အခန်း (၄၈၆)
Vol. 35 Ch. 486
ဇူအော်မိသားစုသည် အခွင့်အရေးရှိလာသောကြောင့် ဟန်မူယဲ့နှင့်မူဝမ်ကို ဆုံတွေ့ခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော် လောကတွင်ရှိသော မရေမတွက်နိုင်လောက်သည့် သာမန်သက်ရှိများက မည်သူ့ကိုမှ မတွေ့နိုင်လောက်ပေ။
ဟန်မူယဲ့၏မျက်လုံးများ တောက်ပသွားသည်။
သူက ကွမ်မြစ်ဝမှ နန်းမြို့တော်အထိ တွေးနေခဲ့သည်။
သူက အာကာသထဲတွင် အငြိုးအတေးမဲ့နယ်မြေ၏ နတ်ဘုရင်တစ်ပါးနှင့် တိုက်ခိုက်ခဲ့သောအချိန်တွင် နတ်ဘုရားတာအိုနှင့်ပတ်သတ်၍ အမွေအနှစ်အချို့ ရခဲ့သည်။
နတ်ဘုရားတာအိုနှင့် ကွန်ဖြူးရှပ်တာအိုကို နှိုင်းယှဉ်ကြည့်လိုက်ပြီး ဟန်မူယဲ့က အကြံတချို့ ရလာသည်။
သို့သော် သူ့အကြံသည် အမတ်ချုပ်ကြီးဝမ်နှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာအတွက် ကောင်းသလား၊ ဆိုးသလား မသိနိုင်ပေ။
ဟန်မူယဲ့က ချင်းဟယ်တာအိုဂိုဏ်း၏တပည့်များကို ကြည့်လိုက်ပြီး ပြောသည်။
“ငါက သူ့ကိုခေါ်သွားမယ်။ မင်းတို့ ငြင်းစရာရှိလား”
ထိုတပည့်များက တစ်ယောက်ကိုတစ်ယောက် ခက်ခဲစွာကြည့်လိုက်ပြီး စကားမပြောရဲပေ။
ဟန်မူယဲ့ထုတ်ပြလိုက်သောခွန်အားကို သူတို့က မခုခံနိုင်ပေ။
ထို့အပြင် ရှောက်တထျန်းနှင့်စွေ့စွေ့တို့၏ပြောစကားကို ပတ်ဝန်းကျင်တွင်ရှိသောလူများ ကြားခဲ့ရသည်။
သူတို့စုံတွဲအတွက် မလွယ်ကူခဲ့ပေ။ လူသားနှင့် မိစ္ဆာများ၏ပေါင်းဖက်မှုနှင့်ပတ်သတ်၍ နားလည်ထားသောလူများက တခြားလူများကို ရှင်းပြနေကြသည်။
သနားစရာကောင်းသောစုံတွဲသည် ကောင်းမွန်စွာနေထိုင်ချင်ပြီး တစ်ယောက်ကိုတစ်ယောက် ထောက်ပံ့ပေးနေကြသည်။ သို့သော် ချင်းဟယ်တာအိုဂိုဏ်းက သူတို့၏အသက်သွေးကြောကို ဖြတ်တောက်ခဲ့သည်။
ပတ်ဝန်းကျင်တွင်ရှိသောအကြည့်များသည် မတူညီတော့ပေ။
ဤနေရာသည် နန်းမြို့တော်ဖြစ်သည်။ ပြည်သူလူထု၏အမြင်သည် ကျင့်ကြံခြင်းဂိုဏ်းများ၏အပေါ်တွင် သက်ရောက်မှုရှိသည်။
“အင်မော်တယ်လရေကန်နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ဈေးတွေက ငါတို့ချင်းဟယ်တာအိုဂိုဏ်းရဲ့ လုပ်ပိုင်ခွင့်ထဲမှာရှိတယ်။ နောက်ကျရင် ဒီကျားမိစ္ဆာက အင်မော်တယ်လရေကန်မှာ ငါးဖမ်းခွင့်မရှိသလို ဈေးမှာလည်း ငါးရောင်းခွင့်မရှိဘူး”
ချင်းဟယ်တာအိုဂိုဏ်း၏ ဂိတ်တံခါးနောက်မှ အသံတစ်သံထွက်လာသည်။
အစိမ်းပုပ်ရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ဦးက ကျောက်စိမ်းမြင်းမြီးကြာပွတ်ကို ကိုင်ထားပြီး ထွက်လာသည်။ သူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး အေးစက်စွာပြောသည်။
ရှောက်တထျန်းက စိုးရိမ်နေပုံပေါ်ပြီး စွေ့စွေ့ကို နောက်တွင် ထားလိုက်သည်။
“အင်မော်တယ်လရေကန်က မင်းတို့ရဲ့ အုပ်ချုပ်ပိုင်ခွင့်ထဲမှာလား။ မင်းက ဈေးမှာ စည်းကမ်းချမှတ်တဲ့လူလား”
ဟန်မူယဲ့က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ခန်းဆောင်တစ်ခုအပေါ်တွင် ရပ်တန့်သွားသည်။
“ဟုတ်တယ်။ ဒါကို တိုင်းပြည်က သတ်မှတ်ထားတယ်။ ဂိုဏ်းတွေအားလုံးက ပတ်ဝန်းကျင်နယ်မြေကို ထိန်းချုပ်ပိုင်ခွင့်ရှိတယ်”
တာအိုတန်ခိုးရှင်က လှောင်ပြောင်လိုက်ပြီး ပြောသည်။
“ငါတို့ရဲ့ဂိုဏ်းကို ကာကွယ်ရေးဌာနရဲ့စစ်သားတွေနဲ့ အစောင့်ထားလို့မဖြစ်ဘူးလေ”
တိုင်းပြည်က ဂိုဏ်းများကို အစောင့်အကြပ်မထားနိုင်သောကြောင့် ဂိုဏ်းများက ပတ်ဝန်းကျင်နယ်မြေကို ထိန်းချုပ်ထားသည်။
ဂိုဏ်းအတွင်း၌ ဖြစ်ပျက်နေသည့်ကိစ္စများကို အပြင်လူများအား အသိမပေးနိုင်ပေ။
ထိုနည်းလမ်းဖြင့် တိုင်းပြည်က နောက်တစ်လှမ်းဆုတ်ထားသည်။ ဂိုဏ်းများကြားတွင်ရှိသော ရန်ပွဲများကို ဂရုမစိုက်ရန် မလိုတော့ပေ။
ထိုဂိုဏ်းများက ရုံးတော်၏အုပ်ချုပ်မှုကို ထိပါးခဲ့လျှင် သို့မဟုတ် မကောင်းမှုများကို ကျူးလွန်းခဲ့လျှင် အံ့ဖွယ်နေမင်းကိုယ်ရံတော်များ ရောက်လာလိမ့်မည်။
ထို့ကြောင့် အလုပ်ရှုပ်ရန် မလိုတော့ပေ။
“ဂိုဏ်းတွေကိုစောင့်ကြပ်ဖို့ စစ်သားအလုံအလောက်မရှိဘူးလား”
ဟန်မူယဲ့က ပေါင်မင်ချန်ကို လှည့်ကြည့်သည်။
ပေါင်မင်ချန်က အကူအညီမဲ့စွာ ခေါင်းညိတ်ပြသည်။
နန်းမြို့တော်သည် အဆင်ပြေနေသော်လည်း အလယ်ပိုင်းကုန်းမြေတွင် အုပ်ချုပ်မှုမထိရောက်သော နယ်မြေအများအပြားရှိသည်။
ဒေသအများစုတွင် သာမန်လူများနေထိုင်ရန် နေရာများရှိသည်။ ကျန်နေရာများတွင် ကျင့်ကြံခြင်းဂိုဏ်းများက စိတ်ကြိုက်သောင်းကျန်းနိုင်သည်။
ထိုကိစ္စနှင့်ပတ်သတ်၍ မတတ်နိုင်ပေ။
ထို့ကြောင့် အရှေ့တောင်ပိုင်း၏ဒေသရှစ်ခုသည် တာအိုဂိုဏ်းများ၏ထိန်းချုပ်မှုကို ခံခဲ့ရသည်။
“အဲ့ဒီလိုဆိုရင် စစ်သည်တွေစုဆောင်းပြီး အစိုးရရုံးတော်တစ်ခု တည်ဆောက်လိုက်လေ”
ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် တာအိုတန်ခိုးရှင်က ခဏတာကြောင်အသွားပြီး ကျယ်လောင်စွာရယ်သည်။
“အမတ်ချုပ်ကြီးဝမ်ရဲ့ရုံးတော်ကတောင် အစိုးရရုံးကို လွယ်လွယ်ကူကူတည်ဆောက်ပြီး စစ်သားတွေ မစုဆောင်းနိုင်ဘူး”
“မင်းက အဲ့ဒီလိုမျိုး ရုံးတော်တစ်ခု တည်ဆောက်မယ်ဆိုရင် လူတွေ ဘယ်လောက်လိုမှာလဲ။ ဆယ်သန်းလား၊ သန်းတစ်ရာလား”
“ကောင်းကင်အံ့ဖွယ်တိုင်းပြည်က အဲဒီလိုမျိုး မလုပ်နိုင်ဘူး”
ထိုတာအိုတန်းခိုးရှင်က နန်းမြို့တော်တွင် ကြာမြင့်စွာနေထိုင်ခဲ့သည်။ သူက တိုင်းပြည်၏ဥပဒေနှင့် တော်ဝင်ညီလာခံ၏အခြေအနေကို အနည်းငယ်သိထားသည်။
သူ့စကားသည် မှန်ကန်သည်။ သူတို့က စစ်သည်များကို လိုအပ်သလို မစုစည်းနိုင်ပေ။
ထိုသို့ဆောင်ရွက်ရန်အတွက် မရေမတွက်နိုင်လောက်သော ဝိညာဉ်ကျောက်တုံးနှင့် မရေမတွက်နိုင်လောက်သော လေ့ကျင့်ပြီးသားစစ်သည်များ လိုအပ်လိမ့်မည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် စစ်သည်အများအပြားကို ပျိုးထောင်မပေးနိုင်ပေ။
ဟန်မူယဲ့က တိတ်ဆိတ်စွာရပ်နေသည်။
မျက်နှာချင်းဆိုင်တွင် တာအိုတန်ခိုးရှင်က သူ့ကို အေးစက်စွာကြည့်နေသည်။
ဤနေရာသည် နန်းမြို့တော်ဖြစ်သည်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံခြင်းတော်ဝင်နယ်မြေဖြစ်သည်။
ဤနေရာတွင် ရဲတင်းစွာပြုမူနိုင်သောလူများ သိပ်မရှိပေ။
လူငယ်စုံတွဲသည် ဤနေရာတွင် ကြာမြင့်စွာနေနိုင်မည်မဟုတ်ပေ။
နန်းမြို့တော်တွင်နေထိုင်ရန် မလွယ်ကူပေ။
သို့သော် ထိုစုံတွဲသည် ချင်းဟယ်တာအိုဂိုဏ်းကို အညံ့ခံလိုက်ပြီး စကားနားထောင်မည်ဆိုလျှင် ယနေ့ဖြစ်ရပ်သည် ပြီးဆုံးသွားလိမ့်မည်။
သူ့ရှေ့တွင်ရှိနေသောလူသည် စွမ်းဆောင်ရည်ရှိပုံရသည်။ ထို့အပြင် ကာကွယ်ရေးဌာန၏အရာရှိနှင့် အာခီမီဈေးမှ အာခီမီပညာရှင်တစ်ယောက်လည်း ရှိနေသေးသည်။
သူက စကားပြောတော့မည့်အချိန်တွင် ဟန်မူယဲ့က ဖြည်းဖြည်းချင်း လက်မြှောက်သည်။
ဟန်မူယဲ့ဆီမှ မဖော်ပြနိုင်လောက်သောအငွေ့အသက်တစ်ခု ပေါ်ထွက်လာသည်။
ပတ်ဝန်းကျင်တွင်ရှိသောလူအားလုံးသည် ချုပ်နှောင်ခံလိုက်ရပြီး မျက်ဆန်များပင် မလှုပ်ရှားနိုင်တော့ပေ။
နန်းမြို့တော်တွင် သဘာဝစွမ်းအင်နှင့် ရွှေရောင်သမာဓိစွမ်းအားများ သွယ်ယှက်သွားပြီး မိုင်တစ်သောင်းရှည်လျားသောနဂါးတစ်ကောင် ဖြစ်လာသည်။
ကျွမ်းကျင်သူများ ပျံသန်းလာပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။
‘ဘယ်ကျွမ်းကျင်သူကြီးက လှုပ်ရှားလိုက်လို့ တိုင်းပြည်ရဲ့နဂါးက တုံ့ပြန်နေတာလဲ’
သူတို့က တွေးမိသည်။
ဟန်မူယဲ့က နဂါးပုံရိပ်ကို လျစ်လျူရှုထားပြီး လေထုထဲတွင် ရွှေစာလုံးများ ရေးသားသည်။
“အမိန့်တော်”
“အင်မော်တယ်လရေကန်နဲ့ ဆယ်မိုင်အတွင်းမှာရှိတဲ့ စစ်သည်တွေကို စုဆောင်းလိုတယ်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာကိုသစ္စာရှိပြီး သန့်စင်တဲ့နှလုံးသားရှိသူတိုင်း စာရင်းပေးသွင်းနိုင်တယ်”
ရွှေရောင်စာလုံးများသည် တုန်ခါသွားပြီး အရပ်မျက်နှာအနှံ့သို့ပြန့်ကျဲ၍ ပျောက်ကွယ်သွားသည်။
ရွှေအလင်းများနှင့် ကျောက်သားရင်ပြင်ပေါ်တွင် ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။
“ကျွန်တော်က ယွီနန်ဒေသရဲ့ အဆင့်မြင့်ကျောင်းတော်သား ဖုန်းကျီရှန့်ပါ။ ကျွန်တော်က စိတ်သဘောထားကောင်းမွန်တဲ့လူဖြစ်ပြီး လူတွေကို ပညာသင်ကြားပေးခဲ့ပါတယ်။ ကျွန်တော်က နှစ်သုံးဆယ်ကြာတဲ့အထိ အဆင့်မတက်နိုင်ဘဲ အင်မော်တယ်လရေကန်မှာ သေဆုံးသွားခဲ့ရတယ်။ ဒီနေရာမှာ ကျွန်တော့်ရဲ့အကြွင်းအကျန်ဝိညာဉ် ရှိနေပါတယ်။ ကျွန်တော်က အမိန့်စာကိုလက်ခံဖို့ ဆန္ဒရှိပါတယ်”
“ကျွန်တော်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀မှာ စစ်တပ်ကိုဝင်ရောက်ခဲ့တဲ့ နန်းမြို့တော်သားတစ်ဦးပါ။ ကျွန်တော်က နယ်စပ်မှာ နှစ်ပေါင်းခုနစ်ဆယ်တိုက်ခိုက်ခဲ့ပြီး ကျဆုံးသွားခဲ့ပါတယ်။ ကျွန်တော့်ရဲ့အကြွင်းအကျန်တွေကို အင်မော်တယ်လရေကန်ဘေးမှာ မြှုပ်နှံခဲ့ပါတယ်။ ကျွန်တော့်ရဲ့အကြွင်းအကျန်ဝိညာဉ်က ပျောက်ကွယ်မသွားခဲ့ပါဘူး။ ကျွန်တော်က အမိန့်စာကိုလက်ခံဖို့ ဆန္ဒရှိပါတယ်”
“ကျွန်တော်က နန်းမြို့တော်ရဲ့ ရတနာငါးမျိုးတာအိုဂိုဏ်းက တပည့်တစ်ယောက်ဖြစ်တဲ့ ဟယ်ကျင်းခွင်းပါ။ ကျွန်တော်က ဝိညာဉ်နိုးထခြင်းဆဌမအဆင့်ကို ရောက်ခဲ့ပါတယ်။ ချင်းဟယ်တာအိုဂိုဏ်းနဲ့တိုက်ပွဲမှာ အကွက်ချခံရပြီး သေဆုံးသွားခဲ့ပါတယ်။ ကျွန်တော့်ရဲ့အကြွင်းအကျန်ဝိညာဉ်က ဒီနေရာမှာရှိနေပြီး အမိန့်စာကိုလက်ခံဖို့ ဆန္ဒရှိပါတယ်”
....
အေးစက်မှုအချို့နှင့်အတူ အသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။
“အဲဒါက ဘိုးဘေးဦးလေးပဲ”
ကျောက်သားရင်ပြင်တွင် လူတစ်ယောက်က တီးတိုးအော်ဟစ်သည်။
“ဘိုဘေးက နန်းမြို့တော်ရဲ့ ကိုယ်ရံတော်တစ်ယောက်ပဲ။ သူ့ရဲ့ဝိညာဉ်က ရှိနေသေးမယ်လို့ ထင်မထားခဲ့ဘူး”
“အဲဒါက သခင်စွန်း၊ စွန်းမင်ရှန့်မဟုတ်လား။ သူက လူတွေကို ကာကွယ်ဖို့အတွက် မိစ္ဆာသားရဲ ၁၃ယောက်ကို သတ်ဖြတ်ခဲ့တယ်။ ပြီးတော့ အင်မော်တယ်လရေကန်ရဲ့ဘေးမှာ မြှုပ်နှံခံလိုက်ရတယ်”
အကြွင်းအကျန်ဝိညာဉ်တချို့သည် သက်တမ်းမကြာသေးသောကြောင့် လူအချို့က မှတ်မိနေသည်။
တချို့က အင်မော်တယ်လရေကန်၏ ပုံပြင်များကို ကြားခဲ့ရသည်။
သူတို့က ထိုပုံရိပ်များကို မြင်လိုက်ရသောအခါတွင် သက်ပြင်းချသံများ၊ ဆွေးနွေးသံများဖြင့် ဆူညံသွားသည်။
“သခင်စွန်းကို အရိုအသေပေးပါတယ်”
လူတစ်ယောက်က ဦးညွှတ်လိုက်သည်။
“ဘိုးဘေးဦးလေး၊ ကျွန်တော်တို့ကျိုးမိသားစုမှာ ယောင်္ကျားကောင်းတွေနဲ့ ပြည့်နေပါတယ်”
လူတစ်ယောက်က အော်ဟစ်လိုက်ပြီး ဒူးထောက်သည်။
အမွှေးနံ့သာစွမ်းအားများ စုစည်းလာသည်။
အမွှေးနံ့သာပူဇော်ခြင်းမှတစ်ဆင့် တာအိုကို ရရှိသည်။
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ဝှေ့ယမ်းသည်။ ပူဇော်ခြင်းအငွေ့အသက်များသည် ရွှေအလင်းအဖြစ်ပြောင်းလဲသွားပြီး သူရွေးချယ်လိုက်သောအကြွင်းအကျန်ဝိညာဉ်များကို ဖုံးလွှမ်းသွားသည်။
“အမိန့်စာအရ အင်မော်တယ်လရေကန်မှာ တရားဝင်ရေနတ်နန်းသုံးခု ဖြစ်ပေါ်လာမယ်။ ရေကန်ရဲ့ ရေနတ်ဘုရားသုံးပါးက ပတ်ဝန်းကျင်မှာရှိတဲ့သက်ရှိတွေကို စောင့်ရှောက်ရမယ်”
“စွန်းမင်ရှန့်၊ ဖုန်းကျီရှန့်နဲ့ ဟယ်ကျင်းခွင်းတို့က အင်မော်တယ်လရေကန်ရဲ့ ရေနတ်သုံးပါး ဖြစ်လာမယ်”
“ရေကန်ဘေးမှာရှိတဲ့ လကြည့်တောင်မှာ တောင်နတ်နန်းအသစ်နှစ်ခု ပေါ်လာမယ်။ ရှုံးနိုင်မင်နဲ့ ဝမ်ထောင်ကျီတို့က တောင်နတ်ဘုရားတွေ ဖြစ်လာမယ်”
“တောင်နတ်ဘုရားနဲ့ ရေနတ်ဘုရားတို့ ကောင်းကင်နဲ့မြေကြီးရဲ့အမိန့်စာကို လက်ခံကြပါ။ မင်းတို့ရဲ့နေရာကိုတည်ဆောက်ပြီး စစ်သားတွေစုဆောင်းပါ။ မင်းတို့ရဲ့နယ်မြေနဲ့ နယ်မြေအတွင်းမှာရှိတဲ့ နတ်ဝိညာဉ်တွေကို ကာကွယ်ပါ။ ကောင်းကင်နဲ့မြေကြီးရဲ့ ကောင်းချီးအပြင် လူသားတွေရဲ့ အမွှေးနံ့သာပူဇော်ခြင်းကိုလည်း ခံစားပါ”
ရွှေရောင်နတ်ဘုရားအင်းကွက်များ ကျဆင်းလာပြီး အကြွင်းအကျန်ဝိညာဉ်များက ရွှေရောင်နတ်ဘုရားအလင်း၏လွှမ်းခြုံမှုကို ခံလိုက်ရသည်။
သူတို့၏ ပျက်စီးပြီး ပါးလျနေသောခန္ဓာကိုယ်များသည် တော်ဝင်ဝတ်ရုံ သို့မဟုတ် ရွှေရောင်ချပ်ဝတ်နှင့် နတ်ဘုရားများအဖြစ် ပြောင်းလဲသွားကြသည်။
“ကျွန်တော်တို့က အမိန့်စာကို ဂုဏ်ယူစွာ လက်ခံပါတယ်”
နတ်များအားလုံးသည် ဦးညွှတ်လိုက်ပြီး အင်မော်တယ်လရေကန်ကို ရွှေအလင်းများ လွှမ်းခြုံသွားသည်။
မြင့်တက်လာသော နတ်ဘုရားအလင်းများကြောင့် နန်းမြို့တော်သည် အာရုံစိုက်လိုက်သည်။
“အင်မော်တယ်လရေကန်ဘက်မှာပဲ။ ဘာတွေဖြစ်နေတာလဲ ....”
သို့သော် ချက်ချင်းဆိုသလိုပင် နတ်ဘုရားအလင်းကို ခမ်းနားသောရွှေအလင်းက ဖုံးလွှမ်းသွားသည်။
“အာခီမီဌာနရဲ့ချင်စုယန်က အာခီမီနည်းစနစ်အသစ်ကို စာကြည့်တိုက်ဆီ ယူလာခဲ့တယ်”
“အာခီမီကံကြမ္မာစံအိမ်ရဲ့ ဆေးလုံးနည်းစနစ်ကို စာကြည့်တိုက်မှာ သိမ်းဆည်းထားလိုက်ပြီ။ မိတ္တူတစ်သောင်းကူးယူပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ ဖြန့်ဝေလိုက်ပါ”
လောကတွင် ဖြန့်ဖြူးနိုင်သော ဆေးလုံးသန့်စင်ခြင်းနည်းစနစ်တစ်ခု ဖြစ်သည်။
‘အစောင့်အရှောက်နဂါးက အာခီမီနည်းစနစ်ကြောင့် ပေါ်လာတာလား ဒါမှမဟုတ် အင်မော်တယ်လရေကန်မှာ ဖြစ်သွားတဲ့ကိစ္စကြောင့် ပေါ်လာတာလား’
ကျွမ်းကျင်သူများ နားမလည်နိုင်ခင် လောကသည် တုန်ခါသွားပြန်သည်။
“လေပြင်းတွေ တိုက်ခတ်လာတဲ့အခါမှာ တိမ်တိုက်တွေ ရွေ့လျားလိမ့်မယ်။ ငါက လောကကို ပေါင်းစည်းပြီး မွေးရပ်မြေကို ပြန်လာခဲ့တယ်။ တိုင်းပြည်ကိုစောင့်ရှောက်ဖို့ ရဲစွမ်းသတ္တိရှိတဲ့စစ်သည်တွေကို ငါဘယ်လိုရှာဖွေရမလဲ”
ကြွပ်ဆပ်သောအသံ ပေါ်ထွက်လာပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
ကြယ်အလင်းများသည် မိုင်ထောင်ချီပျံ့နှံ့သွားပြီး ကောင်းကင်သည် တုန်ခါသွားခဲ့သည်။
ကဗျာရွတ်သံကြောင့် အစောင့်အရှောက်နဂါးသည် ခေါင်းမော့၍ ဟိန်းဟောက်လိုက်သည်။
“ဘုန်း”
ကောင်းကင်ထက်တွင် မရေမတွက်နိုင်လောက်သောတိမ်တိုက်များ လွင့်စင်သွားသည်။ နန်းမြို့တော်ကို နှစ်သောင်းချီကြာသည်အထိ ဖုံးလွှမ်းထားသော ရွှေရောင်သမာဓိစွမ်းအားများ ပျောက်ကွယ်သွားပြီး မီးခိုးရောင်ကောင်းကင်တွင် တလက်လက်တောက်ပနေသောကြယ်များကို မြင်ရသည်။
ဤကမ္ဘာ၏အပြင်ဘက်တွင် ကျယ်ပြန့်ပြီး အဆုံးမရှိသောကမ္ဘာတစ်ခု ရှိနေသည်။
နန်းမြို့တော်တွင်ရှိသော မရေမတွက်နိုင်လောက်သည့်လူများသည် ထိတ်လန့်စွာ ခေါင်းမော့ကြည့်သည်။
“လေပြင်းတွေ တိုက်ခတ်လာတဲ့အခါမှာ တိမ်တိုက်တွေ ရွေ့လျားလိမ့်မယ်တဲ့။ တကယ့်ကို ကောင်းတဲ့စကားပဲ။ ဧကရာဇ်တစ်ပါးရဲ့ သူရဲကောင်းဆန်တဲ့ဝိညာဉ်ကို ဖော်ပြထားနိုင်တယ်”
တော်ဝင်ကျောင်းတော်တွင် မုတ်ဆိတ်ဖြူနှင့်လူအိုကြီးတစ်ယောက်က မတ်တပ်ရပ်ပြီး အော်ဟစ်လိုက်သည်။
တော်ဝင်ကျောင်းတော်သည် အမတ်ချုပ်ကြီးဝမ်အပြင် တိုင်းပြည်၏စွမ်းအားကိုလည်း ထောက်ပံ့ပေးထားသည်။