← Chapters

ခင်ဗျားက ပိုလိုချင်နေတာပဲ

Vol. 6 Ch. 82

ခင်ဗျားက ပိုလိုချင်နေတာပဲ

Vol. 6 Ch. 82

မြောက်ပိုင်းဒေသလျှို့ဝှက်တာအိုကျောင်းတော်..

ထိုကျောင်းတော်သည် ယခုအခါ အဆင့်နှစ်နေရာသို့ရောက်နေချိန်မှာပင် အခြေခံအုတ်မြစ်က ခိုင်မာလှပေသည်။

သူတို့၏ခွန်အားမှာ တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ထက်ပင် ပိုသန်မာသေးသည်။

ထိပ်တန်းတိုက်ခိုက်ရေးသမားများကလည်း တောင်ပိုင်းဒေသထက်ပင် ပို၍အစွမ်းကြီးသေးသည်။ ဥပမာအားဖြင့်ဆိုရလျှင် ယွင်ကျင်းသည် နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းတွင် နံပါတ်ခြောက်နေရာတွင် ဗိုလ်စွဲထား၏။

သို့သော် ယခုမူ မြောက်ပိုင်းဒေသရှိ လျှို့ဝှက်တာအိုကျောင်းတော်၏အနောက်ဘက်တောင်ကုန်းပေါ်တွင် တားမြစ်ဧရိယာတစ်ခုရှိနေပြီဖြစ်၏။

ထိုအထဲသို့ ခေါင်းဆောင်နှင့် အန္တိမအကြီးအကဲ၏ခွင့်ပြုချက်မပါဘဲ မည်သူမျှဝင်ရောက်ခွင့်မရချေ။

ထိုနေရာသည် ယွင်ကျင်း သိုင်ပညာကျင့်ကြံအားထုတ်ရာနေရာပင် ဖြစ်၏။ ယွင်ကျင်းက ရေတံခွန်ဘေးတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။

ဆယ့်ငါးမိနစ်တင်းတင်းပြည့်ပြီးသောအခါ ဓားသိုင်းစျာန်အဘိညာဉ်တစ်ခုက ယွင်ကျင်း၏ခန္ဓာကိုယ်ထဲမှ ဖြာထွက်လာပေသည်။

ထိုအချိန်မှာ သူက ရုတ်ခြည်းမျက်လုံးဖွင့်လိုက်၏။ ဓားရောင်ခြည်တန်းများက သူ့မျက်ဝန်းထဲမှ ဖြာထွက်လာလေတော့သည်။

ချက်ချင်းပင် သူ့အရှေ့ရှိ ဧရာမကျောက်တုံးကြီးတစ်ခုက ထိုဓားရောင်ခြည်၏ရိုက်ခတ်မှုကို ခံလိုက်ရချေသည်။ ထိုကျောက်တုံးကြီးမှာ လျှပ်တပြက်အတွင်း တစ်စစီကွဲကြေသွားလေ၏။

ထိုအခိုက်မှာ လူငယ်လေးတစ်ယောက်က ယွင်ကျင်၏ရှေ့၌ ပေါ်လာသည်။

ယွင်ကျင်း အံ့သြထိတ်လန့်သွားလေသည်။ သူက ဓားကို ချက်ချင်းကိုင်မြှောက်လိုက်ပြီး ထိုလူကို ဓားဖြင့်ရွယ်ရင်း တိုက်ခိုက်လေတော့သည်။

ထိုလူသည် တစ်ဖက်လူက ယခုလိုတိုက်ရိုက်တိုက်ခိုက်လာလိမ့်မည်ဟု မျှော်လင့်မထားပေ။ သူက လက်ချောင်းများကို ဆတ်ခနဲလှုပ်ရှားလိုက်လေရာ အတွင်းအားတစ်ရပ်က ဓားသွားတစ်လက်အဖြစ်ပြောင်းလဲသွားပြီး ယွင်ကျင်း၏ပခုံးထက်သို့ သက်ဆင်းသွားချေသည်။

ထိုရိုက်ချက်က ယွင်ကျင်း၏ပခုံးပေါ်သို့ သက်ဆင်းသွားသောအခါ ဓားကိုင်ထားသောလက်မှာ ရုတ်ခြည်းတုန်ယင်သွားပြီး ဓားလည်းလွတ်ကျသွားသည်။

ဤအခြင်းအရာသည် ယွင်ကျင်းကို ထိတ်လန့်သွားစေ၏။ ဤကဲ့သို့စွမ်းဆောင်နိုင်သူမှာ များများစားစားမရှိလှပေ။

ထို့ပြင် တစ်ဖက်လူ၏လက်ချောင်းလှုပ်ရှားမှုကို သူ မခုခံနိုင်သလိုခံစားလိုက်ရသည်။ တစ်ဖက်လူမှာ အစွမ်းရှိသမျှအကုန်ထုတ်သုံးလာပါက သူ တစ်ဖက်လူကို ယှဉ်နိုင်ပါဦးမလား။

ယွင်ကျင်းခမျာ ထိုသို့မတွေးဘဲမနေနိုင်တော့သဖြင့် မေးလိုက်မိ၏။

"မင်းက ဘယ်သူလဲ။ ဒီကို ဘာလို့ရောက်လာတာလဲ"

ထိုလူက အသက်ရှူထုတ်လျက် ပြန်ပြောလာ၏။

"ခင်ဗျားကိုကျေးဇူးတင်ဖို့ ရောက်လာတာပါ"

"ငါ့ကိုကျေးဇူးတင်တယ်တဲ့လား"

ယွင်ကျင်းက သူ့ဓားကိုပြန်ရုပ်လိုက်ပြီး ပဟေဠိဖြစ်နေဟန်အမူအရာနှင့် ပြောသည်။

"မင်းနဲ့ငါ ပတ်သက်ဖူးတယ်လို့လည်း ငါ မမှတ်မိပါဘူး"

"ယဲ့ချိုးပိုင်က ကျွန်တော့်တပည့်ပါ"

ထိူလူမှာ လုချန်ရှန်းပင်ဖြစ်ချေသည်။

ထိုအကြောင်းကိုတွေးရင်း လုချန်ရှန်းမှာ အနည်းငယ်မအီမသာဖြစ်နေရသည်။ သူက ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်သည်။

"ယဲ့ချိုးပိုင်ကိုဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ထိုအကြောင်းကိုကြားသည့်အခါမှာတော့ ယွင်ကျင်း နားလည်သဘောပေါက်သွားလေပြီ။ သို့သော် သူ ထိတ်လန့်နေဆဲပင်။

ယဲ့ချိုးပိုင်ရဲ့ဆရာတဲ့လား...

သူ့ကို သူတွေ့ချင်နေခဲ့သည်မှာ ကြာလေပြီ။

ယခုလိုထူးချွန်ပြီး ပါရမီရှိသောတပည့်တစ်ယောက်ကို ပြုစုပျိုးထောင်နိုင်သောသူမှာ သာမန်မဟုတ်တန်ရာ။

ယွင်ကျင်းက လက်ခုပ်နှစ်ဖက်ကိုယှက်လျက် ပြောလိုက်သည်။

"စီနီယာ.. ခင်ဗျားက အရမ်းအလေးအနက်ထားနေတာပဲ။ ယဲ့ချိုးပိုင်က ကျုပ်တပည့်ရဲ့ကျေးဇူးရှင်ပါ။ သူက ကျုပ်တပည့်ကို ဓားသိုင်းစျာန်အဘိညာဉ်ကို သိနားလည်အောင်ကူညီပေးခဲ့တယ်လေ"

"သူ့စွမ်းရည်နဲ့ကိုယ်ရည်ကိုယ်သွေးက ပိုတောင်ကောင်းပါသေးတယ်။ ဒါကြောင့်လည်း ကျုပ် သူ့ကိုကူညီပေးချင်ခဲ့တာ"

လုချန်ရှန်း : "???"

စီနီယာတဲ့လား။ ငါ့ပုံစံက အဲ့လောက်တောင်အိုနေလို့လား..

တစ်ဖက်မှာမူ ယွင်ကျင်းသည် လူအိုကြီးတစ်ယောက်နှင့် တကယ်တူပေသည်။ သူက လုချန်ရှန်းထက် ပိုအသက်ကြီးနိုင်လေသည်။

ထိုအကြောင်းကိုတွေးမိပြီး လုချန်ရှန်းလည်း ကူကယ်ရာမဲ့စွာပြောလိုက်မိသည်။

"ကျေးဇူးတင်ဖို့ သိပ်လိုတာပေါ့။ အမ်.. ခင်ဗျား ဘာလိုချင်လဲ။ ဒါမှမဟုတ် ကျုပ်ကို တစ်ခုခုလုပ်ခိုင်းချင်လား"

ယွင်ကျင်း ထိုစကားကိုကြားသောအခါ လက်ကိုချက်ချင်းဝှေ့ယမ်းလိုက်ပြီး ပြောသည်။

"မလိုပါဘူးဗျာ။ မလိုပါဘူး။ ယဲ့ချိုးပိုင်ကိုကူညီတာက စိတ်ရင်းသက်သက်နဲ့ကူညီခဲ့တာပါ။ စီနီယာ.. ဓားသိုင်းကျင့်ကြံသူတွေက သူတို့ကောင်းမယ်ထင်တဲ့အရာတွေကို သူတို့စိတ်နဲ့သူတို့ကိုယ်အတွက်ပဲ လုပ်ဆောင်တတ်တယ်ဆိုတာ သိရဲ့သားနဲ့"

ထိုစကားကိုကြားသော် လုချန်ရှန်းမှာ မပျော်မရွှင်ဖြစ်သွားရသည်။

တစ်စုံတစ်ယောက်အပေါ် အကြွေးတင်နေခြင်းကို သူ မလိုလားပေ။

သူ့မှာ အကြွေးတင်ထားတာရှိလျှင် ချက်ချင်းပြန်ဆပ်လိုက်ရမှကျေနပ်သည်။ မဟုတ်ပါက အနာဂတ်၌ အတုံ့အလှည့်ကံကြမ္မာမျိုးပေါ်ပေါက်လာလျှင် ဒုက္ခများပေလိမ့်မည်။

လုချန်ရှန်း စိတ်ပူပန်နေသရွေ့ သူ့အသက်ကိုခြိမ်းခြောက်နေသောတစ်စုံတစ်ရာလည်း ရှိနေစမြဲပင်။ ထိုကိစ္စကို သူ သေချာပေါက်အဆုံးသတ်ရပေမည်။

ဥပမာအားဖြင့် မည်သူ့အပေါ်ကိုမှအကြွေးမတင်ခြင်းပင်။

လုချန်ရှန်းက လေးနက်သောအမူအရာဖြင့်ပြောသည်။

"ပထမအချက်က ခင်ဗျားကို ကျုပ်ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ကျုပ် စိတ်အေးနိုင်မှာမဟုတ်ဘူး"

"ဆေးဝါးတချို့ပေးရင်ရော ဘယ်လိုလဲ"

ဤသို့ဖြင့် လုချန်ရှန်းသည် ကျောက်စိမ်းပုလင်းလေးတစ်ခုကို ယွင်ကျင်းဆီသို့ ကမ်းပေးလိုက်၏။

ထိုပုလင်းထဲတွင် ဆေးငါးလုံးရှိသည်။ တစ်လုံးချင်းစီသည် ရှေးဟောင်းအရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်နေချေ၏။

၎င်းမှာ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလှသည်။

ယွင်ကျင်းခမျာ မထိတ်လန့်ဘဲ မနေနိုင်ချေ။

ဤဆေးဝါးများကို သူ ယခင်ကမမြင်ဖူးခဲ့ပေ။ တစ်ချိန်တည်းမှာပင် သူသိသည့်ဘယ်ဆေးဝါးကမှ လုချန်ရှန်းပေးသောဆေး၏အရှိန်အဝါကို မယှဉ်နိုင်ပေ။

လုချန်ရှန်းက ပြောသည်။ "ဒီဆေးက ခင်ဗျားခန္ဓာကိုယ်ထဲက ဝိညာဉ်ရေးရာချီစွမ်းအင်ကို ချက်ချင်းအားဖြည့်ပေးနိုင်တယ်။ ဒါက ခင်ဗျားအတွက်အသုံးဝင်လား"

ဝိညာဉ်ရေးရာချီစွမ်းအင်ကို ချက်ချင်းအားဖြည့်ပေးတယ်တဲ့လား...

ယွင်ကျင်းခမျာ ကြက်သေသေသွားလေသည်။

ဤသည်မှာ အသုံးဝင်တာထက်ပင် ပိုသေးသည်။ အလွန့်အလွန်အသုံးဝင်လှသည်။ ၎င်းမှာ သေရေးရှင်ရေးအခြေအနေမျိုးမှာပင် သူ့အသက်ကိုကယ်တင်နိုင်စွမ်းရှိ၏။

ယွင်ကျင်းက သူ့လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်သည်။

"ဒါ အရမ်းအဖိုးတန်လွန်းတယ်။ ကျုပ် မယူနိုင်ပါဘူး"

လုချန်ရှန်းလည်း ကြက်သေသေသွားလေ၏။

မလောက်သေးဘူးပေါ့။ ဟုတ်လား..

"ဒါဆို တခြားအစီအရင်တစ်ခုကို ခင်ဗျားအတွက် ဖန်တီးပေးမယ်"

ထိုသို့ပြောပြီးနောက် သူက သူ့လက်ဖဝါးကိုလှန်လိုက်လေရာ အစီအရင်အဆောင်စာရွက်များက ရေတံခွန်ပတ်ပတ်လည်၌ ပေါ်ပေါက်လာသည်။

လျှပ်တပြက်ပင် အစီအရင်တစ်ခု ပေါ်ပေါက်လာသည်။

ရုတ်ခြည်းပင် မြောက်ပိုင်းဒေသရှိဝိညာဉ်ရေးရာချီစွမ်းအင်များမှာ အနည်းငယ်မှေးမှိန်သွားပုံပေါ်လေသည်။

အစီအရင်ထဲရှိ ဝိညာဉ်ရေးရာချီစွမ်းအင်မှာ ထူထပ်သိပ်သည်းလာဟန်ပင်။

ယွင်ကျင်းခမျာ ပင့်သက်ရှိုက်လိုက်ပြီး သူ့ကျင့်ကြံရေးအရှိန်သည် အဆပေါင်းများစွာတိုးတက်လာသလို ခံစားလိုက်ရ၏။

ဤအပြောင်းအလဲကိုအာရုံခံမိသောအခါ ယွင်ကျင်းမှာ ကူကယ်ရာမဲ့စွာဖြင့်ထိတ်လန့်သွားရချေသည်။

ဒါက အစီအရင်တစ်ခုတဲ့လား..။ ဘယ်လိုအစီအရင်မျိုးက ဒီလိုကြောက်ဖို့ကောင်းတဲ့အကျိုးသက်ရောက်မှုမျိုးရှိနေရတာလဲ..။

သူတို့မြောက်ပိုင်းဒေသလျှို့ဝှက်တာအိုကျောင်းတော်ရဲ့ခုခံရေးအစီအရင်တောင်မှ ယှဉ်နိုင်စွမ်းရှိမှာမဟုတ်ဘူး..

ဤသည်မှာ စံအိမ်တော်၏ဝိညာဉ်စုစည်းရေးအစီအရင်၏ အရိုးရှင်းဆုံးဗားရှင်းတစ်ခုဖြစ်ကြောင်း လုချန်ရှန်းသာလျှင်သိသည်။

"စီနီယာ.. ဒါက အရမ်းတန်ဖိုးကြီးလွန်းပါတယ်။ ကျုပ် မယူနိုင်ဘူး"

မင်း မလိုချင်ဘူးဆိုတာ ဘာသဘောလဲ။ မင်းက ပိုလိုချင်နေတာပဲ...

လုချန်ရှန်းက စိုးရိမ်တကြီးမေးလိုက်၏။

"ဒါက မလုံလောက်သေးဘူးလား"

ယွင်ကျင်းမှာ တွေဝေမှင်တက်ရင်းပြောလိုက်ရသည်။

"မလုံလောက်တာမဟုတ်ပါဘူး။ ဒါက တကယ်မလိုအပ်လို့ပါ စီနီယာ"

သူ ဆွဲဆောင်မခံရဘူးဟုဆိုလျှင် လိမ်ညာရာကျပေလိမ့်မည်။

ယွင်ကျင်းသည် ဤကောင်းကင်ဘုံအံတုရေးဆေးဝါးနှင့် အစီအရင်ကိုရင်ဆိုင်ရချိန်မှာ သူ၏တည်ငြိမ်မှုကိုထိန်းသိမ်းရာ၌ အလွန်တော်ပေသည်။

သို့သော် လုချန်ရှန်း၏စိတ်ပိုင်းဖြတ်ထားသောအကြည့်ကို မြင်သောအခါ ယွင်ကျင်းမှာ သက်ပြင်းချလျက်ပြောရုံသာတတ်နိုင်လေသည်။

"စီနီယာ.. ကျုပ် အခုထိနားမလည်နိုင်သေးတဲ့ဓားသိုင်းတာအိုရှိတယ်။ အဲ့ဒါ ကျွန်တော့်ကို ရှင်းပြပေးလို့ရတယ်လေ"

အကယ်၍ သူသာလက်မခံလျှင် လုချန်ရှန်းက ပိုထိတ်လန့်ဖွယ်ကောင်းသောတစ်စုံတစ်ခုအားထုတ်ယူလာမည်ကို ယွင်ကျင်းစိုးရိမ်မိသည်။

ထိုစကားကိုကြားသော် လုချန်ရှန်း ကြက်သေသေသွားလေ၏။

"ဘာလို့ ဒါတွေမယူရတာလဲ"

ဓားသိုင်းတာအိုတဲ့လား.. သူက အဲ့ဒီအကြောင်းတွေ ဘာသိလို့လဲလို့..

"ကောင်းပြီ။ မေးလေ"

ယွင်ကျင်းက ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီး ပြောလိုက်သည်။

"စီနီယာ ကျုပ် အရင်ဆုံးသရုပ်ပြပါ့မယ်"

ထို့နောက် လုချန်ရှန်း ဘာမှမပြောနိုင်ခင်မှာပင် ယွင်ကျင်းက ဓားကိုထုတ်ယူ၍ သူကျင့်ကြံနေသော ဓားသိုင်းနည်းဗျူဟာကို သရုပ်ဖော်ပြလေတော့သည်။

ပထမသိုင်းကွက်သည် ခန္ဓာကိုယ်ကို ဓားတစ်လက်အဖြစ်အသုံးပြုခြင်းဖြစ်၏။

ဒုတိယသိုင်းကွက်မှာ သူ့မျက်ဝန်းများကို ဓားတစ်လက်အဖြစ် အသုံးပြုခြင်းပင်။

တစ်နည်းဆိုရသော် ၎င်းမှာ ဓားမျက်ဝန်းပင်။

တတိယသိုင်းကွက်ကမူ စိတ်နှလုံးကို ဓားတစ်လက်အဖြစ် အသုံးချခြင်းဖြစ်သည်။

ယွင်ကျင်းက ထိုအရာကိုနားမလည်နိုင်သည်မှာ ကြာလှလေပြီ။

ထိုအရာက သူ့ကျင့်ကြံရေးနည်းဗျူဟာကို တိုးတက်မှုရပ်တန့်နေစေခြင်းပင်။

သရုပ်ပြမှုပြီးစီးသွားသောအခါ ယွင်ကျင်းက လုချန်ရှန်းကို စိတ်အားထက်သန်စွာစိုက်ကြည့်ပြီး ပြောလိုက်သည်။

"စီနီယာ.. ခင်ဗျားမှာ အဖြေတစ်ခုများရှိလား"

လုချန်ရှန်း : "..."

အဖြေတဲ့လား...။ ငါက ဘယ်လိုလုပ်သိမှာလဲဟ..

သို့သော် စိတ်နှလုံးကို ဓားတစ်လက်အဖြစ်အသုံးချခြင်းလေလား။ ထိုအရာမှာ မျက်ဝန်းကိုဓားတစ်လက်အဖြစ်အသုံးချခဲ့သည့်သိုင်းကွက်နှင့် ပြဒါးတစ်လမ်း၊သံတစ်လမ်းပင်မဟုတ်လား။

စိတ်နှလုံးဖြင့်သိမြင်သောအမြင်မှာ မျက်လုံးဖြင့်သိမြင်သောအမြင်နှင့် သေချာပေါက်ကွဲပြားလှသည်။

လုချန်ရှန်း ခဏမျှစဉ်းစားကြည့်လိုက်ပြီး မေးရန်ပြင်လိုက်၏။

"မျက်ဝန်းကို ဓားတစ်လက်အဖြစ်အသုံးချခြင်းသိုင်းကွက်ကို စွန့်လွှတ်ချင်စိတ်ရှိလား"

မျက်ဝန်းကို ဓားအဖြစ်အသုံးချခြင်းသိုင်းကွက်ကို စွန့်လွှတ်ရမည်တဲ့လား။

ယွင်ကျင်း ကြက်သေသေသွားချေ၏။

ထို့နောက် သူ တစ်စုံတစ်ရာကို အတွေးပေါက်သွားပုံပေါ်သည်။

သူသည် တည်ငြိမ်လှသောအမူအရာဖြင့် တင်ပျဉ်ခွေထိုင်ချလိုက်သည်။

တစ်ရက်တာ အချိန်ကုန်လွန်သွားချေ၏။

ယွင်ကျင်း၏အရှိန်အဝါလည်း ထိုးထွက်လာသည်။

သူက သူ့မျက်လုံးအစုံကို မဖွင့်ပေ။ သို့သော် ဓားသိုင်းစျာန်အဘိညာဉ်ကတော့ လေထုထဲ၌ ဝရုန်းသုန်းကားဖြစ်နေဆဲပင်။

၎င်းမှာ အလွန်အမင်းထက်ရှလှသည်။

အရာခပ်သိမ်းကို ဖြတ်တောက်ပစ်နိုင်စွမ်းရှိသည့်အလားပင်။

ထိုအချိန်မှာ ယွင်ကျင်းသည် ကမ္ဘာကြီးပေါ်ရှိ အရာခပ်သိမ်းပြောင်းလဲမှုများကို မျက်လုံးမဖွင့်ပါဘဲ ခံစားကြည့်နိုင်လေသည်။

စိတ်ထဲတောင့်တလိုက်ရုံမျှဖြင့် ဓားတစ်လက်ကိုပင် ဆင့်ခေါ်နိုင်ပေသည်။

ဤသည်မှာ စိတ်နှလုံးကို ဓားတစ်လက်အဖြစ်အသုံးပြုထားသော စိတ်နှလုံးဓားသွားပင် ဖြစ်၏။

All Chapters