အခန်း (၄၇၇)
Vol. 35 Ch. 477
“မင်းတို့က စိတ်ထဲမှာရှိတဲ့သံသယတွေအတွက် အဖြေရှာချင်လို့လား”
လူငယ်က ပြုံးလိုက်ပြီး လက်မြှောက်၍ ပြောသည်။
“စာကြည့်တိုက်က ရှေ့ သုံးမိုင်အကွာမှာ ရှိတယ်။ ဒါပေမဲ့ ဒီနေ့ စာကြည့်တိုက်မှာ ဆရာသခင်တွေ ရှိပုံမရဘူး”
ထိုသို့ပြောလိုက်ပြီး လူငယ်က လက်ကိုဝှေ့ယမ်းလျက် ဆက်ပြောသည်။
“မဟုတ်သေးဘူး၊ တကယ်တော့ ဆရာသခင်ပိုင်လီက ဒီနေ့ စာကြည့်တိုက်ကို တာဝန်ယူထားတယ်။ သူမက သဘောကောင်းတဲ့လူတစ်ယောက်ပဲ။ များသောအားဖြင့် မေးခွန်းတွေ ဖြေပေးလေ့ရှိတယ်”
လူငယ်က ဟန်မူယဲ့နှင့်မူဝမ်ကို ကြည့်လိုက်ပြီး ပြုံးသည်။
“စာကြည့်တိုက်ကို သွားကြရအောင်။ မင်းတို့ကို ခေါ်သွားပေးမယ်”
လူငယ်က မီးပြင်းဖိုနှင့်စာအုပ်များကို သိမ်းလိုက်ပြီး လူငယ်သုံးယောက်ကို စာကြည့်တိုက်သို့ ဦးဆောင်သွားသည်။
သူတို့လေးယောက်သည် သစ်စိမ်းအာခီမီဂိုဏ်းမှဖြစ်သည်။ လူငယ်နှစ်ယောက်သည် တရားဝင်အာခီမီပညာရှင်ဖြစ်လာရန်အတွက် အသိအမှတ်ပြုတံဆိပ်ပြားများ မရသေးပေ။
သူတို့က မီးပြင်းဖိုနှင့် ဝိညာဉ်ဆေးပင်များကို ရောင်းဝယ်ရန်အတွက် ဤနေရာသို့ ရောက်လာခဲ့သည်။
သစ်စိမ်းအာခီမီဂိုဏ်းသည် သိပ်မကြီးပေ။ ဂိုဏ်းထဲတွင် တပည့်တစ်ထောင်ခန့်သာရှိပြီး ပထမအကြီးအကဲသည် အာခီမီဆရာသခင်တစ်ယောက် ဖြစ်သည်။
ရှေ့ဆုံးတွင်ရှိသောလူငယ်သည် ရှန်းထန်ဖြစ်သည်။ သူက အတော်လေး စကားများသည်။
မူဝမ်က စကားမပြောပေ။ သို့သော် ဟန်မူယဲ့က မကြာခဏ မေးခွန်အချို့ မေးလေ့ရှိသည်။
“ရင်ပြင်မှာရှိတဲ့လူတွေကို ကြည့်လိုက်ပါအုံး။ အများစုက ဆေးလုံးသန့်စင်နေတဲ့ ဆရာသခင်ချင်ဝူယွမ်ကိုမြင်ချင်လို့ ကံကောင်းမလားဆိုပြီး ရောက်လာကြတာ”
“အာခီမီဌာနမှာ ဆရာသခင်ချင်ဝူယွမ်က တိမ်တိုက်ဆေးလုံးသန့်စင်ခြင်းကို လုပ်ဆောင်ပြမယ်လို့ ပြောကြတယ်”
“အခု နန်းမြို့တော်ရဲ့ နာမည်အကြီးဆုံး ဆေးလုံးသန့်စင်ခြင်းနည်းစနစ်က မိုးကြိုးကပ်ဘေးကို မဆွဲဆောင်ဘဲ ဆေးလုံးသန့်စင်တာပဲ”
ရှန်းထန်က မျှော်လင့်နေသောမျက်လုံးများနှင့် ပြောသည်။
“ငါတို့ တရားဝင်အာခီမီပညာရှင်တွေက ချီစွမ်းအင်မလုံလောက်တဲ့အတွက် နောက်ဆုံးအဆင့်မှာ ဆေးလုံးစုစည်းဖို့ ခက်ခဲတယ်”
“နောက်ဆုံးအဆင့်ကိုကျော်ဖို့ တိမ်တိုက်အာခီမီနည်းစနစ်ကို သင်ကြားနိုင်ရင် ဆေးလုံတွေအများကြီး သန့်စင်နိုင်လောက်တယ်”
သူ့စကားကို ကြားလိုက်ရသောအခါ ဘေးတွင်ရှိနေသော ဂိုဏ်းတူတပည့်သုံးယောက်ကလည်း မျှော်လင့်နေသောမျက်နှာထားများ ဖြစ်သွားကြသည်။
သူတို့တင်မကဘဲ ပတ်ဝန်းကျင်တွင်ရှိသော လူအများစုသည် တိမ်တိုက်ဆေးလုံးနည်းစနစ်အကြောင်းကို ဆွေးနွေးနေကြသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး စကားမပြောပေ။
သူက မူဝမ်နှင့်အတူပူးပေါင်း၍ တိမ်တိုက်ဆေးလုံးများကို သန့်စင်ခဲ့သည်။ သို့သော် ထိုနည်းစနစ်ကို လွယ်ကူစွာ နားမလည်နိုင်ပေ။
နောက်ဆုံးအဆင့်သည် ဆေးလုံးစုစည်းခြင်းထက် ပိုမိုရှုပ်ထွေးသည်။
သူက ဓားတာအိုကိုနားလည်ထားပြီး ထိန်းချုပ်နိုင်သည်။ သို့သော် တခြားအာခီမီပညာရှင်များအတွက် တိမ်တိုက်ဆေးလုံးသန့်စင်ရန် ခက်ခဲသည်။
“အဲ့ဒါက စာကြည့်တိုက်ပဲ။ များသောအားဖြင့် သာမန်အာခီမီဆရာသခင်တွေက ပထမထပ်ကို ဝင်ခွင့်ရှိတယ်။ ဂိုဏ်းတစ်ဂိုဏ်းရဲ့ အာခီမီဆရာသခင်တွေက ဒုတိယထပ်ကို ဝင်ခွင့်ရှိတယ်”
“ပါရမီကောင်းတဲ့ အာခီမီဆရာတွေကိုလည်း ဝင်ခွင့်ပြုတယ်လို့ ပြောကြတယ်”
ရှန်းထန်က ရှေ့တွင်ရှိသော စံအိမ်ကြီးကို ညွှန်ပြလိုက်ပြီး အားကျစွာပြောသည်။
ယခုအချိန်တွင် စာကြည့်တိုက်၏ရှေ့၌ လူအများစုဝေးနေသည်။
လူအချို့က ကျောက်စိမ်းပေလွှာများကို ကိုင်ထားပြီး အချို့က မီးပြင်းဖိုလေးများကို ကိုင်ထားသည်။ သူတို့အားလုံးက ပတ်ဝန်းကျင်ကို ကြည့်နေသည်။
“များသောအားဖြင့် စာကြည့်တိုက်ထဲကိုဝင်နိုင်တဲ့လူတွေက အာခီမီတာအိုရဲ့ အကြီးအကဲတွေပဲ။ အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ အာခီမီပညာရှင်တွေက စာကြည့်တိုက်အပြင်မှာ စောင့်နေလေ့ရှိကြတယ်။ သူတို့ရဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်မဲ့ အကြီးအကဲတစ်ယောက်နဲ့ တွေ့နိုင်ချေရှိတယ်လေ”
“မင်းတို့ကလည်း အဖြေရှာဖို့ ရောက်လာတာမဟုတ်လား”
“ဒီနေ့မှာ ဆရာသခင်ပိုင်လီက စာကြည့်တိုက်ကို စောင့်ကြပ်နေတယ်။ ညနေရောက်သွားရင် သူမ ပြန်ထွက်လာလိမ့်မယ်”
ရှန်းထန်က ထိုသို့ပြောလိုက်ပြီး ဂိုဏ်းတူတပည့်များနှင့် စောင့်ဆိုင်းရန်အတွက် ပတ်ဝန်းကျင်ကိုကြည့်၍ နေရာရှာသည်။ ညမရောက်ခင် နာရီအချို့ လိုသေးသည်။
“အခုတစ်လော ငါက လွင့်မျောတိမ်တိုက်ဆေးလုံးကို သန့်စင်တဲ့အချိန်မှာ ပန်းသုံးပွင့်ဝိညာဉ်သစ်ရွက်ကို ထည့်လိုက်ရင် မီးပြင်းဖိုက ပေါက်ကွဲသွားတယ်။ ဆရာသခင်ပိုင်လီကို မေးကြည့်ချင်တယ်”
ရှန်းထန်၏နောက်တွင်ရှိသော လူငယ်တစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးပြောသည်။
“ငါက ဆေးလုံးသန့်စင်တာနဲ့ပတ်သတ်ပြီး ပြဿနာမရှိဘူး။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆေးလုံးချီကို သန့်စင်ပြီး ချီကို အရိုးထဲမှာစုစည်းရမယ်ဆိုတာနဲ့ပတ်သတ်လို့ ငါနားမလည်ဘူး”
တခြားလူငယ်တစ်ယောက်က ခေါင်းခါသည်။
ဟန်မူယဲ့က မူဝမ်ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“ညီမမူ၊ အထဲကို သွားလိုက်ပါ။ အပြင်က စောင့်နေမယ်”
မူဝမ်က ခေါင်းညိတ်လိုက်ပြီး စာကြည့်တိုက်ဆီသို့ လျှောက်သွားသည်။
အချိန်စောနေသေးသောကြောင့် ရှေ့ဆုံးတွင်စောင့်နေလျှင်လည်း အကျိုးမရှိကြောင်း ရှန်းထန်တို့က ပြောချင်မိသည်။ သို့သော် ဟန်မူယဲ့နှင့်မူဝမ်တို့က ပထမဆုံးအကြိမ်ရောက်လာခြင်းဖြစ်သောကြောင့် ရှေ့ဆုံးတွင်ရှိနေလျှင် ပိုကောင်းမည်ဟု တွေးနေခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် သူတို့က မတားလိုက်ပေ။
မူဝမ်တစ်ယောက်တည်းသွားပြီး ဟန်မူယဲ့က နောက်တွင် ကျန်ခဲ့သောဖြစ်ရပ်ကိုတော့ သူတို့က ဂရုမစိုက်ပေ။
မူဝမ်က အာခီမီပညာရှင်တစ်ယောက်နှင့်တူသည်။ သူမက မေးခွန်းများရှိနေလိမ့်မည်။
မူဝမ်က စာကြည့်တိုက်ဆီသို့ တိုက်ရိုက်သွားလိုက်ပြီး ရှေ့တွင်ရပ်မနေဘဲ ကျောက်လှေကားပေါ်သို့ တက်လိုက်သည်။
“အိုး၊ ညီအစ်ကို၊ မင်းရဲ့ဂိုဏ်းတူညီမက စည်းကမ်းတွေကို မသိဘူးပဲ။ သူမက စာကြည့်တိုက်အပြင်မှာပဲ စောင့်နေနိုင်တယ်။ ကျောက်လှေကားပေါ်ကိုတက်သွားရင် အပြစ်ပေးခံရ ....”
ရှန်းထန်က စကားအဆုံးမသတ်နိုင်ဘဲ မျက်လုံးပြူးသွားသည်။
သူ့နောက်တွင်ရှိသော တပည့်သုံးဦးကလည်း တစ္ဆေတစ်ကောင်အား မြင်လိုက်ရသကဲ့သို့ မျက်လုံးပြူးသွားသည်။
ကျောက်လှေကားပေါ်တွင် စာကြည့်တိုက်၏အစောင့်က ရှေ့တက်လာသည်။ ထို့နောက် မူဝမ်က ကျောက်စိမ်းပြားကို ထုတ်ပြသည်။ အစောင့်က ဦးညွှတ်လိုက်ပြီး မူဝမ်ကို စာကြည့်တိုက်ထဲသို့ ခေါ်သွားသည်။
မူဝမ်က စာကြည့်တိုက်ထဲသို့ရောက်သွားပြီး အပြင်ဘက်တွင် ဆူညံသံများကို ချန်ထားခဲ့သည်။ ထိုအချိန်ကိုရောက်သည်အထိ ရှန်းထန်တို့က အသိစိတ်ပြန်မဝင်ခဲ့ပေ။
ဟန်မူယဲ့က ပြုံးလိုက်ပြီး သစ်ပင်အောက်တွင်ရှိသော နေရာလွတ်တစ်ခုကို မြင်လိုက်သည်။ သူက ထိုနေရာသို့သွားပြီး ထိုင်ချသည်။
ရှန်းထန်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ ခဏအကြာတွင် ဟန်မူယဲ့ဆီသို့ ရောက်လာသည်။
“ညီအစ်ကို၊ မဟုတ်သေးဘူး .... အကြီးအကဲ အဲဒါက ....”
ရှန်းထန်တို့က အထစ်ထစ်အငေါ့ငေါ့ဖြစ်နေပြီး ပြောစရာစကား ရှာမတွေ့ပေ။
“ပန်းသုံးပွင်ဝိညာဉ်သစ်ရွက်ရဲ့ ဆေးစွမ်းအားကို မလှုံ့ဆော်ဘဲ မီးပြင်းဖိုထဲကိုထည့်လိုက်လို့ ပေါက်ကွဲသွားတာပဲ”
“ဆေးလုံးချီက ဖြတ်တောက်ခြင်းပဲ။ ပိုနေတဲ့ဆေးလုံးချီတွေကို ဆေးလုံးထဲမှာ အတင်းအကျပ် မစုစည်းသင့်ဘူး။ ဆေးချီက ပြည့်နေပြီလား ပိုလျှံနေပြီလားဆိုတာကို သိရမယ်”
“ဆေးချီကို အရိုးထဲမှာ စုစည်းခြင်းက ဆေးလုံးဖြစ်တည်လာတဲ့အချိန်မှာ လုံလောက်တဲ့ဆေးစွမ်းအားတွေ ရှိဖို့လိုတယ်လို့ ပြောတာပဲ။ မဟုတ်ရင် ဆေးစွမ်းအားက အပေါ်ယံပဲဖြစ်ပြီး ဆေးလုံးက ပေါက်ကွဲသွားလိမ့်မယ်”
ဟန်မူယဲ့က သူတို့လေးယောက်ကိုကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
“မေးစရာရှိသေးလား”
....
မူဝမ်က ကျောက်စိမ်းပြားကို ကိုင်ထားပြီး စာကြည့်တိုက်ထဲသို့ ရောက်သွားသည်။ သူမက ရှေးကျသော သစ်သားစင်များကို မြင်လိုက်ရသည်။
ကျယ်ဝန်းသောခန်းဆောင်ထဲတွင် စာအုပ်စင်များ အတန်းလိုက်ရှိနေသည်။ ကျောက်စိမ်းပေလွှာနှင့် ကျောက်စာများလည်း ရှိနေသေးသည်။
ကံကောင်းစွာဖြင့် စာအုပ်များကို မှတ်သားထားသော လမ်းညွှန်ဆိုင်းဘုတ် ရှိနေသည်။
သူမ ဖတ်ချင်သော ဆဌမအဆင့်နှင့် သတ္တမအဆင့်ဆေးညွှန်းများသည် ပထမထပ်တွင် ရှိနေသည်။
ပဥ္စမအဆင့်နှင့်အထက် ဆေးညွှန်းများကို ဒုတိယထပ်တွင် ထိန်းသိမ်းထားသည်။
မူဝမ်က လိုချင်သောဆေးလုံးများကို ရှာကြည့်လိုက်ပြီး စာအုပ်တစ်အုပ်ချင်းစီကို သေချာဖတ်နေသည်။
“ရင်းမြစ်ဆေးလုံးကိုသန့်စင်ဖို့အတွက် တတိယနည်းလမ်း ရှိနေသေးတယ်။ ဈေးကွက်ထဲမှာ ဈေးချိုတဲ့ရင်းမြစ်ဆေးလုံးတွေ ရှိနေတယ်လို့ အစ်ကိုဟန်ပြောခဲ့တာ မထူးဆန်းတော့ပါဘူး”
“ငါနားလည်သွားပြီ။ ချိပ်ပိတ်ဆေးလုံးရဲ့ သန့်စင်ခြင်းနည်းလမ်းက အစ်ကိုဟန်ပြောခဲ့တဲ့အတိုင်း သီးသန့်ဆန်တာကို အာရုံမစိုက်ဘဲ ပိတ်လှောင်ခြင်းကို အာရုံစိုက်သင့်တယ်”
စာကြည့်တိုက်တွင် လူရှင်းနေသည်။ ပထမထပ်တွင် စာဖတ်နေသော မုတ်ဆိတ်ဖြူလူအိုကြီးနှစ်ယောက်သာ ရှိသည်။ သို့သော် သူတို့က စကားမပြောပေ။
မူဝမ်က ညင်သာစွာရေရွတ်နေပြီး စာကြည့်တိုက်ပထမထပ်၏ တစ်ခုတည်းသောအသံ ဖြစ်လာခဲ့သည်။
ယူဆချက်များနှင့် လက်တွေ့လေ့ကျင့်မှုကို ပေါင်းစပ်ခြင်း၊ ဘိုးဘေးများ၏ အသိဉာဏ်နှင့် မျိုးဆက်သစ်များ၏နားလည်မှုကို ပေါင်းစပ်ခြင်းတို့ကြောင့် လျင်မြန်စွာတိုးတက်လာလိမ့်မည်။
ကောင်းကင်က မှောင်မည်းသွားသောအခါတွင် မူဝမ်က စာအုပ်ကို တွန့်ဆုတ်စွာပြန်ချလိုက်သည်။
“နင် တစ်ခုခုနားလည်ခဲ့လား”
မူဝမ်၏နောက်တွင် အသံတစ်သံထွက်လာသည်။
သူမ၏အသံက ညင်သာသည်။
မူဝမ်က လှည့်ကြည့်လိုက်သောအခါတွင် အစိမ်းရောင်ဝတ်စုံနှင့် ပြုံးပြနေသော အသက်လေးဆယ်အရွယ်အမျိုးသမီးတစ်ဦးကို မြင်ရသည်။
“အကြီးအကဲ၊ ကျွန်မက စာအုပ်တွေဖတ်ပြီး နားလည်မှုရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မက အိမ်ပြန်ပြီး နားလည်ထားတဲ့အရာတွေကို ဖြည်းဖြည်းချင်းအတည်ပြုကြည့်ဖို့ လိုအပ်ပါတယ်”
မူဝမ်၏အမြင်တွင် စာကြည့်တိုက်ထဲတွင်ရှိနေသော လူအများစုသည် အာခီမီတာအို၏ အကြီးအကဲများဖြစ်ကြသည်။
ထို့အပြင် ရှေ့တွင်ရှိသော အမျိုးသမီး၏အငွေ့အသက်သည် ချောက်နက်တစ်ခုသဖွယ် နက်ရှိုင်းသည်။ သူမက ကျင့်ကြံသူကြီးတစ်ယောက် ဖြစ်သည်။
“အိုး၊ နင်နားလည်ခဲ့တဲ့အရာကို ပြောပြပါအုံး”
မူဝမ်၏စကားကို ကြားလိုက်ရသောအခါတွင် အမျိုးသမီးက ခပ်ဟဟရယ်ပြီး မေးသည်။
“ကျွန်မက စုဝိညာဉ်ဆေးလုံးအတွက် ဆေးညွှန်းကို မြင်ခဲ့ရပါတယ်။ သိုင်းဝိညာဉ်မြက်ပင်ကို အရင်ဆုံးဓာတ်ပြယ်အောင်လုပ်ရမယ်လို့ ညွှန်ကြားထားတယ်။ တကယ်လို့ မြက်ပင်ရဲ့ဆေးစွမ်းအားကို အသက်သွင်းလိုက်ရင်လည်း ဖြစ်နိုင်တယ်လို့ ကျွန်မထင်မိတယ်။ အိမ်ပြန်သွားပြီး စစ်ဆေးကြည့်ဖို့ စီစဉ်ထားပါတယ်”
“ပြီးတော့ သွေးကြောဖွင့်ဆေးလုံးရဲ့ ဆေးညွှန်းသုံးခုထဲမှာ ရွှေရောင်သစ်ရွက်နဲ့ ခရမ်းရောင်သစ်ရွက်အချိုးအစားက မတူဘူးဖြစ်နေတယ်။ ဒါပေမဲ့ ဆေးစွမ်းအားသက်ရောက်မှုကတော့ အတူတူပါပဲ။ အဲဒါက ပန်းသုံးပွင့်အဆီအနှစ်သစ်မြစ်နဲ့ သက်ဆိုင်နေမယ်လို့ ကျွန်မ ထင်မိပါတယ်”
မူဝမ်က ဖတ်ရှုထားသောစာအုပ်များ၏ ဆေးညွှန်းများကို တိကျစွာ ပြောပြလိုက်သည်။
သူမက ကြိုးစားလေ့လာခဲ့သော်လည်း ပါရမီနှင့်အတွေ့အကြုံကြောင့် ယုံကြည်ချက်သိပ်မရှိပေ။
သို့သော် ယနေ့တွင် သူမက ရှေးခေတ်စာအုပ်များကို ဖတ်ကြည့်ပြီး သူမ၏ အာခီမီနားလည်နိုင်စွမ်းသည် ဘိုးဘေးများ၏အသိအမြင်နှင့် ကိုက်ညီနေကြောင်း ခံစားလိုက်ရသည်။
သူမက နက်နဲသော အာခီမီစာအုပ်အများအပြားကို နားလည်နိုင်သည်။
ထို့ကြောင့် သူမက ပျော်ရွှင်နေသည်။
ပိုင်လီရှင်းလင်က မူဝမ်ကိုကြည့်လိုက်ပြီး မျက်လုံးထဲတွင် ရွှေအလင်းအချို့ ဖြတ်ပြေးသွားသည်။
ထိုမိန်းကလေးသည် သူမ၏ သာမန်မေးခွန်းအချို့ကြောင့် အဖြေအများအပြား ပြောခဲ့သည်။
ထို့အပြင် မူဝမ်၏စကားအရ သူမ၏ အာခီမီနားလည်မှုသည် အကြီးအကဲအာခီမီဆရာသခင်များအောက် မနိမ့်ကျပေ။
‘ဒီလိုမျိုး ငယ်ရွယ်တဲ့ ဆရာသခင်တစ်ယောက်လား’
ပိုင်လီရှင်းလင်က မျက်ခုံးပင့်သည်။
“ကောင်မလေး၊ နင်က နန်းမြို့တော်က မဟုတ်ဘူးမလား”
မူဝမ်က အနည်းငယ်အံ့အားသင့်သွားပြီး ခေါင်းညိတ်သည်။
“ကျွန်မက အနောက်ဘက်နယ်စပ်ကုန်းမြေကနေ ရောက်လာပြီး နန်းမြို့တော်မှာ ဆေးဆိုင်ဖွင့်ထားပါတယ်”
သူတို့နှစ်ယောက်က တီးတိုးစကားပြောပြီး စာကြည့်တိုက်ထဲမှ ထွက်လာခဲ့သည်။
စာကြည့်တိုက်၏အပေါက်ဝသို့ ရောက်လာသောအခါတွင် ပိုင်လီရှင်းလင်က ပြုံးလိုက်ပြီး မူဝမ်ကို အရင်သွားခိုင်းသည်။
မူဝမ်ထွက်သွားသောအခါတွင် ပိုင်လီရှင်းလင်၏မျက်နှာထားက ရှုပ်ထွေးသွားသည်။
“ဆရာတူအစ်မ၊ အစ်မရဲ့မျိုးဆက်ကို တွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားမိဘူး ....”
သူမက တီးတိုးပြောလိုက်ပြီး မျက်လုံးထဲတွင်ရှိသောအလင်းများ ပျောက်ကွယ်သွားသည်။ ထို့နောက် သူမက အပြုံးတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်း ထွက်လာသည်။
တံခါးဝတွင် မူဝမ်က ဝိုင်းရံထားသောအာခီမီပညာရှင်များကို ထိတ်လန့်စွာကြည့်နေမိသည်။