← Chapters

အတင်းအကြပ် ဖြောင့်ချက်ပေးစေခြင်း

Vol. 25 Ch. 338

အတင်းအကြပ် ဖြောင့်ချက်ပေးစေခြင်း

Vol. 25 Ch. 338

ဟန်လိသည် ဝိညာည်သေ၏ အလန့်တကြား ဖြစ်သွားခြင်းကို အရေးမစိုက်ပေ။ ဝိညာဉ်ထိန်းချုုပ်ခေါင်းလောင်းကို ခြုံလွှမ်းထားသော မိုးပြာအလင်းသည် ပြန့်ကြဲသွားသည်။ ဟန်လိသည် ထိုခေါင်းလောင်းကို သူ့လက်ဖြင့် တောက်လိုက်ရာ အလင်းစက်ဝန်း ဖြစ်ပေါ်သွားသည်။

ထိုအခါ ထွက်ပြေးရန်ချောင်းနေသော ဝိညာဉ်သေမှာ နောက်သို့ လန်ကျသွားတော့သည်။

“မူလအသက်မှော်ပစ္စည်း။ မင်းမှာ ဒီခန္ဓာကိုယ်အတွက် မူလအသက်မှော်ပစ္စည်း ရှိနေတာပဲ…”

ဝိညာဉ်သေသည် ကြောက်ကြောက်လန့်လန့် ထအော်သည်။

“မင်း သိတာကောင်းတယ်။ မင်း ဆိုးဆိုးဝါးဝါး မခံစားချင်ဘူးဆိုရင် မင်းရဲ့ ဇစ်မြစ်ကို ရှင်းပြတာ အကောင်းဆုံးပဲ။ ငါ အတော်လေး သိချင်နေမိတယ်။ မင်းအနေနဲ့ ဒီခန္ဓာကိုယ်ကို ဘယ်လိုလုပ် ကျူးကျော်ဝင်ရောက်နိုင်စွမ်း ရှိရတာလဲ။ သေမျိုးတွေရဲ့ ခန္ဓာကိုယ်တွေကို ကျင့်ကြံသူတွေက ပိုင်စိုးနိုင်စွမ်း မရှိဘူးမလား…”

ဟန်လိက တည်ငြိမ်စွာ မေးသည်။ သူက သူ့သူငယ်ချင်းတစ်ယောက်နှင့် ပြောနေသည့်နှယ်။

ထိုစကားကို ကြားသည့်အခါ ဝိညာဉ်သေသည် မတုန်လှုပ်မိဘဲ မနေနိုင် ဖြစ်သွား၏။ ခန္ဓာကိုယ်ကို ပိုင်စိုးသော ကျင့်ကြံသူများသည် ကျင့်ကြံခြင်းလောက၌ စက်ဆုပ်ခံရတတ်သည်။ သူတို့ကို မြင်မြင်ချင်း သတ်ဖြတ်သည့်အဆင့်ထိ မဟုတ်ကြလျှင်ပင် မျက်နှာသာ အပေးမခံရတာတော့ သေချာ၏။ ထို့အပြင် ဟန်လိ၏ ထူးခြားသော ဟန်ပန်ကြောင့် ဝိညာဉ်သေမှာ လွတ်မြောက်ရန် စိတ်ကူးယဉ်နေတာကို ရပ်ရလေ၏။

“ရောင်းရင်းတာအိုသခင်…ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ။ အရင်တုန်းက ကျုပ်က အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်ပါ။ ဒါပေမဲ့ စစ်ပွဲမှာ ကျုပ်ရဲ့ ခန္ဓာကိုယ်ကို ဆုံးရှုံးခဲ့ပါတယ်။ ဒါ့ကြောင့် ကျုပ်က ရွေးချယ်စရာ မရှိတော့ဘဲ ဒီခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့ရပါတယ်…”

ဟန်လိ၏မေးခွန်းကို ဖြေမည့်အစား သူက ထရပ်လာရင်း ပြုံးပြီး ရှင်းပြသည်။

“တကယ်လား…” ဟန်လိက မထူးခြားနားဟန်ဖြင့် ပြောလိုက်၏။

အမှန်တကယ်တွင်မူ ဟန်လိသည် ထိုသူမှာ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်ဟု ကြားရသည့်အခါတွင် အံ့အားသင့်မိသွားသည်။

သို့ရာတွင် ဝိညာဉ်သေသည် ဟန်လိ၏ မထူးခြားနားဟန်ကနေ သူ့အတွေးများကို မသိနိုင် ဖြစ်သည့်အခါ သူက မထိတ်လန့်မိဘဲ မနေနိုင် ဖြစ်ကာ အလျင်စလို တောင်းပန်သည်။

“ကျနော့်ရဲ့ ကျင့်ကြံမှုအဆင့်ဟာ အခြေခံတည်ဆောက်ခြင်းအဆင့်ထိ လျော့ကျသွားခဲ့ပေမယ့်လည်း ကျနော့်မှာ မှော်ပစ္စည်းတွေ ၊ စိတ်ဝိညာဉ်ကျောက်တုံးတွေ ရှိပါသေးတယ်။ ရောင်းရင်းကသာ ဒီကိစ္စကို ဖိအားမပေးရင် ကျနော်က ဒါတွေကို ရောင်းရင်းဆီ လက်ဆောင်အဖြစ် ပေးချင်ပါတယ်…”

သူက နှိမ့်ချကာ ပြောသည်။ ဟန်လိ၏ ထိန်းချုပ်မှုအောက်တွင် သူ့မှာ ရွေးချယ်စရာ မရှိမှန်း သိသည်။

သို့သော် ဟန်လိက သူ၏ စကားမျာကို အာရုံမစိုက်နေပေ။ ခဏ စဉ်းစားပြီး သူက မေးပြန်သည်။

“ခင်ဗျားက ဂိုဏ်းကြီးခုနစ်ဂိုဏ်းက ကျင့်ကြံသူတစ်ယောက်လား…”

ဟန်လိသည် သာမကာလျှံကာဖြင့် ထိုသို့ မေးခဲ့တာ ဖြစ်သည်။ သူ သိထားသလောက် ယွဲ့ဒေသ၌ ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ အပြင်ဘက်၌ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူအနည်းငယ်သာ ရှိမှန်း သိပေသည်။ ကျင့်ကြံခြင်းဂိုဏ်းကြီးတချို့သည်သာ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်သည်။ ဥပမာ ယန်ဂိုဏ်းကဲ့သို့ပင်။

“ဂိုဏ်းကြီးခုနစ်ဂိုဏ်းလား…အို…ဟုတ်ပါတယ်။ ကျုပ်က ဝိညာဉ်သားရဲတောင်က ကျင့်ကြံသူတစ်ယောက်ပါ။ ရောင်းရင်းကလည်း ဂိုဏ်းကြီးခုနစ်ဂိုဏ်းက ကျင့်ကြံသူများလား…”

ဝိညာဉ်သေ၏ ထိုစကားလုံးများမှာ တည်ငြိမ်နေသည်။ ဟန်လိသည် သူ၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှု အရိပ်အယောင်ကို မထောက်လှမ်းမိဘဲ ရှိနေသည်။ ဤသည်က ဟန်လိကို သံသယ ကြီးစွာ ဖြစ်စေ၏။

“ဒီတော့ ရောင်းရင်းက ဝိညာဉ်သားရဲတောင်ကကို။ ဒါဆိုရင် အမျိုးသမီးဟန်ယွမ်ဇီက ဘာများ လုပ်နေပါသလဲ…”

ဟန်လိက ခပ်ဖျော့ဖျော့ ပြုံး၍ မေးသည်။

“ဟန်ယွမ်ဇီ…ကျုပ် တောင်းပန်ပါတယ်။ ကျုပ်က နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေတဲ့အတွက် နောက်တက် တပည့်တွေကို သေချာ မသိပါဘူး…”

(မှတ်ချက်။ ။ ထိုအမျိုးသမီးငယ် ဟန်ယွမ်ဇီသည် ဟန်လိကို အပိုင်း(၁၃၇)တွင် ရွှေအမှန်တရားစုတ်တံ ရောင်းချခဲ့ဖူးသည်။ ထို့နောက်တွင် သူတို့သည် အပိုင်း(၂၀၃)တွင် သွေးနှင့်မီးစမ်းသပ်ကွင်းထဲမှာ ထပ်မံ ပြန်တွေ့ခဲ့ဖူးသည်။ )

ဟန်လိ၏ မေးခွန်းကြောင့် သူသည် အတော်လေး အံ့အားသင့်သွားပြီးနောက် ဟန်လုပ်ပြုံးကာ ထိုသို့ ပြောလေသည်။

“ခင်ဗျားက သူနဲ့ မရင်းနှီးဘူးလား။ ဒါဆိုရင် ခင်ဗျား မှတ်မိသလောက် ဝိညာဉ်သားရဲတောင်က တချို့တလေတွေရဲ့ နာမည်ကို ပြောပါအုံး။ ကျုပ်က ဝိညာဉ်သားရဲတောင်က တာအိုရောင်းရင်းတော်တော်များများနဲ့ သိပါတယ်။ ကျုပ် သိချင် သိနေနိုင်တယ်…”

ဟန်လိသည် ထပ်မေးသည်။

“ဒါက…” ဝိညာဉ်သေသည် ထိတ်ထိတ်ပျာပျာ ဖြစ်လာခဲ့လေပြီ။ သူ့မျက်လုံးမှာလည်း ဂနာမငြိမ် ဖြစ်လာကာ ဘေးဘီဝဲယာသို့ ကြည့်သည်။ သူ့အမူအရာမှာ သူ့စကားများထက် ပို၍ ရိုးသားမှု ရှိသည်။

ထိုသူက မဖြေနိုင်တာကို မြင်သည့်အခါ ဟန်လိ၏ အမူအရာသည် ဒေါသထွက် အေးစက်လာသည်။

“ရောင်းရင်း…ခင်ဗျားက ကျုပ်ကို တကယ်ပဲ စိတ်ပျက်စေခဲ့ပြီ။ ခင်ဗျားကို ဖိအားပေးမှ ရတော့မယ်…”

ဟန်လိက ပွင့်ပွင့်လင်းလင်း ပြောသည်။ သူ၏ခန္ဓာကိုယ် ဖြတ်ခနဲ လှုပ်ရှားသွားသည်။

ဝိညာဉ်သေသည် သူ၏ မူလနေရာတွင် မလှုပ်မယှက် ရပ်နေသည်။ သို့သော် ဝိညာဉ်ချိပ်ပိတ်ခြင်းအဆောင်ကမူ ခုခါ၌ သူ့ရင်ဘက်တည့်တည့်မှာ ကပ်နေလေပြီ။ ထိုအခါ သူ့အဖို့ လှုပ်ရှားနိုင်ရန် အခွင့်အရေး မရှိတော့ပေ။ အလွန်အမင်း ထိတ်လန့်သွားကာ သူက အလျင်အမြန် လှမ်းအော်သည်။

“ရောင်းရင်…ဒါက ဘာသဘောလဲ။ ကျုပ်တို့ ဒီကိစ္စကို ပြောနိုင်…”

သေမျိုးများအပေါ်၌ ထိုအဆောင်ကို အသုံးပြုပါက သူတို့၏ ခန္ဓာကိုယ်များကို လုံးဝ ချုပ်နှောင်ထားပြီး စကားပါ ပြောနိုင်စွမ်း မရှိတော့ပေ။ သိုသော် ကျင့်ကြံသူများအပေါ်တွင် အသုံးပြုသည့်အခါတွင်တော့ သူတို့သည် မလှုပ်ရှားနိုင်သော်လည်း စကားတော့ ပြောနိုင်ကြသည်။

ထိုအခိုက်တွင် ဟန်လိက သူ့စကားများကို အရေးစိုက်မနေတော့၊ သူ့သိုလှောင်အိတ်ထဲမှ မဟူရာနက်မှောင်နေသောခွက်တစ်ခုကို ထုတ်ယူသည်။

၎င်းပေါ်လာသည်နှင့် မကောင်းဆိုးဝါးချီက လေထဲ၌ ပြည့်နှက်လာကာ အနီးအနားရှိ အပူချိန်သည်ပင် လျော့ကျလာသည်။ တအောင့်အကြာတွင် ထိုခွက်ထံမှ တစ္ဆေငြီးသံတစ်သံကို ထုတ်လွှတ်လျက် ၎င်းခွက်ကို အနက်ရောင်မြူတို့က ဝန်းရံကာ ၎င်း၏ တစ္ဆေအော်ရာသည် ထူထဲလာချေသည်။ ဤသည်မှာ မကြာသေးခင်မှ ရခဲ့သော ဝိညာဉ်အစုအဝေးခွက်ပင်။

သည်ပစ္စည်းကို လက်တစ်ဖက်တည်းဖြင့် ကိုင်လျက် သူက ဝိညာဉ်သေထံ ချဉ်းကပ်လာသည်။

ဝိညာဉ်သေက ထိုထူးခြားသော ခွက်ကို မြင်သည့်အခါ မျက်လုံးပြူးသွား၏။ သို့သော် သူသည် ချက်ခြင်းပင် တစုံတစ်ခုကို တွေးမိသွားကာ စိုးရိမ်ကြောင့်ကြသည်။ သူက အားတင်း၍ လှမ်းပြောသည်။

“ခင်ဗျား ဘာလုပ်မလို့လဲ။ ဝိညာဉ်သန့်စင်ခြင်းပညာရပ်တစ်ခုကို အသုံးပြုမလို့ ကြံစည်နေတာလို့တော့ ကျုပ်ကို မပြောနဲ့…”

ဝိညာဉ်သန့်စင်ခြင်းပညာရပ် ဟူသော စကားလုံးများကို သူ ပြောသည့်အခါ၌ သူ၏မျက်လုံးထဲတွင် အလွန်တရာ ကြောက်ရွှံ့ခြင်းတို့ လှစ်ဟပေါ်နေသည်။

သည်ဝိညာဉ်သန့်စင်ခြင်း ပညာရပ်သည် ကျင့်ကြံခြင်းလောက၌ ထိတ်လန့်စရာ ကောင်းလှသော ပညာရပ် ဖြစ်ချေ၏။ တချို့ကျင့်ကြံသူများသည် သည်မှော်ပညာရပ်၏ ချိန်းခြောက်မှုအောက်မှာ မရဏကျိန်စာများကိုပါ ကျိန်ဆိုမိသွားနိုင်သည်။

သစ္စာဖောက်များကို အပြစ်ပေးဖို့အတွက် ဂိုဏ်းကြီးများက သည်ပညာရပ်ကို သင်ယူထားသော အထူးကျင့်ကြံသူများ ရှိတတ်ကြသည်။ သည်ပညာရပ်ကို လေ့ကျင့်ဖို့အတွက် ရက်စက်ခြင်းများ ပါဝင်နေရသောကြောင့် ၎င်းပညာရပ်ကို လေ့ကျင့်ခြင်းသည် များစွာ အရှက်ရစေသည်။

သည်ပညာရပ်ကို လေ့ကျင့်သူများသည် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ထုတ်နှုတ်နိုင်စွမ်း ရှိကာ အထူးပြုလုပ်ထားသော မှော်ပစ္စည်းများဖြင့် သူတို့ကို ညှင်းပမ်းနှိပ်စက်ဖို့အတွက် အသုံးပြုသည်။ ပြောကြသည်မှာ စိတ်ဝိညာဉ်အပေါ် တိုက်ရိုက် နှိပ်စက်သောနည်းလမ်းသည် စိတ်ဓာတ်ခိုင်မာသောသူများသည်ပင် တောင့်ခံနိုင်စွမ်း မရှိသည့်အရာဟု ဆိုကြ၏။ ထို့အပြင် ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်က ပို၍ သန်မာလေလေ ပိုခံစားရလေပင်။ ယင်းကြောက်လန့်စရာ အချက်များကြောင့် ကျင့်ကြံသူများသည် သည်ပညာရပ်များအကြောင်းကို ပြောသည့်အချိန်၌ သူတို့၏မျက်နှာများပါ ဖြူရော်ကုန်ကြတာ ဖြစ်သည်။

ဝိညာဉ်သန့်စင်ခြင်းပညာရပ်နှင့် ပတ်သတ်သော ကောလဟလများမှာ ကျင့်ကြံခြင်းလောကတွင် ပျံ့နှံ့လျက် ရှိပေသည်။ ၎င်းသတင်းစကားများထဲ၌ လူအသိများဆုံးမှာ ဝိညာဉ်သန့်စင်ခြင်းပညာရပ်ကို ကျင့်ကြံနိုင်ဖို့အတွက် ကျင့်ကြံသူများသည် ဝိညာဉ်အကူပစ္စည်းကိုပါ ကျင့်ကြံနိုင်ရမည် ဖြစ်၏။ ထိုအကူပစ္စည်းသည် သူတို့၏ ကိုယ်ပိုင်စိတ်ဝိညာဉ်နှင့် ချိတ်ဆက်ထားရမည်။ ယင်းသို့သော် မှော်ပစ္စည်းဖြင့် အသုံးပြုသူသည် ဝိညာဉ်သန့်စင်ခြင်းပညာရပ်ကို အပြည့်အဝ ထုတ်ဖော်နိုင်ကာ ပစ်မှတ်၏ စိတ်ဝိညာဉ်အား သေသည်ထက် ဆိုးဝါးအောင် ပြုလုပ်နိုင်ပေလိမ့်မည်။

ဝိညာဉ်အကူပစ္စည်းကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးသော ကျင့်ကြံသူသည် များများစားစား ရှိမနေပေ။ သို့သော် ၎င်းပစ္စည်းတို့က သိပ်သည်းသော မကောင်းဆိုးဝါးနှင့် တစ္ဆေအော်ရာတို့ ထုတ်လွှတ်နိုင်သည်ဟု ပြောကြသည်။ ယင်းဖော်ပြချက်များသည် အခု ဟန်လိ ထုတ်လာသော ဝိညာဉ်အစုအဝေးခွက်၏ ပုံပန်းသွင်ပြင်နှင့် ဆင်တူနေသည်။ ယင်းမှော်ပစ္စည်းမှာ ကျင့်ကြံသူရာချီ၏ စိတ်ဝိညာဉ်များကို သိမ်းဆည်းထားလေ၏။

ထို့ကြောင့် သည်ကြောက်လန့်စရာ ကောင်းလှသော ခွက်နှင့် ဟန်လိ၏ ပြီးခဲ့သော ချိန်းခြောက်မှုများကြောင့် ထိုသူသည် ဟန်လိမှာ ဝိညာဉ်အကူပစ္စည်းကို အသုံးပြုနိုင်စွမ်း ရှိကာ ဝိညာဉ်သန့်စင်ခြင်းပညာရပ်အား သူ့အပေါ် အသုံးပြုနိုင်သည်ဟု အထင်မှားသွားခဲ့တာပင်။

သူ ထိုသို့ တွေးမိတာက အံ့ဩစရာတော့ မရှိချေ။ တစ်စုံတစ်ယောက်က ဝိညာဉ်နှိပ်စပ်ဖို့အကြောင်း တွေးသည်နှင့် ပထမဆုံး သူတို့စိတ်ထဲတွင် ပေါ်လာမည့်အရာမှာ ဝိညာဉ်သန့်စင်ခြင်းပညာရပ်သာ။ ထို့ကြောင့် သူ့စဉ်းစားဉာဏ် လွတ်သည့်အထိ မလန့်သွားမိဘဲ ဘယ်ရှိပါတော့မည်နည်း။

ဟန်လိက ဝိညာဉ်သေ၏ စကားများကို ကြားသည့်အခါ သူက အံ့အားသင့်သွားသော်လည်း သူ့အမူအရာကမူ ခံစားချက်ကင်းမဲ့နေသည်။

တကယ်တော့ ဟန်လိက ဝိညာဉ်သန့်စင်ခြင်းပညာရပ်ကို အသုံးပြု၍ သူ့ကို ချိန်းခြောက်ဖို့ မတွေးထားခဲ့ပေ။ သူက သည်ခွက်၏ နက်မှောင်အေးစက်သော ချီဖြင့်သာ ထိုသူ၏ စိတ်ဝိညာဉ်ကို အနည်းနှင့်အများ ခံစားရစေကာ အညံ့ခံရန် အသုံးပြုချင်ခဲ့တာသာ ရှိသည်။ သို့သော် ခုချိန်တွင်မူ ဝိညာဉ်သေသည် သူက ဝိညာဉ်သန့်စင်ခြင်းပညာရပ်ကို အသုံးပြုနိုင်စွမ်းရှိသည်ဟု ယုံကြည်နေသည်။ ဟန်လိမှာ သည်အချက်အပေါ် အခွင့်ကောင်း မယူဘဲ ဘယ်နေပါ့မည်နည်း။

“ငါ မင်းကို တစ်ကြိမ် ထပ်မေးမယ်။ မင်းရဲ့ ဇစ်မြစ်နဲ့ ဘာကြောင့် မင်းက ဝိညာဉ်သားရဲတောင်က ကျင့်ကြံသူလို့ လိမ်ညာပြီး ပြောခဲ့ရတာလဲ…”

ဟန်လိသည် ထိုသူ၏ ဝိညာဉ်သန့်စင်ခြင်းပညာရပ်ကို အသုံးပြုမှာလား ဆိုသော မေးခွန်းကို ဖြေမည့်အစား သူ မေးချင်တာကိုသာ မေးလိုက်သည်။

ဟန်လိ၏ စကားကြောင့် ထိုသူသည် သူ့အစောပိုင်းတုန်းက ထင်မြင်ချက်ကို ပိုသေချာသွားစေသည်။ သူက စိတ်အားငယ်သည့် ဟန်ပန် ဖြစ်နေလေပြီ။ သူ့နှုတ်ခမ်းတို့မှာ တုန်ရင်နေသည်။ သို့သော် မည်သည့်စကားမျှ ထွက်မလာခဲ့ပေ။

ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် စကားအပိုများ ထပ်မပြောတော့ပေ။ ထိုအစား သူက အမည်မသိမန္တာန်တစ်ခုကို စရေရွတ်သည်။ ဝိညာဉ်အစုအဝေးခွက်က ဝိညာဉ်သေ၏ မျက်နှာနှင့် ပိုနီးကပ်လာသည်။

အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူဖြစ်သော ဟန်လိသည်ပင် သည်ခွက်၏ မကောင်းဆိုးဝါးချီနှင့် ထိမိသည်နှင့် အေးစက်တုန်ရင်သွားရသည်။ ချီစုဆောင်းခြင်းအဆင့်ဖြစ်သော ဝိညာဉ်သေအပေါ်တွင်မူ သက်ရောက်မှုက အဆများစွာ ပိုပြင်းထန်မည်သာ။

ထို့ကြောင့် သည်ခွက်က သူ့ရှေ့သို့ ရောက်လာသည်နှင့် ဝိညာဉ်သေသည် အလွန်တရာ အေးစက်မှုတစ်ခုကို ခံစားရ၏။ သံမဏိအပ်များက သူ၏ စိတ်ဝိညာဉ်အတွင်းပိုင်းထဲထိ ထိုးစိုက်ကာ အေးခဲသွားလေသည့်အလား။

ခဏအကြာတွင် သူသည် ထိုနာကျင်မှုကို ဆက်၍ တောင့်ခံနိုင်စွမ်း မရှိတော့ပေ။ မျက်နှာရှုံ့တွကာ သူက နာကျင်စွာ အော်ဟစ်သည်။

“အလျင်မလိုပါနဲ့။ ကျုပ်က ခုထိ ဘာမှော်ပညာရပ်ကိုမှ အသုံးမပြုရသေးဘူး။ ပြီးရင်တော့ ဒီနာကျင်မှုက ခုထက် အဆတစ်ရာလောက် ပိုလာပါလိမ့်မယ်…”

ဟန်လိက ထိုသို့ ချိန်းခြောက်သည်။

“အဆတစ်ရာလား…” ဝိညာဉ်သေက သည်စကားကို ကြားသည့်အခါ ကြောက်ရွှံ့မှုကြောင့် သူ့ကိုယ်သူ ဆုံးရှုံးမတတ်ပင် ဖြစ်သွားမိသည်။

သူသည် သည်ခဏလေး နာကျင်မှုကိုပင် တောင့်ခံနိုင်စွမ်း မရှိပေ။ သည့်ထက် အဆတစ်ရာ ပိုပြင်းထန်မည့် နာကျင်မှုဆိုလျှင် သူ့စိတ်ဝိညာဉ်ပါ ဆိုးဝါးစွာ ပျောက်သွားနိုင်သည်။ အပြင်းအထန် ခံစားခဲ့ရပြီး ဖြစ်၍ ဝိညာဉ်သေသည် ဝိညာဉ်သန့်စင်ခြင်းပညာရပ်နှင့် ပတ်သတ်သော ကောလဟာလများကို လုံးဝ သေချာသွားတော့သည်။

သို့ဖြစ်၍ သူက ဟန်လိသည် မန္တာန်ချိပ်ဟန်တစ်ခုကို ဖော်ဆောင်နေတာ မြင်သည့်အခါ ပိုနာကျင်မှုကို ရှောင်နိုင်ဖို့အတွက် အလျင်စလိုဖြင့် လှမ်းပြောလေသည်။

ရောင်းရင်းကျင့်ကြံသူ…ကျုပ်ကို ခွင့်လွှတ်ပေးပါ။ “ကျုပ် ပြောပါ့မယ်။ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ ဝိညာဉ်အကူပစ္စည်းကို သိမ်းပေးပါ။ ဝိညာဉ်သန့်စင်ခြင်း ပညာရပ် အသုံးပြုနေတာကို ရုတ်သိမ်းပေးပါ…”

အစောပိုင်းတုန်းက နာကျင်စွာ ခံစားခဲ့ရမှုကြောင့် သူ့စကားလုံးများသည်ပင် တုန်ရင်နေလေသည်။ သူ၏ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်ချီဖြင့် ကာကွယ်ထားရုံသာမက သည်ဝိညာဉ်သေ၏ ခန္ဓာကိုယ်ခွန်အားတို့ကြောင့်သာ မဟုတ်ပါက သူသည် နာကျင်လွန်းစွာ တောင့်တင်းအေးခဲသွားနိုင်သည်။

“အစောပိုင်းတည်းက မင်း ပါးနပ်ခဲ့ပါလား။ ဒါဆိုရင် နာကျင်မှု နည်းနည်းပါးပါးကို ရှောင်နိုင်ခဲ့မှာ…”

ဟန်လိက ထိုခွက်ကို ပြန်သိမ်းကာ ထိုသို့ ပြောသည်။ တကယ်တော့ သူလည်း စိတ်ထဲကနေ သက်ပြင်းကြိတ်ချမိသည်သာ။

အကြောင်းမှာ ထိုသူ မပြောလာခဲ့လျှင်လည်း သူသည် ဝိညာဉ်အစုအဝေးခွက်ကို ခဏအကြာတွင် ပြန်သိမ်းတော့မည် ဖြစ်သည်။ အကြောင်းမူကား သူကိုယ်တိုင်လည်း သည်မှော်ပစ္စည်းကို လက်ကနေ တိုက်ရိုက် ကိုင်ထားသည့်အခါ ၎င်းထံမှ အေးစက်နက်မှောင်သောချီတို့ကို ဆက်၍ တောင့်ခံနိုင်စွမ်း မရှိတော့သောကြောင့်ပင်။ ဝိညာဉ်သေက သည်မှော်ပစ္စည်းကို ဟန်လိက အမှန်တကယ် ပြန်သိမ်းဆည်းလိုက်တာကို မြင်သည့်အခါမှ အသက်ဝဝရှုနိုင်တော့သည်။

“ကျုပ်ကို မလှည့်စားတာ အကောင်းဆုံးပဲ။ ကျုပ်အနေနဲ့ မင်း ပါးစပ်ကနေ အမှန်တွေ ထွက်ကျလာအောင် စမ်းသပ်နိုင်တဲ့ မှော်ပညာရပ်တွေ ရှိနေသေးတယ်။ ဒါ့ကြောင့် ခင်ဗျားရဲ့ လျှို့ဝှက်ချက်တွေကို ထိန်ချန်ထားလောက်တဲ့အထိ မတုံးအဖို့၊ မရူးမိုက်ဖို့ ကျုပ် မျှော်လင့်တယ်။ မဟုတ်ရင်တော့ ကျုပ်က ခင်ဗျားရဲ့ စိတ်ဝိညာဉ်ကို တစစီ ဖြစ်စေပြီး ဘယ်တော့မှ ပြန်လည်မမွေးဖွားနိုင်အောင်ပါ လုပ်ပစ်မယ်…”

ဟန်လိက ရေခဲထက် အေးစက်သော လေသံဖြင့် ထိုသို့ ပြောသည်။

အပြင်းအထန် ခံစားပြီးသည် ဖြစ်၍ ဝိညာဉ်သေသည် သူ့ဟာသူ တုန်ယင်နေလေပြီ။ ထိုစကားများကိုပါ ထပ်ကြားသည့်အခါတွင်မူ သူ့မျက်နှာမှာ မြင်မကောင်းလောက်အောင် ပျက်ယွင်းသွားလေ၏။

All Chapters