← Chapters

ကမ္မတန်ဖိုး အပြောင်းအလဲ

Vol. 4 Ch. 43

ကမ္မတန်ဖိုး အပြောင်းအလဲ

Vol. 4 Ch. 43

“အကြီးအကဲကျိုး...”

တိုင်ချူးရွှယ်က အပြေးကလေး သွားကာ ကျိုးနင်ကို ဖေးမရန် ကြိုးစားလိုက်သည်။

“ငါ အဆင်ပြေပါတယ်...”

ကျိုးနင်မှာ တိုင်ချူးရွှယ်၏ အပြုအမူကြောင့် ရင်ထဲ နွေး‌ထွေးသွား၏။

သူမ ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းမှာ မည်သည့် ခြိမ်းခြောက် အကြပ်ကိုင်မှုကြောင့်မှ မဟုတ်ပါချေ။ ထိုအရာက ရွေးချယ်မှုတစ်ခု ဖြစ်ကာ သူမ လုပ်နိုင်သည့် တစ်ခုတည်းသော အရာလည်း ဖြစ်သည်။

ခင်ပွန်းဖြစ်သူအတွက်လား... ကျိုးနင်၏ စိတ်ထဲ၌ နည်းနည်းမှ အပြစ်ရှိသလို မခံစားရချေ။ လှပ ချောမောပြီး ကျင့်ကြံခြင်း အဆင့်မြင့်မားသည့် နတ်မိမယ်လေး တစ်ပါးက တစ်ညတာ အတူနေပေးလျှင် ဒဏ်ရာများကို ကုသပေးမည်ဟု ကမ်းလှမ်းခဲ့ပါက... ထိုအကောင် ငြင်းပါမည်လော။

“တစ်ခုခု စားကြရအောင်း...”

ကျိုးနင်က တည်ငြိမ်စွာပင် ဆိုလိုက်သည်။

...

ဝေ့ဝူယင်သည် ဤခရီးစဥ် အစမှ ရရှိခဲ့သည့် အကျိုးအမြတ်များကို ပြန်လည် တွက်ချက် နေခဲ့၏။ အကြမ်းဖျင်း ခန့်မှန်းချက် အရဆိုလျှင်... စစ်သည်များထံမှ ချီလက်နက်များနှင့် သံချပ်ကာများမှာ အမတေ ကျောက်တုံး ခြောက်ဆယ်ခန့် တန်ဖိုး ရှိပေသည်။ သူတို့၏ လက်စွပ်များထဲမှ ရရှိထားသည့် အမတေ ‌ကျောက်တုံး သီးသန့် အရေအတွက်မှာ နှစ်ဆယ့်နှစ်တုံး ဖြစ်သည်။ သူ့အတွက် အသုံးမလိုသည့် ဆေးမြစ်များ၊ ဆေးလုံးများနှင့် အခြား တိုလီမိုလီများကို ရောင်းလိုက်လျှင် အနည်းဆုံး အမတေ ‌ကျောက်တုံး နှစ်ဆယ်ခန့် ထပ်မံ ရရှိနိုင်သေးသည်။

မြို့တော်သခင်နှင့် သူ၏ သားငယ်ထံမှ ရရှိခဲ့သည့် ပမာဏဆိုလျှင် ပို၍ပင် များပြာလှသေးသည်။ ထိုနှစ်ယောက်၏ ချမ်းသာကြွယ်ဝမှု စုစုပေါင်းမှာ အမတေ ကျောက်တုံး သုံးရာခန့် ရှိပြီး သန့်စင်သော အမတေ ကျောက်တုံး ငါးဆယ့် ခုနစ်တုံးလည်း ပါရှိပေးသည်။

အင်ဖာနို နှလုံးသား အပိုင်းအစနှင့် ဘဏ္ဍာတိုက်ထဲမှ ရရှိခဲ့သည့် ရတနာများကို ထည့်ပေါင်းပါက သူသည် ဤပွဲ၌ အမတေ ကျောက်တုံး ရှစ်ရာခန့်ကို ရရှိခဲ့ပြီး ဖြစ်သည်။

သူသည် မြို့တော်အရှင်ကို သတ်ပြီးနောက် ဘဏ္ဍာတိုက်ထဲသို့ ဝင်ရောက်ကာ ရှာဖွေခဲ့သေးသည်။ သို့သော်လည်း ထိုအထဲ၌ မည်သည့် အမတေ ကျောက်တုံးကိုမှ မတွေ့ခဲ့ရချေ။ ကြည့်ရသည်က မြို့တော်အရှင်သည် သေမျိုး နတ်ဘုရား အဆင့်သို့ ရောက်လျှင်ရောက်ချင်း ဘဏ္ဍာတိုက်ထဲမှ အမတေ ကျောက်တုံး အားလုံးကို ထုတ်ယူခဲ့ဟန် ရသည်။ ထို့ကြောင့်ပင် သူ၏ ခန္ဓာကိုယ်ထက်၌ ထိုမျှ များများစားစား တွေ့ခဲ့ရခြင်း ဖြစ်သည်။ အမတေ ကျောက်တုံး တစ်ရာမှာ မဟာ ဂိုဏ်းကြီးတစ်ခု အတွက်ပင် များပြားသည့် ပမာဏ ဖြစ်သည်။

“ဒီဟာတွေ အကုန်လုံးကို အမတေ ကျောက်တုံးအဖြစ် ပြောင်းလဲပြီးရင် ငါ့အနေနဲ့ မြင့်မြတ်သောချီ အဆင့်ကို တက်လှမ်းနိုင်လောက်ပြီ”

ထိုသုံးသပ်ချက်ကို ပြုလုပ်ပြီးနောက် ဝေ့ဝူယင် အနည်းငယ် စိတ်လှုပ်ရှား လာမိ၏။ ထိုကျင့်ကြံခြင်း အဆင့်သို့ ရောက်ပါက သူမည်မျှအထိ သန်မာလာမည်နည်း။ ထိုအခါဆိုလျှင် “အရှင်” အဆင့်သို့ ရောက်ရန် သူ ခြေတစ်လှမ်းသာ လိုပေတော့မည်။ ထိုခြေလှမ်းကိုသာ လှမ်းနိုင်ပါက ကိုယ်ပိုင်ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ရန်ပင် သူ့အတွက် ခက်ခဲတော့မည် မဟုတ်ချေ။ စိတ်လှုပ်ရှားမှုကြောင့်‌ ဝေ့ဝူယင်၏ နှလုံးသားမှာ တဒိန်းဒိန် ခုန်လာခဲ့၏။ နေသွေးနီနီဂိုဏ်း၏ ဂိုဏ်းချုပ် စုလင်းယာပင်လျှင် မြင့်မြတ်သောချီ အဆင့်တွင်သာ ရှိပေသေးသည်။

ချီနှလုံးသား နှစ်ခု၊ သီးခြား သန့်စင်နိုင်သော စွမ်းရည်၊ လျှင်မြန်သော သန့်စင်မှုနှုန်းထားတို့ကြောင့် သူ၏ ကျင့်ကြံခြင်း အမြန်နှုန်းမှာ အခြားလူများထက် အနည်းဆုံး ရှစ်ဆခန့် ပိုမို မြန်ဆန်လိမ့်မည် ဖြစ်သည်။ သူ အင်ဖာနို နှလုံး အပိုင်းအစကို ထုတ်ယူ ကြည့်လိုက်၏။ ချက်ချင်းပင် ဂူ၏ အပူချိန်က လေးဆယ် ဒီဂရီမျှ ထပ်မံ တိုးမြင့်သွားသည်။ သို့သော်လည်း... သူသည် ကျောက်တုံးအပေါ်တွင်သာ အာရုံစိုက်နေလေရာ ထိုအရာကို သတိမပြုမိပါချေ။

“ငါသာ အဆင့်မြင့် အင်ဖာနို ချော်ရည်ပူချီကို ထပ်မွေးဖွားနိုင်ရင်... ဒြပ်စင် ချီနှလုံးသးကို ဖွဲ့စည်းနိုင်ဖို့ ခြေတစ်လှမ်းပဲ လိုတော့မှာ... ဒြပ်စင်ချီနှလုံးသားနဲဆို ငါ ဘယ်လောက် အစွမ်းထက်လာမယ်ဆိုတာ ဘယ်သူ ပြောနိုင်မှာလဲ”

ဝေ့ဝူယင် ထိုအရာအပေါ် မျှော်လင့်နေမိ၏။ လေချီ နှလုံးသားကို ပိုင်ဆိုင်ရုံဖြင့်ပင် ကျိုးနင်၏ လေချီ ကျင့်စဥ်များမှာ သုံးဆ အထိ အစွမ်းထက်လာခဲ့သည်။ ချီကိုးမျိုး စလုံး ပေါင်းစပ် ပါဝင်နေသည့် ချီနှလုံးသား ဆိုလျှင် သူ၏ ခွန်အားမှာလည်း ခုန်ပေါက် တိုးတက်လာမည်လော။

ဝိုးဝဝါးသာ တွေးဆ၍ ရသေးသည့်တိုင် ထိုအရာက အံ့သြဖွယ်ဖြစ်လိမ့်မည် ဖြစ်ကြောင်း သူ သိပေသည်။ မည်သို့ပင် ဆိုစေ... ထိုအရာမှာ နတ်ဘုရား ဧကရာဇ် ဟန်ရှဲ့ကျင့်ကြံခဲ့သည့် လမ်းစဥ် မဟုတ်ပါလော။

လက်ရှိခေတ်၏ ကျင့်ကြံခြင်းကား အတိတ်ကာလနှင့် စာလျှင် များစွာ တိုးတက် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။ အကယ်၍ နတ်ဘုရား ဧကရာဇ် ဟန်ရှဲ့သာ လက်ရှိခေတ်ကို ရောက်ရှိလာပါက ကုန်းမြေတိုက်ကြီး တစ်ခုလုံး၏ ထိပ်တန်း ကျင့်ကြံသူများတွင် အလယ်အလတ်လောက် ရပ်တည်နိုင်ပေလိမ့်မည်။ အတိတ်ကာလသည်သာ ကြီးကျယ်ခမ်းနားသည် ဟု ယူဆကြသူများမှာ အမှန်ပင် မိုက်မဲလွန်းသည်။ ယနေ့ခေတ်၏ ကျင့်ကြံခြင်းမှာ အတိတ်ကာလမှ အမှားများ၊ ပျောက်ဆုံးနေသော အပိုင်းများကို ဖန်တီး ဖော်ထုတ်ကာ ပို၍ပင် ခမ်းနား နေခဲ့ချေပြီ ဖြစ်သည်။

ဝေ့ဝူယင် ဂူအတွင်း၌ ထိုင်ချရင်း ချီနှလုံးသား နှစ်ခုကို သီးခြားစွာ စတင် လှည့်ပတ်လိုက်၏။ ၎င်းတို့သည် တစ်ဖက် တစ်ချက်မှ ‌ချော်ရည်ပူ အမတေများကို စတင် စုပ်ယူ ဝါးမျိုကြလေသည်။

အချိန်သည် ဖြည်းညင်းစွာပင် ကုန်လွန်သွားလေ၏။

တစ်နာရီ...

တစ်ရက်...

သုံးရက်...

ဆယ်ရက်...

ဝေ့ဝူယင်သည် ဆယ်ရက်ပြည့်သည် အထိ မရပ်မနား ကျင့်ကြံနေခဲ့သည်။ သူ၏ မျက်လုံးများ ပွင့်လာချိန်၌ ပူပြင်း မည်းနက်သော သွေးရောင် အလင်းတန်းများက တလက်လက် တောက်ပနေ၏။ ချော်ရည်ပူ ကျောက်တုံးထဲမှ အမတေများမှာ ခုနစ်ဆယ် ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ လက်ကျန် သုံးဆယ် ရာနှုန်းမှာ လူအချို့ကို သာမန် ချော်ရည်ပူချီ မွေးဖွားစေရန် လုံလောက်နေဆဲ ဖြစ်သည်။

“ငါ လုပ်နိုင်ခဲ့ပြီ...”

ဝေ့ဝူယင်၏ နှလုံးသားထဲတွင် လေးနက်သော စိတ်ကျေနပ်မှုများကို ခံစားနေရ၏။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ရွှေရောင် ချော်ရည်လုံး တစ်ခု ဖြစ်တည်လာသည်။ချော်ရည်လုံးသည် တဖြည်းဖြည်း ရွှေရောင်မှ နေ၍ သွေးနက်ရောင်၊ ထိုမှတစ်ဆင့် အနက်ရောင် အထိ ပြောင်းလဲ သွား၏။ ၎င်းအား ဖန်တီးပြီးသည်နှင့် ဂူ၏ အပူချိန်မှာ ငါးရာ ဒီဂရီနီးပါး အထိ မြင့်တက်သွားခဲ့သည်။ ဂူ၏ နံရံများမှာ ချက်ချင်းပင် အရည်ပျော်မည့် လက္ခဏာများ ပြသလာကြသည်။ ထိုအရာက သူ၏ အကန့်အသတ် မဟုတ်သေးသည့်တိုင် ရူးသွပ်လောက်သည့် အပူချိန် ဖြစ်ပေသည်။

ဝေ့ဝူယင်က ချော်ရည်လုံးကို ပြန်လည် ရုတ်သိမ်းလိုက်၏။ အကျိုးဆက် အနေဖြင့် ဂူအတွင်းရှိ အပူချိန်မှာ ရုတ်ချည်း ကျဆင်းသွားသည်။

ဝေ့ဝူယင် တိုက်ခိုက်ရေး ချီကျင့်စဥ်တစ်ခုကို ပြန်လည် စဥ်းစားလိုက်သည်။ ၎င်းကို “ချော်ရည်ပူနှင့် ရေ ပေါင်းစပ်ခြင်း ကျင့်စဥ်” ဟု ခေါ်သည်။ ၎င်းမှာ ချော်ရည်ပူနှင့် ရေကို ပေါင်းစပ်ကာ ကြောက်မက်ဖွယ် ပေါက်ကွဲမှု အဖျက်စွမ်းအား ဖန်တီးသည့် ကျင့်စဥ်မျိုး ဖြစ်သည်။

ပေါင်းစပ်ခြင်း ဟူသည့် ဝေါဟာရကာ ဝေ့ဝူယင်အား သတ္တုနှင့် လျှပ်စီးချီတို့ကို ပေါင်းစပ်ကာ တိုက်ခိုက်ရသည့် ကျင့်စဥ်တစ်မျိုးကို ပြန်လည် သတိရစေ၏။ ထိုအရာကို သတ္တုလျှပ်စီး ပေါင်းစပ်ခြင်း ကျင့်စဥ်ဟု ခေါ်ကာ သွေးတာအို ခန်းမထဲတွင် သူ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် လျှပ်စီးသည် ထိန်းချုပ်ရန် အခက်ခဲဆုံး ဒြပ်စင် တစ်ခုဖြစ်ပေသည်။ သို့သော်လည်း သတ္တုချီကို ပေါင်းစပ်အသုံးပြုပါက လျှပ်စီးကို ပိုမို လွယ်ကူစွာ ထိန်းချုပ်နိုင်ပေသည်။ ထိုချီစွမ်းအင် နှစ်ခု၏ ပေါင်းစပ်မှုက ပိုမို အားကောင်းသည့် အဖျက်စွမ်းအား တစ်ခုကိုပင် ဖန်တီးနိုင်သည်။

ထိုကျင့်စဥ် နှစ်ခုစလုံးပေါ်တွင် သူ့အနေဖြင့် အချိန်ပေးရမည်ကတော့ အသေအချာပင် ဖြစ်သည်။ အကြောဆန့်ကာ အညောင်းအညာ ဖြေလိုက်ပြီးလိုက် ဝေ့ဝူယင် ဂူအပြင်သို့ ထွက်လာခဲ့၏။ ခရီးထွက်ဖို့ အချိန်တန်ချေပြီ ဖြစ်သည်။

ဂူအောင်း ကျင့်ကြံနေသည့် ဆယ်ရက်ခန့် အချိန်အတွင်း ကျောက်စိမ်းကြာပန်းဂိုဏ်းမှ သုံးယောက်မှာ ထွက်ခွာသွားလောက်ပြီဟု ဝေ့ဝူယင် ယူဆထားခဲ့သည်။ သို့သော်လည်း... အံ့အားသင့်ဖွယ်ပင် အဓိက တပည့် နှစ်ယောက်မှာ ဂူအနား၌ ကျင့်ကြံနေကာ ကျိုးနင်မှာ သူတို့ကို စောင့်ရှောက်ပေးနေခဲ့သည်။ လေချီသည် သူမ၏ ခန္ဓာကိုယ်ကို လှည့်ပတ်ကာ မည်သည့် ရန်သူကိုမဆို တားဆီးရန် အဆင်သင့် ဖြစ်နေခဲ့သည်။

ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ သူက ဝိညာဥ်အာရုံကို ဖြန့်ကျက်လိုက်ရာ ကြိုးကြာဖြူမှာ မြစ်တစ်ခုထဲ၌ ငါးဖမ်းနေသည်ကို တွေ့လိုက်ရသည်။

ရွှစ်...

သူက လေချွန်လိုက်ရာ ကြိုးကြာဖြူမှာ ခေါင်းအား မြှောက်ကာ နားစွင့်၏။ ထို့နောက် ချက်ချင်းပင် စိတ်လှုပ်ရှားသော အမူအရာနှင့် ကောင်းကင်သို့ ပျံတက်ကာ ဂူဆီ ပြန်လည် ပျံသန်းလာခဲ့သည်။

လေချွန်သံကြောင့် တိုင်ချူးရွှယ်နှင့် မူကျန်းတို့မှာ ကျင့်ကြံရာမှ အသီးသီး နိုးထလာကြသည်။ သူတို့သည် ဝေ့ဝူယင်အား ထူးဆန်းသော အမူအရာများနှင့် ကြည့်လိုက်ကြ၏။

ဝေ့ဝူယင်မှာ အဘယ်ကြောင့် သူတို့ ထွက်မသွားကြသေးသည်ကို သိလိုနေသည်။ သို့သော်လည်း သူမသိသည့် အချက်ကား... သူတို့ ထွက်သွားပြီးပြီ ဖြစ်သည့် အကြောင်းပင်။

အမှန်တကယ်ပင် လွန်ခဲ့သည့် ကိုးရက်ခန့်က သူတို့ ဂူမှ ထွက်ခွာခဲ့ပါသည်။ လမ်းတစ်လျှောက်၌ မြို့တော်သခင်နှင့် သားဖြစ်သူတို့ အသတ်ခံရသည့် သတင်းများကို သူတို့ ကြားရ၏။ တရားခံမှာ ဝေ့ဝူယင် ဖြစ်ကြောင်း သူတို့ မကြာခင်မှာပင် သဘောပေါက် လာခဲ့ကြသည်။

ထိုကဲ့သို့ ပြုလုပ်ရန် အတွက်မူ အနည်းဆုံး ချီပျစ်ခဲခြင်း အဆင့်ငါးသို့ ရောက်နေရန် လိုအပ်သည်။ သေမျိုး နတ်ဘုရား အဆင့် ပင်လျှင် ဖြစ်နိုင်ချေ ရှိသည်။ ဝေ့ဝူယင် အမည်ရှိ လူငယ်မှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် ထိုအဆင့်ကို ရောက်နေသည်လား။

သို့သော်လည်း သူတို့ကို ပို၍ စိုးရိမ်စေသည့် အချက်ကား.. ကမ္ဘာတိုက်တန်ဂိုဏ်းမှာ  မြို့တော်အရှင် သေဆုံးမှုအတွက် လျှင်မြန်စွာပင် တုန့်ပြန်လာခြင်းပင်။ သူတို့သည် ပတ်ဝန်းကျင် ဒေသတစ်ခုလုံးကို ပိတ်ပင်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ မည်သို့ပင် ဆိုစေ မြို့တော်အရှင်သည် အသစ်စက်စက် သေမျိုး နတ်ဘုရား တစ်ယောက် ဖြစ်သလို ဂိုဏ်း၏ မဟာ အကြီးအကဲအဖြစ်လည်း ဖြစ်ပေသည်။ သူတို့ အနေဖြင့် ထိုအရာကို အလေးထားရန် လိုအပ်သည်။

ဂိုဏ်းသည် စုံစမ်း စစ်ဆေးရေး အတွက် မဟာ အကြီးအကဲ သုံးဦးနှင့် အဓိက အကြီးအကဲ အများအပြားကို တိုက်ရိုက် စေလွှတ်ခဲ့၏။ သူတို့သည် လေချီနှလုံးသား ပိုင်ဆိုင်ထားသည့် မိန်းမငယ် တစ်ဦးကို အဓိကထား ရှာဖွေနေကြသည်။

သူမသည် လုပ်ကြံသတ်ဖြတ်မှု မတိုင်မီ မြို့တော်အရှင်၏ အင်အားစု အချို့ကို မြို့ပြင်သို့ မျှားခေါ်သွားကာ သတ်ဖြတ်ပစ်ခဲ့သည်။ ထို့ကြောင့်ပင်... ဂိုဏ်းမှာ သူမအား ကြံရာပါ တစ်ဦး အနေဖြင့် သတ်မှတ်ကာ အဓိက ပစ်မှတ်ထားနေခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့သော အကြောင်းရင်းများကြောင့် ကျိုးနင်နှင့် အခြား နှစ်ယောက်မှာ ဤနေရာသို့ ပြန်လာကာ ပုန်းအောင်း နေကြခြင်း ဖြစ်သည်။

ကျိုးနင်သည် ဝေ့ဝူယင်ထံမှ အကူအညီရရှိရေး အတွက် အကောင်းဆုံး ကြိုးစားရန် ကြံရွယ်ထားသည်။ သူမက တည်ငြိမ်သော အမူအရာဖြင့် ဝေ့ဝူယင်၏ ရှေ့သို့ လျှောက်သွားလိုက်၏။

သို့သော်လည်း... သူမ၏ ရင်သားများထက်သို့ ကျဆင်းလာသော ဝေ့ဝူယင်၏ စူးစူးရဲရဲ အကြည့်က သူမကို ရှက်သွေးဖြာသွားစေသည်။ သူမက စိတ်ကို တည်ငြိမ်အောင် ပြန်လည် ထိန်းသိမ်းကာ အခြေအနေကို ပြည့်ပြည့်စုံစုံ ရှင်းပြလိုက်သည်။

“ဪ... အဲဒီလိုကိုး...”

ဝေ့ဝူယင်က သူ၏ နံဘေးသို့ ကျဆင်းလာသည့် ကြိုးကြာဖြူ၏ ဦးခေါင်းကို ပွတ်သပ်ပေးရင်း အေးဆေးစွာ ဆိုလိုက်၏။ သူ့တွင် ထိုလူများကို ထပ်မံ ကူညီရန် အစီအစဥ် မရှိတော့ချေ။ မည်သို့ပင်ဆိုစေ... သူသည် သူတို့ကို အကြိမ်ကြိမ် ကူညီခဲ့ပြီး ဖြစ်သည်။ ထိုအရာကပင်လျှင် အတော်လေး လွန်နေခဲ့ပြီ ဖြစ်သည်။

သူက အမှတ်မထင် ညာဘက်လက်ကို ငုံ့ကြည့်ကာ ကမ္မ တန်ဖိုးကို စစ်ဆေးလိုက်၏။

“၁၆၂.၅ ပဲ... ကြည့်ရတာ ကံကောင်းမှု မရှိနေဘူး...”

သူက ခေါင်းအား ခါယမ်းလိုက်၏။ ရုတ်တရက် သူ၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားကာ ကမ္မ တန်ဖိုးကို နောက်တစ်ကြိမ် ပြန်လည် စစ်ဆေးလိုက်သည်။

“၁၆၂.၅...”

“ဘာလဲ အဲဒါက ၁၆၂.၄ မဟုတ်ဘူးလား...”

မည်သည့် အချိန်က ပြောင်းလဲ သွားသနည်း။ မည်ကဲ့သို့ ပြောင်းလဲသွားသနည်း။ ထိုကမ္မတန်ဖိုးကို မည်သူကမှ ဆန္ဒအ‌လျောက် သူ့အား အလကား မပေးခဲ့သည်ကတော့ သေချာပေသည်။

အဘယ်ကြောင့် ကမ္မတန်ဖိုး ၀.၁ တိုးတက်လာခြင်းကို သူ မသိပါချေ။ ထိုအရာက ပြောင်းပြန် တုန့်ပြန်မှုလော။ ကံဆိုးခြင်းများ ကျဆင်းလာလျှင် ကမ္မတန်ဖိုးက တိုးတက်လာလော။ ထိုအရာကလည်း အဓိပ္ပာယ် မရှိလှချေ။

ကိုယ့်လက်မောင်းကိုယ် မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည့် ဝေ့ဝူယင်အား ကြည့်ကာ ကျိုးနင်တို့ သုံးယောက်မှာ ကြောင်တောင်တောင် ဖြစ်နေကြ၏။ အပြစ်အနာအဆာကင်းသည့် အသားအရေနှင့် ကြွက်သားများကို သူ ယခုမှ သတိထားမိ၍လော။ သူတို့ မတွေးတတ်ကြချေ။

***

All Chapters