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ဓားသိုင်းကျင့်ကြံသူအားလုံးက တန်းရှတောင်ထွတ်၏ အရှင်သခင်အား သူတို့၏ဓားများဖြင့် ဦးညွှတ်ဂါရဝပြုခဲ့ကြသည်။
သူမက မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် တာအိုဝါဒ၏ အပြောင်မြောက်ဆုံး ဓားသိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
ရန်ကျောက်ကဲ၏အဘိုးဖြစ်သူ ဓားနတ်ဘုရား ‘ရန်ရှင်းထန်’ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ရောက်ရှိလာပြီးသည့်နောက် သူက တိချင်းလျန်နှင့် ဓားသိုင်းယှဉ်ပြိုင်ခဲ့သည်။
သူမက ရန်ရှင်းထန်အား သိုင်းကွက်တစ်ဝက်စာ ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း ၊ ဓားသိုင်းလမ်းစဉ်တွင် ရန်ရှင်းထန်နှင့် ယှဉ်ပြိုင်နိုင်သည့် တစ်ယောက်တည်းသောသူမှာ ‘တိချင်းလျန်’ သာလျှင် ရှိသည်။
အမတခုံရုံးနယ်မြေမှ ယင်းရှီယန်သည်လည်း အလားတူပင် ထိတ်လန့်စရာအရည်အချင်းများ ပိုင်ဆိုင်ထားသော်လည်း သူ၏အခြေခံအုတ်မြစ်က မခိုင်မာသဖြင့် အားနည်းသူတစ်ယောက် ဖြစ်ခဲ့ရပြီး သူ့အဖြစ်က နှမျောစရာကောင်းသည်ဟု ခံစားရသည်။
ရန်ရှင်းထန်သာ ငယ်ငယ်ရွယ်ရွယ်နှင့် အသက်မသေဆုံးပါက နောက်ထပ် ဒဏ္ဍာရီတစ်ပုဒ်ဖြစ်လာနိုင်ပြီး လင်ပေါင်ထျန်းကျွင်း၏ဓားသိုင်းပညာကို ယှဉ်ပြိုင်နိုင်သည့် တာအိုဆရာ ‘ယွိတင်’ ၊ ကျီဝေးဧကရာဇ်တို့ကဲ့သို့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်သည်။
ထိုသူများထက်ပင်သာလွန်မည်ဟု မည်သူ မပြောဘဲ နေနိုင်ပါမည်နည်း။
ရန်ကျောက်ကဲ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
သူ့အနေဖြင့် သူတို့နှင့် တွေ့ဆုံဖူးခြင်း မရှိပေ။
သို့သော် အံ့သြစရာကောင်းလောက်အောင် ထက်မြက်ပြီး အရည်အချင်းရှိသူ (၂)ယောက် အသက်ငယ်ရွယ်စဉ် ဆုံးပါးသွားခဲ့ရပြီး သူတို့၏ ဖြစ်နိုင်ခြေများကို လောကြီးဆီသို့ ချပြမသွားနိုင်ခဲ့ကြပေ။ ဤသည်က အတော်လေး ခံစားရသည့်အချက် ဖြစ်၏။
နောက်ရက်များတွင်တော့ ရန်ကျောက်ကဲက တိချင်းလျန်နေထိုင်ရာ အိမ်တော်အဟောင်းတွင် အချိန်ဖြုန်းတီးရင်း သူမ သက်ရှိထင်ရှားရှိစဉ်က ဓားသိုင်းနှင့်ပတ်သက်ပြီး ချန်ထားခဲ့သော အကြွင်းအကျန်များကို တိတ်ဆိတ်စွာပင် ခွဲခြမ်းစိတ်ဖြာ သုံးသပ်နေသည်။
ဤသို့သောအခွင့်အရေးက အတော်လေး ရခဲလှသည် မဟုတ်လား။
ဟိုစဉ်တစ်ချိန် မဟာကပ်ဘေးကြီးဒဏ်ကို ခံစားခဲ့ရသော “ကျုန်းယွမ်ကျောင်းတော်” သို့ ရောက်ရှိသွားစဉ်ကနှင့် ယခုအခြေအနေက တူညီခြင်း မရှိပေ။
ထိုကျောင်းတော်မှာတော့ သဲလွန်စများစွာ ရှိသည့်တိုင် နောက်ဆုံး ပြိုကျပျက်ဆီးသွားခဲ့သည်။
တိချင်းလျန်၏ ဓားဝိညာဉ်က တန်းရှတောင်ထွတ်တွင် ယခုအချိန်ထိ ဆက်လက်တည်ရှိနေသည်မှာ ရွှမ်ဟွမ်ဧကရီနှင့် လုန်ချွမ်ဧကရာဖ်တို့က ရည်ရွယ်ချက်ရှိရှိဖြင့် ထိန်းသိမ်းထားခြင်း ဖြစ်နိုင်သည်။
ရန်ရှင်းထန်နှင့် တိချင်းလျန်တို့၏ သားစဉ်မြေးဆက်များအား လက်ဆောင်အဖြစ်ပေးနိုင်ရန် ဤနေရာကို ထိန်းသိမ်းထားခြင်း ဖြစ်နိုင်၏။
ရန်ကျောက်ကဲက တိတ်ဆိတ်စွာပင် ဓားသိုင်းပညာကိုလေ့လာနေပြီး သူရရှိသည့်အခွင့်အရေးကိုလည်း အလွန်တန်ဖိုး ထားမိသည်။
လုန်ရွှမ်ကျီးရော ကောင်းရွှယ်ပေါ်ရောက သူ့ကို လာရောက်နှောက်ယှက်ခြင်း မရှိကြပေ။
သူတို့နှစ်ယောက်လုံးက ရန်ကျောက်ကဲလုပ်ရပ်ကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ကောင်းရွှယ်ပေါ်က အသံပို့လွှတ်စနစ်ဖြင့် လုန်ရွှယ်ကျီးအား မှတ်ချက်စကားပြောလိုက်သည်။
“ငါတို့တူလေးက တခါတလေ ဟိတ်ကြီးဟန်ကြီးထင်ရပေမယ့် လိုအပ်တဲ့အခါမှာတော့ အတော်လေး တည်ငြိမ်သလို အာရုံစူးစိုက်နိုင်စွမ်းလည်း မြင့်မားတယ်”
ခဏကြာမှ ကောင်းရွှယ်ပေါ်က ရုတ်တရက် စကားဆိုသည်။
“ဒါနဲ့... ချောင်ဟန်တောင်ကြားက အဲဒီလူဆီက သတင်းရောက်လာတယ် ၊ သူတို့က လူလွှတ်ပြီး စာတစ်စောင်ပို့လိုက်တယ်”
ထိုစကားကြားတော့ လုန်ရွှယ်ကျီးက မျက်မှောင်ကြုံ့လိုက်ပြီးမှ ပြန်လည်ဖြေလျှော့လိုက်သည်။
“အတင်းအဖျင်းတွေကလည်း များလိုက်ကြတာ...”
ကောင်းရွှယ်ပေါ်က ခေါင်းခါယမ်းရင်း...
“သူများတွေက ကိုယ်နဲ့မတူနိုင်ဘူးလေ ၊ ကျောက်ကဲက ဆရာဒေါ်လေးနဲ့ပတ်သက်မှုရှိပေမယ့် သူက အထက်ဘုံကမ္ဘာက လူတစ်ယောက်ပဲ မဟုတ်လား ၊ ငါတို့က သူ့ကို တူလေးတစ်ယောက်လို့ ရိုးရိုးရှင်းရှင်း မြင်ပေမယ့် တခြားသူတွေကတော့ ပြဿနာရှာချင်ကြမှာပဲ”
လုန်ရွှယ်ကျီးးက အေးစက်စွာ နှာခေါင်းရှုံ့ရင်း...
“တချို့လူတွေက အသေးအဖွဲတွေကို အရေးစိုက်နေကြတယ်”
ကောင်းရွှယ်ပေါ်က လက်တစ်ဖက်ဝှေ့ယမ်းရင်း...
“အစကတည်းက ကျောက်ကဲ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုလာတဲ့သတင်းက ဖုံးကွယ်ထားလု့ မရနိုင်ပါဘူး ၊ ပြီးတော့ မင်းကိုယ်တိုင် သူ့ကို တန်းရှတောင်ထွတ်ကိုလိုက်ပို့ပေးကတည်းက ဒီလိုကိစ္စတွေဖြစ်လာမယ်ဆိုတာ မျှော်လင့်ထားပြီးသားပါ ၊ ဒါက နည်းနည်းတော့ ပြဿနာရှိပေမယ့် ကျောက်ကဲသာ အခွင့်အရေးကို ဆုပ်ကိုင်နိုင်ရင် သေချာပေါက် ကံကောင်းမှာပါ”
လုန်ရွှယ်ကျီးက...
“အစ်ကိုကြီး ဆုံးဖြတ်ချက်ချလိုက်လေ... ၊ ဒါပေမဲ့ ကျွန်တော်တို့ စာပြန်ပို့မယ်ဆိုရင် ကျောက်ကဲ တန်းရှတောင်ထွတ်က ဆင်းလာတဲ့အထိ စောင့်သင့်တယ်”
ကောင်းရွှယ်ပေါ်က...
“အဲဒါ ဘယ်လောက်ကြာနိုင်မလဲ”
လုန်ရွှယ်ကျီးက ခေါင်းခါယမ်းရင်း...
“ကျွန်တော် မပြောတတ်ဘူး”
ထိုစကားကြားတော့ ကောင်းရွှယ်ပေါ် အနည်းငယ် အံ့အားသင့်သွားသည်။
သူ၏ညီငယ် ဓားရေးအောင်မြင်မှုမှာ အရင်က ဆရာဒေါ်လေး တိချင်းလျန်ထက် နိမ့်ကျခြင်း မရှိပေ။ ပြောရမည်ဆိုလျှင် လုန်ရွှယ်ကျီးက ကောင်းရွှယ်ပေါ်ထက်ပင် အခွင့်အာဏာပိုများသူ ဖြစ်၏။
သို့သော် လုန်ရွှယ်ကျီးက ဤသို့ မရှင်းမလင်းအဖြေပေးမည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
လုန်ရွှယ်ကျီးက...
“ဓားသိုင်းပညာအပေါ် ကျောက်ကဲရဲ့နားလည်နိုင်စွမ်းက အရမ်းမြင့်မားတယ်”
သူက ဆက်ပြောသည်။
“ဒီနယ်ပယ်မှာ သူ့ရဲ့အစွမ်းအစကို ကျွန်တော်မမြင်နိုင်တာမို့ ဘာမှ သေချာမဆုံးဖြတ်နိုင်ပါဘူး ၊ ဒီတော့ ဒါပဲ ပြောနိုင်တယ်”
အဖြူရောင်ဝတ်ဆင်ထားပြီး ကျောက်စိမ်းသရဖူဆောင်းနှင်းထားသည့် လုန်ရွှယ်ကျီး၏မျက်ဝန်းများက အနည်းငယ် တောက်ပသွားပြီး...
“ကျောက်ကဲသာ ဓားသိုင်းပညာကို အပြည့်အဝ မြှုပ်နှံကျင့်ကြံမယ်ဆိုရင် ဆရာဒေါ်လေးရဲ့ခင်ပွန်းလို အောင်မြင်မှုမျိုး ရရှိမှာပဲ”
ကောင်းရွှယ်ပေါ်က...
“မင်း လူတစ်ယောက်ကို ဒီလိုချီးကျူးတာ ခပ်ရှားရှားပဲ ၊ ပြီးတော့ မင်းကို ဒီလိုပုံစံမျိုး တစ်ခါမှ မမြင်ဖူးပါဘူး ၊ ပြီးတော့ ဆရာဦးလေးတစ်ယောက်အနေနဲ့ မင်း သူ့ကိုသွားပြီး စိန်ခေါ်တာမျိုးတော့ မလုပ်သင့်ဘူးနော်”
ကောင်းရွှယ်ပေါ်က ညီငယ်ကို အလွန်နားလည်သူ ဖြစ်သည်။
လုန်ရွှယ်ကျီးက သူ၏အကြည့်ကိုရုတ်သိမ်းလိုက်ပြီး ခေါင်းညိတ်ရင်း...
“ကျွန်တော်သိပါတယ် ၊ ဒီလိုစိန်မခေါ်နိုင်တာ နှမျောစရာပဲ...”
သူက ဆက်ပြီးရေရွတ်လိုက်သည်။
“ပိုပြီးနှမျောစရာကောင်းတာက... ကျောက်ကဲက ဓားသိုင်းလမ်းစဉ်ကို စွဲစွဲမြဲမြဲ ကျင့်ကြံတဲ့သူ မဟုတ်တာပဲ”
သူတို့နှစ်ယောက် စကားပြောနေစဉ် သူတို့အဆက်အနွယ်မှ တပည့်တစ်ယောက်သတင်းပို့လာသည်။
“အထက်ဘုံကမ္ဘာက ဆရာဦးလေး’ရန်’ တန်းရှတောင်ထွတ်က ဆင်းလာပါပြီ”
ထိုစကားကြားတော့ ညီအစ်ကိုနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး စကားမပြောနိုင် ဖြစ်သွားသည်။
အချိန်အတန်ကြာမှ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ တန်ခိုးစွမ်းအားရှင်နှစ်ယောက် မည်သို့မှမတတ်နိုင်ဘဲ အသံထုတ်ကာ ချီးကျူးစကားဆိုလိုက်မိကြတော့၏။
“ကောင်းတယ်... သိပ်ကောင်းတယ်... တကယ့်ကို ‘ကောင်းကင်ဘုံကဆင်းသက်လာတဲ့ နတ်ဘုရား’ ပဲ”