← Chapters

အံ့အားသင့်ထိတ်လန့်မှု

Vol. 25 Ch. 339

အံ့အားသင့်ထိတ်လန့်မှု

Vol. 25 Ch. 339

“ကျုပ်က…”

“ခင်ဗျားကို ခင်ဗျား လွေလွင့်ကျင့်ကြံသူတစ်ယောက်လို့ မပြောနဲ့။ မဟုတ်ရင် ကျုပ်က မင်းကို ယုံမှာ မဟုတ်ဘူး…”

ဟန်လိသည် စိတ်ခံစားချက်ကင်းမဲ့စွာဖြင့် ထိုသို့ ဖြတ်ပြောသည်။ ဝိညာဉ်သေသည် ခါးသီးစွာ ပြုံးမိသည်။ သူသည် ထိုကဲ့သို့ ပြောရန် အမှန်တကယ် တွေးထားခဲ့တာ ဖြစ်သည်။

သို့ဖြစ်၍ သူသည် ခဏ တွေဝေနေပြီးနောက်မှာမူ အားလျော့စွာဖြင့် ပြောလာသည်။

“ရောင်းရင်းကျင့်ကြံသူ ထင်တဲ့အတိုင်းပါပဲ။ ကျုပ်က ယွဲ့ဒေသက မဟုတ်ပါဘူး…”

“ခင်ဗျားက ယွဲ့ဒေသက မဟုတ်ဘူးလား…” သည်စကားကို ကြားသည့်အခါ ဟန်လိသည် စိတ်ထဲ၌ တုန်လှုပ်အံ့အားသင့်မိသွားသည်။

“ကျုပ်က ထျန်တောက်ဒေသက ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းရဲ့ ကျင့်ကြံသူတစ်ယောက်ပါ…”

“မိစ္ဆာတာအိုဂိုဏ်းဖြစ်တဲ့ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်း…”

ဟန်လိသည် မျက်မှောင်ကြုံ့မိသွားပေသည်။ သူက ထိုသူ့ကို အေးစက်စက် စိုက်ကြည့်နေသည်။

“မှန်ပါတယ်။ ကျနော် ဒီကို ရောက်ခဲ့တာ လွန်ခဲ့တဲ့ နှစ်အချို့ကပါ။ ဒါပေမဲ့ ခင်ဗျားတို့ နိုင်ငံရဲ့ ကျင့်ကြံသူတစ်ယောက်ကြောင့် ကျုပ်ခန္ဓာကိုယ် ပျက်စီးသွားခဲ့ပြီး ကျင့်ကြံမှုအဆင့်လည်း ခုလိုမျိုး လျော့ကျသွားလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားခဲ့ဘူး…”

ဝိညာဉ်သေသည် သူ၏ခန္ဓာကိုယ် ဖျက်စီးခံရသည့်အကြောင်းကို ပြောသည့်အခါ အကူအညီမဲ့ဟန် ဖြစ်ပေါ်နေသည်။

ခဏ စဉ်းစားပြီးနောက် ဟန်လိသည် မျက်ခုံးပင့်ကာ မေး၏။

“ခင်ဗျားရဲ့ ခန္ဓာကိုယ်ဟာ လွန်ခဲ့တဲ့ ခြောက်နှစ်တုန်းက ပျက်စီးသွားခဲ့တာလား…”

ဟန်လိ၏ အသံသည် တည်ငြိမ်နေသည်။ ဝိညာဉ်သေက အမှန်တိုင်း ပြန်ဖြေ၏။

“ဟုတ်ပါတယ်…”

“ဒါဆို ခင်ဗျားက ဒီခန္ဓာကိုယ်ကို ပိုင်စိုးပြီးတဲ့နောက် ပြန်ဖို့ မစဉ်းစားခဲ့ဘူးလား…”

ဟန်လိက တည်ငြိမ်စွာ ထပ်မေးသည်။

“ကျုပ် အဲ့လို လုပ်ချင်တာပေါ့။ ဒါပေမဲ့ ရောင်းရင်းက ကျုပ်တို့ မိစ္ဆာတာအိုဂိုဏ်းတွေ အကြောင်း သိပ်မသိတဲ့ပုံပဲ…”

“ဟုတ်တယ်။ ကျုပ်က မိစ္ဆာတာအိုဂိုဏ်းနဲ့ ပတ်သတ်ပြီး နည်းနည်းပါးပါး သိပေမယ့်လည်း အဲ့တာတွေဟာ ကောလဟာလ အပိုင်းအစတွေပဲ…”

ဟန်လိသည် ပွင့်ပွင့်လင်းလင်း ဝန်ခံသည်။

“ကျုပ်တို့ မိစ္ဆာဂိုဏ်းမှာ ခွန်အားဟာ အရာရာပဲ။ အားနည်းတဲ့သူဟာ အားကြီးတဲ့သူဆီ ခယရတယ်။ ခွန်အားနဲ့သာ အာဏာ ရနိုင်မှာ။ အစတုန်းကတော့ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းမှာ ကျုပ်ရဲ့ အဆင့်အတန်းဟာ သိပ်မနိမ့်ပါဘူး။ ကျုပ်မှာ ဇနီးလှလှတစ်ယောက်နဲ့ နာခံတဲ့ တပည့်တချို့ ရှိတယ်။ ဒါပေမဲ့ ခု ကျုပ်ရဲ့ ကျင့်ကြံမှုဟာ အများကြီး ထိခိုက်ခံထားရတဲ့အတွက် ကျုပ် ပြန်ရောက်သွားခဲ့ရင်လည်း အရင်လို အဆင့်အတန်းမျိုး ရနိုင်တော့မှာ မဟုတ်ဘူး…”

ဝိညာဉ်သေသည် အေးစက်စက်ပြုံး၍ ထိုသို့ ရှင်းပြသည်။

သည်စကားကို ကြားသည့်အခါ ဟန်လိသည် မျက်မှောင်ကြုံ့သွားပြီး ငြိမ်သက်နေသည်။

ဝိညာဉ်သေက ဆက်ပြောသည်။

“ဒီတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်ဟာ ခုလောက်ထိ နိမ့်ကျသွားတာဟာ ဒီခန္ဓာကိုယ်ကို ပိုင်စိုးခဲ့လို့ပါ။ ဒါ့ကြောင့် ကျုပ်က နှစ်လေးဆယ်အတွင်း ကျင့်ကြံမှုကို ပြန်ရအောင် လုပ်နိုင်လိမ့်မယ်လို့တော့ ယုံကြည်ထားတယ်။ အဲ့ကျမှ ကျုပ် ပြန်မယ်။ ငှက်တွေတောင် မလာတဲ့ ဒီလိုချီးထုပ်နေရာမှာ ကျုပ်က နေနေချင်တယ်လို့များ ရောင်းရင်းကျင့်ကြံသူက ထင်နေတာလား…”

“ခင်ဗျား ပြောသလိုဆိုရင် ခင်ဗျားဟာ ဒီကျားယွမ်မြို့အနားမှာ ပုန်းနေတဲ့အချိန်အတောအတွင်း တခြား ဘယ်ကျင့်ကြံသူကိုမှ မကြုံခဲ့ရဘူးပေါ့…”

“ဟုတ်ပါတယ်။ တာအိုရောင်းရင်းကသာ ကျုပ် ပထမဆုံး ကြုံရတဲ့ ကျင့်ကြံသူပဲ…”

“ဒါဆိုရင် ခင်ဗျားက ဝိညာဉ်သားရဲတောင်က ကျင့်ကြံသူလို့ စစချင်းတုန်းက ကျုပ်ကို လိမ်ညာဖို့ ကြိုးစားခဲ့ရတာလဲ…” ဟန်လိသည် ဆက်မေးသည်။

“ကျုပ်ကသာ ဂိုဏ်းကြီးခုနစ်ဂိုဏ်းက ကျင့်ကြံသူလို့ ပြောလိုက်ရင် ရောင်းရင်းက ကျုပ်ကို ဖိအားမပေးလောက်ဘူးလို့ ထင်ခဲ့လို့ပါ…”

ထိုစကားကို ကြားသည့်အခါ ဟန်လိသည် ရုတ်တရက် ပြုံးသည်။

“ဒါက အမှန်ပဲလား…” ဟန်လိသည် ထိုသို့ မေးသည်။ သို့သော် သူ၏ ကြင်နာသည့်ဟန်ပန်အသွင်က ဝိညာဉ်သေကို စိမ့်ခနဲ ဖြစ်သွားစေသည်။

“အမှန်ပါပဲ။ ရောင်းရင်းကျင့်ကြံသူက ကျုပ် ပြောခဲ့တဲ့အထဲ ဘာကိုများ မကျေနပ်စရာ ရှိလို့ပါလဲ…”

သူက စိတ်မသက်မသာဟန်ဖြင့် သတိထားကာ မေးသည်။

“ကျုပ် ကြားဖူးတာကတော့ အမှန်တရားက ခုနစ်ပုံ၊ မုသားက သုံးပုံ ရောစွက်ခဲ့ရင် တခြားသူတွေကို လှည့်ဖြားဖို့ အလွယ်ကူဆုံးပဲတဲ့။ ဒါ့ကြောင့် ခင်ဗျား ခုလေးတင် ပြောခဲ့တဲ့အထဲက အမှန်တရား ဘယ်လောက်ပါနေမလဲတော့ ကျုပ် သိချင်မိတယ်…”

ဟန်လိသည် သူ့ကို စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောသည်။

“ဟားဟား…တာအိုမိတ်ဆွေရဲ့ သတိထားစိတ်က တော်တော်လေး အားကောင်းတာပဲ။ ကျုပ်က အမှန်တရားကို ပြောပြခဲ့တာပါ…”

“ဒါဆိုရင်တော့ ကျုပ်ကပဲ အရင်ဆုံး ကိစ္စတချို့အကြောင်း ပြောပြလိုက်မယ်။ ခင်ဗျားတို့ မိစ္ဆာတာအိုဂိုဏ်းက ယွဲ့ဒေသကို ရောက်နေကြပြီ။ ဒါ့ကြောင့် ခုချိန်မှာ ကျုပ်တို့ဟာ ရန်သူတွေပဲ။ ဒါ့ကြောင့် ကျုပ်အနေနဲ့ ဘာလျှို့ဝှက်ချက်ကိုပဲဖြစ်ဖြစ် သိရဖို့အတွက် ခင်ဗျားကို နှိပ်စက်ရင်လည်း မလွန်ဘူး။ ကျုပ်အနေနဲ့ ခင်ဗျားရဲ့ စိတ်ဝိညာဉ်ကို ဒီအတိုင်း ဖယ်ရှားပစ်ပြီး ကျုပ်အချိန်ကုန်တာကို သက်သာအောင် လုပ်လို့လည်း ရသေးတယ်…”

ဟန်လိသည် တည်ငြိမ်သောဟန်ပန်ဖြင့် ထိုသို့ ပြောလာသည်။

အစောပိုင်းလေးတုန်းကမှ အပြင်းအထန် ခံစားခဲ့ရပြီး ဖြစ်ရာ ဝိညာဉ်သေသည် ဟန်လိ၏ စကားကြောင့် ဖြူရော်သွားလေသည်။

“ခင်ဗျားတို့ ယွဲ့ဒေသကို ကျူးကျော်တာလး။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အချိန် မကျသေးဘူးလေ…”

သူ၏ ဖြူရောနေသော မျက်နှာထက်တွင် အံ့အားသင့်ဟန် ဖြစ်ပေါ်လာပြန်သည်။

ဟန်လိလည်း တုန်လှုပ်သွားမိသည်။

“ခင်ဗျားက ဒီကိစ္စကို သိနေတာပဲ။ ကြည့်ရတာ ကျုပ်က ခင်ဗျားကို လျှော့တွက်ခဲ့ပုံပဲ။ ဘာပဲဖြစ်ဖြစ် ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းမှာ ခင်ဗျားရဲ့ အဆင့်အတန်းဟာ မြင့်မားခဲ့ပေမယ့် ခုလက်ရှိမှာ ခင်ဗျားဟာ ချီစုဆောင်းခြင်းကျင့်ကြံသူတစ်ယောက်ပဲ။ ဒါ့ကြောင့် ကျုပ်ရဲ့ ရက်စက်မှုအတွက် အပြစ်မတင်ပါနဲ့…”

ဟန်လိသည် တဖြည်းဖြည်း မျက်မှောင်ကြုတ်လာသည်။ သူက သတ်ဖြတ်လိုသော ဟန်ပန်ဖြင့် ထိုသို့ ပြောလာသည်။

သူ့လက်ကို လှုပ်ရှားလိုက်သည်။ ထိုအခါ ဝိညာဉ်အစုအဝေးခွက်သည် ထပ်မံ ပေါ်လာသည်။ ၎င်း၏ သိပ်သည်းအေးစက်သောချီသည် လေထုထဲတွင် ချက်ခြင်း ပြည့်နှက်သွားသည်။

သို့သော် နောက်ဖြစ်လာသည့်အရာကြောင့် ဟန်လိမှာ မင်သက်သွားသည်။

ဝိညာဉ်သေသည် ကြောက်လန့်ဟန် လုံးဝ မပြပေ။ သူက သည်ခွက်ကိုသာ ထူးခြားသည့်ဟန်ပန်ဖြင့် စိုက်ကြည့်နေသည်။ ဟန်လိမှာ မလွယ်ကူသလို ခံစားမိသွားသည်။

ဟန်လိသည် ဝိညာဉ်သန့်စင်ခြင်းပညာရပ်ကို အမှန်တကယ်တော့ အသုံးမပြုနိုင်ပေ။ သူက သည်ခွက်ကို အသုံးပြု၍သာ ချိန်းခြောက်နိုင်တာ ဖြစ်သည်။ ဝိညာဉ်သေက အမှန်တကယ် သေဆုံးဖို့ စိတ်ကူးထားခဲ့ပါက ဟန်လိသည်လည်း သည်အတိုင်းသာ စောင့်ကြည့်နေရလိမ့်မည်။ သူက လျှို့ဝှက်သွေးစတေးခြင်းပညာရပ်များကြား၌ ဝိညာဉ်ထုတ်နှုတ်ခြင်း ပညာရပ်တစ်ခု ပိုင်ဆိုင်ထားသော်လည်း ကံဆိုးသည်မှာ သူသည် ယင်းတို့ကို နည်းနည်းလေးမျှ မလေ့ကျင့်ဖူးခဲ့ပေ။

ဟန်လိသည် ထိုသို့ တွေးနေစဉ် ဝိညာဉ်သေသည် သက်ပြင်းရှည်ကြီးချကာ ပြောသည်။

“ကျုပ်မှာ လျှို့ဝှက်ချက်တချို့ ရှိသေးတယ်။ ဒါ့အပြင် အဲ့တာက ခင်ဗျားတို့ ဂိုဏ်းကြီးခုနစ်ဂိုဏ်းရဲ့ သေရေး၊ရှင်ရေးနဲ့ ပတ်သတ်နေတယ်။ ဒါပေမဲ့လည်း ကျုပ် အဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီးတဲ့နောက် ကျုပ် အသက်အတွက် အာမခံချက် ရှိမှ ဖြစ်မယ်…”

ဝိညာဉ်သေက အလေးအနက် ပြောလာတာကို ကြားသည့်အခါ ဟန်လိလည်း ဝိညာဉ်အစုအဝေးခွက်ကို နောက်ထပ် ပြန်သိမ်းဆည်းလိုက်သည်။

“ခင်ဗျားက ဘာအာမခံချက် လိုချင်တာလဲ။ အကျိုးအကြောင်းသင့်ရင်တော့ ကျုပ် စဉ်းစားပေးမယ်…”

ဟန်လိက စိတ်ခံစားချက်ကင်းမဲ့စွာဖြင့် တုန့်ပြန်သည်။ သူသည် ထိုလျှို့ဝှက်ချက်များမှာ အရေးမကြီးလှသည့် သဘောမျိုး ပြုမူသည်။

“ဟား…ကျုပ်က သာမန်ကျိန်ဆိုမှုတွေကို မယုံဘူး။ ဒါပေမဲ့ ကျုပ် သိထားသလောက်ဆို ဝိညာဉ်သန့်စင်ခြင်းပညာရပ်ကို ကျင့်ကြံတဲ့သူတွေဟာ သူတို့ရဲ့ စိတ်ဝိညာဉ်အကူပစ္စည်းတွေနဲ့ တားမြစ်ကျိန်စာတွေ လုပ်နိုင်ကြတယ်။ သူတို့ကသာ သူတို့ ကျိန်ဆိုထားတာကိုသာ ဖောက်ဖျက်ခဲ့ရင် သူတို့ရဲ့ ဝိညာဉ်သန့်စင်ခြင်းပညာရပ်ရဲ့ တန်ပြန်ဒဏ် ခံရပြီး သူတို့ကို သေစေလိမ့်မယ်…”

“ကောင်းပြီ…ကျုပ် သဘောတူတယ်…” ဟန်လိသည် နည်းနည်းလေးမျှ မတုံ့ဆိုင်းဘဲ သဘောတူသည်။ သူ့စိတ်ထဲကမူ အေးစက်စွာ ရယ်မောလှောင်ပြောင်နေလျက်သာ။

ထို့နောက်တွင်မူ ဟန်လိသည် ဝိညာဉ်အစုအဝေးခွက်ကို ထုတ်၍ ဝိညာဉ်သေ ပြောသော စကားများအတိုင်း ကျိန်ဆိုပေးသည်။

ဟန်လိသည် အလွယ်တကူ ကျိန်ဆိုပေးတာကို မြင်သည့်အခါ ဝိညာဉ်သေသည် သံသယ ဝင်လာပြီး တခုခု မူမမှန်ဟု ခံစားမိသည်။

“ကျုပ် ခင်ဗျားကို မသတ်ဘူးလို့ ကျိန်ဆို ပြီးသွားပြီ။ ဒါ့ကြောင့် တခြား အခြေအနေတွေကိုတော့ ကျုပ်ကို လာမတောင်းဆိုနဲ့…”

ဟန်လိသည် ဝိညာဉ်သေ၏ သံသယများ ပပျောက်သွားအောင် ထိုသို့ ပြောလိုက်သည်။

“မဟုတ်ရပါဘူး။ ကျုပ်က လောဘကြီးလွန်းတဲ့သူတွေက ဘယ်လိုဇာတ်သိမ်းလဲ သိပါတယ်။ ဒါပေမဲ့လည်း အဲ့လျှို့ဝှက်ချက်တွေကို မပြောပြခင် ရောင်းရင်းက ခုလက်ရှိ မိစ္ဆာတာအိုဂိုဏ်းနဲ့ ဂိုဏ်းကြီးခုနစ်ဂိုဏ်းတို့ အခြေအနေတွေအကြောင်း ကျုပ်ကို အရင် ပြောပြရမယ်။ ကျုပ် ပြောပြမယ့် သတင်းအချက်အလက်က အချိန်လွန်သွား၊ မသွား မသေချာလို့ပဲ…”

ဝိညာဉ်သေက ထိုသို့ ပြောလာသည်။

ဟန်လိသည် ခဏ စဉ်းစားနေသေးသည်။ ထို့နောက်တွင်မူ သူက မိစ္ဆာတာအိုဂိုဏ်းများနှင့် ဂိုဏ်းကြီးခုနစ်ဂိုဏ်းတို့၏ ခုလက်ရှိ အခြေအနေများအကြောင်းကို ဖြည်းဖြည်းချင်း ပြောပြသည်။

ဝိညာဉ်သေသည် သေချာနားထောင်နေသည်။ သို့သော် သူသည် လာမည့်တစ်လ၌ မဟာတိုက်ပွဲကြီး ဖြစ်တော့မည်ကို ကြားသည့်အခါတွင်မူ သူ့မျက်နှာထက်တွင် အနည်းငယ် လှောင်ပြောင်လိုဟန် ဖြစ်ပေါ်သည်။ သူ့မျက်နှာရိပ်မျက်နှာထားကို သေချာ အာရုံစိုက်နေသော ဟန်လိမှာ ဤအမူဟန်ပန်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်သည်။

ဟန်လိ၏ စကားဆုံးသည်နှင့် ဝိညာဉ်သေသည် တကိုယ်တည်း တီးတိုးရေရွတ်နေသေးသည်။ ထို့နောက်တွင်တော့ သူက စပြောသည်။

သူ ပထမဆုံး ပြောလာသည့် စကားကြောင့် ဟန်လိမှာ ပြောစရာ စကားမဲ့သွားရသည်။

“တာအိုရောင်းရင်း…ခင်ဗျား ကျုပ်ရှိကနေ ကြားချင်တယ်ဆိုရင် ဂိုဏ်းကြိးခုနစ်ဂိုဏ်းရဲ့ ရှေ့တန်းတပ်စခန်းဆီ ခင်ဗျား အလျင်စလို သွားဖို့ လိုတော့မှာ မဟုတ်ဘူး။ ကြည့်ရတာ ဂိုဏ်းကြီးခုနစ်ဂိုဏ်းနဲ့ သူတို့ရဲ့ မဟာမိတ်နိုင်ငံတွေက အညံ့ခံပြီးသွားလောက်ပြီ။ ခင်ဗျား သွားမယ်ဆိုရင်လည်း ခင်ဗျား ဘဝကို ခင်ဗျား လွှတ်ပစ်သလို ဖြစ်လိမ့်မယ်…”

ဝိညာဉ်သေသည် ထူးခြားသည့်ဟန်ပန်ဖြင့် ထိုသို့ ပြောလေသည်။

ဟန်လိက သူ့ကို အေးစက်စက် စိုက်ကြည့်၍သာ ရှင်းပြလာမည်ကို စောင့်နေသည်။

ဝိညာဉ်ထိန်းချုပ်ဂိုဏ်းမှ ကျင့်ကြံသူသည် ဟန်လိ၏ နတ်ဆိုးဆန်သော အပြုအမူကို မချီးကျူးမိဘဲ မနေနိုင် ဖြစ်သွားရသည်။ သူသည် ဟန်လိနှင့် ပတ်သတ်ပြီး စိုးရိမ်ပူပန်မှု တိုးလာသော်လည်း သူက ဆက်ပြောလိုက်တုန်းပင်။

ဝိညာဉ်သားရဲတောင်ဟာ တကယ်တော့ ကျုပ်တို့ဂိုဏ်းတွေထဲက တစ်ခုပဲ။ သူတို့ဟာ ဝိညာဉ်ထိန်းချုပ်ဂိုဏ်းနဲ့ ပတ်သတ်တဲ့ သူတို့ရဲ့ လျှို့ဝှက်ပတ်သတ်မှုကို ဘယ်တုန်းကမှ တကယ်တမ်း မချိုးဖျက်ခဲ့ကြဘူး။ သူတို့ရဲ့ ပုန်ကန်မှုဟာ အပြင်ပိုင်းမှာ ဟန်ပြပဲ။ ကျုပ် ထင်တာသာ မမှားရင် ဒီလို ဟန်ပြလုပ်တာဟာ ယွဲ့ဒေသက ကျန်တဲ့မဟာမိတ်နှစ်နိုင်ငံရဲ့ ကျင့်ကြံသူတွေ လာပူးပေါင်းဖို့ စောင့်ချင်လို့ မိစ္ဆာတာအိုဂိုဏ်းခြောက်ဂိုဏ်းက အဲ့လို လုပ်ခဲ့ကြတာ နေမယ်။ တချိတည်းနဲ့ နိုင်ငံ သုံးနိုင်ငံက ကျင့်ကြံဿူတွေကို ရင်ဆိုင်ဖို့အတွက်ပေါ့။ ဖြစ်နိုင်တာက ဒီတိုက်ပွဲ ပြီးသွားရင် မိစ္ဆာတာအိုဟာ နိုင်ငံတော်တော်များများကို အုပ်စိုးနိုင်သွားလိမ့်မယ်…”

သည်စကားတို့ကြောင့် ဟန်လိမှာ တုန်လှုပ်သွားခဲ့ပြီ။

“ဟန်ပြဟုတ်လား။ ဒါကတော့ မများလွန်းဘူးလား။ ဝိညာဉ်သားရဲတောင်ဟာ ခင်ဗျားတို့နဲ့ ပတ်သတ်မှုကို စစချင်းတည်းက ဖော်ပြခဲ့ကြတာ မဟုတ်လား။ သူတို့က ဒါကို ဖုံးကွယ်ထားရင် ပို မကောင်းဘူးလား…”

တုန်လှုပ်နေရာကနေ ပြန်ကောင်းမွန်လာပြီးနောက်မှာ ဟန်လိသည် မရေမရာဟန်ဖြင့် မေးသည်။

“တာအိုရောင်းရင်းအနေနဲ့ တခြားဂိုဏ်းကြီးခြောက်ဂိုဏ်းက ဝိညာဉ်သားရဲတောင်ရဲ့ မူလဇစ်မြစ်ကို မသိဘူးလို့များ ထင်နေတာလား။ ဝိညာဉ်သားရဲတောင်အပြင် ခင်ဗျားတို့ဂိုဏ်းကြီးခုနစ်ဂိုဏ်းထဲမှာ မိစ္ဆာတာအိုရဲ့ နောက်ထပ် ဂိုဏ်းခွဲတစ်ခု ရှိနေသေးတယ်။ အဲ့တာကတော့ ယွဲ့ဒေသရဲ့ အစွမ်းထက်ဆုံး ဂိုဏ်းဖြစ်တဲ့ လမျက်နှာဖုံးဂိုဏ်းပဲ။ လမျက်နှာဖုံးဂိုဏ်းရဲ့ မူလဇစ်မြစ်ဟာ သဟဇတအနှောင်အဖွဲ့ဂိုဏ်းကပဲ။ ဒါပေမဲ့ လမျက်နှာဖုံးဂိုဏ်းဟာ ရည်မှန်းချက်ကြီးကြီးနဲ့ အမှီအခိုကင်းနိုင်အောင် စီစဉ်ကြံစည်ခဲ့ကြတယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက သဟဇတအနှောင်အဖွဲ့ဂိုဏ်းနဲ့ ပတ်သတ်မှုကို ဖြတ်တောက်ခဲ့ကြတယ်…”

ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းမှ ကျင့်ကြံသူ ဆက်ပြောလာသော စကားများသည် ဟန်လိကို တုန်လှုပ်ချောက်ချား နေစေတော့သည်။

All Chapters