ခက်ခဲသော အခြေအနေ
Vol. 25 Ch. 341
အဖြူရောင်ကြေးခွံဒိုင်းမှာ မင်နက်သွေးနဂါး၏ ခန္ဓာကိုယ်အစိတ်အပိုင်းကနေ သန့်စင်မွန်းမံထားသော ထိပ်တန်းမှော်ရတနာပစ္စည်းတစ်ခု ဖြစ်သည်။ ၎င်းက တိုက်ပွဲကြမ်းများစွာတွင် ဟန်လိကို ထောက်ပံ့ပေးခဲ့သည်။ သွေးဝိညာဉ်ဆူးနှင့် ထွင်းဖောက်ခံရသည်ကလွဲ၍ ၎င်းမှာ နည်းနည်းလေးမျှ ထိခိုက်ထားမှု မရှိခဲ့ပေ။ ဟန်လိသည် ၎င်းမှာ သည်မွန်းစတားကောင်ကြောင့် ချက်ခြင်း ပျက်စီးသွားရတာကို ယုံကြည်ဖို့ ခက်နေသည်။
ထိုအခိုက်တွင် ဟန်လိသည် လကျောက်တုံး၏ ခပ်ဖျော့ဖျော့အလင်းကြောင့် သည်မွန်းစတားကောင်ကို တွေ့မြင်သွား၏။
၎င်း၏ အသွင်အပြင်က အလွန်ထူးခြားကာ တစ်မီတာလောက်မျှသာ အမြင့်ရှိသည်။ ၎င်း၏ အလွန်သေးငယ်သော လည်ပင်းပေါ်မှာ ခေါင်းသေးသေးလေးတစ်ခုကို ပိုင်ဆိုင်ထားပေသည်။ သို့သော် ၎င်း၏ လက်သီးစုပ်ခန့်ရှိသော အစိမ်းရောင်မျက်လုံးကမူ အေးစက်နေ၏။ သတ်ဖြတ်ချင်စိတ်တို့အပြည့်ဖြင့် ဟန်လိကို ကြည့်နေသည်။
ဟန်လိကို အာရုံစိုက်မိစေဆုံးကတော့ ၎င်း၏ ချွန်မြနေသော ဓားသွားကဲ့သို့ လက်သည်းတစ်စုံပင်။ ထိုလက်သည်းရှည်ကိုတော့ ဟန်လိသည် လန့်နေမိသည်။ သို့သော် ထိုလက်သည်းရှည်တို့က သူ၏ အဖြူရောင်ကြေးခွံဒိုင်းကို တချက်တည်းဖြင့် ခုတ်ပိုင်းဖြတ်နိုင်သည့်အထိ အဘယ်ကြောင့်များ ထက်ရှနေရသနည်း။
ဟန်လိသည် စိတ်ထဲ၌ ထိုသို့တွေးနေရင်း သူ့ခန္ဓာကိုယ်မှာ လှစ်ခနဲ လှုပ်ရှားသွားကာ လှိုဏ်ဂူထွက်ပေါက်တံ ဦးတည်လေသည်။
သူသည် ဒီကျဉ်းမြောင်းသောလှိုဏ်ဂူလေးထဲ၌ ထိုမွန်းစတားကောင်ကို ကြာကြာ ခုခံနိုင်မည် မဟုတ်ပေ။
ဟန်လိ ရှေ့သို့ ထိုးတက်သွားစဉ် မွန်းစတားကောင်မှာ အလားတူ အမြန်နှုန်းဖြင့် သူ့နောက်မှ တိတ်တဆိတ် လိုက်ပါလာသည်။
ဟန်လိက ဂူပေါက်သို့ ရှေ့ကနေပြေး၊ မွန်းစတားကောင်က နောက်ကနေလိုက် ဖြစ်နေသည်။
ဟန်လိက လှိုဏ်ဂူထဲကနေ ထွက်လာသည်နှင့် သူ့လက်ကို ဝေ့ယမ်းသည်။ အဖြူရောင်အလင်းတန်းတစ်ခုက သူ့ရှေ့သို့ ထိုးတက်သွားပြီး နတ်လေလှေအဖြစ်သို့ ပြောင်းသည်။ သူက ကောင်းကင်ထက်သို့ ပျံသန်းတက်ရန် ကြံစည်ထား၏။
သူ၏ အကာအကွယ်မှော်ပစ္စည်းများက သည်မွန်းစတားကောင်၏ တိုက်ခိုက်မှုများကို တောင့်ခံနိုင်ခြင်း မရှိလေမှတော့ သူတို့နှစ်ယောက်ကြား အကာအဝေးကို ဝေးစေမှ ဖြစ်လိမ့်မည်။
ဟန်လိက သူ့နတ်လေလှေကို ထုတ်ယူရန် အရှိန်လျော့ကျသွားချိန် သူ့ရှေ့မှာ အနက်ရောင်အရိပ်တစ်ခု ပေါ်လာသည်။ မွန်းစတားကောင်ကား ဟန်လိနှင့် သူ့နတ်လေလှေတို့ကြား၌ ပေါ်လာခဲ့တာပင်။ ၎င်းက ၎င်း၏ ချွန်မြန်မြ လက်သည်းရှည်များကို တစ်ခုနှင့်တစ်ခု ပွတ်သပ်လျက် ဟန်လိကို အေးစက်စွာ စိုက်ကြည့်နေသည်။
ထိုမွန်းစတားကောင်မှာ ကြမ်းလှရုံသာမက ဉာဏ်ရည်လည်း မြင့်လှသေးသည်။ အတော့်ကို ဒုက္ခ ပေးနိုင်လွန်းသည်။
နက်မှောင်နေသော လှိုဏ်ဂူအပြင်ဘက်သို့ ရောက်လာသည့်အတွက် ဟန်လိသည် လရောင်အောက်မှာ ထိုမွန်းစတားကောင်၏ အသွင်အပြင်ကို သေချာ မြင်ရလေသည်။ ၎င်းမှာ ထူးခြားသောမီးခိုးရောင်အော်ရာကို ထုတ်လွှတ်နေသော ဓားခုတ်ကောင်ကြီး ဖြစ်ချေသည်။
ဟန်လိသည် ပင့်သက်ရှိုက်လျက် သူ့စိတ်ထဲက မလွယ်ကူမှုကို ဖိနှိပ်သည်။ သူ၏ ခန္ဓာကိုယ်မှာ ထိုအခိုက်တွင် ဝေဝါးသွားလျက် ပုံစံတူပုံရိပ်ခြောက်အဖြစ်သို့ ပြောင်းလဲသည်။ ထိုပုံရိပ်ယောင်တိုင်းက သည်ဓားခုတ်ကောင်ထံ တိုက်ရိုက် တိုးဝင်သွားသည်။ ဟန်လိသည် သူ၏ အရိပ်မြူခိုးခြေလှမ်းကို အမြန်ဆုံးနှုန်းဖြင့် အသုံးပြုပါက သည်ကောင်၏ တားဆီးမှုကနေ လွတ်နိုင်လိမ့်မည်ဟု ယုံကြည်မှု အပြည့်ရှိပေသည်။
ဓားခုတ်ကောင်၏ မျက်လုံး၌ အစိမ်းရောင် လင်းလက်သွားသည်။ ၎င်း၏ခန္ဓာကိုယ်မှာလည်း ဝေဝါးသွားကာ အလားတူ ပုံရိပ်များ ထင်ဟပ်သည်။ တစ်ခုစီက ဟန်လိ၏ ပုံရိပ်ယောင်များကို တားဆီးရန် လှုပ်ရှားလာသည်။ ဟန်လိ၏ မျက်နှာမှာ ပြာနှမ်းသွားရပြီ။
ဟန်လိ၏ ပုံရိပ်များသည် ဓားခုတ်ကောင်၏ လက်သည်းဓားသွားများကြောင့် ပျက်စီးရလေသည်။ ဟန်လိ၏ အစစ်အမှန်ခန္ဓာကိုယ် တိုက်ခိုက်ခံရခါနီး၌ သူက လိပ်ခွံကို ထုတ်သုံး၍ ၎င်း၏ တိုက်ချက်ကို ကာကွယ်သည်။ ထိုအခါ ရလဒ်အနေဖြင့် ယင်းတိုက်ချက်က ဟန်လိကို မူလနေရာသို့ ပြန်ရောက်သွားစေပြီး သူ၏ လိပ်ခွံပေါ်၌ နက်ရှိုင်းသောအရာတစ်ခု ထင်ကျန်ခဲ့ခြင်းပင်။
ဟန်လိသည် သူ့လိပ်ခွံပေါ်ရှိ အရာကို ကြည့်ကာ ပင့်သက်ရှိုက်မိသည်။ ထိုမှော်ပစ္စည်းမှာ နောက်ထပ် ရိုက်ချက်များကို တောင့်ခံနိုင်တော့မှာ မဟုတ်တာ သေချာသည်။
ထိုစဉ်မှာပင် ဓားခုတ်ကောင်၏ တစ်မီတာလောက် ရှည်လျားသော တောင်ပံနှစ်ခုက တကျီကျီ မြည်လာ၏။ ၎င်းနတ်ဆိုးသားရဲကောင်သည် ၎င်း၏ တောင်ပံနှစ်ခုကို ခတ်ကာ အမှန်တကယ် ပျံသန်းလာခဲ့သည်။ ဟန်လိမှာ ခါးသီးစွာဖြင့် ကျိန်ဆဲမိတော့သည်။ ၎င်းသည် ပျံသန်းသည်နှင့် အလွန်မြန်လာသည်။
ပထမဆုံးအကြိမ်အဖြစ် ဟန်လိသည် သူ၏ လှုပ်ရှားမှု ပညာရပ်အပေါ် ယုံကြည်မှု ကင်းမဲ့ရတော့သည်။
မည်သို့ပင်ဖြစ်စေ ဟန်လိသည် ခန္ဓကိုယ်လျှပ်စီးပညာရပ်ကို အလျင်အမြန် အသုံးပြုရသည်ပင်။ သူက သူ့ခန္ဓာကိုယ်ပေါ်၌ တခြားသော မှော်ပညာရပ်များကိုပါ အသုံးပြု၍ သူ၏ သိုလှောင်အိတ်ကို ပုတ်သည်။ ထိုအခါ ရွှေရောင်၊ အနက်နှင့် အနီအလင်းတန်းများ ထုတ်လွှတ်လာသည်။ သူက လက်ဦးမှုယူ တိုက်ခိုက်ကာ အခွင့်အရေးတစ်ခု ရချင်နေတာ ဖြစ်သည်။
သို့သော် ဓားခုတ်ကောင်မှာ ဟန်လိက သူ၏ တိုက်ခိုက်မှုများကို မစခင်မှာပင် လှုပ်ရှားလာခဲ့သည်။ ၎င်းက လေထဲသို့ ခုန်တက်လာပြီး ပျောက်ကွယ်သွားခဲ့သည်။ ခဏအကြာတွင် ဟန်လိ၏ အထက်မှာ ပြန်ပေါ်လာကာ ကြမ်းတမ်းစွာ ခုတ်ပိုင်းချသည်။ ၎င်းက သူ၏ ဓားသွားလက်သည်းဖြင့် ဟန်လိကို နှစ်ပိုင်းပြတ်သွားစေချင်ပုံ ရသည်။
ထိုအခိုက်တွင်တော့ ဟန်လိသည် တည်ငြိမ်လွန်းနေသည်။ ယင်းဓားသွားလက်သည်းခုတ်ပိုင်းချက်က ဟန်လိ၏ ပုံရိပ်ယောင်ကို ဖြတ်ခုတ်လာနေစဉ် သူကတော့ လုံးဝ ပျောက်ကွယ်သွားပေသည်။ သို့ပေမည့် သူ၏ မှော်ပစ္စည်းများကမူ ကျန်ခဲ့ကာ နတ်ဆိုးသားရဲကောင်ကို ဝန်းရံပိတ်ဆို့ တိုက်ခိုက်သည်။ ၎င်းကို အစိတ်စိတ် ဖြစ်သွားစေချင်သည့်အလား။
ထန်…ထန်…။ ကျယ်လောင်စွာ ထိပ်တိုက်တွေ့သံများ မြည်ဟိန်း၏။ ဓားခုတ်ကောင်က ၎င်း၏ လက်သည်းဓားသွားကို မျက်စိဖြင့် မမြင်ရလေသော အမြန်နှုန်းဖြင့် တရပ်စပ် ဝေ့ယမ်းကာ အကာအကွယ်ပိုက်ကွန်တစ်ခုကို ဖြစ်စေသည်။ မှော်ပစ္စည်းများနှင့် ထိုကောင်၏ လက်သည်းဓားသွားကြား ထိပ်တိုက်တွေ့နေစဉ် ရွှေရောင်ဓားသွားထဲမှ သုံးခု၊ အနီရောင်သုံးမြှောင့်ခရင်းထဲမှတစ်ခုတို့ အစိတ်စိတ် ဖြစ်သွားလေသည်။ ၎င်းမှော်လက်နက်တို့မှာ အမှုန့်အမွှားအဖြစ်သို့ ပြောင်းလဲသွား၏။
ထိုအခွင့်အရေးကို အသုံးချကာ ဟန်လိက သူ့နတ်လေလှေပေါ်သို့ တက်ကာ ပျံသန်းသည်။ သူ့စိတ်ထဲတွင်မူ နာကျင်နေရလေသည်။ ဟန်လိသည် သူ၏ ကျန်သည့် မှော်ပစ္စည်းများကို အားချင်း ပြန်ဆင့်ခေါ်ကာ အလင်းတန်းများက သူ့ထံ အလျင်စလို ပျံသန်းလာသည်။
သို့ပေမည့် သည်နတ်ဆိုးဓားခုတ်ကောင်က ဟန်လိကို ထွက်သွားခွင့် မပေးချင်ပေ။ ၎င်းက ၎င်း၏ လက်သည်းဓားသွားများကို တစ်ခုနှင့်တစ်ခု ပွတ်ဆွဲပြီး ရုတ်တရက် ရှေ့သို့ တိုးလာပြီး အနက်ရောင်အဖြစ် ဝေဝါးသွားလေသည်။ ၎င်း၏ ဆက်လက်တိုက်ခိုက်မှုကြောင့် နောက်ထပ်ရွှေရောင်ဓားသွားနှစ်ခုမှာ ပျက်စီးသွားပြန်သည်။
ဟန်လိအတွက် ဆုံးရှုံးရသော ခံစားချက်က ပိုတိုးလာ၏။
သည်ရွှေပိုးတောင်မာဓားသွားအုပ်စုသည် ထိပ်တန်းမှော်ပစ္စည်းများကြား၌ ပြိုင်ဘက်ကင်းဟု မဆိုသော်ငြားလည်း အသုံးပြုရန် လွယ်ကူသော အစုံလိုက်ရှိသည့် မှော်ပစ္စည်းများ ဖြစ်သည်။ ထို့အပြင် သူက သည်မှော်ပစ္စည်းအစုံကို ပိုင်ဆိုင်ခဲ့တာ နှစ်ပေါက်နေခဲ့ပြီ။ ယင်းမှော်ပစ္စည်းအပေါ်လည်း တော်တော်လေး တွယ်ငြိမှု ရှိနေခဲ့လေပြီ။ အခု ယင်းတို့ထဲမှ အများစုသည် သည်နေ့၌ ဖျက်စီးခံခဲ့ရလိမ့်မည်ဟု ဟန်လိမှာ မမျှော်လင့်ထားခဲ့မိပေ။
ကံကောင်းသည်မှာ ဟန်လိ၏ အရေးကြီးဆုံး ဖြစ်သော မှော်ပစ္စည်းတစ်ခု ဖြစ်သည့် နဂါးနက်လက်သည်းကမူ အကောင်းတိုင်း ရှိနေသေးတာ ဖြစ်သည်။
သို့သော် ထိုနတ်ဆိုးဓားခုတ်ကောင်သားရဲက ဟန်လိကို စိုက်ကည့်နေတုန်းပင်။ ဟန်လိသည် မျှော်လင့်ချက် မရှိဟု ခံစားမိနေရသည်။ သူသာ ၎င်းသားရဲကောင်နှင့် ရင်ဆိုင်ဖို့ နည်းလမ်းကောင်း မရှိပါက သူ့အသက်ကိုယ်သူ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ သူ့မှော်ပစ္စည်းများဆို ပြောနေရန်ပင် လိုတော့မည် မဟုတ်ပါ။
ထိုသို့တွေးကာ ဟန်လိသည် သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို သူ့ခြေထောက်အောက်ရှိ နတ်လေလှေထဲသို့ ရူးသွပ်စွာ သွန်းလောင်းထည့်လေသည်။ နတ်လေလှေသည် အဖြူရောာင်အလင်းတန်းအဖြစ် ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ ဟန်လိသည် ထိုသားရဲကောင်မှာ သည်လှေ၏ အမြန်နှုန်းကိုတော့ ယှဉ်နိုင်လိမ့်မည်ဟု မဟုတ်ဟု ယုံကြည်မှု ရှိသည်။
သို့ပေမည့် ခဏကြာ ပျံသန်းလာပြီးနောက်မှာ သူ မည်မျှ အတွေ့အကြုံ နည်းနေသေးမှန်း သဘောပေါက်သွားတော့သည်။ ဓားခုတ်ကောင်သားရဲက သူ၏ နောက်သို့ တဖြည်းဖြည်းချင်း လိုက်မှီလာနေသည်။ ထိုအခိုက်တွင်မူ ဟန်လိက သူ့နောက်သို့ မီးလုံးများစွာ ပစ်သွင်းလျက် ရှေ့သို့ အရူးအမူး ဦးတည်နေသည်။ သူက ၎င်းသားရဲ သူ့နောက်သို့ လိုက်လံနေခြင်းကို ရပ်တန့်နိုင်ဖို့ ရည်ရွယ်ထားသည်။
“ဒါက ထူးဆန်းလွန်းနေပြီ။ ၎င်းရဲ့ တိုက်ခိုက်မှုတွေက ကြမ်းကြုတ်လျင်မြန်ရုံသာမက ပျံသန်းနိုင်တဲ့နှုန်းကလည်း ပိုတောင် မြန်နေသေးတယ်။ ငါ့နတ်လေလှေဟာ ဒီသားရဲကောင်ထက် နည်းနည်း ပိုနှေးနေတယ်…”
ဟန်လိသည် သုန်မှုန်စွာဖြင့် ထိုသို့ တွေးမိသည်။ ခုချိန်တွင် သည်ဓားခုတ်ကောင်မှာ သူ အရင်တုန်းက တိုက်ခိုက်ခဲ့ဖူးသော အဖြူရောင်ပင့်ကူထက် များစွာ အစွမ်းထက်ကြောင်း သေချာ သိသွားခဲ့လေပြီ။
သည်ဓားခုတ်ကောင်မှာ အဆင့်လေး ရှိသော ထိပ်တန်းသားရဲကောင်မျှ မဟုတ်နိုင်၊ ၎င်းမှာ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများနှင့်ပင် ယှဉ်နိုင်လုနီးပါးရှိသော အဆင့်ငါးနတ်ဆိုးသားရဲကောင် ဖြစ်နိုင်သည်။
ထိုဖြစ်နိုင်ချေကို တွေးမိကာ ဟန်လိသည် ချွေးစေး ပြန်လာမိသည်။ သူက ထိုသားရဲကောင် ချဉ်းကပ်လာခြင်းကို ဟန့်တားနိုင်ဖို့အတွက် မီးလုံးများကို ပို၍ အားစိုက်ထုတ်ကာ ပစ်လွှတ်တော့သည်။ မီးလုံးတိုင်းမှာ ၎င်း၏ အလွယ်တကူ ခုတ်ပိုင်းပစ်တာကို ခံရ၏။ သို့သော် ယင်းတို့က ထိုသားရဲကောင်၏ အရှိန်ကို နည်းနည်းတော့ လျော့ကျသွားစေခဲ့ကာ ဟန်လိအတွက် အဖိုးထိုက်တန်လှသော အချိန်တစ်ခုကို ရရှိစေသည်။
သည်အတိုင်း ဆက်ဖြစ်နေလျှင် ယင်းဓားခုတ်ကောင်က သူ့ကို တဖြည်းဖြည်း မှီလာတော့မည်ကို သဘောပေါက်သည်။ ထို့ကြောင့် သူက သူ၏ အသိစိတ်အမျှင်တန်းတစ်ခုကို ခွဲထုတ်၍ သူ့သိုလှောင်အိတ်ထဲသို့ ဝင်ရောက်စေသည်။ သည်အခြေအနေ အသုံးပြုနိုင်သော မှော်ပစ္စည်းများကို ကြည့်ရှုသည်။
ရုတ်တရက် သူ့အသိစိတ်အမျှင်တန်းဖြင့် သူက ပစ္စည်းတစ်ခုကို ခံစားမိပြီး စိတ်အားတက်ကြွသွားကာ အစီအစဉ်တစ်ခု ချက်ခြင်း ချမှတ်သည်။
သို့ဖြစ်၍ သူက ခေါင်းငုံ့ကြည့်ကာ ဘေးပတ်ဝန်းကျင်ကို စူးစမ်း၏။ ယင်းနောက်မှာ သူက နတ်လေလှေကို ခြေစောင့်သည်။ ထိုအခါ သည်လှေသည် တောအုပ်ကြီးတစ်ခုထံ ချက်ခြင်း သက်ဆင်းသွား၏။
တချိန်တည်းမှာ သူက သူ့သိုလှောင်အိတ်ထဲမှ သာမန်မှော်ပစ္စည်းရှစ်ခုကို ထုတ်ယူပြီး ၎င်းတို့ကို သူ့နောက်သို့ ပစ်လွှတ်သည်။ သည့်နောက်တွင်လည်း ထိုမှော်ပစ္စည်းများ၏နောက်၌ မြားအလင်းတန်းရှစ်ခုသည် ကပ်ပါလာသည်။
သည်တိုက်ခိုက်မှုက ဓားခုတ်ကောင်ကို တုန့်ပြန်စေသော်လည်း ၎င်းက ရုပ်သေးများနှင့် မှော်ပစ္စည်းများကို လျင်မြန်စွာ ဆုတ်ဖြဲပစ်နိုင်သည်သာ။ သို့သော် ယင်းခဏတွင် ဟန်လိသည် တောအုပ်ထဲသို့ သဲလွန်စမရှိ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့လေပြီ။
ထိုနတ်ဆိုးသားရဲကောင်၏ မျက်လုံးထဲ၌ အစိမ်းရောင်အလင်းတို့ အဆက်မပြတ် လင်းလက်ကာ ၎င်းက တဖြည်းဖြည်း ဆင်းသက်လာသည်။ ထို့နောက်တွင်မူ ဟန်လိကို ရှာဖို့ တောအုပ်ပတ်ပတ်လည်သို့ လှည့်ပတ်နေသည်။
တောအုပ်၏ အတွင်း၌ ဟန်လိသည် သစ်ပင်ကြီးတစ်ပင်နောက်မှ ကောင်းကင်ထက်ရှိ ဓားခုတ်ကောင်သားရဲကို အလေးအနက် စိုက်ကြည့်နေသည်။ သူ့မျက်လုံးထံမှ ပူပန်ဟန်တို့ ဖြစ်ပေါ်နေသည်။
ထိုအခိုက်တွင် သူက ဝတ်ရုံရှည်တစ်ခုကို ဝတ်ထားကာ သူ့ခန္ဓာကိုယ်၏ သဲလွန်စအားလုံးကို ကွယ်ဝှက်ထားနိုင်ပြီး သည်လောကမှ တသီးတခြား ကွဲထွက်စေနေသည်။
သည်ဝိညာဉ်ကွယ်ဖျောက်ခြင်းဝတ်ရုံရှည်သည် အဖြူရောင်ပင့်ကူနှင့် တိုက်ခိုက်ပြီးသည့်နောက်မှာ ရွှမ်ယွဲ့ထံမှ သူ ရရှိခဲ့သော အရာပင်။ ရွှမ်ယွဲ့က သည်ပစ္စည်းကို အသုံးပြု၍ ဟန်လိနှင့် ပင့်ကူတို့ကို ရင်ဆိုင်စေခဲ့ဖူးသည်။ သို့သော် ရလဒ်ကမူ သူသာ အသက်ဆုံးရှုံးခဲ့ရသည်။ ၎င်းဝတ်ရုံရှည်မှာ လူတစ်ယောက်၏ စိတ်ဝိညာဉ်ချီလှိုင်းများကို တသီးတသန့် ဖြစ်စေနိုင်ရုံသာမက ကိုယ်နံ့ကိုပါ ဖုံးကွယ်ပေးနိုင်သည်။
ဟန်လိသည် ရွေးချယ်စရာ မရှိလေဘဲ သည်မှော်ပစ္စည်းကို အသုံးပြုရလေတော့သည်။ နတ်ဆိုးသားရဲကောင်က သူ့ကို အကြာကြီး မရှာဖို့သာ မျှော်လင့်ရတော့သည်။ သို့မဟုတ်ဘဲ ထိုနတ်ဆိုးသားရဲကောင်ကသာ ဇွဲရှိရှိနှင့် သည်းခံရှာဖွေနေပါက ဟန်လိအဖို့ ပြဿနာ တက်နိုင်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ ဟန်လိသည် သွေးဝိညာဉ်ဆူးကိုမူ သူ့လက်ထဲ၌ အဆင်သင့် ဖွဲ့တည်စေရန် ပြင်ဆင်ထားသည်။
ထိုပစ္စည်းမှာ အံ့အားသင့်ဖွယ် အမြန်နှုန်းနှင့် အဖျက်အစီးစွမ်းအား ရှိသော်လည်း ဟန်လိအဖို့ သည်ဓားခုတ်ကောင်ကို သတ်နိုင်စွမ်း ရှိ၊မရှိအပေါ် ယုံကြည်မှု မရှိလေပေ။