← Chapters

ဝိညာဉ်သေ၏ ခန္ဓာကိုယ်ထဲ ပုန်းကွယ်နေသော ကျွမ်းကျင်သူ

Vol. 25 Ch. 337

ဝိညာဉ်သေ၏ ခန္ဓာကိုယ်ထဲ ပုန်းကွယ်နေသော ကျွမ်းကျင်သူ

Vol. 25 Ch. 337

“ဒီညကိစ္စနဲ့ ပတ်သတ်ပြီး ဝိညာဉ်သားရဲတောင်က သူတွေကို ငါ မသိစေချင်ဘူး။ မင်းတို့ နှစ်ယောက် နှုတ်လုံပါ…”

ဟန်လိက ရုတ်တရက် ခေါင်းမော့ကာ သက်တံဂိုဏ်းချုပ်နှင့် သူ့သားတို့ထံသို့ အေးတိအေးစက် လှမ်းကြည့်သည်။ ဟန်လိ၏ အကြည့်ကြောင့် အဘိုးအိုသည် ကြောက်ရွှံ့မှုဖြင့် တုန်ရင်သွားကာ သူက ရိုးကျိုးစွာ ငြိမ်သက်နေသည်။

ထိုခဏ၌ ဟန်လိသည် သက်တံဂိုဏ်းချုပ်ကို ဘာစကားမှ မဆိုလေဘဲ စိုက်ကြည့်နေ၏။ သူက အဘိုးအိုသည် ချွေးစေးများ ပြန်လာတာကို မြင်သည့်အခါတွင်တော့ ပြုံးယောင်သမ်းသွားပြီး သူ၏ ခန္ဓာကိုယ်မှာ ဝေဝါးကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

ထိုအဘိုးအိုသည် မင်သက်နေရင်း လက်တစ်ဖက်က သူ့ပုခုံးကို ခပ်ဖွဖွ လာပုတ်သည်။ သူ့ခန္ဓာကိုယ်မှာ ချက်ခြင်း တောင့်တင်းသွားပြီး သူက ဖြည်းဖြည်းချင်း ခေါင်းလှည့်ကြည့်သည်။ ဟန်လိက သူ့နောက်ကနေ မထူးခြားနားဟန်ဖြင့် ရပ်နေလျက် ရှိ၏။

“အရှင်အင်မောတယ် ဘာများ မှာကြားချင်လို့လဲ။ ဒီအဘိုးအိုက ကျိန်းသေပေါက် လိုက်နာပါ့မယ်…” သက်တံဂိုဏ်းချုပ်က ကြောက်ကြောက်လန့်လန့်ဖြင့် ပြုံး၍ ထိုသို့ ပြောသည်။

“ ဘာမှ မရှိဘူး။ ကျုပ်က မင်းကို နှုတ်ဆက်ချင်ရုံပဲ…” ဟန်လိက တည်ငြိမ်စွာဖြင့် ပြန်ဖြေ၏။

“နှုတ်ဆက်တာလား…”

ထိုအဘိုးအိုမှာ ဟန်လိ၏ ရည်ရွယ်ချက်ကို အပြည့်အဝ နားမလည်သော်လည်း သူ့စိတ်ထဲ တစုံတစ်ခုကို တွေးမိသွားပြီး သူ့ခန္ဓာကိုယ်ကို ပူပန်တကြီး ပြန်စစ်ဆေးကြည့်သည်။ ကံကောင်းစွာဖြင့် သူသည် ပုံမှန်မဟုတ်တာ ဘာမှ မတွေ့မှ တည်ငြိမ်နိုင်တော့၏။

ထို့နောက်တွင်မူ ဟန်လိသည် သူ၏ နတ်လေလှေကို ထုတ်ကာ ဖြတ်ခနဲ ၎င်းအပေါ်သို့ တက်ရောက်သွားလေသည်။ သူက လူငယ်နှင့် ယင်းအဘိုးအိုတို့ကို အလေးအနက် တချက် ကြည့်လိုက်ပြီးနောက်မှာ အေးစက်စက် ရယ်မောလျက် အဖြူရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ ပျံသန်းထွက်ခွာလာသည်။

ထိုအဘိုးအိုနှင့်သားဖြစ်သူတို့သည် မော့ယုကျူးနှင့်အတူ လုံးဝ အကြောင်သား ဖြစ်ကျန်ခဲ့လေသည်။

ဟန်လိက သူ၏ နတ်လေလှေနှင့် ပျံသန်းလာနေရင်း သူက နှာခေါင်းရှုံ့သည်။

ထိုအဘိုးအိုက သူနှင့် ပတ်သတ်ပြီး ဝိညာဉ်သားရဲတောင်ထံ ပြောဝံ့မည် မဟုတ်သော်လည်း ဟန်လိက သူ့အမူဟန်ပန်၌ မူမမှန်တာတစ်ခုကို မြင်ခဲ့ပေသည်။

ထိုသို့ မြင်သည့်အခါ ဟန်လိက သူ့အပေါ် အမုန်းတရားကြီးကြီးဖြင့် ဉာဏ်များမည့်သူကို သေမျိုးတစ်ယောက်ပင် ဖြစ်နေပါစေ လစ်လျူရှုမည့်သူ မဟုတ်ပါ။

ထို့ကြောင့် သူက ထိုသူ၏ နောက်တွင် ပေါ်လာသည့်အချိန်၌ မြေတွင်းကပ်ပါးကောင်ကို တိတ်တဆိတ် ထည့်သွင်းခဲ့တာ ဖြစ်သည်။

ထိုအင်းဆက်မှာ အတော်လေး ထူးခြားသည်။ မသည် ဆံချည်မျှင်အရွယ်အစားလောက်သာ ရှိပြီး မျက်စိဖြင့် မမြင်ရနိုင်သလောက်ပင်။ ၎င်းကို စိတ်ဝိညာဉ်အာရုံဖြင့်သာ ထောက်လှမ်းနိုင်မည်။ ၎င်းက ခန္ဓာကိုယ်ထဲ၌ ရှိနေသည့်အခါတွင် ဖြည်းဖြည်းချင်း လူတစ်ယောက်၏ သွေးကြောထဲ စိမ့်ဝင်ကာ နှလုံးထိ ရောက်သွားပေလိမ့်မည်။ တစ်နှစ်၊ နှစ်နှစ်လောက် ကြာသည့်အခါ ထိုအင်းဆက်ကြောင့် သည်လူမှာ နှလုံးနာကျင်မှုကို ခံစားရပြီး အိပ်ပျော်နေရင်း မသိမသာ သေသွားလိမ့်မည်။ ကပ်ပါးကောင် ခန္ဓာကိုယ်ထဲ ရောက်ပြီး လများစွာ ကြာလျှင် နှလုံးနာကျင်သော လက္ခဏာကို စပြလိမ့်မည် ဖြစ်သည်။

ထိုကပ်ပါးကောင်ကြောင့် သေဆုံးသွားသည့် ဖြစ်စဉ်မှာ သာမန်နှလုံးရောဂါကြောင့် သေဆုံးခြင်းနှင့် ကွာခြားလိမ့်မည် မဟုတ်ပေ။

ထိုကဲ့သို့ ထူးခြားသော အင်းဆက်ကို ဟန်လိသည် မိစ္ဆာတာအိုကျင့်ကြံသူတစ်ယောက်၏ ပိုင်ဆိုင်မှုပစ္စည်းများထံမှ ရလာခဲ့တာ ဖြစ်သည်။ စစချင်း သူက ၎င်းကို မည်သည့်နေရာတွင် အသုံးပြုရမှန်း မသိခဲ့ချေ။ သို့သော် အခုတော့ သူက သက်တံဂိုဏ်းချုပ်အပေါ်မှာ ယင်းကပ်ပါးကောင်ကို အသုံးပြုနိုင်ခဲ့ပြီ။

ထိုသို့ဖြင့် သူသည် မော့ဖန်းဝူကို ပေးထားသော ကတိကိုလည်း ဖြည့်ဆည်းပေးရာ ရောက်သကဲ့သို့ မော့ယုကျူးရှေ့တွင်လည်း လူဆိုးတစ်ယောက်ဟု အထင်ခံရတော့မည် မဟုတ်ပေ။ ဟန်လိက သူ့ကိုယ်သူ အတော်လေး ကျေနပ်နေမိသည်။

ခုလက်ရှိ၌ သူတို့က ဝိညာဉ်သားရဲတောင်သို့ သတင်းပေးခဲ့လျှင်ပင် ဟန်လိသည် အရေးစိုက်တော့မည် မဟုတ်ပေ။ တကယ်တော့ သူသည် ထိုအဖေနှင့်သားတို့ကို နည်းနည်းလေးမျ ထိခိုက်နာကျင်အောင် မလုပ်ခဲ့တာ မဟုတ်လား။ သည်လို ကိစ္စလေးအတွက် ဝိညာဉ်သားရဲတောင်က သူ၏ နောက်သို့ မလိုက်ဖို့ များသည်။ သက်တံဂိုဏ်းချုပ်၏ သားကမူ သိပ်မဆိုးလှပုံ ပေါ်သည်။ မော့ယုကျူးက သူနှင့်အတူ ပျော်ရွှင်သာယာသော ဘဝတစ်ခုရဖို့အတွက်တော့ ဟန်လိသည် မျှော်လင့်မိပါသည်။

ထိုအတွေးတို့ဖြင့် ဟန်လိက နတ်လေလှေနှင့်အတူ ကျားယွမ်မြို့အနောက်ဘက်သို့ ပျံသန်းလာခဲ့သည်။

သူက အလျင်လိုနေပြီး ဝိညာဉ်သေနှင့် ပတ်သတ်သည့် ကိစ္စကို ဖြေရှင်းချင်နေသည်။ သူက ဝိညာဉ်သေ မည်သို့ဖြစ်ပျက်ခဲ့မှန်း မသိသော်လည်း ၎င်းကို တစ်ယောက်တည်း မထားခဲ့မှာတော့ ကျိန်းသေသည်။

ကျားယွမ်မြို့၏ အနောက်ဘက်တွင် သစ်ပင်ဝါးပင်များစွာ အုံ့ဆိုင်းနေသော တောများနှင့် ပြည့်နေသော တောင်တန်းကြီးတစ်ခု ရှိသည်။ ထိုတောင်တွင် အဆိပ်ရှိသော မြွေများ၊ သားရဲကောင်များ ကျက်စားနေသည်ဟု ဆိုနိုင်သည်။ လူများက သည်နေရာကို လာခဲကြသည်။ အဓိကအကြောင်းရင်းကမူ ဝိညာဉ်သေက မူမမှန်ဖြစ်က ဤနေရာသို့ ရောက်လာခဲ့သောကြောင့်လည်း ဖြစ်နိုင်သည်။

ဟန်လိသည် ကောင်းကင်ထက်ကနေ ထိုတောင်တန်းကို တိတ်တဆိတ် လေ့လာကြည့်နေသည်။

အချိန်အတန်ကြာပြီးနောက်မှာ သူက ဝိညာဉ်ထိန်းချုပ်ခေါင်းလောင်းကို သူ့သိုလှောင်အိတ်ထဲကနေ ထုတ်ယူသည်။

စိတ်ဝိညာဉ်စွမ်းအားများကို ၎င်းခေါင်းလောင်းထဲသို့ သူက ဖြည်းဖြည်းချင်း သွန်းလောင်းနေသည်။ တအောင့်အကြာတွင် ထိုခေါင်းလောင်းသည် ခပ်ဖျော့ဖျော့အဖြူရောင်အလင်း တောက်ပလာပြီး လေထဲမှာ လွင့်မြောသည်။

“သွား”

သူက ထိုခေါင်းလောင်းငယ်ကို ပစ်လွှတ်လိုက်ပြီးနောက်မှာ တခြားလက်တစ်ဖက်ဖြင့် ပြုလုပ်ပြီး ခပ်တိုးတိုး အမိန့်ပေးသည်။ ဝိညာဉ်ထိန်းချုပ်ခေါင်းလောင်းမှာ ခဏ တုန်ခါသွားပြီးနောက် ကြည်လင်သော မြည်သံတစ်ခုကို ထုတ်လွှတ်လျက် မြန်ဆန်လှသောနှုန်းဖြင့် ပျံသန်းထွက်သွား၏။

ဟန်လိက မသိမသာ ပြုံးကာ ၎င်းနောက်သို့ သူ၏ နတ်လေလှေနှင့်အတူ လိုက်လာသည်။

သည်ခေါင်းလောင်းထဲရှိ ဝိညာဉ်သေ၏ သွေးအနှစ်သာရကို အသုံးပြုကာ သူက ဝိညာဉ်သေ ရှိနေသော နေရာကို ခေါင်းလောင်းအား အသုံးပြု၍ လွယ်လင့်တကူ ရှာနိုင်ပေသည်။ ခေါင်းလောင်းက ဝိညာဉ်သေနှင့် အဝေးကြီးတွင် ရှိနေလျှင်တော့ သူ ထိုသို့ မလုပ်နိုင်တာက သဘာဝသာ။ ဝိညာဉ်သေသည် ကီလိုမီတာငါးရာကျော် ဝေးကွာနေခဲ့လျှင် ဟန်လိသည် ထိုသို့ လုပ်နိုင်စွမ်း မရှိပါ။ သို့သော် ခုချိန်တွင်တော့ ခေါင်းလောင်းက တုန့်ပြန်လာခဲ့သည် ဖြစ်ရာ ဟန်လိက ပျော်သွားသည်။ သူက ဝိညာဉ်သေသည် အနီးအနား၌ ပုန်းကွယ်နေမှန်း သိသွားခဲ့ပြီ။

ထိုခေါင်းလောင်းငယ်သည် ဆယ့်ငါးကီလိုမီတာလောက်ထိ တန်းတန်းမတ်မတ် ပျံသန်းသွားပြီးနောက်မှာ ရုတ်တရက် အောက်သို့ ဆင်းသက်သည်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိက သူရှာနေသော အရာကို တွေ့ပြီမှန်း သိသည်။ သူက လေထဲ၌ပင် ထိုခေါင်းလောင်းကို ချက်ခြင်း ဖမ်းဆုပ်သည်။ ထို့နောက်တွင် သူသည် ၎င်းခေါင်းလောင်းကို မိုးပြာအလင်းဖြင့် ခြုံလွှမ်းပစ်သည်။

စွန်းအာကုံး၏ စကားအရ ဟန်လိက ဝိညာဉ်သေသည် သည်ခေါင်းလောင်းကို ခုခါတွင် အာရုံခံနိုင်မှန်းကို သိထားခဲ့ပြီး ဖြစ်၏။ သည်ခေါင်းလောင်း၏ အော်ရာကို ဖုံးကွယ်ထားခြင်းဖြင့် သူသည် ဝိညာဉ်သေ ထွက်ပြေးသွားမှာကို ရှောင်နိုင်လိမ့်မည်။

သူက တောင်ငယ်တစ်ခု၏ ထိပ်ပေါ်သို့ တိတ်တဆိတ် ဆင်းသက်ကာ အရပ်ရှစ်မျက်နှာထံ ဝေ့ဝိုက်ကြည့်ရှုသည်။ မှောင်နေပြီ ဖြစ်သော်လည်း အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက် ဖြစ်သော ဟန်လိကမူ ဘေးပတ်ဝန်းကျင်ကို ဝိုးတဝါး မြင်နိုင်စွမ်း ရှိနေတုန်းပင်။ သို့ဖြစ်၍ ခေါင်းလောင်း မူလတုန်းက ဆင်းသက်ခဲ့သော နေရာရှိ တောင်ထိပ်တစ်ခုပေါ်တွင် ကျောက်တုံးပုံကြီး ရှိနေသည့်ထံ သူက တန်းတန်းမတ်မတ် ဦးတည်လာခဲ့သည်။

ဟန်လိက နည်းနည်းလေးမျှ အသံမထွက်စေဘဲ လျှောက်လာသည်။ သူကား တစ္ဆေတစ်ကောင်နှယ်။ ဝိညာဉ်သေသည် ကြီးမားသောကျောက်တုံးကြီးတစ်ခုပေါ်တွင် တင်ပုလွေခွေ ထိုင်ကာ တရားထိုင်နေသည်။ သူသည် ချီသန့်စင်နေသည့်အလား။ ထိုကျောက်တုံး၏ နောက်ကနေ ကွယ်ဝှက်လျက် ဟန်လိက ဝိညာဉ်သေကို အံ့အားသင့်စွာ တိတ်တဆိတ် စောင့်ကြည့်နေသည်။

သူသည် ဝိညာဉ်သေ၏ခန္ဓာကိုယ်တွင်း၌ စိတ်ဝိညာဉ်ချီကို ခံစားမိသည်။ သည်စိတ်ဝိညာဉ်ချီလှိုင်းအရ သူသည် ချီသန့်စင်ခြင်း အဆင့်ငါး၊ သို့မဟုတ် အဆင့်ခြောက်လောက်တွင် ရှိနေနိုင်သည်။ သို့ဖြစ်၍ ဟန်လိမှာ မင်သက်နေမိသည်။

ဟန်လိသည် စိတ်ဝိညာဉ်ရင်းမြစ် မပိုင်ဆိုင်ထားသောကြောင့် ကျန်းထိုက်မှာ ထာဝရနွေဦးပညာရပ်ကို မကျင့်ကြံနိုင်ခဲ့တာကို ကောင်းကောင်းကြီး မှတ်မိသည်။

(မှတ်ချက်…ကျန်းထိုက်မှာ ဟန်လိနှင့်အတူ သမားတော်မော့ထံ တပည့်ခံခဲ့ပြီး နောက်ပိုင်း၌ သမားတော်မော့က သူ့ကို ဝိညာဉ်သေအဖြစ် သန့်စင်မွန်းမံပစ်ခဲ့သည့်သူ ဖြစ်သည်။ )

“နေပါအုံး။ ကျန်းထိုက်ဟာ ထာဝရနွေဦးပညာရပ်ကို မကျင့်ကြံနိုင်ဘူးလေ။ ဒါ့ကြောင့် သူ့မှာ စိတ်ဝိညာဉ်ရင်းမြစ် မပိုင်ဆိုင်ထားဘူးလို့ ဆိုလိုတယ် မလား။ သူ့မှာ သစ်သားစိတ်ဝိညာဉ်ရင်းမြစ်လည်း မပိုင်ဆိုင်ခဲ့ဘူး။ ကျန်းထိုက်မှာများ နောက်ထပ် စိတ်ဝိညာဉ်ရင်းမြစ်တစ်ခုခု ပိုင်ဆိုင်ထားတာများလား…”

ဟန်လိသည် ရုတ်တရက် တစုံတစ်ခုကို စဉ်းစားမိသွားပြန်သည်။

“ဘယ်လောက် ဆန်းကြယ်လိုက်လဲ။ သမားတော်မော့ကများ စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်ခဲ့တဲ့ လူနှစ်ယောက်ကို တပည့်အဖြစ် လက်ခံခဲ့မိတာများလား။ ပုံမှန်ဆို သေမျိုးတစ်သောင်းမှာ စိတ်ဝိညာဉ်ရင်းမြစ် ရှိတဲ့သူ တစ်ယောက်ကိုတောင် ရှာမတွေ့နိုင်ဘူးလေ…”

ဟန်လိ၏ အတွေးများက ဆက်တိုက် ဖြစ်ပေါ်နေသည်။

“ဒါက ကံမကောင်းတာပဲ။ သူ့မှာသာ သစ်သားစိတ်ဝိညာဉ်ရင်းမြစ်နဲ့ အလားတူတဲ့ စိတ်ဝိညာဉ်ရင်းမြစ်တစ်ခုခု မပိုင်ဆိုင်ခဲ့တာကြောင့် ငါတို့ဟာ မတူညီတဲ့ ကံကြမ္မာနဲ့ အဆုံးသပ်သွားခဲ့ရတယ်။ တကယ်လို့ ငါ့မှာသာ သစ်သားဓာတ်စိတ်ဝိညာဉ်ရင်းမြစ် မပိုင်ဆိုင်ခဲ့ဘဲ ထာဝရနွေဦးပညာရပ်ကို မကျင့်ကြံနိုင်ခဲ့ရင် ငါကော ဘယ်လိုများ အဆုံးသပ်သွားနိုင်လဲ…”

ထိုအတွေးကြောင့် ဟန်လိသည် စိတ်ထဲကနေ မသိမသာ အကြောက်တရားတစ်ခု ဖြစ်ပေါ်မိသွားသည်။

“ဒါပေမဲ့လည်း ဝိညာဉ်သေက ဘယ်လိုလုပ် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံခြင်း ပညာရပ်ကို အသုံးပြုနေနိုင်တာလဲ။ ဖြစ်နိုင်တာက သူဟာ…”

ဟန်လိသည် တခုခုကို တွေးမိသွားကာ မျက်မှောင်ကြုတ်သွားသည်။ သူ့မျက်လုံးထဲ၌လည်း ရက်စက်လိုဟန် ဖြတ်ပြေးသွားသည်။ သို့သော် သူက ဝိညာဉ်သေ ကျင့်ကြံနေတာကို ဆက်၍ စောင့်ကြည့်နေသေး၏။

ဆယ့်ငါးမီနစ်လောက် ကြာပြီးနောက်မှာတော့ ဝိညာဉ်သေက မျက်လုံးဖွင့်လာသည်။ သူက ထရပ်ကာ ခြေလက်ဆန့်သည်။ သူ့မျက်လုံးထဲ၌ ဉာဏ်ရည်တို့ ရှိနေသည်။ သူသည် အမှန်တကယ်ကြီး အသိစိတ် ပိုင်ဆိုင်ထားသည့်အလား။

သို့သော် ထိုသည်ကို မြင်သည့်အခါ ဟန်လိ၏ မျက်နှာမှာ သုန်မှုန်လာသည်။ သူသည် ရက်စက်ကြမ်းကြုတ်တော့မည့်ဟန် ဖြစ်ပေါ်သည်။

“ဒီနေ့က သိပ်မဆိုးလှပါလား။ ကြည့်ရတာ နောက်လေးလလောက်ဆိုရင် ဒီခန္ဓာကိုယ်ကို ထိန်းချုပ်ထားတဲ့ မှော်ပစ္စည်းကို စိုးရိမ်နေစရာ မလိုလောက်တော့ဘူး…”

ဝိညာဉ်သေသည် ပျော်ရွှင်ကျေနပ်နေစဉ် သူ့ဘေးမှ ရေခဲတမျှ အေးစက်သောအသံတစ်သံကို ကြားလိုက်ရသည်။

“ကြည့်ရတာ မင်းက ဒီခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး တော်တော်လေး ကျေနပ်နေတဲ့ပုံပဲ…”

“ဘယ်သူလဲ…”

ဝိညာဉ်သေ၏ ဟန်ပန်မှာ သတိထားဟန် ဖြစ်သွားပြီး အသံလာရာထံ အမြန် လှမ်းကြည့်သည်။ ထိုအခိုက်တွင် ဟန်လိသည် ပုန်းကွယ်နေရာကနေ ရေခဲတမျှအေးစက်သည့်ဟန်ပန်ဖြင့် လှမ်းထွက်လာသည်။

“ခင်ဗျားက ဘယ်သူလဲ…”

“အား…ခင်ဗျားက အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်ပဲ…”

ဝိညာဉ်သေသည် ဟန်လိ၏ ကျင့်ကြံမှု မည်မျှနက်နဲသည်ကို ဖြတ်မြင်နိုင်စွမ်း မရှိသော်လည်း သူက ထိတ်လန့်ကြောက်ရွှံ့မှု မဖြစ်ပေါ်မိဘဲ မနေနိုင် ဖြစ်ရသည်။

“ငါလည်း အဲ့တာကို သိချင်နေတာ။ ဒီခန္ဓာကိုယ်ကို ခိုးယူ သိမ်းပိုက်ထားတဲ့ မင်းကကော ဘယ်သူလဲ။ ဒီဟာက ငါ့သူငယ်ချင်းရဲ့ ခန္ဓာကိုယ်ပဲ။ ငါ ကိုယ်တိုင် ဒါကို စောင့်ရှောက်ဖို့ ငါ့ငယ်သားဆီမှာ အပ်ထားခဲ့တာ။ မင်းက ဒါကို သိမ်းပိုက်ထားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒါ့ကြောင့် မင်းအနေနဲ့ ငါ့ကို ရှင်းပြချက်တစ်ခု မပေးသင့်ဘူးလား…”

ဟန်လိက တည်ငြိမ်စွာ ပြောသည်။

“ဒီခန္ဓာကိုယ်က မင်း အပိုင်လား…” ဝိညာဉ်သေ၏ မျက်လုံးထဲတွင် သံသယဖြစ်ဟန်တို့ ဆက်တိုက် ဖြစ်ပေါ်သည်။ သူသည် စိတ်ထဲ၌ တစ်ခုခုတွေးနေတာ ထင်ရှားသည်။ ဟန်လိက ဤသည်ကို မြင်သည့်အခါ အေးတိအေးစက် နှာခေါင်းရှုံ့၏။ ရုတ်တရက် သူက သူ့လက်ကို ဖြတ်ခနဲ လှုပ်ရှားရာ ဝိညာဉ်ထိန်းချုပ်ခေါင်းလောင်း ပေါ်လာ၏။

“ခင်ဗျား ဘာလုပ်မလို့လဲ…” ဝိညာဉ်သေသည် ဟန်လိ၏ လှုပ်ရှားမှုကို မြင်သည့်အခါ အလန့်တကြားဖြင့် နောက်ဘက် ဆယ်မီတာကျော်လောက်ထိ ခုန်ဆုတ်သွားသည်။ ထို့နောက်တွင်မူ သူက ဟန်လိကို သတိထားကာ လှမ်းကြည့်နေသည်။

သူသည် ဝိညာဉ်ထိန်းချုပ်ခေါင်းလောင်း၏ တည်ရှိမှုကို အရင်တည်းက ခံစားမိခဲ့ဖူးသော်လည်း ၎င်း၏ အတိအကျ ပုံစံကိုမူ မသိခဲ့ပေ။ သူသည် ထိုခေါင်းလောင်းငယ်မှာ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ အထူးပြုကာ ပြုလုပ်ထားမှန်းကိုလည်း သိမနေခဲ့ပေ။ သူက ဟန်လိသည် သူ့ကို တိုက်ခိုက်ဖို့အတွက် မှော်ပစ္စည်းတစ်ခုကို ထုတ်ယူခဲ့တာဟုသာ ထင်နေခဲ့သည်။

All Chapters