ကြယ်အမှတ်ပညာရပ်
Vol. 81 Ch. 1125
ဝမ်ပေါင်လဲ့မှာ မီးတောက်ခေါင်းဆောင်ကြီး တွေးနေသည့်အရာများကို အတိအကျမသိပေ။ သို့သော် သူသည် မီးတောက်ခေါင်းဆောင်ကြီးကဲ့သို့ သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းအား သံသယဝင်နေခြင်း လုံးဝမရှိပေ။ ဝမ်ပေါင်လဲ့အတွက်မူ ကမ္ဘာဂြိုဟ်ပြည်ထောင်စုကြီးထဲရှိ သူ၏ မိတ်ဆွေများနှင့် အကြီးအကဲများမှလွဲ၍ ဤ အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးထဲ၌ သူ အယုံကြည်ရဆုံး လူနှစ်ယောက်မှာ သူ၏ ဆရာဖြစ်သူ မီးတောက်ခေါင်းဆောင်ကြီးနှင့် သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းတို့သာ ဖြစ်ပေသည်။
" ငါ့ကို တစ်ချိန်လုံး ဂရုစိုက်ပြီး ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးကိုမှ မယုံရင် တခြား ဘယ်သူ့ကိုယုံရမှာလဲ " ဝမ်ပေါင်လဲ့မှာ မီးတောက်ခေါင်းဆောင်ကြီး၏ ခန်းမထဲမှ ထွက်ခွာလာပြီးနောက် ထိုသို့တွေးကာ ပြုံးလိုက်၏။
သူသည် မီးတောက်ခေါင်းဆောင်ကြီးအား လိမ်လည်လှည့်ဖျားခဲ့ခြင်းမရှိဘဲ အမှန်အတိုင်း ပြောခဲ့ခြင်းသာ ဖြစ်သည်။ သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီး ထိုကိစ္စနှင့် ပတ်သတ်၍ သူ့ဆီသို့ တိတ်တဆိတ် လှမ်း၍ အကြောင်းကြားခဲ့သည်ဟု အမှန်တကယ် ခံစားခဲ့ရခြင်းဖြစ်၏။ ထို့အပြင် သူသည် အတွေးလွန်နေခြင်း လည်းမဟုတ်ပေ။ အကယ်၍ ထိုကဲ့သို့ အတွေးလွန်နေလျှင်တောင် သူ၏ ဂိုဏ်းတူအစ်ကိုကြီးနှင့် လခြမ်းဧကရာဇ်ကြီးတို့၏ တိုက်ပွဲကြီး ဖြစ်ပွားနေသည့်နေရာသို့ မဖြစ်မနေ သွားရမည်သာဖြစ်သည်။
" အချိန်သိပ်မကျန်တော့ဘူး။ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အမြန်ဆုံး မြှင့်တင်ဖို့လိုတယ်... " ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီး မျက်ဝန်းများ အရောင်လက်သွား၏။ မီးတောက်ခေါင်းဆောင်ကြီးမှာ သူ့အား သွေးနီရောင်ကင်းခြေများကြီးအကြောင်း၊ သူ၏ အတိတ်ဘဝအကြောင်းနှင့် ကမ္ဘာကြီး၏ အမှန်တရားအကြောင်းတို့ကို မေးမြန်းခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း ထိုအကြောင်းများနှင့် ပတ်သတ်၍ စကားမစခဲ့ပေ။
အချို့သောအရာများကို... မသိထားခြင်းသာ အကောင်းဆုံးဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ သူ့ကြောင့် မီးတောက်ကြယ်စင်စုထဲ၌ အခြား ကပ်ဘေးများနှင့် ပြောင်းလဲမှုများပေါ်ပေါက်လာမည်ကို မလိုလားပေ။
" ဆရာက အခုတင် တော်တော် သနားဖို့ကောင်းနေပါပြီ။ ငါ့ကြောင့် စိတ်ဒဏ်ရာတွေ ထပ်ရလို့ မဖြစ်ဘူး... " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးကာ အသက်ပြင်းပြင်း ရှူလိုက်၏။ ထို့နောက် သူသည် သူ၏ နေအိမ်ဆီသို့ ပြန်သွားခြင်းမရှိဘဲ နတ်နွားကြီးဆီသို့သာ သွားလိုက်သည်။
သူ၏ ကြယ်အချုပ်အနှောင်ပညာရပ်အား ပြီးပြည့်စုံအောင် လုပ်လိုပါက နတ်နွားကြီးအား ထပ်၍ အကဲခတ်လေ့လာကြည့်ရှုရန် လိုအပ်ပေသည်။
ဝမ်ပေါင်လဲ့ ရောက်လာသောအခါ နတ်နွားကြီးမှာ တစ်ခဏမျှ မျက်လုံးများ ပွင့်လာပြီး သူ့အား ကြည့်လိုက်၏။ ထို့နောက် သူသည် မျက်လုံးများပြန်မှိတ်သွားပြီး ဝမ်ပေါင်လဲ့အား အကဲခတ်လေ့လာကြည့်ရှုခွင့် ပေးလိုက်သည်။ နောက်တစ်ရက် ဝမ်ပေါင်လဲ့တစ်ယောက် ဉာဏ်အလင်းပွင့်ကာ ထွက်ခွာသွားသောအခါမှ နတ်နွားကြီးမှာ မျက်လုံးများ ပြန်ပွင့်လာပြီး ဝမ်ပေါင်လဲ့ ထွက်ခွာသွားသည့်ဘက်သို့ လှမ်းကြည့်လိုက်၏။
" ဒီကောင်လေး ကံကြမ္မာဂြိုဟ်ပေါ်မှာ ဘာတွေကိုများ မြင်ခဲ့ရတာပါလိမ့်... သူ့ရဲ့ ပုံစံကတော့ ပုံမှန်ပါပဲ.... အဲတာကို ဘာလို့ သူက အခုလို အလောတကြီး ဖြစ်နေတာလဲ "
နတ်နွားကြီး အတွေးများထဲ၌ နစ်မျောနေစဉ် ဝမ်ပေါင်လဲ့မှာ သူ၏ နေအိမ်သို့ ပြန်ရောက်သွား၏။
ဝမ်ပေါင်လဲ့မှာ ပြန်ရောက်လာသည်နှင့် ချက်ချင်း တင်ပျဉ်ခွေထိုင်ချကာ အသက်ရှူလေ့ကျင့်ခန်းများကို စတင်လိုက်သည်။ သူ၏ အသက်စွမ်းအား၊ စွမ်းအင်နှင့် ဝိညာဉ်များ အားပြန်ပြည့်သွားသောအခါမှ သူသည် မျက်လုံးများပြန်ပွင့်လာပြီး စဉ်းစားတွေးတောလိုက်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ထာဝရကြယ်အဆင့်သို့ ဖောက်ထွက်သွားပြီ ဖြစ်သည်။ ထို့အပြင် သူသည် ချုံးရိကျစ်နှင့် တိုက်ခိုက်ခဲ့ပြီးနောက် သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအား အဆင့်အတန်းအား ခန့်မှန်းနိုင်ခဲ့၏။
" အခု ငါ အစွမ်းကုန်ထုတ်လိုက်မယ်ဆိုရင် နှောင်းပိုင်းအဆင့်မှာရှိတဲ့ မြေကြီးထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ဖိနှိပ်ချုပ်တည်းနိုင်စွမ်း ရှိနေပြီ။ အဲတာမလို့ ငါက ထိပ်သီးအဆင့် မြေကြီးထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ လက်ရည်တူနေလောက်တယ်။ အဆုံးမဲ့တော်ဝင်မိသားစုပဲ ပိုင်တဲ့ ကောင်းကင်ထာဝရကြယ်အမျိုးအစားကို ပိုင်ဆိုင်ထားတဲ့ ပြိုင်ဘက်တွေဆိုရင်တော့.... ငါ ထိပ်သီးအဆင့် ကျင့်ကြံသူတွေကို ယှဉ်နိုင်ဦးမှာ မဟုတ်ဘူး။ အများဆုံး နှောင်းပိုင်းထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ပဲ ယှဉ်နိုင်ဦးမှာ "
ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် ခေါင်းငုံ့ကာ သူ၏ ခန္ဓာကိုယ်အား ကြည့်လိုက်၏။ ထို့နောက် သူသည် မျက်လုံးများ မှေးသွားသည်။
"ဒါပေမဲ့ မြေကြီးအဆင့် အောက်မှာရှိနေတဲ့ ထာဝရကြယ်အဆင့် ကျင့်ကြံသူတွေ အကုန်လုံးကိုတော့ ငါ အလွယ်တကူ အနိုင်ယူနိုင်မှာ သေချာတယ် "
" အခု ဂိုဏ်းတူအစ်ကိုကြီးနဲ့ လခြမ်းဧကရာဇ်ကြီး တိုက်ခိုက်နေတဲ့ နေရာဆီ သွားရမယ်။ အဲဒီနေရာမှာ အဆုံးမဲ့တာအိုနယ်မြေထဲက အင်အားကြီးအဖွဲ့အစည်းတွေရဲ့ ပါရမီရှင်တွေ အများကြီးရှိနေမှာ... " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် လက်ရှိတွင် သူအသုံးပြုနိုင်သည့် ဝှက်ဖဲများအကြောင်း စဉ်းစားလိုက်သည်။
တာအိုဂါထာတော်အား သေရေးရှင်ရေး အခိုက်အတန့်များတွင် အသုံးပြုရန် လိုအပ်နေဆဲပင်။ ၎င်းအပြင် နတ်နွားကြယ်မြေပုံကြီးလည်း ရှိသေးသည်။ ဝမ်ပေါင်လဲ့မှာ ၎င်းအား ယခုအထိ အသုံးမပြုရသေးပါသော်လည်း ထို ကြယ်မြေပုံကြီး ပြောင်းလဲသွားရာမှ ပေါ်ပေါက်လာမည့် နတ်နွားကြီးကိုသာ အသုံးပြု၍ တိုက်ခိုက်လိုက်မည်ဆိုပါက ၎င်း၏ စွမ်းအားများမှာ အံ့သြမှင်တက်ဖွယ်ရာ ကောင်းနေလိမ့်မည်ဟု ယုံကြည်နေသည်။
" အတိတ်ဘဝငါးခုရဲ့ ပုံရိပ်တွေအပြင်.. တိမ်လွှာလက်ချောင်းနဲ့ နတ်ဆိုးမျက်လုံးပညာရပ်လည်း ကျန်သေးတယ် "
" ပြီးတော့ အမှောင်မီးတောက်လည်း ရှိသေးတယ်... ငါ အခုသွားမယ့် စစ်မြေပြင်ကြီးထဲမှာ အဲဒီ မီးတောက်က တော်တော်လေးကို အသုံးဝင်လောက်တယ် "
" နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကိုတော့... ပြန်ပြီးတော့ သန့်စင်ဖို့ လိုဦးမယ် " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် သူ၏ သိုလှောင်အိတ်ကိုဖွင့်ကာ သူ၏ ဓမ္မလက်နက်များအား ကြည့်ရှုစစ်ဆေးလိုက်၏။
" ငါ အမှောင်အဆောင်ပစ္စည်းတွေကို လက်လွတ်စပယ် ထုတ်သုံးလို့ မဖြစ်ဘူး... ပြီးတော့ သာမန် ဓမ္မရတနာတစ်ခုလ်ို အသုံးပြုလို့ရတဲ့ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာရဲ့ နတ်ဘုရားလက်နက်လည်း ရှိသေးတယ်။ ပြီးရင် ကြယ်စင်စုလေးလည်း ရှိသေးတယ်... တခြား ပစ္စည်းတွေကိုတော့... တိုက်ပွဲထဲမှာ ဖောက်ခွဲပစ်လို့ရပါတယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးတောနေရင်း သူ၏ ညာဘက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်ပြီး လေးတစ်ခုအား ထုတ်ယူလိုက်၏။ သူသည် ၎င်းအား အသာအယာ ပွတ်သတ်လိုက်ပြီးနောက် ပြန်လည်သိမ်းဆည်းလိုက်သည်။
" ဆုတောင်းပြည့်ပုလင်းလည်း ရှိသေးတယ်... အဲဒီပုလင်းကတော့ တော်တော်ကို ထူးဆန်းတာ " ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းမိလိုက်၏။ နောက်ဆုံးတွင် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဓားအိမ်လေးအား လှမ်းကြည့်လိုက်သည်။
ထို ဓားအိမ်လေးအား သူ၏ ခန္ဓာကိုယ်ထဲ၌ အားဖြည့်ပေးထားခဲ့သည်မှာ အချိန်အတော်အတန် ကြာမြင့်နေပြီဖြစ်သည်။ ယခုတွင် ၎င်း၏ ပုံစံမှာ တမူထူးခြားနေခြင်းမရှိပါသော်လည်း ၎င်းအား ထုတ်ယူလိုက်သည်နှင့် ၎င်းထဲ၌ ကိန်းအောင်းနေသည့် စွမ်းအားများမှာ အရာအားလုံးကို ဖြတ်တောက်နိုင်စွမ်း ရှိနေလိမ့်မည်ဟု ဝမ်ပေါင်လဲ့က ယုံကြည်နေသည်။
" အခုလောလောဆယ် ဒီ လက်နက်ပစ္စည်းတွေထက် ပိုပြီးတော့ အရေးကြီးတဲ့အချက်က ... ထာဝရကြယ်အဆင့် ကျင့်ကြံခြင်းပညာရပ်တစ်ခု ရှာဖို့ဘဲ " ဝမ်ပေါင်လဲ့မှာ သူ၏ အသိစိတ်အား ဓားအိမ်လေးဆီမှ ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် အတွေးများထဲ၌ နစ်မျောသွားပြန်သည်။ တစ်အောင့်ခန့်အကြာတွင် သူသည် မမလေးအား လှမ်းခေါ်လိုက်၏။ သို့သော် သူမသည် စကားတစ်ခွန်းမှ ပြန်ပြောခဲ့ခြင်း မရှိသောကြောင့် အိပ်မောကျနေသည့်ပုံပင်။
" ထားလိုက်ပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ငါတစ်ယောက်တည်း ဆုံးဖြတ်နိုင်ပါတယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီး မျက်ဝန်းများ အရောင်လက်သွား၏။ သူ့ဆီတွင် ထာဝရကြယ်အဆင့် ကျင့်ကြံခြင်းပညာရပ်နှစ်ခု ရှိထားပြီးသားဖြစ်ရာ သူသည် ထိုပညာရပ်များကို အထူးတလည် လိုက်ရှာနေစရာ မလိုတော့ပေ။
ပထမပညာရပ်မှာ မီးတောက်ခေါင်းဆောင်ကြီး သူ့အား ပေးထားသည့် မီးတောက်ဝိညာဉ်ပညာရပ် ဖြစ်ပေသည်။
ထိုပညာရပ်မှာ ကျိန်စာတစ်ခုလည်းဖြစ်သလို ထာဝရကြယ်အဆင့် ကျင့်ကြံခြင်းပညာရပ်တစ်ခုလည်း ဖြစ်၏။ အကယ်၍ ထို ပညာရပ်အတိုင်း လေ့ကျင့်မည်ဆိုပါက ကြယ်နယ်မြေအဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်ပြီး ပို၍ပင် အံ့သြမှင်တက်ဖွယ်ရာကောင်းသည့် စွမ်းအားများကို ပိုင်ဆိုင်သွားမည်ဖြစ်သည်။
သို့သော် ထိုပညာရပ်အား တိုးတက်လာအောင်လုပ်နိုင်ရန် အသက်စွမ်းအားများနှင့် အာဃာတများကို မရှိမဖြစ် လိုအပ်ပေသည်။ မိမိ၏ အတိတ်ဘဝများထဲမှ အသက်စွမ်းအားများနှင့် အာဃာတများကိုမူ အခြေခံအုတ်မြစ်အဖြစ်သာ အသုံးပြုနိုင်ပေသည်။ သို့ဖြစ်ရာ ၎င်းအား တိုးတက်လာအောင် လုပ်လိုပါက အထက်ပါ လိုအပ်ချက်များဖြင့် ပြီးပြည့်စုံနေရန် လိုအပ်သည်။
ဒုတိယပညာရပ်မှာမူ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ဝမ်ပေါင်လဲ့ မက်ခဲ့သည့် အမှောင်အိပ်မက်ထဲမှ ပညာရပ်ဖြစ်ပေသည်။ အမှောင်ဂိုဏ်းထဲရှိ ရှေးဟောင်းမှတ်တမ်းများထဲတွင် သူသည် အမှောင်ပညာရပ်တစ်ခုအား ရှာတွေ့ခဲ့၏။
ထို ပညာရပ်အား ကြယ်အမှတ်ပညာရပ်ဟု ခေါ်ပေသည်။
၎င်းမှာ အမှောင်ဂိုဏ်း၏ ထာဝရကြယ်အဆင့် ကျင့်ကြံခြင်းပညာရပ်များထဲ၌ လူသိနည်းသော ပညာရပ်တစ်ခုဖြစ်၏။ ၎င်းအား တားမြစ်ပညာရပ်တစ်ခုဟုပင် သတ်မှတ်ထားသည်။ မည်သူကမှလည်း ထို ပညာရပ်အား အဓိကထား၍ လေ့ကျင့်ရန် အကြံမပေးကြပေ။ အမှောင်ဂိုဏ်းသားများမှာ သူတို့ လေ့ကျင့်ထားကြသည့် ပညာရပ်များကို တိုးတက်လာအောင် လုပ်နိုင်ရန်အတွက်သာ ထိုပညာရပ်အား အနည်းငယ်မျှ လေ့လာ၍ နားလည်အောင် လုပ်ကြ၏။
အဘယ်ကြောင့်ဆိုသော် ထို ကြယ်အမှတ်ပညာရပ်မှာ အလွန်အင်မတန်မှ ကြောက်စရာကောင်းသောကြောင့်ပင်။ ၎င်းအား လေ့ကျင့်လိုက်သည်နှင့် သိပ်မကြာခင်တွင် ကပ်ဘေးအန္တရာယ်ကြီးတစ်ခုနှင့် ကြုံလိုက်ရမည်သာဖြစ်သည်။ ထိုပညာရပ်မှာ အားကောင်းလွန်းလှသောကြောင့် ၎င်းအား ကျင့်ကြံထားသည့် ကျင့်ကြံသူမှာ မိုးကောင်းကင်တာအို၏ ငြင်းဆန်ခြင်းကို ခံလိုက်ရမည်ဖြစ်သလို ကြယ်တာရာများ၏ ဖိနှိပ်ချုပ်တည်းခြင်းကိုလည်း ခံလိုက်ရမည် ဖြစ်သည်။ ထို ဖိနှိပ်ချုပ်တည်းမှုအောက်တွင် မိမိ၏ အခြေခံအုတ်မြစ်မှာလည်း ပျက်စီးပျောက်ကွယ်သွားမည်ဖြစ်သည်။
ထိုသို့ ဖြစ်နေရခြင်းမှာ ထိုပညာရပ်သည် မည်သည့် ကြယ်ကိုမဆို မိမိ၏ ကိုယ်ပိုင် ကြယ်အဖြစ် သတ်မှတ်နိုင်စွမ်း ရှိနေသောကြောင့်ပင်။ ထိုကဲ့သို့ သတ်မှတ်ပြီးသွားသည်နှင့် သတ်မှတ်ခံလိုက်ရသည့် ကြယ်မှာ ပုတီးစေ့တစ်လုံးအဖြစ် ပြောင်းလဲသွားကာ ကျင့်ကြံသူ၏ အသိစိတ်နှင့် တစ်သားတည်း ပေါင်းစည်းသွားပြီးလျှင် ထို ကျင့်ကြံသူ၏ ကိုယ်ပိုင် ကြယ်အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။
ထို ထာဝရကြယ်ပေါ်၌ သက်ရှိများ ရှိရှိ မရှိရှိ၊ အခြားသူများ ၎င်းအား သန့်စင်ထားခြင်း ရှိရှိ မရှိရှိ အရေးမကြီးပေ။ ထို ပညာရပ်အား အသုံးပြု၍ မိမိ၏ ကိုယ်ပိုင် ဂြိုဟ်များနှင့် ထာဝရကြယ်များကိုပင်လျှင် စကြဝဠာကြီးဆီမှ လုယူနိုင်စွမ်း ရှိနေမည်ဖြစ်သည်။
ထိုအချက်များကြောင့်လည်း ကြယ်အမှတ်ပညာရပ်အား တားမြစ်ပညာရပ်တစ်ခုအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
အဆုံးမဲ့တာအိုနယ်မြေ တစ်ခုလုံးထဲတွင် စွမ်းအင်တည်မြဲမှုနိယာမတစ်ခု ရှိနေသည်မဟုတ်ပါလော။ ရှင်သန်မွေးဖွားခြင်းနှင့် သေဆုံးခြင်းများ အားလုံးမှာလည်း ဤ တာအိုနယ်မြေထဲတွင်သာ ဖြစ်ပျက်နေမည် ဖြစ်သည်။ သို့ဖြစ်ရာ ထိုဖြစ်စဉ်များ အားလုံးမှာ မျှခြေအနေအထားတွင်သာ ရှိနေမည် ဖြစ်သည်။ အဆုံးမရှိလောက်အောင် ထပ်တလဲလဲ ပြန်လည်မွေးဖွားလာကြမည့် လူများ ရှိနေလျှင်တောင် သူတို့ ထိန်းချုပ်ပိုင်ဆိုင်ထားသည့် အရာများအားလုံးမှာ တာအိုနယ်မြေနှင့်သာ ပတ်သတ်ဆက်နွှယ်နေမည် ဖြစ်သည်။
သို့ဖြစ်ရာ ကျင့်ကြံသူများ ပိုင်ဆိုင်ထားသည့်အရာမှာ သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် အရာများအား အသုံးပြုခွင့်သာ ဖြစ်သည်ဟု အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်ပေသည်။ မိုးကောင်းကင်တာအိုမှာမူ အသိစိတ် အစုအဖွဲ့ကြီးတစ်ခုဖြင့် ဖန်တီးထားသည့် စည်းမျဉ်းဥပဒေသတစ်ခု ဖြစ်သည်။ ထို့ကြောင့် အဆုံးမဲ့မျိုးနွယ်စု၏ လုပ်ရပ်များမှာ တရားဝင်နေခြင်း ဖြစ်၏။
" မိုးကောင်းကင်တာအိုဆိုတာ စည်းမျဉ်းဥပဒေသတစ်ခုလိုမျိုးပဲ။ အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအိုက အရင်မျိုးဆက်ရဲ့ စည်းမျဉ်းဥပဒေသဖြစ်ပြီးတော့ အဆုံးမဲ့မျိုးနွယ်စုရဲ့ မိုးကောင်းကင်တာအိုက လက်ရှိမျိုးဆက်ရဲ့ စည်းမျဥ်းဥပဒေသဖြစ်နေတာ... " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ မှေးသွား၏။ သူသည် ကြယ်အမှတ်ပညာရပ်မှာ မိုးကောင်းကင်တာအိုအား ဖီဆန်သည့် ပညာရပ်အဖြစ် သတ်မှတ်၍ရကြောင်း နားလည်ထားသည်။ ထိုပညာရပ်ဖြင့် သန့်စင်ခံလိုက်ရသည့် ကြယ်များကို အသုံးပြုနိုင်ရုံတင်သာမက အပြည့်အဝ ထိန်းချုပ်ပိုင်ဆိုင်နိုင်စွမ်းပါ ရှိသွားမည်ဖြစ်သည်။
သို့ဖြစ်ရာ ထိုပညာရပ်မှာ လုယက်ခြင်းနှင့် ဆင်တူနေသဖြင့် ကပ်ဘေးအန္တရာယ်များ ပေါ်ပေါက်လာနိုင်ပေသည်။ ထို့အပြင် မိုးကောင်းကင်တာအို၏ ငြင်းဆန်ခြင်းကို ခံလိုက်ရမည်ဆိုပါက မိမိနှင့် ပတ်သတ်သမျှ အရာအားလုံးမှာ ပျောက်ကွယ်သွားမည်ဖြစ်သည်။ ထိုသို့ ပျောက်ကွယ်သွားခြင်းမှာ ခန္ဓာနှင့်ဝိညာဉ် နှစ်ခုစလုံး ဇီဝိန်ချုပ်သွားခြင်းနှင့် ဆင်တူပေသည်။
သို့သော် ထိုပညာရပ်၏ အားသာချက်မှာ... ၎င်း၏ အမြန်နှုန်း ဖြစ်ပေသည်။
ကျင့်ကြံခြင်းအဆင့် တိုးတက်မှုနှုန်းနှင့် တိုက်ရည်ခိုက်ရည်စွမ်းအား တိုးတက်မှုနှုန်းမှာ မယုံကြည်နိုင်လောက်အောင် မြန်ဆန်နေမည်ဖြစ်သည်။ အကယ်၍ ဝမ်ပေါင်လဲ့မှာ သူ၏ အတိတ်ဘဝများကို နားလည်ထားခြင်းမရှိပါက ထိုပညာရပ်အား ရွေးချယ်မည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ သူသည် သူ့ဆီ၌ အချိန်အလုံအလောက် မရှိတော့သည့်အလား ခံစားနေရ၏။ သူသည် သူ့ကိုယ်သူ အမြန်ဆုံးနည်းဖြင့် အစွမ်းထက်လာအောင်လုပ်ရန် လိုအပ်နေပြီဖြစ်သည်။ ထို့အပြင် သူသည် သူ၏ အတိတ်ဘဝများကို နားလည်သွားခဲ့ပြီးနောက် ဤ ပညာရပ်မှာ သူ့အတွက် သင့်တော်မှုအရှိဆုံး ဖြစ်နေလိမ့်မည်ဟု ခံစားနေရ၏။
" ခန္ဓာနဲ့ဝိညာဉ် ဇီဝိန်ချုပ်ပြီး ဒီကမ္ဘာကြီးထဲက နေလုံးဝပျောက်ကွယ်သွားမှာ... ဒါပေမဲ့ ငါ့ရဲ့ မူလဇာစ်မြစ်အစစ်က အနက်ရောင် သစ်သားပျဥ်ပြားလေးတစ်ချောင်းလေ။ အဆုံးမဲ့တာအိုနယ်မြေက ငါ့ကို အပြီးတိုင် ဖျက်ဆီးနိုင်ပါ့မလား။ ငါ့ရဲ့ စိတ်ဆန္ဒကို ဖျက်ဆီးနိုင်ဖို့ကတော့ ခက်မှာမဟုတ်ဘူး။ ဒါပေမဲ့ ငါ အမြန်ဆုံးနည်းနဲ့ အစွမ်းထက်လာအောင် မလုပ်နိုင်ဘူးဆိုရင် ငါ့ရဲ့ စိတ်ဆန္ဒ အဆုံးမဲ့တာအိုနယ်မြေကြောင့် ပျက်စီးမသွားခင် သွေးနီရောင် ကင်းခြေများကြီးက ငါ့ကို ဝါးမျိုးပစ်မှာ... " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ရယ်မောလိုက်၏။
" လေ့ကျင့်မယ်ကွာ " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပသွားပြီး တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ကြယ်အမှတ်ပညာရပ်အား သူ၏ အဓိက ထာဝရကြယ်အဆင့်ပညာရပ်အဖြစ် လေ့ကျင့်ရန် ရွေးချယ်လိုက်တော့သည်။ သူသည် ထိုသို့ စိတ်ပိုင်းဖြတ်ပြီးသွားသည်နှင့် ကြယ်အမှတ်ပညာရပ်အား အသုံးပြုလိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ထစ်ချုန်းသံတစ်သံ ထွက်ပေါ်လာသည်။
သူ ပိုင်ဆိုင်ထားသည့် အထူးဂြိုဟ် အလုံးတစ်သောင်းကျော်၊ တစ်ဝက်တစ်ပျက်တာအိုဂြိုဟ် ကိုးလုံးနှင့် သူ၏ တာအိုကြယ်တို့မှာလည်း စတင်တုန်ရီလာကြ၏။ သို့ဖြစ်ရာ ၎င်းတို့အားလုံး၏ ပတ်ပတ်လည်၌ ဖြတ်တောက်မှု အငွေ့အသက်တစ်မျိုး ပေါ်ပေါက်လာသည့် အလားပင်။ ထို့နောက် မျက်လုံးဖြင့်မမြင်နိုင်သည့် လက်ကြီးတစ်ဖက်မှာ ၎င်းတို့အား ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်သွား၏။ ထိုအခါ ၎င်းတို့နှင့် အဆုံးမဲ့တာအိုနယ်မြေ၏ ကြား၌ ရှိနေသည့် ဆက်နွှယ်မှုများမှာ ဖယ်ရှားခံလိုက်ရတော့သည်။
၎င်းတို့၏ ပိုင်ရှင်မှာ ပြောင်းလဲသွားပြီဖြစ်သည်။
ထို ဆက်နွှယ်မှုများ ဖယ်ရှားခံလိုက်ရသည်နှင့် မီးတောက် ပင်မဂြိုဟ်ကြီးမှာ အပြင်းအထန် တုန်ရီသွားပြီး မီးတောက်ကြယ်စဉ်စုထဲ၌ ထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ ပြင်ပကမ္ဘာထဲတွင်ဆိုလျှင် ပို၍ပင် ဆိုးပေသည်။ အာကာသကောင်းကင်ကြီး၏ အတွင်းပိုင်းထဲမှ ဒေါသတကြီး အော်ဟစ်မြည်တမ်းနေသည့် အသံများ မသဲမကွဲ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့၌ ပဲ့တင်ထပ်သွားသကဲ့သို့ပင်။