တာအိုလမ်းစဉ်ရှာဖွေရေးတောင်ခြေအောက်ရှိ အမျိုးသမီး
Vol. 6 Ch. 83
ယွင်ကျင်း ဉာဏ်အလင်းပွင့်သွားလေပြီ။
သူက လုချန်ရှန်း၏စကားများကိုကြားလိုက်ရသောအခါ ဓားသွားမျက်ဝန်းများကို စွန့်လွှတ်ပစ်လိုက်သည်။
ဓားသိုင်းကို သိမြင်ခံစားရန်အတွက် သူ့စိတ်နှလုံးကိုအသုံးပြုခဲ့သည်။
ထို့ပြင် ဤနည်းလမ်းက ဖျက်ဆီးပြီးမှ ပြန်လည်တည်ဆောက်ခြင်းနှင့်ဘာမှမခြားနားပေ။
လုချန်ရှန်းခမျာ ဆွံ့အသွားရလေသည်။
သူက သည်အတိုင်းရောက်တတ်ရာရာပြောလိုက်ခြင်းပင်။ သူက ဘယ်လိုများသိမြင်နားလည်နိုင်သွားရသလဲလေ။
ငါ့ပါးစပ်က အဲ့လောက်ကိုအစွမ်းထက်တာလား..
ထိုအချိန်မှာ ယွင်ကျင်းက မျက်လုံးဖွင့်လာလေသည်။ ထိုမျက်ဝန်းအစုံမှာ ကြည်လင်ပြတ်သားနေပေသည်။
ထို့နောက် သူက လုချန်ရှန်းဆီသို့ တည်ငြိမ်လှသောအမူအရာဖြင့် လျှောက်လှမ်းလာပြီး လက်ခုပ်နှစ်ဖက်ကိုတရိုတသေယှက်လိုက်လေသည်။
"ကျေးဇူးတင်ပါတယ် စီနီယာ"
ဤကျင့်ကြံရေးနည်းဗျူဟာတွင် သူ အချိန်အတော်ကြာသည်အထိ ရပ်တန့်နေခဲ့သည်မှာ ကြာလေပြီ။
ယခုမူ လုချန်ရှန်း၏နည်းပေးလမ်းပြမှုကြောင့် အံ့ဖွယ်ရာများဖြစ်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ လုချန်ရှန်းကို ပိုမိုကြည်ညိုလေးစားသွားရသည်။
ထိုစကားလေးတစ်ခွန်းက သူ့ကို ဉာဏ်ပွင့်စေခဲ့သည်။
တစ်ဖက်လူ၏ဓားသိုင်းတာအိုစွမ်းအားနှင့် သိမြင်နားလည်မှုက ဘယ်လောက်သန်မာလိုက်လေမလဲ။ ယဲ့ချိုးပိုင်ကဲ့သို့သောလူမျိုးကို သင်ကြားပြသပေးနိုင်သူ ပီသပါပေသည်။
လုချန်ရှန်းကမူ ယွင်ကျင်း၏မျက်လုံးထဲရှိကြည်ညိုလေးစားမှုများကို မြင်လိုက်ရသောအခါ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
ဘာတွေဖြစ်နေတာတုန်း...
"ကောင်းပြီ။ လာရင်းကိစ္စလည်း အဆင်ပြေသွားပြီဆိုတော့ ပြန်နှင့်ပါတော့မယ်"
လုချန်ရှန်းမှာ လှည့်ပြန်ပြီး ခဏလောက်အိပ်စက်အနားယူချင်မိခဲ့သည်။
ထိုစကားကိုကြားလိုက်ရသော ယွင်ကျင်းကတော့ အလောတကြီးပြောလာလေ၏။
"ကျုပ် လိုက်ပို့ပေးပါရစေ.. စီနီယာ"
"မလိုပါဘူး။ မလိုပါဘူး"
ဤသို့ဖြင့် လုချန်ရှန်းလည်း ပျောက်ကွယ်သွားလေတော့သည်။
ယွင်ကျင်းမှာ မတတ်သာဘဲ လုချန်ရှန်းပြန်သွားသည်ကိုကြည့်နေရလေသည်။
"အဲ့ဒီတုန်းက ယဲ့ချိုးပိုင် ငါ့ကိုငြင်းခဲ့တာမအံ့သြတော့ပါဘူး"
ဤသို့ဖြင့် ယွင်ကျင်းလည်း မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏ခေါင်းဆောင်ဆီသို့ ထွက်လာခဲ့လိုက်သည်။
ထိုနေရာသို့ သူရောက်ရှိသွားချိန်တွင် ဝူဒီရှီခမျာ သူ့ကိုမြင်လိုက်ရသည့်အတွက် အံ့သြမှင်တက်သွားလေသည်။
"အကြီးအကဲယွင်.. ဘယ်လိုဖြစ်လို့ရောက်လာတာလဲ"
ပုံမှန်ဆိုလျှင် ယွင်ကျင်းက ဤနေရာကိုရောက်လာလေ့မရှိပေ။ သူ့စိတ်နှလုံးထဲတွင် ဓားသိုင်းတာအိုတစ်ခုတည်းကိုသာ မြှုပ်နှံထားသည်။
သူသည် ကျောင်းစီမံခန့်ခွံရေးကဲ့သို့သောကိစ္စရပ်များကို စိတ်မဝင်စားချေ။
ယွင်ကျင်းက ဝူဒီရှီကိုကြည့်ပြီး သတိပေးလိုက်သည်။
"နောက်ပိုင်း ယဲ့ချိုးပိုင်မှာကိစ္စတစ်ခုခုရှိလာတယ်ဆိုရင် မင်း တတ်နိုင်သလောက်ကူညီရမယ်နော်"
ဝူဒီရှီခမျာ ကြက်သေသေသွားရချေသည်။
"ယဲ့ချိုးပိုင်လား။ အကြီးအကဲယွင်က ဘာလို့ ယဲ့ချိုးပိုင်ကိုပူပန်နေရတာလဲ"
ဝူဒီရှီ၏မျက်လုံးထဲမှာတော့ ယဲ့ချိုးပိုင်က ပါရမီထူးချွန်သောလူငယ်လေးတစ်ယောက်ထက်မပိုပေ။
သူ တတ်နိုင်သည့်အတိုင်းအတာအတွင်းမှာသာရှိလျှင် ဝူဒီရှီအနေနှင့် ကူညီဖို့လည်းဝန်မလေးပေ။
ထိုကဲ့သို့ပါရမီရှိလှသောလူငယ်လေးနှင့် မိတ်ဆွေဖွဲ့ရခြင်းမှာလည်း သူတို့အတွက် အကျိုးရှိလှသည်သာ။
သို့သော် ယွင်ကျင်း၏လေသံမှာ တတ်နိုင်လျှင်ကူညီပေးဖို့အတွက်သာ အလေးသာနေသည်။ အကယ်၍ သူသာ မကူညီနိုင်ပါက သူ့အနေနှင့် စွန့်စားမှရပေတော့မည်။
ဤအခြင်းအရာကြောင့် ဝူဒီရှီ ပဟေဠိဖြစ်သွားရသည်။
ယွင်ကျင်းက သာမန်ကာလျှံကာပြောလာ၏။
"သိပ်လည်းစိုးရိမ်မနေပါနဲ့။ မင်းသာ ယဲ့ချိုးပိုင်ကိုအကူအညီပေးမယ်ဆိုရင် ငါတို့လျှို့ဝှက်တာအိုကျောင်းတော်ကလည်း ဆန်းကြယ်မှုတွေနဲ့တွေ့ကြုံရလိမ့်မယ်ဆိုတာလေးကိုပဲ မှတ်ထားရင်ရပြီ"
ထိုသို့ပြောပြီးနောက် ယွင်ကျင်းထွက်သွားလေသည်။
ထိုစကားများကို ဝူဒီရှီကြားသောအခါ သူ့မျက်ဝန်းများက တည်ငြိမ်သွားလေသည်။
အကြောင်းအရင်းကို သူမသိသော်ငြား ဝူဒီရှီအနေနှင့် ယွင်ကျင်း၏စကားများကို ခြွင်းချက်မရှိယုံကြည်လေသည်။
နောက်ထပ်လတစ်ဝက်ခန့်ကုန်လွန်သွားပြီးနောက် ရာချီသန့်စင်ရေးနယ်မြေရှိ ယဲ့ချိုးပိုင်၏အဆင့်ကလည်း တိုးလာပြန်၏။
သူက ကြောက်မက်ဖွယ်ရာကောင်းသောအရှိန်ဖြင့် ပဥ္စမနေရာသို့ ရောက်ရှိသွားလေသည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်သည် အဆင့်လေးဆယ်မြောက်တွင် ချန်းယွမ်အဆင့်အဆင့်ရှိသော မှော်ဝင်သားရဲတစ်ကောင်ကို စိန်ခေါ်နိုင်ခဲ့ပြီးဖြစ်၏။ ထိုသားရဲက ချန်းယွမ်ကနဦးအဆင့်သာရှိသေးသည်ကတော့ ခြွင်းချက်ပင်။
သို့သော် ယဲ့ချိုးပိုင်သည် ပင်လယ်ရေလှိုင်းအလယ်လတ်အဆင့်သာရှိသေးသည်ပင်။
အကယ်၍ သူသာ အလွှာလေးဆယ့်တစ်ထပ်မြောက်ကို ဝင်ရောက်ချင်ပါက လှိုဏ်ဂူဝင်ပေါက်အစောင့်အကြပ်များကို စိန်ခေါ်ရပေလိမ့်မည်။
ယဲ့ချိုးပိုင် အလျင်မလိုပေ။ ထိုအစား သူက ရာချီသန့်စင်ရေးနယ်မြေထဲက ထွက်လာခဲ့လိုက်သည်။
သူ ဒိဗ္ဗစက္ခုဉာဏ်များကို ပြန်လည်ရယူဖို့လိုအပ်ပေသည်။
အချို့ကိစ္စများက အလျင်စလိုမလုပ်သင့်ချေ။
ယဲ့ချိုးပိုင်သည် သူ၏တာအိုအခြေခံအားဖြင့် ချီစွမ်းအင်ပင်လယ်နှောင်းပိုင်းအဆင့်ကို အချိန်မရွေးဝင်ရောက်နိုင်သည်။ သို့သော် ၎င်းကို သူဖိနှိပ်ထားလိုက်သည်။
သူ ပိုမိုတည်ငြိမ်သောတာအိုအခြေခံကို တည်ဆောက်ချင်သည်။ သို့မှသာ သူ ခရီးဆက်နိုင်မည်ဖြစ်၏။
"ငါ့ရဲ့လက်ရှိအမှတ်က တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းကိုဝင်ရောက်ဖို့ လုံလောက်ပြီလားမသိဘူး"
လက်ရှိတွင် ယဲ့ချိုးပိုင်မှာ အမှတ်ပေါင်း၁၂၃၀ရှိသည်။
ထိုအထဲတွင် အဆင့်တက်ရာမှရသောအမှတ်များနှင့် မှော်ဝင်သားရဲများကိုသတ်ဖြတ်ရာမှရခဲ့သောအမှတ်များလည်း ပါ၏။
သူသည် တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းကိုဝင်ရောက်ပြီး ဤအမှတ်များကို သူ၏သိမြင်နားလည်နိုင်မှုကို အခြေငြိမ်စေရန်အတွက် အသုံးပြုချင်မိ၏။
အခြားသူများ၏လမ်းညွှန်မှုဖြင့် ယဲ့ချိုးပိုင်လည်း တောအုပ်တစ်ခုဆီသို့ ရောက်လာခဲ့သည်။
တောအုပ်၏အဆုံး၌ တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းရှိသည်ဟုဆိုနိုင်လေ၏။
ဤတောအုပ်ကြီးသည် မြူအထပ်ထပ်ရစ်သိုင်းနေချေသည်။
သူ့လက်ချောင်းများကိုပင် သူမမြင်ရပေ။
ယဲ့ချိုးပိုင်လည်း လမ်းကြောင်းအတိုင်း ရှေ့ဆက်လျှောက်လာခဲ့သည်။
သူ့အရှေ့ရှိမြူများမှာ တဖြည်းဖြည်းမှိန်ဖျော့စပြုလာ၏။
ခြံဝင်းငယ်လေးတစ်ခုထဲတွင်..
ယဲ့ချိုးပိုင် အရှေ့ကိုလျှောက်လာသည်နှင့်အမျှ သူ့ရုပ်သွင်ကလည်း ပြန်ပေါ်လာလေသည်။
ခြံဝင်းငယ်လေး၏အနောက်ဘက်၌ တောင်တစ်တောင်ရှိ၏။
တောင်ထိပ်ပိုင်းက ထူးထူးခြားခြားမရှိလှသော်ငြား ဂရုတစိုက်အာရုံစိုက်ကြည့်ပါက မှိန်ဖျော့ဖျော့ဒိဗ္ဗစက္ခုဉာဏ်အလင်းစီးဆင်းနေသည်ကို မြင်နိုင်လေသည်။
ဤသည်မှာ တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းဖြစ်ကြောင်း အသိသာချည်းပင်။
သို့သော် တောင်ခြေ၌ ခြံဝင်းငယ်လေးတစ်ခု ရှိနေပေသည်။
ထိုနေရာတွင် မည်သူနေထိုင်လေသလဲ။
ယဲ့ချိုးပိုင် ခေါင်းကိုခါရမ်းလိုက်ပြီး လျစ်လျူရှုထားလိုက်၏။ တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းဆီသို့ သူလျှောက်လာခဲ့လိုက်သည်။
ခြံဝင်းငယ်လေးနှင့် တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းကြားတွင် စမ်းချောင်းငယ်လေးတစ်ခု ရှိလေသည်။
စမ်းချောင်းလေးမှာ အလွန်ကြည်တောက်နေ၏။
ယဲ့ချိုးပိုင်လည်း ထိုစမ်းချောင်းပေါ်မှ လွှားခနဲခုန်ကျော်မည့်ဆဲဆဲတွင် မလှမ်းမကမ်းရှိ ဖြူလွလွဆံနွယ်ပိုင်ရှင်အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။
ထိုအမျိုးသမီး၏အသွင်အပြင်မှာ သေမျိုးတစ်ယောက်နှင့်မတူပေ။
ကြည်လင်တောက်ပနေသော သူ(မ)၏မျက်ဝန်းအိမ်နှင့် မျက်ခုံးကွေးကွေးလေး...
သူ(မ)၏မျက်တောင်ရှည်တို့က အသာအယာလှုပ်ခတ်နေပြီး ပြစ်မျိုးမှဲ့မထင်အသားအရေမှာ ပန်းနုရောင်သမ်းနေချေသည်။ နှုတ်ခမ်းပါးပါးလေးကလည်း နှင်းဆီပွင့်ဖတ်များနှယ် နူးညံ့အိစက်နေပေ၏။
သို့သော် ထိုအမျိုးသမီး၏ပတ်ပတ်လည်တွင် ရေခဲမြူလွှာများ ရစ်သိုင်းနေ၏။
ထိုအမျိုးသမီး၏ကျောက်စိမ်းနှင့်အလားသဏ္ဌာန်တူသော ခြေထောက်နှစ်ဖက်က ရေမျက်နှာပြင်နှင့်ထိတွေ့မိသောအခါ စမ်းချောင်းလေးမှာ ရုတ်ခြည်းရေခဲသွားလေသည်။
ထိုအခြင်းအရာကြောင့် ယဲ့ချိုးပိုင်မှာ စူးစမ်းလိုစိတ်ပေါ်ပေါက်လာသည်။
သူ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်၏။
မည်သို့သောခန္ဓာကိုယ်ကများ ဤသို့နှယ်စွမ်းဆောင်နိုင်လေသလဲ။
ဆံဖြူအမျိုးသမီးကလည်း ယဲ့ချိုးပိုင်လျှောက်လာသည်ကို မြင်သွားပြီး ချိုသာစွာစကားဆိုလာလေသည်။
"အနားကိုမကပ်လာခဲ့နဲ့။ အန္တရာယ်များတယ်"
ယဲ့ချိုးပိုင်မှာ ကြက်သေသေသွားရသည်။
အန္တရာယ်တဲ့လား...
သူ(မ)အနားကို သူကပ်သွားပါက မည်သို့သောအန္တရာယ်မျိုးပေါ်ပေါက်လာလေမလဲ။
ယဲ့ချိုးပိုင် စိတ်ရှုပ်ထွေးသွားသည်ကို ဆံဖြူမိန်းကလေးက ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ သူ(မ)၏မျက်နှာထက်တွင် ခါးသက်သောအရိပ်အယောင်တစ်ခု ရှိနေလေသည်။
"အဲ့ဒါက ကျွန်မရဲ့ရုပ်ပိုင်းဆိုင်ရာပြဿနာကြောင့်ပါ။ ကျွန်မအနားကိုကပ်လာတဲ့ဘယ်သူ၊ဘယ်အရာမဆို ရေခဲအဖြစ်အသွင်ပြောင်းပြီး ဘဝဆုံးသွားကြရတာ"
ယဲ့ချိုးပိုင်မှာ အနည်းငယ်ထိတ်လန့်သွားရလေသည်။
မည်သို့သောရုပ်ပိုင်းဆိုင်ရာအသွင်အပြင်မျိုးက ဤမျှလွှမ်းမိုးနိုင်စွမ်းရှိလေသလဲ။
သို့သော် သူသည် ဆံဖြူအမျိုးသမီး၏မျက်ခုံးနှစ်ဖက်ကြားမှ အဆုံးမရှိသောစိုးရိမ်ပူပန်မှုကို သူမြင်လိုက်ရသည့်အတွက် ကူကယ်ရာမဲ့စွာပြောလိုက်မိ၏။
"ဒီလိုဆိုရင် မင်းရဲ့ဘဝက အရမ်းအထီးကျန်ဆန်နေမှာပဲ။ ဟုတ်တယ်မလား"
ထိုသို့ပြောပြီးနောက် ယဲ့ချိုးပိုင်ထိတ်လန့်သွားရလေသည်။
ပုံမှန်ဆိုလျှင် သူနှင့်မသိကျွမ်းသည့်အမျိုးသမီးတစ်ယောက်အကြောင်းကို ဂရုမစိုက်တတ်ပေ။ ထိုသို့သောစကားမျိုးကိုဆိုလျှင် ပြောဖို့ပင်ဝေးစွ။
သို့သော် ဤဆံဖြူအမျိုးသမီးကတော့ တစ်မူထူးသည်။
သူ(မ)၏ခန္ဓာကိုယ်ထဲရှိတစ်စုံတစ်ခုက သူ့ကို ဆွဲဆောင်နေပုံပင်။
အထီးကျန်ဆန်မှုလေလား။
ယဲ့ချိုးပိုင်၏စကားများကိုကြားလိုက်ရပြီးနောက် ထိုဆံဖြူအမျိုးသမီးမှာ မှင်တက်သွားလေသည်။ သူ(မ)သည် နားရွက်ကြားထဲကို ဆံပင်သပ်တင်ရင်းပြောလေသည်။
"နေသားကျနေပါပြီ"
"ဒါဆို စမ်းချောင်းနားမှာဘာလုပ်နေတာလဲ"
ဆံဖြူအမျိုးသမီးက သူ(မ)ကြောင့်အေးခဲသွားသောရေကို ကြည့်လိုက်မိသည်။
ရေထဲတွင် ငါးလေးတစ်ကောင်ရှိနေခဲ့သည်။
သူ(မ)၏မျက်နှာမှာ အနည်းငယ်မျှနီရဲနေပြီး အနည်းငယ်ရှက်ရွံ့နေချေသည်။ သူ(မ)က အေးခဲသွားသောငါးလေးကို လက်ညှိုးထိုးပြပြီးပြောသည်။
"ကျွန်မက ငါးကင်စားချင်ရုံလေးပါ.."
"ဒါပေမဲ့ ကျွန်မရဲ့ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ကြောင့် မီးမွှေးလို့မရဘူး"
ထိုစကားကိုကြားသော် ယဲ့ချိုးပိုင်မှာ မရယ်ဘဲမနေနိုင်တော့ချေ။
"ဘာ.. ဘာရယ်နေတာလဲ"
ယဲ့ချိုးပိုင်က ခေါင်းတခါခါဖြင့် ရှေ့ကိုလျှောက်သွားလိုက်သည်။
"ဟေး.. မလာခဲ့နဲ့။ ရှင်သေလိမ့်မယ်"
ယဲ့ချိုးပိုင်က ပြုံးလျက်ပြော၏။
"စမ်းကြည့်လေ။ အလုပ်မဖြစ်ရင် ငါနောက်ပြန်ဆုတ်မှာပေါ့"
ဤသို့ဖြင့် ယဲ့ချိုးပိုင်သည် အဖြူရောင်ဝတ်ရုံနှင့်အမျိုးသမီးနားကို တစ်လှမ်းချင်းလျှောက်သွားလိုက်၏။
သူ ဖြည်းဖြည်းချင်း ရေခဲမြူထဲသို့ လျှောက်လာသည်။
ထိုအခိုက်အတန့်တွင် ယဲ့ချိုးပိုုင်၏ပတ်ပတ်လည်ရှိ အဆုံးမဲ့အရှိန်အဝါတစ်မျိုးက သူ့ခန္ဓာကိုယ်ကိုလွှမ်းခြုံထားပြီး ရေခဲမြူများနှင့်သီးခြားအကန့်ခွဲထားပေးလေသည်။
ဤသည်မှာ အာဒိကပ္ပဓားသိုင်းကျမ်းပေတည်း။