← Chapters

စနစ်ထံမှ စစ်ဆင်ရေးရထားသောကြောင့်သာ

Vol. 1 Ch. 3

စနစ်ထံမှ စစ်ဆင်ရေးရထားသောကြောင့်သာ

Vol. 1 Ch. 3

လုချန်ရှန်းသည် ယဲ့ချိုးပိုင်၏တည်နေရာကိုရော တစ်စုံတစ်ယောက်က ထိုလူ့အား သတ်ချင်နေကြောင်းကိုပါ သိထားပြီးသားပင်။

စနစ်ထံမှ စစ်ဆင်ရေးတစ်ခုရဖို့ လွယ်လှတာမဟုတ်ပေ။ သူ့အနေနှင့် ထိုသကောင့်သားများ ဝင်ရောက်ဖျက်ဆီးမှာကို ဘယ်လိုများခွင့်ပြုနိုင်ပါ့မလဲ။

ယဲ့ချိုးပိုင်က ချက်ချင်းပင် အရိုအသေပြုလျက် ပြောလာလေသည်။

"ကျေးဇူးတင်ပါတယ် စီနီယာ"

လုချန်ရှန်းကလည်း ခေါင်းညိတ်ပြလိုက်ပြီး အနက်ရောင်ဝတ်စုံနှင့်လူကိုကြည့်လိုက်သည်။ ရုတ်ခြည်းပင် ထိုလူ၏ခေါင်းပေါ်ကို လက်ဝါးတစ်ဖက် ဆင်းသက်လာ၏။

ထို့နောက် ယဲ့ချိုးပိုင်၏ ကြောက်လန့်တကြားအကြည့်တွေအောက်မှာ ထိုလူ၏ခေါင်းပေါ်မှ ဖောက်ထွင်းမြင်နိုင်သော ဝိညာဉ်ကိုယ်ထည်တစ်ခု တိုးထွက်လာလေသည်။

"ဒါ... ဒါက စိတ်ဝိညာဉ်ဖွေရှာရေးနည်းဗျူဟာလား"

လုချန်ရှန်း အသာအယာခေါင်းညိတ်ပြလိုက်သည်။ သူ့လက်ဖဝါးကိုလှန်လိုက်သည့်အခါ သူ့ခေါင်းထဲက သတင်းအချက်အလက်များ ဖြာထွက်လာလေသည်။

တစ်ချိန်တည်းမှာပင် ဝိညာဉ်ကိုယ်ထည်က နာကျင်ဟန်ပြလာ၏။

အနက်ရောင်ဝတ်စုံနှင့်လူ၏ စိတ်ဝိညာဉ်က ဖျက်ဆီးခံထားရတာကြာလှရှိပြီဖြစ်သောကြောင့် ခဏအကြာမှာပင် သူသည် ရှာဖွေနေခြင်းကိုရပ်တန့်လိုက်သည်။

သူ ယဲ့ချိုးပိုင်ကိုကြည့်ပြီး ညင်သာစွာပြောလိုက်၏။

"မင်း အခုသိချင်လား"

ယဲ့ချိုးပိုင်က ခဏလောက်ကြက်သေသေနေပြီးနောက် ခေါင်းညိတ်ပြလေသည်။ သူ့မျက်ဝန်းထဲမှာတော့ ဆုံးဖြတ်ချက်ခိုင်မာသောအရိပ်အယောင်တို့ ယှက်သန်းနေ၏။

ထိုအရာကိုမြင်တော့ လုချန်ရှန်းလည်း အမှန်တရားကိုဖုံးကွယ်ဖို့ မကြိုးစားတော့ပေ။

"ကျန်းချန်"

ဘုန်း!

ထိုနာမည်ကိုကြားလိုက်ရချိန်မှာ ယဲ့ချိုးပိုင်တစ်ယောက် မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရပြီး နေရာမှာတင် ကြက်သေသေနေလေသည်။

တော်တော်ကြာမှသာ သူ သတိပြန်ဝင်လာပြီး ခါးသက်သက်ပြုံးလေသည်။ သူ့မျက်ဝန်းထဲမှာတော့ ဝမ်းနည်းကြေကွဲရိပ်များ စွန်းထင်းနေ၏။

သူ့အား ဒီလောက်တောင် အလောတကြီးရှင်းထုတ်ပစ်ချင်နေတာ ဘယ်သူပါလိမ့်ဟု သူစဉ်းစားနေခဲ့သော်လည်း ထိုလူက ငယ်ငယ်ကတည်းက ဘာလုပ်လုပ်အတူရှိခဲ့ကြသော သူ့ငယ်ကျွမ်းဆွေကျန်းချန်ဖြစ်နေလိမ့်မည်ဟုတော့ ထင်မထားခဲ့ချေ။

"မင်းအတွက် ငါ ကူညီပြီးဖြေရှင်းပေးရမလား"

ယဲ့ချိုးပိုင်သည် မျက်ခုံးပင့်လိုက်ပြီး ခေါင်းခါရမ်းပြသည်။

"စီနီယာ့ကိုဒုက္ခမပေးချင်ပါဘူး။ ကျွန်တော့်ဘာသာပဲဖြေရှင်းပါ့မယ်"

ထိုစကားကိုကြားတော့ လုချန်ရှန်း အထင်ကြီးသွားရသည်။

ကံဆိုးမိုးမှောင်ကျနေချိန်မှာတောင် နောက်မဆုတ်တမ်းရှေ့ဆက်ရဲသော အမျိုးသားတစ်ယောက်...။

ရဲရဲဝံ့ဝံ့ရှေ့ဆက်ခြင်းဖြင့်သာ မြန်မြန်ဆန်ဆန်ရင့်ကျက်လာမှာပင်။

ယဲ့ချိုးပိုင်သည် လက်နှစ်ဖက်ထပ်လျက် အရိုအသေပေးလိုက်ပြီး မေး၏။

"နောက်ကျရင် စီနီယာ့ရဲ့ကျေးဇူးကို သေချာပေါက်ပြန်ဆပ်မှာပါ။ ကျွန်တော် စီနီယာ့ရဲ့နာမည်ကို သိခွင့်ရှိမလား.."

လုချန်ရှန်းက ယဲ့ချိုးပိုင်ကိုကြည့်ပြီး ပြုံးလိုက်သည်။

"ငါ့နာမည်က လုချန်ရှန်း။ ငါ မင်းကို တပည့်အဖြစ်လက်ခံချင်လို့ ဒီကိုရောက်လာတာပဲ"

ယဲ့ချိုးပိုင်ခမျာ အတော်ကြာအောင် ကြက်သေသေသွားပြီးမှ ခါးသက်စွာပြုံးလိုက်မိသည်။

"စီနီယာ မနောက်ပါနဲ့ဗျာ။ ကျွန်တော်က အခု ကျင့်ကြံစဉ်တွေရော စွမ်းရည်ပါ ဆုံးရှုံးထားတာလေ။ ကျွန်တော်က ဘယ်လိုလုပ် စီနီယာ့ရဲ့တပည့်ဖြစ်ထိုက်ပါ့မလဲ"

သူ၏သူမတူသောပင်ကိုယ်စရိုက်နှင့် တိုက်ခိုက်ရေးနည်းဗျူဟာများကို ကြည့်ရုံဖြင့် လုချန်ရှန်းသည် သာမန်လူတစ်ယောက်မဟုတ်မှန်း သူသိလိုက်သည်။ ထိုကဲ့သို့သောလူမျိုးက သူ့ကို ဘာလို့များမျက်စိကျရတာပါလိမ့်။

လုချန်ရှန်းကတော့ ဘာစကားတစ်ခွန်းမှ မဆိုချေ။ သူသည် ယဲ့ချိုးပိုင်၏အခြေအနေကို စစ်ဆေးလိုဟန်ဖြင့် သူ့နားထင်ကို လက်ညှိုးညွှန်လိုက်ပေသည်။

[သူ့ရဲ့ခန္ဓာကိုယ်ဗဟိုချက်မှာ ဓားသိုင်းချီစွမ်းအင်တွေနဲ့ပြည့်နှက်နေပြီး ကျင့်ကြံရေးအုတ်မြစ်ကတော့ ပျက်စီးနေပါတယ်။ နှစ်ခုလုံးကို ဆေးဘက်ဆိုင်ရာဆေးပြားတွေနဲ့ ကျင့်ကြံရေးနည်းဗျူဟာကိုသုံးပြီး ပြန်လည်ပြုပြင်တည်ဆောက်နိုင်ပါတယ်]

ဟမ်..စနစ်မှာ သည်လိုလုပ်ဆောင်ချက်မျိုးလည်း တကယ်ကြီးရှိနေတာလား။

"ဘယ်လိုကျင့်ကြံရေးနည်းဗျူဟာနဲ့ ဆေးပြားမျိုးလဲ"

သူ ခပ်ကျိတ်ကျိတ်မေးလိုက်သည်။

[ယဲ့ချိုးပိုင်ကို တပည့်အဖြစ်လက်ခံပြီးရင် အဲ့ဒါတွေပေးမှာပါ]

"စီနီယာ"

လုချန်ရှန်း သတိပြန်ဝင်လာပြီး အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်၏။

"မင်းကို အထွတ်အထိပ်ပြန်ရောက်အောင် ငါကူညီပေးနိုင်တဲ့အပြင် စွမ်းရည်တွေကိုပါ တိုးမြှင့်ပေးနိုင်တယ်လို့ပြောရင် မင်း ငါနဲ့လိုက်ခဲ့မှာလား"

ထိုစကားကိုလည်းကြားရော ယဲ့ချိုးပိုင်၏မျက်ဝန်းတစ်စုံဟာ ရုတ်ခြည်းတောက်ပသွား၏။

အထွတ်အထိပ်ကိုပြန်ရောက်ဖို့နဲ့ ထိုအထွတ်အထိပ်ထက်ကျော်လွန်နိုင်ဖို့က သူလိုချင်နေသောအရာမဟုတ်လား။

ထို့ပြင် စီနီယာဖြစ်သူက အလွန်အမင်းယုံကြည်မှုရှိနေပုံကိုကြည့်ပြီး ထိုသူသည် သူ့ကိုလိမ်နေခြင်းမဖြစ်တန်ရာဟု ခံစားမိလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာလည်း အဖိုးတန်ပစ္စည်းတစ်ခုတလေ ရှိနေတာလည်းမဟုတ်ပေ။

ဘာကြောင့် လက်မခံနိုင်ရမှာလဲ။

ယဲ့ချိုးပိုင် ချက်ချင်းဒူးထောက်ချလိုက်ပြီး လုချန်ရှန်းကိုအရိုအသေပြုလိုက်သည်။

"တပည့်ယဲ့ချိုးပိုင် သခင့်ကိုနှုတ်ခွန်းဆက်ပါတယ်"

လုချန်ရှန်းက ပြုံးလျက်ပြန်ပြောရှာသည်။

"ဒါက တပည့်ခံရုံလေးပဲလေ။ ဘာလို့ အရိုအသေပေးနေရတာလဲ"

ယဲ့ချိုးပိုင်က လေးနက်သောအမူအရာဖြင့်ပြော၏။

"တစ်ရက်တာ ဆရာဖြစ်ဖူးရင် တစ်ဘဝစာဖခင်လိုပါပဲ။ ကျွန်တော်အရိုအသေပေးတာ သဘာဝကျပါတယ်"

ထိုစကားကိုကြားသော် လုချန်ရှန်းခမျာ ကျေနပ်အားရမှုအပြည့်ဖြင့် ခေါင်းမညိတ်ပြဘဲမနေနိုင်ချေ။

သူ့စွမ်းရည်က သိပ်မဆိုးလှပေ။ ထို့ပြင် သူ၏စိတ်နေစိတ်ထားကလည်း ကောင်းမွန်သည်။ သည်လိုတပည့်မျိုးကိုလက်ခံရခြင်းက ဆိုးတော့မဆိုးလှပါ။

[တပည့်လက်ခံမှုစစ်ဆင်ရေး အောင်မြင်သွားတဲ့အတွက် လက်ဆောင်အိတ်တစ်ခု ချီးမြှင့်ပါတယ်]

[ထိပ်တန်းအဆင့် အဖိုးတန်လက်နက် - စိမ်းမြမြတိမ်စိုင်ဓားရှည်]

[အာဒိကပ္ပဓားသိုင်းကျမ်း]

[ဖန်တီးရေးဆေးပြား]

[တစ်ချိန်တည်းမှာ တပည့်တပန်းပျိုးထောင်မှုစစ်ဆင်ရေး အသက်ဝင်လာပါပြီ]

စနစ်ထံမှစကားများကိုကြားလိုက်ရပြီးနောက် လုချန်ရှန်း တစ်ကိုယ်တည်းခေါင်းတညိတ်ညိတ်လုပ်နေလေသည်။ ယဲ့ချိုးပိုင်ကိုကြည့်ရင်း သူ ပြောလိုက်သည်။

"ကောင်းပြီ။ ဒီလိုဆိုရင် ငါ့နောက်ကလိုက်ခဲ့"

…

ဓားပျံပေါ်ကိုရောက်တော့ ယဲ့ချိုးပိုင်က မေးခွန်းထုတ်လေတော့သည်။

"ဆရာ ကျွန်တော်တို့ဘယ်သွားနေတာလဲ"

"လျှို့ဝှက်တာအိုကျောင်းတော်ကိုလေ"

လျှို့ဝှက်တာအိုကျောင်းတော်တဲ့လား။

ယဲ့ချိုးပိုင်ခမျာ အံ့သြထိတ်လန့်သွားရလေတော့သည်။

လျှို့ဝှက်တာအိုကျောင်းတော်က ထျန်းယွမ်မြို့တော်ထဲမှာ မရှိသော်ငြား တောင်ပိုင်းနယ်မြေတစ်ဝှမ်းကလူတိုင်း လျှို့ဝှက်တာအိုကျောင်းတော်အကြောင်းကို မသိသူမရှိပေ။

ထိုကျောင်းတော်သည် တောင်ပိုင်းနယ်မြေထဲမှာ တိုင်းသိပြည်သိအသိအမှတ်ပြုခံထားရသော တာအိုကျင့်ကြံရေးပညာသင်ကျောင်းတစ်ခုပင်။

"ဆရာက လျှို့ဝှက်တာအိုကျောင်းတော်ရဲ့အကြီးအကဲတစ်ယောက်ပေါ့"

လုချန်ရှန်း သူ့ခေါင်းကိုခါယမ်းပြပြီး ပြောလိုက်သည်။

"ငါတို့အဖွဲ့က ကျောင်းတော်ကြီးနဲ့သက်ဆိုင်မှုရှိပေမဲ့ ကျောင်းတော်ရဲ့အာဏာအောက်မှာမရှိဘူး။ အဲ့ဒါကို စံအိမ်တော်လို့ခေါ်တယ်။ မင်းကြားဖူးလားတော့ ငါမသိဘူး"

ယဲ့ချိုးပိုင်ကလည်း ခေါင်းခါပြလေသည်။

စံအိမ်တော်သည် ကမ္ဘာမြေကိုတုန်လှုပ်စေလောက်သောအရာမျိုး တစ်ခုမှမလုပ်ထားဖူးသည့်အတွကိ မသိတာလည်း ပုံမှန်ပင်။ တကယ်တမ်းတော့ လုချန်ရှန်း စံအိမ်တော်ကိုတာဝန်ယူရစဉ်ကတည်းက တပည့် လုံးဝလက်မခံခဲ့ပေ။

ယဲ့ချိုးပိုင်လည်း သူ့ဆရာ၏ခွန်အားအဆင့် ဘယ်လောက်ရှိသလဲဆိုတာကို မေးကြည့်ချင်သော်ငြား အများကြီးမေးခွန်းထုတ်တာ သိပ်မကောင်းလှဟု တွေးမိသောကြောင့် သူ၏သိချင်စိတ်ကို မျိုသိပ်ထားလိုက်ရသည်။

…

လျှို့ဝှက်တာအိုကျောင်းတော်ကတော့ တပည့်ရွေးချယ်ပွဲ ကျင်းပနေကြဆဲပင်။

သို့သော် အများစုကိုတော့ ရွေးချယ်ပြီးစီးပြီဖြစ်၏။ ကျန်လူများကတော့ အပြင်စည်းတပည့်များ ဖြစ်လာမည်ပင်။

သို့သော် အကြီးအကဲများရှေ့မှာ ခေါင်းမာနေသော အနီရောင်ဝတ်စုံနှင့်အမျိုးသမီးတစ်ယောက်လည်း ရှိနေ၏။

"ကျွန်မ စံအိမ်တော်မှာပဲတပည့်ခံချင်တယ်"

ဤစကားမှာ သူမ တစ်ချိန်လုံးပြောနေသည့်စကားပင်။

ထို့နောက် သူမက နေရာမှ အေးစက်စက်အမူအရာဖြင့် မတ်တတ်ထရပ်လိုက်သည်။ ထို့ပြင် သူမသည် ဤတစ်သုတ်အတွက် အတော်ဆုံးကျောင်းသူဖြစ်နေသည်။ မဟုတ်။ လွန်ခဲ့သည့်နှစ်ပေါင်းအနည်းငယ်အတွင်း မရှိခဲ့ဖူးသော အထူးချွန်ဆုံးကျောင်းသူပင်ဖြစ်ချေတော့သည်။

ထိုအရာကြောင့် အကြီးအကဲများမှာ ကူကယ်ရာမဲ့နေချေသည်။

သူမက သူတို့၏တပည့်မဖြစ်ချင်ပေ။ သူတို့အနေနှင့်လည်း သူမကို ဖိအားပေးလို့မရချေ။

ထိုအခိုက်မှာပင် ဓားပျံစီးနင်းလာသည့် ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။

"အိုး.. ကျောင်းသားသစ်လက်ခံပွဲက မပြီးသေးဘူးလား"

အကြီးအကဲများက ဓားပျံပေါ်ကလူကို စိတ်ရှုပ်ထွေးနေဟန်အမူအရာဖြင့် ကြည့်လိုက်သည်။

လုချန်ရှန်းကတော့ ကြက်သေသေသွားပြီး ပြောလိုက်၏။

"ကျွန်တော့်မျက်နှာပေါ်မှာ ဘာများရှိနေလို့လဲ"

အကြီးအကဲတစ်ယောက်က ကွင်းပြင်ပေါ်မှာရပ်နေသောအမျိုးသမီးကို လက်ညှိုးထိုးပြပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောပြလိုက်သည်။

"လုချန်ရှန်း သူက စံအိမ်တော်မှာ တပည့်ခံချင်လို့တဲ့"

သူမကလား။

တံခါးနားမှာရှိသော မိန်ကလေးကို သူ တစ်ချက်ကြည့်လိုက်သည်။

"ကျွန်မ စံအိမ်တော်မှာတပည့်ခံချင်တယ်"

သူမက ထိုအကြောင်းကို နောက်တစ်ခေါက်ထပ်ပြောပြန်၏။

သို့သော် လုချန်ရှန်းကတော့ အပြုံးလေးဖြင့် ငြင်းလိုက်သည်။

"တခြားအကြီးအကဲတွေဆီမှာပဲ တပည့်ခံလိုက်ပါ။ ငါက တပည့်လက်မခံဘူး"

ထိုသို့ပြောပြီး ယဲ့ချိုးပိုင်ကိုခေါ်ကာ ကျောင်းတော်ထဲသို့ဝင်သွားလိုက်သည်။

"ဘာလို့လဲ"

မိန်းကလေးက မခံမရပ်နိုင်ဖြစ်သွားလေသည်။ သူမ၏မျိုးနွယ်စုက သူမကို စံအိမ်တော်မှာ တပည့်ခံစေချင်ကြသည်။ သူတို့က သူမ လျှို့ဝှက်တာအိုကျောင်းတော်ကိုမသွားခင်မှာ စံအိမ်တော်၏သမိုင်းကြောင်းကိုလည်း ရှင်းပြလိုက်သေးသည်။

လုချန်ရှန်း ခဏမျှတွေးဆဆင်ခြင်ပြီးနောက် ပြန်ပြောလိုက်သည်။

"ငါက အရမ်းပျင်းတာ။ ငါက ငြိမ်းငြိမ်းချမ်းချမ်းနဲ့တိတ်တိတ်ဆိတ်ဆိတ်ပဲ နေချင်တာ။ ဒါကြောင့် တပည့်တွေကို ငါလမ်းမှားရောက်အောင်လုပ်မိမှာစိုးတယ်"

နံဘေးရှိအကြီးအကဲတစ်ယောက်က ယဲ့ချိုးပိုင်ကိုသတိထားမိသွားပြီး မေးလေသည်။

"ချန်ရှန်း ဒါက ဘယ်သူလဲ"

"ကျွန်တော့်တပည့်လေ"

ထို့နောက် ယဲ့ချိုးပိုင်ကို သူ ကျောင်းတော်ထဲသို့ ခေါ်သွားလေတော့သည်။

"…"

အခုလေးတင် မင်းက ပျင်းလည်းပျင်းတယ်၊ ငြိမ်းငြိမ်းချမ်းချမ်းတိတ်တိတ်ဆိတ်ဆိတ်ပဲနေချင်လို့ တပည့်တွေကို လမ်းမှားရောက်အောင်လုပ်မိမှာစိုးတယ်လို့ ပြောနေတာမဟုတ်ဘူးလား။

မင်းပဲ တပည့်လက်မခံဘူးဆို။

အကြီးအကဲများက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ခါးသက်သက်ပြုံးလိုက်မိကြသည်။ သူတို့ခမျာ မိန်းကလေးကိုကြည့်ပြီး စကားစလိုက်၏။

"ရှင်းဟုန်ယီ.. မင်း ဘာလို့ တခြားအကြီးအကဲကိုမရွေးရတာလဲ"

ရှင်းဟုန်ယီက ခေါင်းကိုခါယမ်းပြပြီး အရိုအသေပြုဟန်ပြလိုက်သည်။

"စံအိမ်တော်မှာ တပည့်ခံလို့မရမှတော့ ကျွန်မ ကိုယ့်ဘာသာပဲကျင့်ကြံပါတော့မယ်"

သူမလို မိသားစုနောက်ခံမျိုးရှိသည့် လူတစ်ယောက်အနေနှင့် အကြီးအကဲတစ်ယောက်ဆီက သင်ကြားပြသမှုကို မလိုအပ်ချေ။

ရှင်းဟုန်ယီလည်း လုချန်ရှန်းထွက်သွားရာလမ်းကြောင်းကို ကြည့်လိုက်ပြီး ခပ်တိုးတိုးစကားဆိုလိုက်၏။

"ကျွန်မဘာသာပဲ တိုးတက်အောင်လုပ်မှာပါ"

ရှင်းဟုန်ယီသည် လုချန်ရှန်း သူမကို လက်မခံရသည့်အကြောင်းအရင်းက သူမ၏စွမ်းရည်နှင့် ခွန်အားကို သူသဘောမကျသောကြောင့်ဟု ထင်နေချေသည်။ သူက တကယ်ပျင်းလွန်းတာကိုတော့ သူမ မသိရှာပေ။

ယဲ့ချိုးပိုင်ကို လက်ခံလိုက်တာကလည်း စနစ်ထံမှစစ်ဆင်ရေးရှိနေသည့်အတွက်သာဖြစ်ပေသည်။

All Chapters