← Chapters

ရည်ရွယ်ချက်ရှိရှိ ခေါ်ယူခြင်း

Vol. 006 Ch. 508

ရည်ရွယ်ချက်ရှိရှိ ခေါ်ယူခြင်း

Vol. 006 Ch. 508

ရီဖူရှင်း သဘောတူသည်ကို မြင်သည်တွင် လူအုပ်က အံ့အားသင့်ရသည်။ သည်အုပ်စုက ဘာအတွက် ပေါ်လာသည်ကိုပင် သူတို့ နားမလည်။

သူတို့က လောင်ယွန်မြို့ကို အသုံးပြု၍ သူတို့၏ စွမ်းရည်ကို ထုတ်ဖော်ကာ တော်ဝင်လမ်းအတွက် အထောက်အပံ့ လိုက်ရှာ နေကြသူများလား…။

မြို့ရိုးဖြူမြို့၏သခင်လေး လီစွမ်းကား လူအများ လေးစားရသောသူ ဖြစ်သည်။ ထို့ကြောင့် သူက ရီဖူရှင်းတို့အား ခေါ်ယူခြင်းက အံ့အားသင့်စရာတော့ မဟုတ်ပေ။ မြို့ငါးမြို့တွင် မြို့ရိုးဖြူမြို့က နံပါတ်သုံးချိတ်ပြီး ရီဖူရှင်းက ထိုအဖွဲ့ထဲ ဝင်ခြင်းဖြင့် အလွန် အကျိုးကျေးဇူး များနိုင်ပေသည်။

သူက မြို့ရိုးဖြူမြို့ကို ဝင်ရောက်လိုက်သည်နှင့် ကျိုးရှင်းတောင်မှ လူများနှင့်အတူ တော်ဝင်လမ်းကို သွားခွင့်ရတော့မည် ဖြစ်သည်။ ကျိုးရှင်းတောင်က မြို့ရိုးဖြူအဖွဲ့ကို သေချာပေါက် ရွေးချယ်မည် ဖြစ်သည်။ ဤသို့ဆိုလျှင် ရီဖူရှင်းတို့အုပ်စုက သူတို့၏နိမ့်ကျသော တန်ခိုးအဆင့်ကြောင့် တော်ဝင်လမ်းတွင် စိတ်ပူနေစရာ မလိုတော့။

မဟုတ်လျှင် သူတို့က မည်မျှပင် အားကောင်းပါစေ အဆင့်မြင့် အကာနာမျှဖြင့် နေရာတစ်နေရာ ရရန် မလွယ်ပေ။ မြေရိုင်းဒေသ တစ်ခုလုံးမှ ပါရမီရှင်များ စုစည်းရာ တော်ဝင်လမ်းတွင်ကား ကျိုးရှင်းတောင်းမှ နိုဘယ် ပါရမီရှင်များပင် မှေးမှိန်ရသည်။

“ချီယွန် … ရီမိုတို့အုပ်စုက မြို့ရိုးဖြူမြို့ အဖွဲ့ထဲကို ဝင်ပြီးကြပြီ… တကယ်လို့ မင်းက ဆက်ပြီး စိန်ခေါ်ချင်တယ်ဆိုရင် ငါကလည်း နိုဘယ်တန်ခိုးရှင် တစ်ယောက်ကို လွှတ်ပြီး စိန်ခေါ်တာကို လက်ခံပေးမယ်…” လီစွမ်းက ပြောသည်။ သူ့ဘေးတွင်ကား အစိမ်းရောင် ဝတ်စုံဝတ် မိန်းကလေး တစ်ယောက်က ရှေ့ကို တက်လာသည်။ သူမကား အလွန် လှပချောမောသူ ဖြစ်ပြီး လီစွမ်း၏ညီမဖြစ်သူ လီချန်းရီ ဖြစ်သည်။ သူက ယခုမှ နိုဘယ်အဆင့်ကို စတင် တက်ရောက်ခဲ့ကာ နဝမအဆင့်တွင်သာ ရှိသေးသည်။ သို့သော် သူမ၏တိုက်ခိုက်ရေး စွမ်းရည်က အတော် အားကောင်းသည်။

ချီယွန်က မျက်မှောင်ကြုတ် လိုက်ကာ သူ၏အကြည့်က ရီဖူရှင်းတို့ အုပ်စုထံ ရောက်လာပြီး အမိန့်ပေးသည်… “ပြန်ဆုတ်လာခဲ့…”

ထင်မှတ်ထားသည့် အတိုင်း လောင်ယွန်မြို့က မြို့ရိုးဖြူမြို့နှင့် မြန်ဆန်စွာ ရင်ဆိုင်လိုခြင်း မရှိသေးပေ။

နိုဘယ်တန်ခိုးရှင်က နောက်ဆုတ် သွားသည်တွင် ရီဖူရှင်းတို့ကလည်း မြို့ရိုးဖြူမြို့ အုပ်စုဘက်သို့ လျှောက်သွား လိုက်ကြသည်။ လီစွမ်းက သူတို့အား ပြုံးလျက် ပြောသည်… “မင်းတို့ပါ ထပ်ပေါင်းရင် ငါတို့ မြို့ရိုးဖြူအဖွဲ့က အကာနာအဆင့်မှာ ပြိုင်ဘက်ကင်း သွားပြီ…”

သူ့အနီးမှ လူများက မြို့ရိုးဖြူအဖွဲ့ကို ကြည့်ကြသည်။

မြို့ရိုးဖြူမြို့၏ အတော်ဆုံး အကာနာ တန်ခိုးရှင်ကား ကျိုးကျွမ်ဖြစ်ကာ မြို့စားကြီး ကိုယ်တိုင်က အထူးတလည် ပြုစု ပျိုးထောင်ပေးခြင်း ခံရသူဖြစ်၏။ သူက နောင်တွင် လီစွမ်း၏ အားအကောင်းဆုံး သက်တော်စောင့် တစ်ယောက်လည်း ဖြစ်ပေမည်။ ထို့အတူ သူတို့ဘေးတွင် စစ်ချပ်ဝတ် အပြည့်အစုံ ဝတ်ဆင်ထားသော လူသန်ကြီး တစ်ယောက်ကိုလည်း တွေ့ရသည်။ သူ၏နာမည်က ကျန်းလောင်ဖြစ်ကာ သူ့ကို ကျိုးကျွမ်နှင့် အမြဲ တပူးတွဲတွဲ မြင်ရသည်။ သူကလည်း ထူးခြား ထက်မြက်သော တိုက်ခိုက်ရေး စွမ်းရည်ရှိသည်။

သူတို့ နှစ်ယောက်အပြင် ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ် တစ်ယောက်လည်း ရှိသည်။ သူ၏နာမည်က လင်းဖေးပိုင်ဖြစ်ကာ မြို့ရိုးဖြူမြို့တွင် နိုဘယ်အဆင့် အောက်၌ ပြိုင်ဘက်ကင်းသူဟု နာမည် ကျော်ကြားသည်။ မြို့တော်ဝန်က သူ့အား သူ့လက်အောက်ကို သွတ်သွင်းရန် ကြိုးစားနေသည်မှာ ကြာပြီ ဖြစ်သော်လည်း ယခုမှ လီစွမ်းအဖွဲ့ကို ရောက်လာခြင်း ဖြစ်ကာ တော်ဝင် လမ်းကြောင့်သာ သူ ရောက်လာခြင်းဟု အားလုံးက နားလည် ထားကြသည်။ ကျိုးကျွမ်နှင့် လီဖေးပိုင်တို့အကြား မည်သူက ပိုမို အားကောင်းသည်ကို လူအများအပြားက သိလိုကြသည်။

သူတို့ သုံးယောက်အပြင် ယခု ရီဖူရှင်းတို့အဖွဲ့ ထပ်ပေါင်းသည်တွင် မြို့ရိုးဖြူမြို့၏ အကာနာအဆင့် တန်ခိုးရှင် အင်အားက အကောင်းဆုံး အနေအထားကို ရောက်လာသည်။

“ကျွန်မနာမည် လီချန်းရီ…” လီချန်းရီက သူမကိုယ်သူမ မိတ်ဆက်သည်။

“ရီမို… ယူချင်း… ရီဝူချင်းနဲ့ လို့လန်ရွှီ…” ရီဖူရှင်းက ပြန်ပြောသည်။

လီချန်းရီကလည်း တခြားလူများ၏ နာမည်များကို မိတ်ဆက်ပေးသည်။ ကျိုးကျွမ်က သူတို့ကို ပြန်လည် ခေါင်းညိတ်ပြသော အချိန်တွင် လီဖေးပိုင်ကား မထုံတက်သေးပုံစံ။ ရီဖူရှင်းက ဂရုမစိုက်ပေ။

“မိန်းကလေး ချန်းရီ… ဒီလူတွေက တကယ်ပဲ တော်ဝင်လမ်း အတွက်လား…” ရီဖူရှင်းက မေးသည်။

“ကျိုးရှင်းတောင်က တပည့် လက်ခံနေတယ်… တော်ဝင်လမ်းအတွက် မဟုတ်ရင်တောင် လူတွေ အများကြီး လာကြတယ်… ပြီးတော့ ရှီတန်ခိုးရှင် လေမုန်တိုင်းရဲ့ သမီးကလည်း ကြင်ဖက်ရွေးမယ်လို့ ကောလာဟလတွေ ကြားကြတော့ လူငယ်တွေက လာကြည့်ကြတာ မဆန်းပါဘူး…”

ရီဖူရှင်းက ခေါင်းမော့ကာ တောင်ထိပ်ကို လှမ်းကြည့်သည်။ လူအုပ်ထဲတွင် သူက အလွန်လှသော မိန်းကလေး တစ်ယောက် ကိုလည်း မြင်သည်။ သူမက လီချန်းရီပြောသော မိန်းကလေး ဖြစ်ရမည်။

“တကယ်လို့ ကျွန်မတို့က ကျိုးရှင်းတောင်နဲ့ ပူးပေါင်းပြီးတော့ တော်ဝင်လမ်းကို သွားရမယ်ဆိုရင် ဒါက ကောင်းမွန်တဲ့ အခွင့်အရေးပဲ…” လီချန်းရီက ပြောသည်။ လီချန်းရီ၏ စကားများကြောင့် ရီဖူရှင်း ယခု အခြေအနေကို အကြမ်းအားဖြင့် နားလည် လိုက်သည်။

သူက ကြယ်မင်းကျောင်းမှ ထွက်ခွာလာသော အချိန်တွင် တော်ဝင်လမ်းက ဖွင့်တော့မည် ဖြစ်ကြောင်း ကျောင်းအုပ်ချန်းက သူ့ကို သတိပေးခဲ့သည်။ ထို့ကြောင့် မြေရိုင်းဒေသမှ ပါရမီရှင်များက တော်ဝင်လမ်း ကိုးလမ်းကို သွားရောက် ကြမည်ဖြစ်ရာ သူကလည်း စဉ်းစားသင့်သည်ဟု ကျောင်းအုပ်က ပြောခဲ့သည်။

ယခု သူက ကျိုးရှင်းတောင်ကို မတော်တဆ ရောက်လာခဲ့သည်။ မြေရိုင်းဒေသ တစ်ခုလုံးက တော်ဝင်လမ်း အတွက် ပြင်ဆင်နေသည်ဟု သူခံစားရသည်။ လက်ရှိတွင် ကျိုးရှင်းတောင်ခြေ နေရာအနှံ့၌ တိုက်ပွဲများ ဖြစ်ပျက်နေသည်။ လူတိုင်းက မိမိတို့၏ စွမ်းရည်များကို အတတ်နိုင်ဆုံး ထုတ်ဖောက် နေကြ၏။

လူအနည်းစုကသာ တိုက်ခိုက်ခြင်း မရှိကြသေးပေ။ သူတို့ကား အဓိက မြို့ကြီးငါးမြို့တို့ ဖြစ်ကြသည်။

အဓိက မြို့ကြီး ငါးမြို့မှာ လောင်ယွန်မြို့၊ မြို့ရိုးဖြူမြို့၊ ရွယ်ယွန်မြို့၊ အေးခဲမြို့၊ မိုးကောင်းကင်မြို့တို့ ဖြစ်ကြသည်။ ထိုငါးမြို့တွင် မြို့ရိုးဖြူမြို့၊ ရွယ်ယွန်မြို့နှင့် မိုးကောင်းကင် မြို့တို့က အင်အား အကြီးဆုံးဖြစ်သည်။

ယခု ချီယွန်က ရှေ့ကို တက်လာကာ မြို့ရိုးဖြူမြို့မှ လီစွမ်းကို ကြည့်သည်။ လူအုပ်က စိတ်ဝင်စားစွာ ကြည့်ကြသည်။ ချီယွန်က လီစွမ်းကို စိန်ခေါ်တော့မည်လော…။

ချီယွန်က လီစွမ်းကို ကြည့်ကာ လေထဲကို ပျံသန်း တက်ရောက် သွားသည်တွင် လီစွမ်းကလည်း နားလည် သဘောပေါက်သည့် အလား လေထဲကို ပျံသန်း တက်ရောက် သွားသည်။

ထိုမြင်ကွင်းကို ကြည့်ကာ ရွယ်ယွန်မြို့အဖွဲ့မှ လူသုံးယောက်က ရှေ့ကို တက်လာကြသည်။ သူတို့က အကာနာအဆင့်များ ဖြစ်ကြ၏။

“ရွယ်ယွန်ပိုကျင်…” လီချန်းရီ၏ အမူအရာက ပြောင်းလဲ သွားသည်။ ရွယ်ယွန်ပိုကျင်ကား ရွယ်ယွန်မြို့တော်ဝန်၏ သားဖြစ်ကာ ပုံမှန်မဟုတ်သော အားအင်ကို ပိုင်ဆိုင်၏။ သူက ပုဆိန်နှစ်လက်ကို ကိုင်ကာ ရှေ့ကို တက်လာသည်။

ကျိုးကျွမ်နှင့် ကျန်းလောင်တို့ နှစ်ယောက်လုံးက ရှေ့ကို တက်သွားကြသည်။ လီချန်းရီက ရီဖူရှင်းတို့ အုပ်စုကို ကြည့်ကာ ပြောသည်… “ရှင်တို့ထဲက တစ်ယောက်ကို ကျိုးကျွမ်နဲ့အတူ တိုက်ခိုက်ဖို့ စေလွှတ်လို့ရတယ်… ကျိုးကျွမ်က ရွယ်ယွန်ပိုကျင်နဲ့ ရင်ဆိုင်လိမ့်မယ်…”

“ယူချင်း… မင်းသွားလိုက်…”

ယူချင်းက ခေါင်းညိတ်ကာ ရှေ့ကို  တက်သွားသည်။

တစ်ချိန်တည်းမှာပင် တခြား အဖွဲ့တစ်ခုမှ အကာနာ တန်ခိုးရှင် သုံးယောက် တက်လာကြသည်။ သူတို့က မိုးကောင်းကင်မြို့မှ ဖြစ်ကြ၏။ လက်ရှိတွင် အကာနာ အင်အားစု၌ မြို့ရိုးဖြူမြို့က အင်အား အကောင်းဆုံး ဖြစ်သည်။ ထို့ကြောင့် သူတို့က မြို့ရိုးဖြူမြို့အား ဝိုင်းဝန်း တိုက်ခိုက်ကာ ချိုးနှိမ်ရန် လို၏။ မိုးကောင်းကင်မြို့မှ တန်ခိုးရှင်များ အားလုံးက ဓားများကို ဝှေ့ယမ်းကြသည်။ ဓားစွမ်းအားများက ရေစီးကြောင်းများ အလား လေထုကို ခွင်း၍ ရောက်လာကြသည်။

လင်းဖေးပိုင်ကလည်း ရှေ့ကို တက်သွားသည်။ သူကလည်း ဓားသမား ဖြစ်၏။

“ရီမို… နင်တို့က လင်းဖေးပိုင်နဲ့ အတူတိုက်ခိုက်ပါ…” လီချန်းရီက ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်ကာ ရီဝူချင်းနှင့်အတူ လီဖေးပိုင်၏ နောက်တွင် ရပ်လိုက်သည်။

တိုက်ပွဲနှစ်ခုက တစ်ချိန်တည်းတွင် ဖြစ်ပျက်ခဲ့သည်။ ရွယ်ယွန်ပိုကျင်ကား အမှန်ပင် အားကောင်းသည်။ သူက ပုဆိန်နှစ်လက်ကို ဝှေ့ယမ်းကာ တိုက်ခိုက်သည်တွင် အမှန်ပင် ကြောက်စရာ ကောင်းလှ၏။ သူ၏နောက်မှ နှစ်ယောက်ကလည်း မှော်ပညာကို ထူးချွန်ကြကာ သူ့အား ကောင်းစွာ အထောက်အပံ့များ ပေးနိုင်ပေသည်။

ရီဖူရှင်းတို့ တိုက်ပွဲတွင်မူ မိုးကောင်းကင်မြို့မှ ဓားသမားများက ပူးပေါင်း တိုက်ခိုက်ရာတွင် အလွန် အတိုင်အဖောက်ညီကြရာ ဓားချက်တိုင်းက သုံးယောက်လုံး၏ အားအင်များ ပေါင်းစပ် ထားသလား ထင်မှတ်ရသည်။ လေထဲတွင် ဓားကွန်ချာတစ်ခု ဖြစ်လာကာ ပြိုင်ဘက်၏ လှုပ်ရှားမှုများကို ထိန်းချုပ်သည်။

လင်းဖေးပိုင်၏ လက်ထဲမှ ဓားကလည်း လှုပ်ရှားသွားသည်။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်အား ဓားကွန်ချာတစ်ခု ဖုံးအုပ်သွားကာ တစ်ဖက်ဓားသများ၏ ဓားချက်များကို တိုးမပေါက် ဖြစ်သည်။ ရီဝူချင်းကလည်း သူ၏လက်ကို လှုပ်ရှားလိုက် သည်တွင် တူညီသော ဓားကွန်ချာတစ်ခု ဖြစ်ပေါ်လာသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ် အနီးတွင် ကြယ်တာရာ အလင်းများ စတင် ဖြစ်ပေါ်လာကာ ဥက္ကာခဲများက ဓားစွမ်းအင်များကို တွန်းပယ်သည်။

တန်ခိုးရှင် သုံးယောက်၏ ခန္ဓာကိုယ်များက ဟန်ချက်ညီညီဖြင့် ပျံသန်း လှုပ်ရှား နေကြသည်။ သူတို့၏ဓားများက ညီညာစွာ လှုပ်ရှားကာ ရှေ့ကို တိုးဝင်လာကြ၏။ သူတို့၏ သုံးယောက်ပေါင်း ဓားချက်တွင် ဓားကွန်ချာက နှစ်ခြမ်း ဖြစ်သွားသည်။ လင်းဖေးပိုင်က နောက်ကို ဆုတ်ကာ တုံးတိတိ ပြောသည်… “ရှေ့ကို သွားပြီး ကျုပ်အတွက် လမ်းဖွင့်ပေး…”

ရီဖူရှင်းက ရီဝူချင်းနှင့်အတူ ရှေ့ကို တက်သွားသည်။ သူက လင်းဖေးပိုင်၏ သဘောကို နားလည်သည်။

ဥက္ကာခဲများက ကြောက်မက်ဖွယ် မြေဆွဲအားနှင့်တူ ကောင်းကင်တွင်  ဖြစ်ပေါ်လာပြီး ရန်သူများထံသို့ အဆက်မပြတ် ကျဆင်းလာသည်။ တစ်ချိန်တည်းမှာပင် ရီဝူချင်းက သူ၏လက်ကို ရှေ့ကို ညွှန်လိုက်ရာ ထောင်ပေါင်း များစွာသော ဓားအလင်းများက တန်ခိုးရှင် သုံးယောက်ထံသို့ တိုးဝင်သွားသည်။

သူတို့ သုံးယောက်က လက်ကို ဝှေ့ယမ်းသည်တွင် ဓားကွန်ချာတစ်ခု ဖြစ်ပေါ် လာပြန်သည်။ ဥက္ကာခဲများက ဓားကွန်ချာပေါ်ကို အဆက်မပြတ် ကျဆင်းလာကာ ပြိုပျက် သွားကြသော်လည်း ဓားကွန်ချာကလည်း အက်ကြောင်းများ ဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် ရီဝူချင်း၏ ဓားအလင်းများက တစ်နေရာတည်းကို စုစည်း ရောက်ရှိလာသောအခါ အမှန်ပင် ဓားကွန်ချာက အခေါင်းပေါက် တစ်ခု ဖြစ်သွားသည်။

ထိုအခိုက်တွင် လင်းဖေးပိုင်က ဓားတစ်လက်အဖြစ် ပြောင်းလဲသွားဟန် ရကာ အလွန်အမင်း မြန်ဆန်စွာ ပျံသန်းသွားသည်။ လူအုပ်က ဓားအလင်းတစ်ချက် ရိပ်ခနဲ လက်သွားသည်ကိုသာ မြင်လိုက်ရပြီး လင်းဖေးပိုင်က တန်ခိုးရှင် သုံးယောက်၏ နောက်တွင် ပေါ်လာသည်။

ထိုအခိုက်တွင်ပင် မိုးကောင်းကင်မြို့မှ ဓားသမား သုံးယောက်၏ လည်ချောင်းများ သွေးဖြန်းဖြန်း ပန်းထွက်ကာ မြေပြင်ပေါ်သို့ ကျသည်။

ဘယ်လောက်တောင် မြန်လိုက်တဲ့ ဓားချက်လဲ…။ လူအုပ်က ထိတ်လန့်ရသည်။ မြို့ရိုးဖြူမြို့မှ နိုဘယ် အဆင့်အောက် အတော်ဆုံး တန်ခိုးရှင်ဟူသော နာမည်ဖြင့် လိုက်ဖက်လှသည်။

သူ၏ခန္ဓာကိုယ်မှ ဓားစွမ်းအင်များ ပျောက်ကွယ်သွားပြီး နောက်လှည့်ကာ ပြန်လျှောက် လာသည်။ ရီဖူရှင်းတို့အနီးကို ရောက်လာလျှင် တိုးညင်းစွာ ပြောသည်… “မင်းတို့ နှစ်ယောက်က တော်တော် အားကောင်းတယ်…”

ရီဖူရှင်းက ပြုံးလျက်ပြောသည်… “မင်းရဲ့ဓားက တော်တော် မြန်တယ်…”

အမှန်လည်း လင်းဖေးပိုင်၏ဓားက အလွန်မြန်သည်။ သူနှင့် ရီဝူချင်းတို့က တစ်ဖက်လူများကို ထိန်းချုပ်ထားခဲ့သည် ဆိုသော်လည်း လင်းဖေးပိုင်၏ဓားက ထိုလူများထံ ရောက်ရန် စက္ကန့်ပိုင်းမျှသာ ကြာခဲ့သည်။ သူက အကာနာအဆင့်တွင် အလွန်အမင်း အားကောင်းသူ တစ်ယောက်ဟု သတ်မှတ်၍ ရသည်။

“အခုလို ကြိုးစားပေးတာ ကျေးဇူးတင်ပါတယ်…” လီချန်းရီက ပြုံးလျက်ပြောသည်။ ရီဖူရှင်းနှင့် ရီဝူချင်းတို့က နောက်ကို ပြန်လျှောက် လာကြသည်။ တစ်ဖက်တွင်လည်း ယူချင်းက ရန်သူကို တိုက်ခိုက်နေသော အချိန်တွင် တကယ့်အရေးကြီးသော အဆုံးသတ် ရိုက်ချက်အား ကျိုးကျွမ်က ထုတ်သုံးကာ အနိုင်ရခဲ့သည်။

လီချန်းရီက သူတို့ကို ကြည့်သည်။ ကျိုးကျွမ်နှင့် လင်းဖေးပိုင်၊ ယခု ရီဖူရှင်းတို့ အုပ်စုကပါ ပေါင်းထည့်လျှင် သူတို့က အကာနာအဆင့်တွင် ပြိုင်ဘက် ကင်းပေသည်။

ထိုစဉ်မှာပင် လီစွမ်းကလည်း ချီယွန်ကို အနိုင်ယူကာ ပြန်လာသည်။ ချီယွန်၏မျက်နှာက တင်းမာ ခက်ထန်နေသည်။ သို့သော် မြို့ရိုးဖြူ မြို့အတွက်မူ သည်တိုက်ပွဲက အပြည့်အဝ အနိုင်ရခဲ့သည်။

ရီဖူရှင်း၏ အကြည့်က ပတ်ဝန်းကျင်ကို ရောက်သွားသည်။ ယခု သူတို့က နောက်ထပ် လုပ်စရာ ဘာမှ မရှိတော့။ သူတို့က ထင်ပေါ်ခြင်းလည်း မရှိပေ။ သူက ယူချင်းကိုလည်း အားသိပ်မသုံးရန် မှာကြားခဲ့သည်။ သူတို့အားလုံးက ကျိုးကျွမ်နှင့် လင်းဖေးပိုင်တို့ကို အထောက်အပံ့ ပေးကာ သူတို့ကသာ တကယ့်စွမ်းရည်ကို ထုတ်သုံးသူများ ဖြစ်စေခဲ့သည်။

“ချင်ရန်… မင်း ဘယ်လိုထင်လဲ…” ထိုအခိုက်တွင် ကျိုးရှင်းတောင်မှ တန်ခိုးရှင် တစ်ယောက်က မိန်းကလေးကို မေးသည်။

“ကျိုးကျွမ်က မြို့တော်ဝန်ရုံးကပဲ… ဒါပေမဲ့ လင်းဖေးပိုင်ကတော့ မြိုတော်ဝန်ဆီကို တရားဝင် မရောက်သေးဘူး… အခု သူတို့အုပ်စုကို ကျိုးရှင်းတောင် တပည့် ဖြစ်စေပြီးတော့ အနာဂတ်မှာ သူတို့က ထူးချွန်တယ်ဆိုရင် လက်ရင်း တပည့်မွေးတာကလည်း မမှားလောက်ဘူး…” ချင်ရန်က ပြောသည်။

“မင်းဆိုလိုတာက ငါတို့က မြို့ရိုးဖြူမြို့က အဖွဲ့ကို ခေါ်သင့်တယ်လို့ မင်း ထင်တာပေါ့…” ထိုအကြီးအကဲက သူမ၏သဘောကို သေချာအောင် မေးသည်။

“ဟုတ်တယ်…” ချင်ရန်က ခေါင်းညိတ်သည်။

“လီစွမ်းကရော…” အကြီးအကဲက ပြုံးလျက်မေးသည်။

“ကျွန်မက သိပ်အလျင်မလိုဘူး…” ချင်ရန်က အကြီးအကဲ ဆိုလိုသည်ကို နားလည်သည်။ သူမအား ကြင်ဖက်ရွေးရန် ပြောနေခြင်း ဖြစ်သည်။

“ကောင်းပြီ… ထူးချွန် ပြောင်မြောက်တဲ့ လူငယ်တွေက မရှားပါဘူး… မင်းက အချိန်ယူ ဆုံးဖြတ်သင့်တယ်…” အကြီးအကဲက ပြုံးလျက် ပြောသည်။

***

All Chapters