← Chapters

နတ်ဧကရာဇ် စစ်မြေပြင်

Vol. 81 Ch. 1126

နတ်ဧကရာဇ် စစ်မြေပြင်

Vol. 81 Ch. 1126

ကြယ်အမှတ်ပညာရပ်မှာ မည်သည့်ကြယ်ကိုမဆို မိမိ၏ ကိုယ်ပိုင်ကြယ်အဖြစ် ပြောင်းလဲပစ်နိုင်စွမ်းရှိပေသည်။ ၎င်းမှာ မိုးကောင်းကင်တာအိုအား ဖီဆန်ကာ ကြယ်၏ ပိုင်ဆိုင်မှုအား လုယူခြင်းဖြစ်၏။ ထိုပညာရပ်ဖြင့် သန့်စင်ခံလိုက်ရသည့် ကြယ်မှာ အဆုံးမဲ့တာအိုနယ်မြေထဲရှိ စကြဝဠာကြီးနှင့် လုံးဝ အဆက်အသွယ်ပြတ်တောက်သွားမည်ဖြစ်သည်။

ထိုသို့သာဆိုလျှင် ဝမ်ပေါင်လဲ့ သေဆုံးကာ ပျက်စီးပျောက်ကွယ်သွားလျှင်တောင် သူ သန့်စင်ခဲ့သည့် ကြယ်များမှာ စကြဝဠာကြီးထဲသို့ ပြန်လာနိုင်တော့မည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့၏ စိတ်ဆန္ဒသာ မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်အစစ်ဖြစ်သည့် အနက်ရောင်သစ်သားပျဥ်ပြားလေးပါ ပျက်စီးပျောက်ကွယ်သွားသောအခါမှသာ ထို ကြယ်များမှာ အဆုံးမဲ့တာအိုနယ်မြေဆီသို့ ပြန်ရောက်လာနိုင်မည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့ လုံးဝဖြစ်လာနိုင်မည်မဟုတ်ပေ။

သို့ဖြစ်ရာ ဝမ်ပေါင်လဲ့တစ်ယောက် ကြယ်အမှတ်ပညာရပ်အား အသုံးပြုလိုက်သည်နှင့် သူ့ဘက်မှ အကျိုးအမြတ်များသာ ရရှိသွားမည်ဖြစ်သည်။

၎င်းမှာ သူနှင့် လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ထို ပညာရပ်အား တိတ်တိတ်ကလေး ခိုး၍ လေ့ကျင့်ခဲ့ရသည့် ကျင့်ကြံသူများ၏ ကြားမှ ကွဲပြားခြားနားချက် ဖြစ်ပေသည်။ ထို ပညာရပ်အား လေ့ကျင်ခဲ့သည့် အခြားသူများမှာ ကြယ်များကို လုယူခဲ့ကြပါသော်လည်း မိုးကောင်းကင်တာအိုမှာ စိတ်ဆန္ဒရှိပါက ၎င်းတို့အား ပြန်လည်သိမ်းပိုက်လိုက်သည်သာ ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ သူတို့နှင့် မတူပေ။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့တစ်ယောက် စိတ်ပိုင်းဖြတ်လိုက်ပြီး ကြယ်အမှတ်ပညာရပ်အား အသုံးပြုကာ သူ၏ ကြယ်များ၏ ပိုင်ဆိုင်မှုအား လွှဲပြောင်းယူလိုက်စဉ်မှာပင် မီးတောက်ပင်မဂြိုဟ်ပေါ်ရှိ မီးတောက်ခေါင်းဆောင်ကြီးနှင့် သူ၏ ကိုယ်ပွား တပည့်များမှာ မီးတောက်ကြယ်စင်စုကြီးနှင့် ပြင်ပကမ္ဘာကြီးတို့နှင့်အတူ တုန်ရီသွားကြ၏။

ထို့နောက် နတ်နွားကြီးအပါအဝင် သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့၏ နေအိမ် ရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

" အဲဒီ အငွေ့အသက်ကြီးက... "

" တစ်ခုခု တစ်စစီ ဆုတ်ဖြဲခံလိုက်ရတဲ့ ခံစားချက်ကြီး။ အဆုံးမဲ့တာအိုနယ်မြေရဲ့ စကြဝဠာကြီးထဲကနေ တစ်ခုခု ဆွဲနှုတ်ခံလိုက်ရတဲ့ ခံစားချက်ကြီးပဲ... "

ထိုခံစားချက်ကြီးမှာ အလွန်အင်မတန်မှ လျှို့ဝှက်ဆန်းကြယ်ပြီး ကျင့်ကြံခြင်းအဆင့် အတိုင်းအတာတစ်ခုအထိ ရောက်မနေပါက ၎င်းအား အာရုံခံမိနိုင်ရန်မှာ အလွန်ခဲယဉ်းပေသည်။ မီးတောက်ကြယ်စင်စုတစ်ခုလုံးထဲတွင် မီးတောက်ခေါင်းဆောင်ကြီးတစ်ယောက်သာလျှင် ၎င်းအား အာရုံခံမိလိုက်၏။ အခြားသူများမှာ မီးတောက်ကြယ်စင်စုကြီး၏ တုန်ရီမှုများကြောင့် အံ့သြတုန်လှုပ်သွားကြသည့်တိုင်အောင် အကြောင်းရင်းအတိအကျကို မသိကြပေ။

တစ်ချိန်ထဲမှာပင် မီးတောက်ကြယ်စင်စု အပြင်ဘက်ရှိ စကြဝဠာကြီးထဲတွင်လည်း တွန့်လိမ်ပုံပျက်မှုများ ပေါ်ပေါက်လာကြ၏ သို့သော် ဝမ်ပေါင်လဲ့မှာ သူ သန့်စင်ထားသည့် ကြယ်များ၏ ပိုင်ဆိုင်မှုကိုသာ လုယူခဲ့သည် မဟုတ်ပါလော။ သူ သန့်စင်ထားသည့် ကြယ်များမှာ အတော်အသင့် များပြားပါသော်လည်း အဆုံးမဲ့တာအိုနယ်မြေ၏ စကြဝဠာကြီး တစ်ခုလုံးနှင့် ယှဉ်လိုက်မည်ဆိုပါက စာမဖွဲ့လောက်ပေ။

ထို့ကြောင့် ပြောင်းလဲမှုများ ပေါ်ပေါက်လာသည့်တိုင်အောင် ခေါင်းပေါ်မှ ဆံပင်မွေးတစ်မွေးကိုသာ ဆွဲနှုတ်လိုက်သည့်အလား အရာအားလုံးမှာ ချက်ချင်း ပြန်လည်တည်ငြိမ်သွား၏။

ဝမ်ပေါင်လဲ့မှာလည်း ထိုကဲ့သို့ ထူးဆန်းသောဖြစ်ရပ်များ ပေါ်ပေါက်လာသည်ကို အာရုံခံမိလိုက်၏။ အချိန်အနည်းငယ်ခန့် စောင့်ဆိုင်းလိုက်ပြီးနောက် ပြင်ပကမ္ဘာထဲမှ မည်သည့်တုံ့ပြန်မှုမှ ပေါ်ပေါက်လာခြင်းမရှိကြောင်း သိလိုက်ရသောအခါမှသာ သူသည် စိတ်အေးသွားပြီး သက်ပြင်းချနိုင်သွားသည်။ ထို့နောက် သူသည် သူ့ကိုယ်သူ သေသေချာချာ အကဲခတ်ကြည့်ရှုစစ်ဆေးလိုက်သဖြင့် သူ၏ အထူးဂြိုဟ် အလုံးတစ်သောင်း၊ တစ်ဝက်တစ်ပျက် တာအိုဂြိုဟ်ကိုးလုံးနှင့် တာအိုထာဝရကြယ်တို့မှာ ယခင်တုန်းကနှင့် မတူတော့သည်ကို အာရုံခံမိလိုက်သည်။

သူ၏ နှလုံးသားထဲ၌ ရင်းနှီးမှု အငွေ့အသက်များ ပေါ်ပေါက်လာ၏။ ယခင်တုန်းက သူသည် ထို ကြယ်များမှာ သူနှင့်အတူ ယှဉ်တွဲနေထိုင်နေသည်ဟု ခံစားခဲ့ရခြင်းဖြစ်ပြီး ယခုတွင်မူ ၎င်းတို့မှာ သူ၏ အသွေးအသားများကဲ့သို့ သူနှင့် လုံးဝ ခွဲခြား၍ မရတော့သည့် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်သွားသည့်အလား ခံစားလိုက်ရပြီဖြစ်သည်။

သူ၏ စွမ်းအားများမှာ သိသိသာသာ တိုးတက်လာခြင်း မရှိပါသော်လည်း သူ၏ ဒဏ်ခံနိုင်စွမ်းများမှာ ယခင်တုန်းကနှင့် မတူလောက်အောင် ကွဲပြားခြားနားသွားပြီဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောသွား၏။ သို့သော်လည်း သူသည် နောက်နှစ်ရက်စလုံးတွင် ကျင့်ကြံခြင်းလုပ်ငန်းစဉ်ထဲ၌ အာရုံအပြည့်စိုက်ကာ ကြယ်အမှတ်ပညာရပ်အား ဆက်လက် လေ့လာနေလိုက်ဆဲပင်။ ထိုသို့ဖြင့် သုံးရက်ဆိုသည့်အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။

ခဏအကြာတွင် သူနှင့် မီးတောက်ခေါင်းဆောင်ကြီးတို့မှာ ချန်ရှင်းနှင့် လခြမ်းဧကရာဇ်ကြီးတို့ တိုက်ခိုက်နေသည့် နေရာသို့ သွားရတော့မည်ဖြစ်သည်။ ယခုအကြိမ်တွင်မူ မီးတောက်ခေါင်းဆောင်ကြီးကိုယ်တိုင် ဝမ်ပေါင်လဲ့အား ထိုနေရာသို့ ခေါ်သွားမည် ဖြစ်သည်။ သို့ဖြစ်ရာ တတိယနေ့၏ မိုးသောက်ချိန်သို့ရောက်သောအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှိတ်ကာ တရားထိုင်နေရင်း သူ၏ ဆရာ မီးတောက်ခေါင်းဆောင်ကြီး၏ စကားသံ သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာသည်ကို ကြားလိုက်ရတော့သည်။

" ပေါင်လဲ့၊ သွားဖို့အဆင်သင့်ပြင်ထားတော့ "

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ဖျတ်ခနဲပွင့်လာ၏။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှုကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သဖြင့် သူ၏ ခန္ဓာကိုယ်မှာ မှုန်ဝါးဝါးဖြစ်သွားသည်။ ထို့နောက် သူသည် ပင်မဂြိုဟ်အထက်ရှိ ကောင်းကင်ယံထဲ၌ ပြန်လည်ပေါ်ပေါက်လာပြီး သူ၏ဆရာ သူ့အား စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။

" အခုလို ကျွန်တော့်အတွက် အလုပ်ရှုပ်ခံပေးလို့ ကျေးဇူးတင်ပါတယ် ဆရာ "

မီးတောက်ခေါင်းဆောင်ကြီးမှာမူ ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။ သူသည် လွန်ခဲ့သည့် နှစ်ရက်တုန်းက ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို မေးမြန်းနေခြင်းမရှိဘဲ သူ၏ ညာဘက်လက်ကို မြှောက်ကာ ပင်မဂြိုဟ်ပေါ်ရှိ ရှဲ့ဟေးရန်အား လှမ်းဆွဲလိုက်သည်။

ရှဲ့ဟေးရန်မှာ သူတို့၏ ရှေ့၌ ပေါ်ပေါက်လာသည်နှင့် မီးတောက်ခေါင်းဆောင်ကြီးနှင့် ဝမ်ပေါင်လဲ့တို့ နှစ်ယောက်အား ဦးညွှတ်အရိုအသေပေးလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင်မူ စိုးရိမ်စိတ်များနှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပြည့်နှက်နေသည်ကို မြင်နိုင်ပေသည်။

" ဟေးရန်။ မင်းရဲ့ ဦးလေးဆရာကို မင်းရဲ့အဖေ ဖန်တီးထားတဲ့ မီးဖိုကြီးရဲ့ အလုပ်လုပ်ပုံတွေနဲ့ အတွင်းပိုင်းတည်ဆောက်ပုံတွေကို ပြောပြလိုက်။ ချန်ရှင်း ပြန်ထွက်လာတဲ့ အချိန်ကျရင် ဒီပြဿနာကြီးကို ဖြေရှင်းရမယ် "

ရှဲ့ဟေးရန်မှာ ထိုကိစ္စနှင့် ပတ်သက်၍ ပူပန်သောက ရောက်နေရသည်မှာ ရက်အနည်းငယ်ရှိနေပြီဖြစ်သည်။ ချန်ရှင်းမှာ အဆုံးမဲ့တာအိုနယ်မြေထဲရှိ စကြဝဠာကြီး တစ်ခုလုံး၏ အာရုံအား ဖမ်းစားနိုင်ခဲ့သည် မဟုတ်ပါလော။ သူသည် ထိုကိစ္စအကြောင်း ဝမ်ပေါင်လဲ့နှင့် ဆွေးနွေးလိုပါသော်လည်း ဝမ်ပေါင်လဲ့မှာ ပြန်ရောက်လာစဉ်ကတည်းက တံခါးပိတ်လေ့ကျင့်နေခဲ့၏။ ထို့ကြောင့် ယခုတွင် ရှဲ့ဟေးရန်မှာ ထိုစကားကို ကြားလိုက်ရသည်နှင့် အသက်ပြင်းပြင်းရှူကာ ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။

" ဦးလေးဆရာ။ ကျွန်တော် အဲဒီ မီးဖိုကြီးရဲ့ တည်ဆောက်ပုံနဲ့ အလုပ်လုပ်ပုံတွေ အကုန်လုံးကို သိပါတယ်။ ကျွန်တော် ဘာကိုမှ ထိမ်ချန်မထားဘဲ ဦးလေးဆရာကို အကုန်ပြောပြပါ့မယ် "

ထိုအခါ ဝမ်ပေါင်လဲ့မှာ စကားပြောရန်ပြင်လိုက်ပါသော်လည်း မီးတောက်ခေါင်းဆောင်ကြီးမှာ ရယ်မောကာ ဆိုလိုက်၏။

" ခရီးကအဝေးကြီးပါ။ မင်းတို့နှစ်ယောက် နောက်မှစကားပြောကြ " မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုသို့ဆိုကာ သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သဖြင့် မီးတောက်တစ်ခု တောက်လောင်လာ၏။ ခပ်လှမ်းလှမ်းလွင်မူ နတ်နွားကြီးမှာ ခေါင်းမော့ကာ အသံကုန်အော်ဟစ်မြည်တမ်းလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ အာကာသကောင်းကင်ကြီးထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားတော့သည်။

မီးတောက်ခေါင်းဆောင်ကြီးမှာမူ ဝမ်ပေါင်လဲ့နှင့် ရှဲ့ဟေးရန်တို့ နှစ်ယောက်ကိုခေါ်ကာ ခြေလှမ်းအနည်းငယ်လှမ်း၍ နတ်နွားကြီး၏ နောက်သို့ လိုက်သွားပြီး ၎င်း၏ ကျောကုန်းပေါ်သို့ တက်လိုက်၏။

ထိုအခါ နတ်နွားကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အော်ဟစ်လိုက်ပြန်သည်။ ၎င်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ မီးတောက်များမှာလည်း အရှိန်အဟုန်ပြင်းစွာ တောက်လောင်နေကြပြီး အရပ်မျက်နှာအနှံ့သို့ အဆက်မပြတ် ပျံ့နှံ့သွားနေကြ၏။ ၎င်းတို့မှာ မီးတောက်ကြယ်စင်စုကြီး တစ်ခုလုံးအား လွှမ်းခြုံသွားတော့မည့်ပုံပင်။ ထိုသို့ဖြင့် နတ်နွားကြီးမှာ ဝမ်ပေါင်လဲ့၊ ရှဲ့ဟေးရန်နှင့် မီးတောက်ခေါင်းဆောင်ကြီးတို့အား မီးတောက်ကြယ်စင်စု အပြင်ဘက်သို့ခေါ်ဆောင်သွား၏။ ထို့နောက် ၎င်းမှာ အချိန်နှင့်အာကာသကို ကျော်ဖြတ်ကာ ချန်ရှင်းနှင့် လခြမ်းဧကရာဇ်ကြီးတို့ တိုက်ခိုက်နေသည့်နေရာသို့ ဦးတည်သွားတော့သည်။

သူတို့ ကျော်ဖြတ်လာရာ လမ်းတစ်လျှောက်ရှိ ကြယ်စင််စုတိုင်းမှာ တုန်ရီသွားရသည်သာဖြစ်သည်။ ဂိုဏ်းများအားလုံးမှာလည်း တုန်လှုပ်ချောက်ချားသွားရပြီး ၎င်းတို့၏ ဂိုဏ်းသားများကို စေလွှတ်ကာ အဝေးမှနေ၍ ဦးညွှတ်အရိုအသေပေးခိုင်းလိုက်ကြ၏။ သူတို့မှာ မီးတောက်ခေါင်းဆောင်ကြီးအား မလေးမစားလုပ်မိသလို ဖြစ်သွားမည်ကို အလွန်အင်မတန်မှ စိုးရိမ်ကြပေသည်။

၎င်းမှာ ကြယ်နယ်မြေအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ ဩဇာအာဏာ ဖြစ်ပေသည်။ နတ်နွားကြီးမှာလည်း သွေးရူးသွေးတန်း ပြေးလွှားနေသောကြောင့် ၎င်း၏ ရှေ့တွင် ကြယ်စင်စုကြီးတစ်ခု ရှိနေလျှင်တောင် ၎င်းအား ဖောက်ထွက်သွားမည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ သက်ပြင်းချလိုက်၏။ သူသည် သူ့ကိုယ်သူ အစွမ်းထက်လာအောင် လုပ်ချင်သည့် စိတ်ဆန္ဒများ ပြင်းပြနေသည်။ သူ၏ ဘေးတွင် ရှိနေသည့် ရှဲ့ဟေးရန်မှာမူ သူ့လောက် အခြေအနေမဆိုးပေ။ ရှဲ့မိသားစုမှာ ကြယ်နယ်မြေအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးအချို့အား ပိုင်ဆိုင်ထားသည်ဖြစ်ရာ သူသည် ယခုလို ဖြစ်ရပ်များအား ကျင့်သားရနေပြီဖြစ်သည်။ ထို့အပြင် သူ၏ အသိစိတ်ထဲတွင်လည်း အခြားအတွေးများ ရှိနေ၏။ ထို့ကြောင့် သူသည် မီးဖိုကြီးအကြောင်း ဝမ်ပေါင်လဲ့အား တိုးတိုးလေးပြောပြရင်း အချိန်များကုန်ဆုံးသွားစေခဲ့၏။

သူ၏ ဖခင် လခြမ်းဧကရာဇ်ကြီးအတွက် သန့်စင်ပေးထားသည့် မီးဖိုအား ထိပ်သီးအဆင့် ရတနာတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ ၎င်းမှာ အရပ်မျက်နှာအနှံ့ရှိ ရန်သူများကို ဖိနှိပ်ချုပ်တည်းနိုင်စွမ်း ရှိသည်။ သို့သော် လှည့်ကွက်အချို့ ရှိနေဆဲပင်။ ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့အား ထိုလှည့်ကွက်များအကြောင်း ပြောပြလိုက်၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထို မီးဖိုအကြောင်း အခြားသူများထက် ပို၍ နားလည်သွား၏။ ထိုသို့ နားလည်နေခြင်းမှာ များများစားစား အကျိုးမရှိပါသော်လည်း အနည်းနှင့်အများ အသုံးဝင်နိုင်လောက်ပေသည်။

ထိုသို့ဖြင့် ရှဲ့ဟေးရန်တစ်ယောက် ရှင်းပြနေပြီး နတ်နွားကြီး ပြေးလွှားနေစဉ် အချိန်များ ကုန်လွန်သွား၏။ ဤ ခရီးစဉ်မှာ ကံကြမ္မာဂြိုဟ်နှင့် ကြယ်သုသာန် ကြားမှ အကွာအဝေးထက် အများကြီး ပိုဝေးပေသည်။

သို့ဖြစ်ရာ မဟာလက်ဝဲတာအိုနယ်မြေ တစ်ခုလုံးအား ဖြတ်သန်းနေရသကဲ့သို့ပင်။ ထို အကွာအဝေးမှာ အဆုံးမဲ့ဝာာအိုနယ်မြေ၏ တစ်ဝက်နီးပါး ရှိပေသည်။ အကယ်၍ ဝမ်ပေါင်လဲ့သာ ဆိုပါက ထိုအကွာအဝေးအား ကျော်ဖြတ်နိုင်ရန် နှစ်ပေါင်းများစွာ အချိန်ပေးရမည်ဖြစ်သည်။ သို့သော် နတ်နွားကြီးမှာ မရပ်မနား ပြေးလွှားနေသောကြောင့် ထို ခရီးစဥ်မှာ လဝက်မျှသာ ကြာမြင့်သွား၏။

ထိုသို့ဖြင့် လဝက်တိတိ ကုန်ဆုံးပြီးသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ ဘဝတစ်လျှောက်လုံး၌ ပထမဆုံးအကြိမ်အဖြစ် မဟာလက်ဝဲတာအိုနယ်မြေထဲမှ ထွက်ခွာလာပြီး ၎င်းနှင့် အဆုံးမဲ့ဗဟိုနယ်မြေကြားရှိ ဟင်းလင်းပြင်ကြီးထဲ၌ ပေါ်ပေါက်လာတော့သည်။

၎င်းမှာ အရွယ်အစားသိပ်မကြီးသော နေရာတစ်ခုဖြစ်ပြီး မရေမတွက်နိုင်လောက်အောင် များပြားသည့် အာကာသအက်ကွဲကြောင်းများနှင့် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ သို့ဖြစ်ရာ ၎င်းမှာ အခြေချနေထိုင်ရန် သင့်တော်မှုမရှိသလို ကျင့်ကြံခြင်း လေ့ကျင့်ရန်အတွက်လည်း သင့်တော်မှုမရှိသော နေရာတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့်လည်း ၎င်းအား နယ်စပ်ဒေသတစ်ခုအဖြစ်သာ သတ်မှတ်ထားခြင်းဖြစ်သည်။

သို့သော် ယခုတွင်မူ ချန်ရှင်းနှင့် လခြမ်းဧကရာဇ်ကြီးတို့၏ တိုက်ပွဲမှာ ထိုနေရာတွင် ဖြစ်ပွားနေသည်မဟုတ်ပါလော။ ထို့ကြောင့် ထိုနေရာမှာ အင်အားကြီးအဖွဲ့အစည်း အသီးသီး၏ အာရုံများကို ဖမ်းစားနိုင်ခဲ့၏။ ဝမ်ပေါင်လဲ့နှင့် အခြားသူများမှာ ထိုနေရာသို့ ရောက်သွားသည်နှင့် အရပ်မျက်နှာအနှံံ့မှ လူများ ပြေးလွှားပျံသန်းလာနေကြသည်ကို လှမ်းမြင်လိုက်ရသည်။

သူတို့ထဲမှ အများစုမှာ မီးတောက်ခေါင်းဆောင်ကြီးအား ချက်ချင်း မျက်မှန်းတန်းမိလိုက်ကြသဖြင့် သူ့အတွက် လမ်းဖယ်ပေးလိုက်ကြ၏။ ထို့ကြောင့် မီးတောက်ခေါင်းဆောင်ကြီး၏ နတ်နွားကြီးမှာ စစ်မြေပြင်ကြီး၏ အစွန်အဖျားပိုင်းသို့ အတားအဆီးမရှိ ရောက်ရှိသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုနေရာသို့ ရောက်သွားသည်နှင့် သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ သူသည် သူ၏ ရှေ့တွင် အလွန်အန်မတန်မှ ကြီးမားကျယ်ပြန့်သော မီးခိုးရောင် မြူခိုး အစုအဝေးကြီးတစ်ခုအား မြင်လိုက်ရ၏။ ထို မြူခိုးများမှာ အလွန်အင်မတန်မှ ထူထဲပြီး အရပ်မျက်နှာအနှံ့သို့ အဆက်မပြတ် ပျံ့နှံ့နေသောကြောင့် ထိုနေရာရှိ အာကာသကောင်းကင်ကြီး တစ်ခုလုံးအား လွှမ်းခြုံသွားတော့မည့် အလားပင်။

မီးခိုးရောင် အာကာသကောင်းကင်ကြီး၏ အပြင်ဘက်တွင်မူ ဧရာမ မှော်ရတနာပစ္စည်းများနှင့် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးများ မရေမတွက်နိုင်လောက်အောင် ရှိနေကြသည်။ ထို မှော်ရတနာပစ္စည်းများထဲတွင် ဇောက်ထိုးမိုးမျှော်ဖြစ်နေသည့် တောင်တန်းများ၊ ဧရာမ ရုပ်တုကြီးများနှင့် ရေစက်လုံးများဖြင့် တူသည့် ဂြိုဟ်များလည်း ပါသည်။

သားရဲကြီးများမှာလည်း မရေမတွက်နိုင်လောက်အောင် ရှိနေကြ၏။ ဧရာမလိပ်ကြီးများဖြစ်စေ၊ အမွေးပွသားရဲကြီးများဖြစ်စေ၊ ၎င်းတို့မှာ နေရာအနှံ့တွင်ရှိနေကြသည်။ ထို့အပြင် ထို မှော်ရတနာပစ္စည်းများနှင့် သားရဲကြီးများပေါ်တွင် ကျင့်ကြံသူများ ရှိနေကြသေးသည်။ သူတို့မှာ ပြွတ်သိပ်နေကြသောကြောင့် ဤနေရာတွင် စုဝေးနေကြသည့် ကျင့်ကြံသူအရေအတွက်မှာ အနည်းဆုံး တစ်သန်းကျော်အထိ ရှိလောက်ပေသည်။

တစ်ချိန်ထဲမှာပင် မီးခိုးရောင်မြူခိုးများဖြင့် လွှမ်းခြုံခြင်းခံထားရသည့် အာကာသကောင်းကင်ကြီးထဲသို့ အဝင်ထွက်လုပ်နေကြသည့် အလင်းတန်းများလည်း ရှိနေသေးသည်။

ထို အခြင်းအရာများ အားလုံးကြောင့် ထိုနေရာကြီးတစ်ခုလုံးမှာ လှုပ်လှုပ်ရှားရှားဖြစ်နေ၏။ ထို့အပြင် မီးတောက်ခေါင်းဆောင်ကြီး ရောက်ရှိလာရုံသာမက သက်ဆိုင်ရာ ကျင့်ကြံသူများကို ခေါ်ဆောင်လာကြသည့် အခြား မှော်ရတနာပစ္စည်းများနှင့် သားရဲကြီးများမှာလည်း အရပ်မျက်နှာအနှံမှ ရောက်ရှိလာကြပြီး မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အပြင်ဘက်၌ ရစ်ဝဲနေကြပြီ ဖြစ်သည်။ ၎င်းတို့ပေါ်ရှိ ကျင့်ကြံသူများမှာမူ အပြင်ဘက်သို့ ချက်ချင်း ပျံထွက်လာကြပြီး မီးခိုးရောင် အာကာသကောင်းကင်ကြီးထဲသို့ ဦးတည်ပျံသန်းသွားကြ၏။

" ကျင့်ကြံသူတွေအများကြီးပဲ " ဝမ်ပေါင်လဲ့မှာ မတ်တတ်ထလာပြီး ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ဤ နေရာတွင် အနည်းဆုံး အင်အားကြီးအဖွဲ့အစည်း တစ်ထောင်ကျော် ရှိနေကြသည်။ သူသည် ထို အဖွဲ့အစည်းများထဲမှာ ကျင့်ကြံသူအမျိုးမျိုးကို မြင်နေရ၏။ လူသားများနှင့် မတူသော ကျင့်ကြံသူများပါ ရှိကြပေသည်။

မီးတောက်ခေါင်းဆောင်ကြီးမှာမူ နတ်နွားကြီး၏ ကျောကုန်းပေါ်တွင်ထိုင်၍ တည်ကြည်မှုအပြည့်ဖြင့် ဆိုလိုက်၏ " တကယ် လူတွေအများကြီးပဲ။

သူတို့တွေက နေရာကောင်းတွေကို ယူထားကြပြီးပြီ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ဆရာ ဒီကိုရောက်လာပြီဆိုမှတော့ သူတို့တွေ ဆရာ့ရဲ့ စီးတော်ယာဥ်ကြီးအတွက် လမ်းဖယ်ပေးရမှာပါ "

သူ ထိုသို့ဆိုလိုက်သည်နှင့် သူ၏ အောက်တွင်ရှိနေသော နတ်နွားကြီးမှာ ထိုနေရာတစ်ခုလုံး တုန်ရီသွားအောင် အသံကုန်အော်ဟစ်လိုက်၏။ ၎င်းမှာ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာကောင်းပြီး ကြယ်နယ်မြေအဆင့် စွမ်းအားများကို ထုတ်လွှတ်နေသည်။ ဘေးနားတစ်ဝိုက်ရှိ အင်အားကြီးအဖွဲ့အစည်းများမှာ ထိုအခြင်းအရာများကို မြင်လိုက်ရသည်နှင့် မျက်မှောင်ကြုတ်သွားကြ၏။

" အရူးကောင် မီးတောက်ကြီး ရောက်လာပြီ "

" သူက ကျိန်စာတွေကိုပဲ အားကိုးနေတဲ့ကောင်ပါ။ ပြီးတော့ သူက သူ့ရဲ့ကျိန်စာကို ထုတ်မသုံးမိအောင် နှစ်ထောင်ပေါင်းများစွာ ထိန်းသိမ်းထားရတာလို့ အမြဲတမ်း အော်တတ်သေးတယ်။ အရှက်မရှိလိုက်တဲ့ကောင် "

" ကံဆိုးတာပဲကွာ။ သူနဲ့ ပတ်သတ်မိတာ ငါ့ကိုယ်ငါ ရှက်တယ် "

ဘေးနားတစ်ဝိုက်မှ အင်အားကြီးအဖွဲ့အစည်းများမှာ ထိုကဲ့သို့ ညည်းတွားလိုက်ကြပြီးနောက် လမ်းဖယ်ပေးလိုက်ကြ၏။

ရှဲ့ဟေးရန်မှာ မီးတောက်ခေါင်းဆောင်ကြီးနှင့် နတ်နွားကြီး၏ အစွမ်းအစများကို မြင်လိုက်ရသောအခါ စိတ်ဓာတ်များတက်ကြွသွား၏။ ဝမ်ပေါင်လဲ့မှာမူ မျက်နှာအမူအရာ အထူးအဆန်းဖြစ်နေသည်။ အမှန်တွင် သူ လမ်းတစ်လျှောက်လုံး စဉ်းစားနေခဲ့သည့် ကိစ္စတစ်ခုရှိပေသည်...

" ဆရာကတော့ ဟန်ဆောင်ရလွန်းလို့ သူ့ကိုယ်သူ ဟန်ဆောင်နေမှန်းတောင် မသိတော့တာလားဟ။ ကိုယ့်ကိုယ်ကိုယ် စီးတော်ယာဉ်လို့ သဘောထားပြီး ခဏခဏ တက်စီးတာလောက်က ကိစ္စမရှိပေမဲ့ အခု ငါတို့တွေ မီးတောက်ကြယ်စင်စုထဲက ထွက်လာတာ လဝက်ကျော်နေပြီလေ။ အဲတာကို သူက အခုလို သူ့ရဲ့ ခန္ဓာကိုယ်အစစ်နဲ့ အော်ပြီးသွားတာတောင် သူ့ရဲ့ စီးတော်ယာဉ်ကိုပါ ထပ်ပြီးတော့ အော်ခိုင်းလိုက်ရသေးတယ်လို့။ မမောဘူးလား မသိပါဘူး “

All Chapters