အစွမ်းအစများ ထုတ်ပြခြင်း
Vol. 81 Ch. 1127
မီးတောက်ခေါင်းဆောင်ကြီးမှာမူ ဝမ်ပေါင်လဲ့အား လျစ်လျူရှုကာ နတ်နွားကြီးအား ရိုက်လိုက်၏။ ထိုအခါ နတ်နွားကြီးမှာ အော်ဟစ်မြည်တမ်းကာ ရှေ့သို့ ပြေးထွက်သွားသည်။ ၎င်းမှာ လမ်းတစ်လျှောက်၌ မည်သူ့ကိုမှ ရှောင်တိမ်းခဲ့ခြင်းမရှိပေ။ မကြာသေးမီတုန်းက ရောက်ရှိလာခဲ့ကြသည့် အင်အားကြီးမျိုးနွယ်စုများ၏ ဧရာမ ဓမ္မရတနာများနှင့် သားရဲကြီးများပေါ်ရှိ ကျင့်ကြံသူများမှာ စိတ်ထဲတွင် ကျိန်ဆဲနေကြပါသော်လည်း နတ်နွားကြီးအား အလျင်အမြန် ရှောင်တိမ်းလိုက်ရသည်သာဖြစ်သည်။
သို့ဖြစ်ရာ နတ်နွားကြီး၏ လမ်းတွင် ပိတ်နေသည့်သူ တစ်ယောက်မှမရှိတော့ပေ။ ၎င်းမှာ ရှေ့သို့ ပြေးထွက်သွားပြီး မီးခိုးရောင် အာကာသကောင်းကင်ကြီး၏ အစွန်အဖျားပိုင်းဆီသို့ ရောက်ရှိသွား၏။ ထိုနေရာ၌ နေရာယူထားကြသည့် အင်အားကြီးအဖွဲ့အစည်းများ အားလုံးမှာ အဆုံးမဲ့တာအိုနယ်မြေ၏ နယ်မြေသုံးခုစလုံးထဲ၌ ဂုဏ်သတင်းကျော်စောကြသည့် အဖွဲ့အစည်းများဖြစ်ကြပေသည်။ လမ်းကိုးသွယ်တာအိုဂိုဏ်းနှင့် ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းတို့မှာလည်း ထိုအဖွဲ့အစည်းများထဲတွင် ပါ၏။
ထိုနေရာတစ်ဝိုက်တွင် အင်အားကြီးအဖွဲ့အစည်း တစ်ရာကျော် ရှိနေသည်ကို မြင်နိုင်ပေသည်။ ၎င်းတို့၏ အဆောင်ပစ္စည်းများမှာလည်း မီးခိုးရောင် အာကာသကောင်းကင်ကြီး၏ အပြင်ဘက်ရှိ အဖွဲ့အစည်းများ၏ အဆောင်ပစ္စည်းများထက် ပို၍ အဆင့်အတန်း မြင့်မားကြ၏။
ဝမ်ပေါင်လဲ့မှာ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် စွန်များ၊ အနက်ရောင်ချီများ ထုတ်လွှတ်နေသည့် ဧရာမ ခေါင်းလောင်းကြီးများနှင့် သေတ္တာများနှင့် တူသည့် သတ္တုပစ္စည်းများကို မြင်လိုက်ရသည်။ ထို သေတ္တာတစ်လုံးချင်းစီတိုင်းထဲတွင် တင်ပျဉ်ခွေထိုင်နေကြသည့် ကျင့်ကြံသူများ ရှိကြ၏။ သူတို့၏ ကျင့်ကြံခြင်းအဆင့်များမှာ တမူထူးခြားကြပေသည်။ ထို့အပြင် ကြယ်နယ်မြေအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးများမှာလည်း သူတို့အား ကာကွယ်စောင့်ရှောက်ပေးထားကြသေးသည်။
အင်အားကြီးအဖွဲ့အစည်း တစ်ခုချင်းစီတိုင်းမှာ ကြယ်နယ်မြေအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးများကို ပိုင်ဆိုင်ထားကြ၏။ သူတို့ထဲမှ အများစုမှာ အစောပိုင်း ကြယ်နယ်မြေအဆင့်တွင်သာ ရှိနေကြသဖြင့် မီးတောက်ခေါင်းဆောင်ကြီးအား ယှဉ်နိုင်စွမ်း မရှိသည့်တိုင်အောင် သူတို့ဆီမှ ထွက်ပေါ်လာနေသည့် စွမ်းအင်များကြောင့် ဝမ်ပေါင်လဲ့၏ နှလုံးသားမှာ တုန်ရီသွားရဆဲပင်။
ဝမ်ပေါင်လဲ့ တစ်ယောက်သာလျှင် ထိုကဲ့သို့ ခံစားနေရသည့်တော့ မဟုတ်ပေ။ ရှဲ့ဟေးရန်မှာလည်း ထိုနည်းတူပင်။ သို့သော် သူတို့နှစ်ယောက် အံသြတုန်လှုပ်နေကြစဉ်မှာပင် မီးတောက်ခေါင်းဆောင်ကြီးမှာ နှာမှုတ်လိုက်၏။ ထိုအခါ သူ၏ အောက်တွင်ရှိနေသည့် နတ်နွားကြီးမှာ ၎င်းနှင့် အနီးဆုံးတွင်ရှိနေသော အနက်ရောင်ချီ ခေါင်းလောင်းတစ်လုံးဆီသို့ ပြေးသွားသည်။
" ဖယ်ပေးစမ်း။ ငါ ဒီနေရာကို သဘောကျတယ်။ မင်းတို့တွေ လစ်လိုက်တော့ "
ထိုအခါ ထို အနက်ရောင်ချီခေါင်းလောင်းကြီးပေါ်၌ ထိုင်နေကြသည့် ကျင့်ကြံသူများမှာ တစ်ယောက်ပြီးတစ်ယောက် မျက်လုံးများပွင့်လာကြ၏။ သူတို့ထဲမှ အများစုမှာ ဂြိုဟ်အဆင့်တွင်သာ ရှိကြပြီး ထာဝကြယ်အဆင့် ကျင့်ကြံသူဟူ၍ ငါးယောက်ခြောက်ယောက်လောက်သာ ရှိပေသည်။ သူတို့မှာ မီးတောက်ခေါင်းဆောင်ကြီး၏ နတ်နွားကြီးအား မြင်လိုက်ရသောအခါ မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။
ထိုအချိန်တွင် အနက်ရောင်ချီခေါင်းလောင်းထဲမှ အေးစက်စက် နှာမှုတ်သံတစ်သံ ထွက်ပေါ်လာ၏။ ခဏအကြာတွင် ထို ခေါင်းလောင်းအပြင်ဘက်၌ လူရိပ်တစ်ခု ပေါ်ပေါက်လာပြီး အဘိုးကြီးတစ်ယောက်ပုံစံ ပြောင်းလဲသွားသည်။ သူ၏ နဖူးပေါ်တွင် မီးတောက်ပုံစံ အနက်ရောင်အမှတ်အသားတစ်ခု ရှိနေ၏။ သူသည် မီးတောက်ခေါင်းဆောင်ကြီးအား စိန်စိန်းဝါးဝါး စိုက်ကြည့်ကာ မေးလိုက်သည်။
" ခင်ဗျား ဘာလုပ်နေတာလဲ၊ မီးတောက် "
" ငါ့နာမည်ကို ခေါ်ရဲလောက်အောင် သတ္တိကောင်းနေတယ်ပေါ့။ ငါ ဘာလုပ်နေတာလဲ ဟုတ်လား။ မင်းကို သင်ခန်းစာပေးနေတာကွ " မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုသို့ဆိုကာ သူ့အား ပြန်၍ စိုက်ကြည့်လိုက်၏။ ထိုအခါ နတ်နွားကြီးမှာ မီးတောက်များ ထုတ်လွှတ်ကာ ကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်သည်။ ထို့နောက် ၎င်းမှာ အရှိန်မြှင့်တင်ကာ အနက်ရောင်ချီခေါင်းလောင်းကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
" အတင့်ရဲလှပါလား " ထိုအခါ ထို ခေါင်းလောင်းကြီး၏ အပြင်ဘက်၌ ပေါ်ပေါက်လာသည့် အဘိုးကြီး၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားသည်။ ထို့နောက် သူသည် အသံကုန်အော်ဟစ်ကာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်၏။ ထိုအခါ သူ၏ နောက်တွင်ရှိနေသည့် အနက်ရောင်ချီခေါင်းလောင်းကြီးမှာ အပြင်းအထန် တုန်ရီသွားသည်။ ၎င်းဆီမှ ထွက်ပေါ်လာသည့်အသံမှာ ကြည်လင်ပြတ်သားနေခြင်းမရှိဘဲ ဧရာမ သားရဲကြီးတစ်ကောင်၏ ဗလုံးဗထွေးဖြစ်နေသည့် အော်ဟစ်သံတစ်သံနှင့် ဆင်တူပေသည်။
" ငါ့ကိုများ အတင့်ရဲတယ်ဆိုပဲ။ မင်းရဲ့ ချီဝါးမျိုဂိုဏ်းဆီ သွားပြီး ငါ နှစ်ပေါင်းတစ်သောင်းကျော် ထိန်းသိမ်းထားခဲ့တဲ့ ကျိန်စာကို ထုတ်သုံးလိုက်ရမလား "
ဘေးနားတစ်ဝိုက်ရှိ အင်အားကြီးအဖွဲ့အစည်းများမှာ ထိုအခြင်းအရာများကို မြင်လိုက်ရသည်နှင့် သူတို့၏ အဆောင်ပစ္စည်းများနှင့် သားရဲကြီးများကို ထိန်းချုပ်ကာ အဝေးသို့ ထွက်ခွာသွားကြ၏။ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများအားလုံးမှာမူ မျက်မှောင်ကြုတ်သွားကြသည်။
" အဲဒီ မီးတောက်အဘိုးကြီးက ဘာကိစ္စနဲ့ရောက်လာရတာလဲကွာ "
" သူက အခုမှရောက်လာတာကို မောက်မာထောင်လွှားနေပြီ။ ပြီးရင် အဲဒီစကားနဲ့ ခြိမ်းခြောက်တာလည်း အမြဲတမ်းပဲ "
" ဘယ်တတ်နိုင်မလဲကွာ။ သူ့ကို ရန်စမိလို့ မဖြစ်ဘူးကွ "
ဘေးနားတစ်ဝိုက်ရှိ အင်အားကြီးအဖွဲ့အစည်းများ အဝေးသို့ ရှောင်ထွက်သွားကြစဉ် အနက်ရောင်ချီခေါင်းလောင်းကြီး၏ အပြင်ဘက်ရှိ အဘိုးကြီးမှာ မျက်စိမျက်နှာပျက်ကာ ကြံရာမရဖြစ်နေသည့်ပုံ ပေါက်နေ၏။ သူသည် မီးတောက်ခေါင်းဆောင်ကြီး အနည်းငယ်လေးပင် အရှိန်လျော့သွားခြင်း မရှိသည်ကို မြင်လိုက်ရသောအခါ သူ၏ ခြေထောက်ကို အောက်သို့ ဆောင့်ချ၍ သူ၏ အင်္ကျီလက်အား ဝှေ့ယမ်းလိုက်၏။ ထို့နောက် သူသည် သူ၏ ဂိုဏ်း စခန်းချထားသည့် နေရာရှိ အဆောင်ပစ္စည်းအား ယူကာ ပေတစ်သိန်းကျော်အထိ ဆုတ်ခွာသွားလိုက်သည်။ ထိုသို့ ဆုတ်ခွာပြီးသွားသောအခါမှသာ သူသည် အံကြိတ်ကာ ဆိုလိုက်သည်။
" မီးတောက်၊ ကျူပ်တို့တွေအကုန်လုံးက ကျုပ်တို့ရဲ့ တပည့်လေးတွေအတွက် အခွင့်အရေးတွေ ဖန်တီးပေးနိုင်ဖို့ ဒီနေရာကို ရောက်လာကြတာလေ။ အဲတာကို ခင်ဗျားက ဘာလို့ အခုလို ရန်မူနေရတာလဲ။ ခင်ဗျား ကိုယ့်အတွက်ကိုယ် ထည့်မတွေးရင်တောင် ခင်ဗျားရဲ့ တပည့်တွေအတွက် ထည့်တွေးဦး။ သူတို့တွေ အထဲကိုရောက်သွားရင် ခင်ဗျား သူတို့ကို ကာကွယ်ပေးလို့ရမှာ မဟုတ်တော့ဘူးနော် " အနက်ရောင်ချီခေါင်းလောင်း အပြင်ဘက်၌ ပေါ်ပေါက်လာသည့် အဘိုးကြီးမှာ နူးညံ့သိမ်မွေ့သော လေသံဖြင့် ဆိုလိုက်၏။ ထို့နောက် သူသည် မီးတောက်ခေါင်းဆောင်ကြီး၏ နောက်တွင်ရှိနေသည့် ဝမ်ပေါင်လဲ့နှင့် ရှဲ့ဟေးရန်တို့အား လှမ်းကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် ဖော်ရွေမှုမရှိသော အရိပ်အယောင်များကို မြင်နိုင်ပေသည်။ ထိုအချိန်တွင် သူ၏ နောက်ရှိ အနက်ရောင်ချီခေါင်းလောင်းကြီးပေါ်၌ တရားထိုင်နေသည့် ကျင့်ကြံသူများထဲမှ တစ်ယောက်မှာ မျက်ဝန်းများ ဖျတ်ခနဲ အရောင်လက်သွားသည်။
ထို ကျင့်ကြံသူမှာ သက်လက်ပိုင်းလူကြီးတစ်ယောက်နှင့် တူပြီး အလယ်အလတ် ထာဝရကြယ်အဆင့်၏ ထိပ်ဆုံးတွင်ရှိနေ၏။ သို့ဖြစ်ရာ သူသည် နှောင်းပိုင်း ထာဝရကြယ်အဆင့်သို့ တက်လှမ်းနိုင်ရန် ခြေလှမ်းတစ်ဝက်သာ လိုတော့သည်။ ယခုတွင် သူသည် စူးရှတောက်ပနေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့နှင့် ရှဲ့ဟေးရန်တို့အား အကဲခတ်နေသည်။
" မင်းက ခြိမ်းခြောက်နေတာလားကွ " မီးတောက်ခေါင်းဆောင်ကြီးမှာမူ ပြုံးကာ ဆိုလိုက်၏။ ထို့နောက် သူ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်မျိုး ထွက်ပေါ်လာပြီး သူသည် နောက်သို့လှည့်ကာ ဝမ်ပေါင်လဲ့နှင့် ရှဲ့ဟေးရန်တို့အား ကြည့်လိုက်သည်။
" မင်းတို့နှစ်ယောက် ခြိမ်းခြောက်ခံနေရပြီ။ အဲတော့ ဘာလုပ်ချင်ကြလဲ "
ဝမ်ပေါင်လဲ့မှာမူ စိတ်ရှုပ်နေသည့် အမူအရာဖြင့် မျက်လုံးများသာ ပင့်လိုက်၏။ ထို့နောက် သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရှုဲ့ဟေးရန်မှာ ချောင်းဟန့်လိုက်သည်။ သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ မီးတောက်ခေါင်းဆောင်ကြီးအား အရင်ဆုံး ဦးညွှတ်အရိုအသေပေးလိုက်၏။ နောက်ဆုံးတွင် သူသည် အနက်ရောင်ချီ ခေါင်းလောင်းကြီး၏ အပြင်ဘက်ရှိ အဘိုးကြီးအား လှမ်းကြည့်ကာ ပြုံး၍ ဆိုလိုက်တော့သည်။
" လူကြီးမင်း။ ကျွန်တော့်ရဲ့ မျိုးရိုးနာမည်က ရှဲ့ပါ။ လူကြီးမင်းက ကျွန်တော့်ကို ခြိမ်းခြောက်နေတယ်လို့ ကျွန်တော့်ရဲ့ ဆရာဘိုးဘိုးက ပြောတယ် "
" ရှဲ့ ဟုတ်လား " ထိုအခါ အနက်ရောင်ချီခေါင်းလောင်းကြီး၏ အပြင်ဘက်ရှိ အဘိုးကြီးမှာ အံ့အားသင့်သွား၏။ ချီဝါးမျိုဂိုဏ်းမှာ မဟာလက်ဝဲတာအိုနယ်မြေထဲမှ မဟုတ်ဘဲ အဆုံးမဲ့ဗဟိုနယ်မြေထဲမှ ဖြစ်ပေသည်။ ထို့ကြောင့် သူတို့မှာ မီးတောက်ခေါင်းဆောင်ကြီး၏ တပည့်များအကြောင်း ထဲထဲဝင်ဝင် သိရှိထားကြခြင်းမရှိပေ။
" ဟုတ်ပါတယ်။ ရှဲ့မိသားစုကပါ။ လခြမ်းဧကရာဇ်ကြီး ချန်ရှင်းကို ထောင်ချောက်ဆင်ဖို့ အသုံးပြုခဲ့တဲ့ ဒယ်အိုးကိုးလုံးကို ကျွန်တော့်ရဲ့အဖေက ဖန်တီးပေးခဲ့တာပါ " ရှဲ့ဟေးရန်မှာ ပြုံး၍ မီးခိုးရောင် အာကာသကောင်းကင်ကြီးအား လက်ညှိုးထိုးကာ ဆိုလိုက်သည်။
သူ ထိုသို့ဆိုလိုက်သည်နှင့် အင်အားကြီးအဖွဲ့အစည်း အသီးသီးမှ ကျင့်ကြံသူများအားလုံးမှာ မျက်လုံးများ မှေးသွားကြ၏။ အနက်ရောင်ချီခေါင်းလောင်းကြီး၏ အပြင်ဘက်တွင် ရှိနေသော အဘိုးကြီးမှာလည်း မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်၏။ သူသည် ရှဲ့ဟေးရန်တစ်ယောက် ကြွားဝါပြောဆိုနေသည်ကို မနာလို ဖြစ်နေသည်။ ထို့အပြင် သူသည် သူ့ကိုယ်သူ သတ္တိမရှိသော လူတစ်ယောက်အဖြစ် သတ်မှတ်လိုက်၏။ ထိုသို့သာ မဟုတ်ပါက သူသည် ချန်ရှင်းမှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီးဖြစ်ကြောင်း ထုတ်ပြောလိုက်မည်သာဖြစ်သည်။
ထို စကားတစ်ခွန်းတည်းနှင့် လူတိုင်းအား တုန်လှုပ်ချောက်ချားသွားအောင် လုပ်နိုင်ပေသည်။ ဝမ်ပေါင်လဲ့မှာ ထိုသို့ စဉ်းစားတွေးတောနေရင်း ရှဲ့ဟေးရန်၏ စကားကြောင့် အခြားသူများအားလုံး မျက်နှာအမူအရာများ တည်ကြည်သွားကြသည်ကို သတိထားမိလိုက်၏။ ထို့အပြင် သူ့အား စိုက်ကြည့်နေကြသည့် လူများလည်း ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ကျိတ်၍ သက်ပြင်းချလိုက်၏။
" ဆရာက ငါတို့ကို အစွမ်းအစတွေ ထုတ်ပြခိုင်းနေတာပဲ။ ထားပါတော့လေ ... " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ အသာအယာ ခေါင်းယမ်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲ လှုပ်ရှားလိုက်၏။ ထို့နောက် သူသည် နတ်နွားကြီး၏ အပြင်ဘက်သို့ ထွက်သွားပြီး အာကာသကောင်းကင်ကြီးထဲ၌ ရပ်ကာ ညာဘက်လက်ကိုမြှောက်၍ အနက်ရောင်ချီခေါင်းလောင်းကြီးပေါ်ရှိ ထာဝရကြယ်အဆင့် သက်လတ်ပိုင်းလူကြီးအား လက်ညှိုးထိုးလိုက်တော့သည်။
" ငါ မင်းရဲ့ အကြည့်တွေကို မကြိုက်ဘူး။ ဒီကိုလာခဲ့။ ငါ မင်းကို အသက်ရှူကြိမ်သုံးကြိမ်အတွင်း သတ်ပြမယ် "
သူ ထိုသို့ဆိုလိုက်သည်နှင့် တည်ငြိမ်မှုအပြည့်ရှိပြီး အားကောင်းသော အငွေ့အသက်တစ်မျိုးမှာ သူ၏ ခန္ဓာကိုယ်ပေါ်၌ စုဝေးသွား၏။ မီးတောက်ခေါင်းဆောင်ကြီးမှာမူ ထိုစကားများကို ကြားလိုက်ရပြီနောက် အော်ဟစ်ရယ်မောလိုက်သည်။ အနက်ရောင်ချီခေါင်းလောင်းကြီး၏ အပြင်ဘက်တွင် ရှိနေသော အဘိုးကြီးမှာမူ မျက်လုံးများ မှေးသွား၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့ လက်ညှိုးထိုးလိုက်သည့် သက်လတ်ပိုင်းလူကြီးမှာ ရုတ်တရက်ဆိုသလို မတ်တတ်ထလာပြီး အေးစက်စက် နှာမှုတ်လိုက်တော့သည်။
" ငါ့ကို အသက်ရှူကြိမ်သုံးကြိမ်အတွင်း သတ်ပြမယ် ဟုတ်လား။ ဟာသပဲ " ထို သက်လတ်ပိုင်းလူကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ သူ၏ ခေါင်းဆောင်ကြီးအား ဦးညွှတ်အရိုအသေပေးလိုက်၏။
" အကြီးအကဲကျိုး။ ဒီလောက် စိတ်ကြီးဝင်နေတဲ့ကောင်ကို တပည့် သတ်ပါရစေ "
ထိုအခါ အနက်ရောင်ချီခေါင်းလောင်းကြီး၏ အပြင်ဘက်ရှိအဘိုးကြီးမှာ မျက်လုံးများ မှေးသွား၏။ သူသည် ပြုံးနေဆဲဖြစ်သည့် မီးတောက်ခေါင်းဆောင်ကြီးအား လှမ်းကြည့်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ကြည့်ကာ ဆိုလိုက်သည်။
" လက်ရည်စမ်းရုံလောက်ဆို ရပါပြီ။ သူသေကိုယ်သေ တိုက်ခိုက်စရာ မလိုပါဘူး "
" လက်ရည်စမ်းရုံလောက်ပဲ ဟုတ်လား။ အဲလောက်ဆို ကျုပ် စိတ်မဝင်စားဘူး " ဝမ်ပေါင်လဲ့မှာ ထိုသို့ ဆိုလိုက်ပြီးနောက် ခေါင်းယမ်းကာ နောက်သို့လှည့်၍ ထွက်ခွာသွားရန် ပြင်လိုက်၏။ မီးတောက်ခေါင်းဆောင်ကြီးမှာမူ နောက်ထပ်တစ်ကြိမ်ထပ်၍ ရယ်မောလိုက်သည်။
" ချီဝါးမျိုဂိုဏ်းကို ငကြောက်ဝါးမျိုဂိုဏ်းလို့သာ ပြောင်းခေါ်လိုက်တော့ "
" မီးတောက် " အနက်ရောင်ချီခေါင်းလောင်းကြီး၏ အပြင်ဘက်ရှိ အဘိုးကြီးမှာ ထိုစကားကို ကြားလိုက်ရသည်နှင့် မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီး ဆိုလိုက်၏။
" ခင်ဗျားက ခင်ဗျားရဲ့ တပည့် ဒီနေရာမှာ သူ့ရဲ့ အစွမ်းအစတွေကို ထုတ်ပြပြီး တခြားသူတွေကို ခြိမ်းခြောက်နိုင်အောင် ကြံစည်နေတာပဲ။ အဲတာမှ သူ စစ်မြေပြင်ထဲ ရောက်သွားတဲ့အချိန်မှာ ဘယ်သူကမှ သူ့ကို မနှောင့်ယှက်ရဲမှာလေ။ ခင်ဗျားက ခင်ဗျားရဲ့ တပည့်ကို ဒီလောက်အထိ အယုံအကြည်ရှိနေမှတော့... ကျုပ်ကလည်း ခင်ဗျားရဲ့ မလောက်လေးမလောက်စား တပည့် ဘယ်လောက်အထိ အစွမ်းထက်သလဲဆိုတာ ကြည့်ရတာပေါ့ "
" လော့ကျစ်။ မင်း သူ့ကိုမသတ်နိုင်ရင် စစ်မြေပြင်ထဲ ဝင်ဖို့ မစဉ်းစားနဲ့ " အဘိုးကြီးမှာ နောက်သို့လှည့်ကာ အော်ပြောလိုက်၏။ ထိုအခါ သူ့အား ခွင့်တောင်းခဲ့သည့် သက်လတ်ပိုင်းလူကြီးမှာ ချက်ချင်းဆိုသလိုပင် လေပေါ်သို့ခုန်တက်ကာ ကြယ်ပျံတစ်လုံးကဲ့သို့ ပျံထွက်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်ပျံသန်းလာတော့သည်။