သတ်ဖြတ်ခံလိုက်ရခြင်း
Vol. 81 Ch. 1128
လော့ကျစ်ဟု အမည်ရသည့် သက်လတ်ပိုင်းကျင့်ကြံသူကြီးမှာ လျှပ်စီးတန်းတစ်ခုကဲ့သို့ လှုပ်ရှားလိုက်၏။ မျက်စိတစ်မှိတ်အတွင်းတွင် သူသည် အနက်ရောင်ချီခေါင်းလောင်းကြီးထဲမှ ခုန်ထွက်လာပြီး ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲကာ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်ပျံသန်းလာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှလည်း အလယ်အလတ် ထာဝရကြယ်အဆင့် စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာ၏။
သို့ဖြစ်ရာ သူသည် ထာဝရကြယ်တစ်လုံးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ သူ၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာလည်း တွန့်လိမ်ပုံပျက်သွားရ၏။ ထို့နောက် တအုန်းအုန်းမြည်သံများ ထွက်ပေါ်လာစဉ် သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြန်သည်။ ထိုအခါ သူ၏ အငွေ့အသက်များမှာ ပို၍ပင် အားကောင်းလာပြီး သူ၏ နောက်ရှိ ထာဝရကြယ်ထဲ၌ မှုန်ဝါးဝါး အရိပ်တစ်ခု ပေါ်ပေါက်လာတော့သည်။
၎င်းမှာ ဖွတ်ကြီးတစ်ကောင်နှင့်တူသည့် ဧရာမသားရဲကြီးတစ်ကောင် ဖြစ်သည်။ ၎င်းမှာ ခေါင်းမော့ကာ အော်ဟစ်မြည်တမ်းနေပြီး မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ ချီများကို ရှူသွင်းနေသည့်ပုံပင်။ ၎င်း၏ ပုံစံမှာမူ အာကာသမိုးကောင်းကင်ကြီးအား ဝါးမျိုပစ်နိုင်စွမ်း ရှိနေသည့်ပုံ ပေါက်နေ၏။
ထို သားရဲကြီးမှာ ဒဏ္ဍာရီလာ အစွမ်းထက်သားရဲကြီးများထဲမှ တစ်ကောင်ဖြစ်သည့် ချီဝါးမျိုသားရဲကြီး ဖြစ်ပေသည်။
ထို့အပြင် ၎င်းမှာ ချီဝါးမျိုဂိုဏ်း၏ သင်္ကေတလည်း ဖြစ်သည်။ ထိုဂိုဏ်းနှင့် ပတ်သက်သမျှအရာအားလုံးမှာ ဤ သားရဲကြီးနှင့် ဆက်နွှယ်နေ၏။
ချီဝါးမျိုဂိုဏ်း၏ ပညာရပ်အား ချီဝါးမျိုသားရဲကြီး၏ ပုံရိပ် ပေါ်ပေါက်လာသည့် အဆင့်အထိ ကျင့်ကြံထားနိုင်စွမ်း ရှိနေသည်ဖြစ်ရာ ထို သက်လတ်ပိုင်းကျင့်ကြံသူကြီးမှာ တမူထူးခြားသည့် ပါရမီများကို ပိုင်ဆိုင်ထားရပေမည်။ သူသည် ထိုဂိုဏ်း၏ ထိပ်သီးအဆင့် ပါရမီရှင် မဟုတ်လျှင်တောင် အစွမ်းအထက်ဆုံး ပါရမီရှင်များထဲမှ တစ်ယောက်ဖြစ်ရပေမည်။
သူ၏ အငွေ့အသက်များမှာ ပေါက်ကွဲထွက်ပေါ်လာသဖြင့် အာကာသကောင်းကင်ကြီးတစ်ခုလုံးမှာ တုန်ရီနေရသည်။ ထို သက်လတ်ပိုင်းကျင့်ကြံသူကြီးမှာ ထာဝရကြယ်တစ်လုံးနှင့် တူသလို ရှေးဟောင်း ချီဝါးမျိုသားရဲကြီးတစ်ကောင်နှင့်လည်း တူနေ၏။ သူသည် ဘေးနားတစ်ဝိုက်ရှိ ကျင့်ကြံသူများအားလုံး တုန်လှုပ်ချောက်ချားသွားစေနိုင်သည့် အသံဖြင့် အော်ဟစ်လိုက်ပြီး ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်ရှိလာတော့သည်။
ဘေးပတ်ပတ်လည်ရှိ အင်အားကြီးအဖွဲ့အစည်းများအားလုံးမှာ ထိုမြင်ကွင်းအား ချက်ချင်းသတိထားမိသွားကြ၏။ သို့သော် သူတို့အားလုံး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်ပျံသန်းလာနေသည့် သက်လတ်ပိုင်းကျင့်ကြံသူကြီးအပေါ် အာရုံအပြည့် စိုက်ထားကြစဉ် ဝမ်ပေါင်လဲ့မှာ ခြေလှမ်းများရပ်တန့်သွားပြီး ရှေ့သို့ ပြန်လှည့်လာ၏။ ထို့နောက် သူသည် မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီး ညာဘက်လက်ကိုမြှောက်ကာ လက်ညှိုးထိုးလိုက်တော့သည်။
" ပထမ အသက်ရှူကြိမ် "
သူ ထိုသို့ဆိုလိုက်သည်နှင့် ဝမ်ပေါင်လဲ့၏ နောက်၌ ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး အံ့သြတုန်လှုပ်ဖွယ်ရာ စွမ်းအင်များ ထုတ်လွှတ်နေသည့် ဧရာမ မျက်လုံးကြီးတစ်လုံး ပေါ်ပေါက်လာသည်။ ၎င်းမှာ အနက်ရောင်ဖြစ်နေပြီး မှိတ်နေ၏။ သို့သော် ၎င်းမှာ ပေါ်ပေါက်လာသည်နှင့် ဖျတ်ခနဲပွင့်သွားသဖြင့် ထို သက်လတ်ပိုင်းကျင့်ကြံသူကြီးအား စိုက်ကြည့်နေသည့် ခရမ်းရောင် သူငယ်အိမ်ကြီးအား မြင်လိုက်ရတော့သည်။
၎င်းမှာ... နတ်ဆိုးမျက်လုံးပညာရပ် ဖြစ်ပေသည်။
ထို ပညာရပ်အား အသုံးပြုလိုက်သည်နှင့် ထို မျက်လုံးကြီး၏ အကြည့်မှာ သက်လတ်ပိုင်းကျင့်ကြံသူကြီး၏ အသိစိတ်အား ဖိနှိပ်ချုပ်တည်းလိုက်သည့် အချုပ်အနှောင်တစ်ခုကဲ့သို့ ဖြစ်သွားသဖြင့် သူသည် တုန်ရီသွားရ၏။ ထို့နောက် သူ၏ အမူအရာမှာ ပြောင်းလဲသွားပြီး သူ၏ အသိစိတ်မှာလည်း ဗြောင်းဆန်သွားရသည်။ သူသည် ထို အကြည့်မှာ ရုပ်လုံးပေါ်လာပြီး သူ့အား ရပ်တန့်သွားစေမည့် စိတ်ဆန္ဒများအား စုစည်းနေသည်ကို အာရုံခံမိလိုက်သည်။ သူ၏ ဝိညာဉ်မှာလည်း လှုပ်ရှား၍မရအောင် ချုပ်နှောင်ခံလိုက်ရသည့်အလား ခံစားလိုက်ရ၏။
ထိုအခိုက်အတန့်တွင် သူသည် အသိစိတ်ပျောက်သွားတော့မည့်အလား ဖြစ်သွားတော့သည်။
" မဖြစ်ဘူး " ထို့ကြောင့် ထို သက်လတ်ပိုင်းကျင့်ကြံသူကြီး၏ မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းလဲသွား၏။ သူသည် စဉ်းစားတွေးတောနေရန် အချိန်မရှိသဖြင့် သူ၏ လက်ကျန်အသိစိတ်များကို အသုံးပြုကာ သူ၏ နတ်ဘုရားစွမ်းရည်အား ဖောက်ခွဲပစ်လိုက်သည်။ ထိုအခါ သူ၏နောက်ရှိ ထာဝရကြယ်ကြီးထဲတွင် ရှိနေသည့် ချီဝါးမျိုသားရဲကြီး၏ ပုံရိပ်မှာလည်း ချက်ချင်းဆိုသလို ပေါက်ကွဲပျက်စီးသွား၏။ ထို့ကြောင့် အသိစိတ်ပျောက်သွားတော့မည့်ဆဲဆဲ ဖြစ်နေသည့် သက်လတ်ပိုင်းကျင့်ကြံသူကြီးအား စိတ်နှင့်ကိုယ်နှင့် ချက်ချင်း ပြန်ကပ်သွားစေသော တုန်ခါမှုလှိုင်းတစ်မျိုး ထွက်ပေါ်လာသည်။
ဝမ်ပေါင်လဲ့မှာမူ ထို သက်လတ်ပိုင်းကျင့်ကြံသူကြီး စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားခြင်း ရှိမရှိ ဂရုစိုက်နေခြင်းမရှိသလို သူ့အား အချိန်ကုန်ခံ၍ စောင့်ကြည့်နေခြင်းလည်း မရှိပေ။ ထို့အပြင် သူသည် နတ်ဆိုးမျက်လုံးပညာရပ်အား ထုတ်သုံးလိုက်ပြီးနောက် အေးစက်စက်မျက်ဝန်းများဖြင့် နောက်ထပ်တစ်ကြိမ် ထပ်၍ လက်ညှိုးထိုးလိုက်ပြန်သည်။
" ဒုတိယအသက်ရှူကြိမ် "
ဝမ်ပေါင်လဲ့ ထိုသို့ လက်ညှိုးထိုးလိုက်သည်နှင့် ထာဝရတာအိုကြယ်မှာ သူ၏နောက်၌ ပေါ်ပေါက်လာ၏။ တစ်ဝက်တစ်ပျက်တာအိုဂြိုဟ်ကိုးလုံးနှင့် အထူးဂြိုဟ် အလုံးတစ်သောင်းမှာလည်း ထိုနည်းတူပင်။ ၎င်းတို့အားလုံးမှာ အုန်းခနဲမြည်သံကြီးတစ်သံနှင့်အတူ ရုပ်လုံးပေါ်လာကြ၏။ ၎င်းတို့မှာ ပြိုင်တူပေါ်ပေါက်လာကြသဖြင့် မရေမတွက်နိုင်လောက်အောင် များပြားသည့် သဘာဝ စည်းမျဥ်းဥပဒေသများလည်း ထွက်ပေါ်လာကြသည်။ ထို စည်းမျဉ်းဥပဒေသများမှာ ဒြပ်ရှိသော အမျှင်အတန်းများအဖြစ် ပြောင်းလဲသွားကာ သက်လတ်ပိုင်းကျင့်ကြံသူကြီး၏ ပတ်ပတ်လည်၌ ရစ်ပတ်သွားပြီး သူ၏ ခန္ဓာကိုယ်အား ဖိနှိပ်ချုပ်တည်းလိုက်တော့သည်။
နတ်ဆိုးမျက်လုံးပညာရပ်မှာ သူ၏ အသိစိတ်အား တုန်ရီသွားစေပြီး သူ၏ ဝိညာဉ်အား ဖိနှိပ်ချုပ်တည်းထား၏။ ဂြိုဟ်အလုံးတစ်သောင်းကျော်၏ သဘာဝစည်းမျဉ်းဥပဒေသများမှာမူ အမျှင်အတန်းများအဖြစ် ပြောင်းလဲသွားပြီး သူ၏ အပြင်ခန္ဓာကိုယ်အား ဖိနှိပ်ချုပ်တည်းထားပြီ ဖြစ်သည်။
သို့ဖြစ်ရာ ထို သက်လတ်ပိုင်းကျင့်ကြံသူကြီးမှာ တုံ့ပြန်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။ သူသည် သူ၏ အသိစိတ်အား ပုံမှန်အတိုင်း ပြန်ဖြစ်သွားအောင် အတင်းအကြပ် လုပ်ယူနိုင်ခဲ့ပါသော်လည်းလး သူ၏ အပြင်ခန္ဓာကိုယ်မှာ ဖိနှိပ်ချုပ်နှောင်ခံထားရဆဲပင်။ ထို့ကြောင့် ဘေးနားတစ်ဝိုက်ရှိ အင်အားကြီးအဖွဲ့အစည်းများမှ ကျင့်ကြံသူများမှာ မျက်လုံးများ ပြူးသွားကြ၏။ အနက်ရောင်ချီခေါင်းလောင်းကြီး၏ အပြင်ဘက်ရှိ အဘိုးကြီးမှာလည်း တုန်လှုပ်ချောက်ချားသွားရပြီ ဖြစ်သည်။
သူ ထိုကဲ့သို့ တုန်လှုပ်ချောက်ချားနေရသည်မှာ မထူးဆန်းပေ။ အဆုံးမဲ့တာအိုနယ်မြေမှာ အလွန်အင်မတန်မှ ကြီးမားကျယ်ပြန့်လွန်းနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ အဆုံးမဲ့ဗဟိုနယ်မြေထဲမှ လူများ မဟာလက်ဝဲတာအိုနယ်မြေထဲ၌ ဖြစ်ပျက်နေသည့် ကိစ္စများကို သိရှိနိုင်ရန် အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်မည် ဖြစ်သည်။ ထိုသို့ဖြင့် အဘိုးကြီး မျက်နှာအမူအရာပြောင်းလဲသွားပြီး ဂြိုဟ်အလုံးတစ်သောင်းကျော်၏ စည်းမျဉ်းဥပဒေသ အမျှင်အတန်းများ ထို သက်လတ်ပိုင်းကျင့်ကြံသူကြီးအား ရစ်ပတ်ထားနေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ သူ၏ လက်ညှိုးအား တတိယအကြိမ်အဖြစ် ဝှေ့ယမ်းလိုက်တော့သည်။
" တတိယ အသက်ရှူကြိမ် "
သူ ထိုသို့ဆိုလိုက်သည်နှင့် သူ၏ နောက်တွင်ရှိနေသည့် အထူးဂြိုဟ် အလုံးတစ်သောင်းကျော်မှာ ကြယ်မြေပုံကြီးထဲ၌ အလိုအလျောက် နေရာတကျ စီစဉ်ထားပြီးသား ဖြစ်သွားကြ၏။ ၎င်းတို့၏ အလယ်တွင် တစ်ဝက်တစ်ပျက်တာအိုဂြိုဟ် ကိုးလုံးနှင့် တာအိုထာဝရကြယ်တို့ ရှိနေသည်။ မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းတို့မှာ နတ်နွားကြီးတစ်ကောင်ပုံစံ ပြောင်းလဲသွားကြ၏။ ထို နတ်နွားကြီးမှာ ခေါင်းမော့ကာ အသံကုန်အော်ဟစ်လိုက်သည်။ ထို့နောက် ၎င်းမှာ စတင်လှုပ်ရှားလာပြီး ဝမ်ပေါင်လဲ့၏ အထက်မှ ရှေ့သို့ ပြေးထွက်လာတော့သည်။
၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်လွန်းနေပြီး အဝေးမှကြည့်လိုက်ပါက နတ်နွားကြီးအစစ်နှင့် တထေရာတည်း တူနေ၏။ ၎င်း၏ စွမ်းအင်များမှာ ထာဝရကြယ်ထိပ်ဆုံးအဆင့်တွင် ရှိနေပြီး မည်သည့်အရာကိုမဆို လောင်ကျွမ်းသွားစေနိုင်သည့် မီးတောက်များမှာလည်း ၎င်း၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းထားသေးသည်။ ယခုတွင် ၎င်းမှာ သက်လတ်ပိုင်းကျင့်ကြံသူကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေပြီဖြစ်သည်။
ထိုမြင်ကွင်းအား မြင်လိုက်ရသူတိုင်းမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြန်သည်။ အနက်ရောင်ချီခေါင်းလောင်းကြီး၏ အပြင်ဘက်၌ ပေါ်ပေါက်လာသည့် အဘိုးကြီး၏ မျက်နှာအမူအရာမှာဆိုရင် ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွား၏။ ထို့နောက် သူသည် လှစ်ခနဲလှုပ်ရှားကာ ကူညီပေးရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် မီးတောက်ခေါင်းဆောင်ကြီးမှာ ဟက်ဟက်ပက်ပက် ရယ်မောကာ သူ၏ ညာဘက်လက်အား ဝှေ့ယမ်းလိုက်တော့သည်။
ထိုအခါ အနက်ရောင်ချီခေါင်းလောင်းကြီး၏ အပြင်ဘက်ရှိ အဘိုးကြီး၏ ရှေ့၌ မျက်လုံးဖြင့်မမြင်နိုင်သည့် စွမ်းအားတစ်မျိုး ထွက်ပေါ်လာသည်။ ၎င်းမှာ ဧရာမ လက်ဖဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဘိုးကြီးပေါ်သို့ အရှိန်ဖြင့်ကျလာ၏။ ထို့ကြောင့် ထိုအဘိုးကြီးမှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားကာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး နောက်သို့ လွင့်ထွက်သွားတော့သည်။
ထို့ကြောင့် သူသည် လော့ကျစ်အား ကယ်တင်နိုင်စွမ်းမရှိတော့ပေ။ ခဏအကြာတွင် လူတိုင်းမှာ ဝမ်ပေါင်လဲ့၏ ကြယ်မြေပုံထဲမှ ပေါ်ပေါက်လာသည့် နတ်နွားကြီး ချီဝါးမျိုဂိုဏ်းမှ လော့ကျစ်အား ထစ်ချုန်းသံများနှင့်အတူ ဝင်တိုက်သွားသည်ကို မြင်လိုက်ရတော့သည်။
ထို သက်လတ်ပိုင်းကျင့်ကြံသူကြီး၏ ခန္ဓာကိုယ်နှင့် အသိစိတ်နှစ်ခုလုံးမှာ ဖိနှိပ်ချုပ်တည်းခံထားရသည်ဖြစ်ရာ သူသည် ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိပေ။ ထို့ကြောင့် သူ၏ အပြင်ခန္ဓာကိုယ်မှာ မီးတဟုန်းဟုန်းတောက်လောင်ကာ ပြာကျသွား၏။ သူ၏ ဝိညာဉ်မှာလည်း သေခြင်းတရားကို ရှောင်လွှဲနိုင်ခဲ့ခြင်းမရှိပေ။ ၎င်းမှာ မျက်စိတစ်မှိတ်အတွင်းတွင် မီးတောက်များကြောင့် ပျက်စီးပျောက်ကွယ်သွား၏။
သူသည် ခန္ဓာနှင့်ဝိညာဉ် နှစ်ခုစလုံး ဇီဝိန်ချုပ်သွားရပြီဖြစ်သည်။
ဘေးပတ်ပတ်လည်ရှိ အင်အားကြီးအဖွဲ့အစည်းများမှာ ချက်ချင်းဆိုသလိုပင် ငြိမ်ကျသွားကြ၏။ ယခုတွင် လူတိုင်းမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြပြီဖြစ်သည်။ သူ၏ တိုက်ကွက်မှာ တိကျမြန်ဆန်ပြီး ထိရောက်မှုအပြည့် ရှိနေသည် မဟုတ်ပါလော။ အစမှ အဆုံးအထိ အသက်ရှူကြိမ်သုံးကြိမ်သာ ကြာမြင့်ခဲ့၏။
အစောပိုင်း ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ အသက်ရှူကြိမ် သုံးကြိမ်တည်းနှင့် အလယ်အလတ် ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်၏။ ထိုကိစ္စကြီးမှာ လူတိုင်းအား အံ့သြတုန်လှုပ်သွားစေနိုင်ပေသည်။ ဝမ်ပေါင်လဲ့နှင့် ချုံးရိကျစ်တို့၏ တိုက်ပွဲကြီးအကြောင်း ကြားသိထားကြသည့် မဟာလက်ဝဲတာအိုနယ်မြေထဲမှ အင်အားကြီး အဖွဲ့အစည်းများပင်လျှင် သူတို့၏ ရှေ့တွင် မြင်နေရသည့် မြင်ကွင်းကြောင့် တုန်လှုပ်ချောက်ချားသွားကြ၏။
" သူက ကြောက်ဖို့ကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ "
" ထာဝရကြယ်အဆင့်... သိပ်မကြာသေးခင်တုန်းက မဟာလက်ဝဲတာအိုနယ်မြေထဲမှာ ထာဝရကြယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ လူတစ်ယောက် ပေါ်လာခဲ့တယ်လို့ ငါ ကြားထားတယ်။ သူ့နာမည်က... ဝမ်ပေါင်လဲ့မလား "
" တာအိုဂြိုဟ်လို ထာဝရကြယ်တစ်လုံးပါလား... စိတ်ဝင်စားစရာပဲ "
တစ်ချိန်ထဲမှာပင် မီးခိုးရောင် အာကာသကောင်းကင်ကြီး၏ အစွန်အဖျားပိုင်းတွင် ရှိနေကြသည့် အင်အားကြီးအဖွဲ့အစည်းများထဲမှ ပါရမီရှင်များမှာလည်း ဝမ်ပေါင်လဲ့အား သတိထားမိသွားကြ၏။
ထို ပါရမီရှင်များထဲတွင် ခန္ဓာကိုယ်ထဲ၌ ဓာတ်ငါးပါး အငွေ့အသက်များဖြင့် ပြည့်နှက်နေသည့် ကျင့်ကြံသူများ ပါ၏။ ထို့အပြင် နဖူးမှ ခြေဖျားအထိ ကြောက်မက်ဖွယ်ရာ ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားသော ကျင့်ကြံသူများလည်း ရှိသေးသည်။ အချို့သော ကျင့်ကြံသူများ၏ ပတ်ပတ်ပတ်လည်တွင်ဆိုလျှင် သွေးပုတီးစေ့များ ရစ်ဝဲနေကြ၏။
ထို့အပြင် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည့် ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြသော ကျင့်ကြံသူများလည်း ရှိသေးသည်။ တစ်ချိန်တည်းမှာပင် နတ်ဘုရားတစ်ပါးနှင့် တူသည့် အငွေ့အသက်များကို ပိုင်ဆိုင်ထားကြသည့် ကျင့်ကြံသူအချို့လည်း ရှိသေးသည်။ သူတို့အား စိုက်ကြည့်မိလိုက်သည့် လူတိုင်းမှာ မျက်လုံးများ တဆစ်ဆစ် နာကျင်ကိုက်ခဲသွားရသည်သာ ဖြစ်သည်။
ဘေးနားတစ်ဝိုက်တွင် အင်အားကြီးအဖွဲ့အစည်းများ အမြောက်အမြား ရှိနေကြသည်ဖြစ်ရာ ပါရမီရှင်များမှာလည်း မရေမတွက်နိုင်လောက်အောင်ပင်။ သို့သော် ဤနေရာရှိ ပါရမီရှင်များဟု ခေါ်ဆိုထိုက်သည့် ကျင့်ကြံသူများမှာ အားအင်ချည့်နဲ့ကြသူများ မဟုတ်ကြပေ။ သူတို့အားလုံးမှာ သူတို့ထက် ကျင့်ကြံခြင်းအဆင့် ပို၍မြင့်မားသည့် ပြိုင်ဘက်များကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိကြသူများ ဖြစ်ပေသည်။
ယခုတွင်မူ သူတို့မှာ ဝမ်ပေါင်လဲ့အား ကြည့်ရင်း အနည်းငယ် ကြောက်ရွံ့တုန်လှုပ်သွားကြ၏။
အဘယ်ကြောင့်ဆိုသော ဝမ်ပေါင်လဲ့မှာ လော့ကျစ်အား အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူ့ဆီ၌ ဝှက်ဖဲမည်မျှ ကျန်သေးကြောင်း မည်သူမှ အတိအကျမသိကြပေ။
ဝမ်ပေါင်လဲ့မှာမူ အမူအရာမပျက် ရှိနေဆဲပင်။ သူသည် နောက်သို့လှည့်ကာ သူ၏ ဆရာ မီးတောက်ခေါင်းဆောင်ကြီးအား ကြည့်လိုက်ပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ အရိုသေပေးလိုက်၏။
" ဆရာ။ တပည့်ကြောင့် ဆရာ စိတ်မပျက်စေရပါဘူး "
" တော်လိုက်တဲ့တပည့်လေး။ မင်းရဲ့ နံပါတ်တစ်ဂိုဏ်းတူအစ်မကြီးက ဒီ အဆုံးမဲ့မျိုးနွယ်စုရဲ့ လက်ပါးစေ ချီဝါးမျိုဂိုဏ်းခေါင်းဆောင်ကြီးကြောင့် ဒဏ်ရာ အပြင်းအထန်ရသွားခဲ့တာ " မီးတောက်ခေါင်းဆောင်ကြီးမှာ အေးစက်စက်မျက်ဝန်းများဖြင့် ဖြည်းဖြည်းချင်း ဆိုလိုက်၏။
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသည်နှင့် ခေါင်းမော့လာပြီး မျက်ဝန်းများ အေးစက်စွာ တောက်ပသွား၏။ သူပြောခဲ့သည့် ဒဏ်ရာမှာ... သတ်ဖြတ်ခံလိုက်ရခြင်းကို ဆိုလိုခြင်းဖြစ်ရပေမည်။
ထို့ကြောင့် သူသည် စကားတစ်ခွန်းမှမပြောဘဲ နောက်သို့လှည့်ကာ အနက်ရောင်ချီခေါင်းလောင်းကြီး၏ အပြင်ဘက်ရှိ အဘိုးကြီးနှင့် သူ၏ နောက်ရှိ ခေါင်းလောင်းကြီးပေါ်၌ ဒေါသတကြီးဖြစ်နေကြသော ကျင့်ကြံသူများအား လှမ်းကြည့်လိုက်သည်။ သူသည် သူတို့အား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ထာဝရကြယ်အဆင့်တွင် ရှိနေသည့် နောက်ထပ် ကျင့်ကြံသူတစ်ယောက်အား လက်ညိုးထိုးကာ ဆိုလိုက်တော့သည်။
" ငါ မင်းရဲ့အကြည့်တွေကိုလည်း မကြိုက်ဘူး။ လာခဲ့စမ်း။ ငါမင်းကို အသက်ရှူကြိမ်နှစ်ကြိမ်အတွင်း သတ်ပြမယ် "
ထိုအခါ ဝမ်ပေါင်လဲ့ လက်ညှိုးထိုးနေသည့် လူငယ်လေး၏ မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။
" ကောင်လေး။ မင်း အတင့်မရဲနဲ့နော် " ထိုအခါ အနက်ရောင်ချီခေါင်းလောင်းကြီး၏ အပြင်ဘက်တွင် ရှိနေသည့် အဘိုးကြီးမှာ ဒေါသတကြီး အော်ပြောလိုက်သည်။
" ဆရာ။ ဒီအဘိုးကြီး ကျွန်တော့်ကို ခြိမ်းခြောက်နေတာ " ဝမ်ပေါင်လဲ့မှာမူ မျက်ခုံးပင့်ကာ တည်ကြည်စွာဆိုလိုက်၏။ ထိုအခါ မီးတောက်ခေါင်းဆောင်ကြီးမှာ ချောင်းဟန့်ကာ သူ၏ ညာဘက်လက်ကို မြှောက်လိုက်သည်။ ထိုအခါ လေမုန်တိုင်းတစ်ခု ပေါ်ပေါက်လာသဖြင့် ထို အဘိုးကြီးမှာ နောက်သို့ ဆုတ်ခွာသွားရပြန်သည်။ သူသည် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီနေပြီး မျက်ဝန်းများ နီမြန်းနေ၏။
ဝမ်ပေါင်လဲ့မှာမူ ထို အဘိုးကြီးအား လျစ်လျူရှုထားလိုက်သည်။ သူ၏ ဆရာဖြစ်သူမှာ ကြောက်ရွံ့နေခြင်း မရှိရာ သူသည်လည်း စိုးရိမ်နေစရာအကြောင်း မရှိပေ။ တစ်ခုခု ဖြစ်သွားလျှင်တောင် သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီးအား သွားရှာလိုက်ရုံပင်။
ထို့ကြောင့် သူသည် အနက်ရောင်ချီခေါင်းလောင်းကြီးပေါ်ရှိ ချီဝါးမျိုဂိုဏ်းမှ ဂိုဏ်းသားများအား လက်ညှိုးထိုးကာ ထပ်၍ စိန်ခေါ်လိုက်ပြန်သည်။
" မင်းတို့တွေ သတ္တိမရှိကြဘူးလား။ အဲတာဆိုရင် မင်းတို့တွေ အကုန်ပေါင်းပြီး ငါ့ဆီ လာခဲ့ကြကွာ။ အဲတာဆို ငါ မင်းတို့ကို စိတ်ကြိုက်သတ်ဖြတ်လို့ရသွားမှာ "
" မင်း " ထိုအခါ အနက်ရောင်ချီခေါင်းလောင်းကြီးပေါ်ရှိ ကျင့်ကြံသူများမှာ တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထလာကြ၏။ သူတို့မှာ အမျက်ချောင်းချောင်း ထွက်နေကြပါသော်လည်း မည်သူကမှ မတိုက်ခိုက်ရဲကြပေ။