← Chapters

စိတ်ရှုပ်ထွေးခြင်း

Vol. 25 Ch. 342

စိတ်ရှုပ်ထွေးခြင်း

Vol. 25 Ch. 342

အသက်ကို ထိန်းရှုပ်နေရင်း ဟန်လိသည် သူနှင့် အနီးအနား ကီလိုမီတာအနည်းငယ် အကွာတွင် ရှိနေသော ဓားခုတ်ကောင်ထံ အကြည့်ရောက်နေသည်။ ရုတ်တရက် ၎င်းက ဟန်လိ ပုန်းကွယ်နေသော နေရာထံ တဟုန်ထိုး တိုးဝင်လာ၏။ ဟန်လိ၏ အသားအရေမှာ ဖြူရောသွားလေပြီ။

အေးစက်စက်မျက်နှာထားဖြင့် ဟန်လိက သွေးဝိညာဉ်ဆူးကို လက်ထဲတွင် ခပ်တင်းတင်း ဆုပ်ကိုင်ကာ စိတ်ဝိညာဉ်စွမ်းအားကို စတင် သွန်းလောင်းသည်။

ဟန်လိသည် နတ်ဆိုးသားရဲက ၎င်းထံ ချဉ်းးကပ်လာသည်ကို အေးတိအေးစက် လှမ်းကြည့်ရင်း သူ့မှော်သွေးဝိညာဉ်ဆူးကို ပစ်လွှတ်ရန် စောင့်နေသည်။ သို့မှသာ သူ့အနေဖြင့် ၎င်းကို ဒဏ်ရာရစေနိုင်မည်၊ သို့မဟုတ် သတ်ကောင်းသတ်နိုင်မည့် အခွင့်အရေး ရနိုင်လောက်မည်။

၎င်းကို သူ့အနီးသို့ ရောက်လာအောင် စောင့်နေခြင်းက အန္တရာယ်များလွန်းတာတော့ အမှန်ပင်။ သို့သော် သူ့မှာ တခြား ရွေးချယ်စရာ မရှိလေပေ။

မီတာ တစ်ရာ့ငါးဆယ်၊ တစ်ရာ့နှစ်ဆယ်။ ကိုးဆယ်…။

ဟန်လိ၏ စိတ်နှလုံးမှာ အပြင်းအထန် ခုန်ပေါက်နေပေပြီ။ သူက အသက်ဝဝရှိုက်သွင်း၍ သူ့လက်ထဲရှိ သွေးဝိညာဉ်ဆူးကို ပစ်လွှတ်ရန် အသင့်ပြင်ထားလျက် ရှိနေသည်။ သို့သော် သူ တွေ့မြင်ရသည့် အရာကြောင့် ဟန်လိမှာ ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။

ဟန်လိနှင့် မီတာခြောက်ဆယ်လောက် အကွာသို့ ရောက်လာရုံ ရှိသေး၊ ၎င်းက ဟန်လိနှင့် အနီးအနားရှိ တခြားနေရာထံ ခုန်ဝင်ဆင်းသက်သွားသည်။ ယင်းနောက်မှာ ဆိုးဝါးနာကျင်စွာ အော်သံနှစ်သံ ထွက်ပေါ်လာပြီးနောက် သည်ဓားခုတ်ကောင်သားရဲသည် ၎င်း၏ လက်သည်းဓားသွား၌ ကြီးမားသော တောဝက်တစ်ကောင်ကို သယ်ဆောင်လျက် ချက်ခြင်း ပျံသန်းထွက်သွားတော့သည်။

ထိုနတ်ဆိုးသားရဲကောင် အဝေးသို့ ပျံသန်းသွားတာကို လှမ်းမြင်ပြီးနောက်မှ ဟန်လိသည် သက်ပြင်းရှည်ကြီးချကာ ကျင့်ကြံသူတစ်ယောက်၏ အသွင်ဟန်ပန်နှင့် မလျော်ညီသော်လည်း မြေပေါ်သို့ ထိုင်ချမိတော့သည်။

သူသည် ခုလေးမှ သေဘေးရှင်ဘေးမှ လွတ်လာခဲ့တာ မဟုတ်လား။

သူသည် ရှေ့သို့ တိုးဝင်ကာ တိုက်ခိုက်မျု ထုတ်ဖော်ခဲ့ပါက ထိုတောဝက်ကဲ့သို့ အဆုံးသပ်သွားနိုင်သည်။ ယင်းနတ်ဆိုးသားရဲကောင်၏ အစာ ဖြစ်ချင် ဖြစ်သွားနိုင်သည်။ အခုတော့ သူသည် ထိုသို့ အလောတကြီး ရှေ့မထွက်ခဲ့မိတာ အတော်လေး ကံကောင်းခဲ့လေပြီ။

ဟန်လိသည် စိတ်ထဲကနေ အတော်လေး ပျော်နေမိသည်။ သူ့ကံက သိပ်မဆိုးလှဟု ပထမဆုံးအကြိမ်အဖြစ် ခံစားမိသည်။

သို့သော် ခုခါ၌ သူသည် တည်ငြိမ်လာပြီးနောက်မှာ ဝိညာဉ်သေ၏ ခန္ဓာကိုယ်ထဲ နေထိုင်နေသော ဝိညာဉ်ထိန်းချုပ်ဂိုဏ်းမှ ကျင့်ကြံသူကို တွေးမိသည်။ သူသည် ဒေါသပုန်မထမိဘဲ မနေနိုင် ဖြစ်ရ၏။ သည်လှိုဏ်ဂူမှာ ထောင်ချောက်တစ်ခု ဖြစ်တာ သိသာသည်။ ကျောက်စိမ်းစာများမှာ ဖြားယောင်းနိုင်ရန်အတွက်သာ ဖြစ်လိမ့်မည်။

သူသည် ဂရုစိုက်နေသည့်ကြားက ထိုမြေခွေးအိုကြီးကို မယှဉ်နိုင် ဖြစ်ခဲ့ရသည်။ ထိုသူ၏ ထောင်ချောက်ထဲသို့ ရောက်ခဲ့ကာ ရလဒ်အနေဖြင့် သူသည် သေလုနီးပါး ဖြစ်ခဲ့ရသည်။

“အို…သိပ်ကောင်းတယ်။ ကျုပ် အသက်ရှင်နေမှတော့ ခင်ဗျားကို ပေးဆပ်ခိုင်းရမှာပေါ့…”

ဟန်လိသည် စိတ်ထဲကနေ အလွန်မုန်းတီးမှု ဖြစ်ပေါ်နေသည်။

သူက ထိုသူမှာ ဝိညာဉ်သေခန္ဓာကိုယ်ပေါ် ဝိညာဉ်ချိပ်ပိတ်ခြင်းအဆောင်သုံးခု ချထားခဲ့သောကြောင့် ထိုသူ၏ ယခုကဲ့သို့ အားနည်းနေသော အချိန်၌ ထွက်ပြေးရန် မဖြစ်နိုင်မှန်း ကောင်းကောင်း သိပေသည်။ သူ ပြန်ရောက်သည်နှင့် ထိုသူ၏ အသက်ကို အလွယ်တကူ ယူနိုင်လိမ့်မည်။

ဟန်လိက သူ့ရုပ်ပိုင်းခွန်အားနှင့် မှော်စွမ်းအားတို့ ပြန်ကောင်းမွန်လာသည်ကို ခံစားမိသည့်အခါ၌ သူ့နတ်လေလှေကို ဝိညာဉ်သေရှိနေသော အရပ်ထံ ဦးတည်စေသည်။

သို့သော် ဟန်လိသည် ကောင်းကင်ထက် အမြင့်ကနေ ရဲရဲတင်းတင်းတော့ မပျံသန်းဝံ့ပေ။ ထိုအစား သူက လေထဲ မီတာသုံးဆယ်လောက် အမြင့်ကနေသာ ပျံသန်းလာခဲ့သည်။ အကြောင်းမှာ သူက ဟိုနတ်ဆိုးသားရဲကောင်၏ အာရုံစိုက်တာကို ထပ်မံ ခံရမှာ ကြောက်ရွှံ့နေသောကြောင့် ဖြစ်သည်။

ဟန်လိ ပြန်လာသည့်လမ်းတွင် ညလေအေးများ‌ တိုက်ခတ်နေသဖြင့် ဟန်လိ၏ ဒေါသအများစုမှာ နည်းနည်းတော့ တည်ငြိမ်သွားခဲ့သည်။ သူ့စိတ် ပိုကြည်လင်လာသည့်အခါ သူက ဝိညာဉ်သေနှင့် ပတ်သတ်ပြီး ပြောဆိုဆက်ဆံခဲ့ပုံကို ပြန်ပြောင်းစဉ်းစားကြည့်သည်။

ဝိညာဉ်ထိန်းချုပ်ဂိုဏ်းမှ ကျင့်ကြံသူ ပြောခဲ့သော စကားများ၊ သူ၏ အပြုအမူများကိုလည်း သေချာ ပြန်တွေးကြည့်သည်။ ထို့အပြင် သူက နတ်ဆိုးသားရဲကောင် ဖြစ်သည့် ဓားခုတ်ကောင်၏ ကြောက်မက်ဖွယ်ခွန်အားကြောင့် ထိုသူမှာ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက် ဖြစ်သည်ဆိုသော အချက်အပေါ် သံသယ စဝင်လာခဲ့ပြီ။

ကျားယွမ်မြို့ကဲ့သို့ နေရာနှင့် ကီလိုမီတာငါးဆယ်အကွာတွင် ထိုကဲ့သို့ ကြောက်မက်ဖွယ်နတ်ဆိုးသားရဲကောင်က မည်ကဲ့သို့ ပေါ်လာနိုင်ရသနည်း။ ထိုသို့ ဖြစ်နိုင်ချေ သိပ်မရှိလှပေ။ သူက ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းမှ ကျင့်ကြံသူ အကြောင်း တွေးမိသည့်အခါ ထိုဓားခုတ်ကောင်သည် ယဉ်ပါးနေသော ဝိညာဉ်သားရဲကောင် ဖြစ်ဖို့များသည်ဟု မစဉ်းစားမိဘဲ မနေနိုင် ဖြစ်ရသည်။

အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်က ဤကဲ့သို့ ကြမ်းလှသော ဝိညာဉ်သားရဲတစ်ကောင်ကို မွေးမြူထားနိုင်ဖို့မှာ စိတ်ကူးကြည့်ဖို့ပင် ခက်လှသည်။ သူ့အမြင်အရ သည်ဓားခုတ်ကောင်မှာ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူလေးယောက်ကို ကိုင်တွယ်နိုင်သည်။

သည်ဝိညာဉ်သေထဲရှိ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့် မဟုတ်၊ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်များ အမှန်တကယ် ဖြစ်နေနိုင်သလား။ ဟန်လိမှာ ထိုသို့ ခန့်မှန်းမိသည်။ သူ့စိတ်နှလုံး ခုန်ပေါက်သွား၏။

သူက ရောက်တော့မည်ကို မြင်သည့်အခါ ဟန်လိသည် ရှေ့တိုးနေတာကို ရပ်သည်။ လေထဲမှာ သေချာ စဉ်းစားသုံးသပ်နေသည်။

အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်သည် ခန္ဓာကိုယ်ဖျက်စီးခံရသော ဆိုးဝါးသည့် အခြေအနေသို့ ရောက်ရှိပြီး သူ၏ စိတ်ဝိညာဉ်မှာ လွင့်မြောသွားတာများလား။ သူက တခြား အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်ကို မရင်ဆိုင်နိုင်သောကြောင့် သူ့စိတ်ဝိညာဉ်ကို အတင်းအကြပ် ဖယ်ခွာကာ ထွက်ပြေးခဲ့တာလား။ သို့တည်းမဟုတ် သူက ယွဲ့ဒေသ၏ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ပက်ပင်းတိုးခဲ့လေသလား။

သို့ပေမည့် ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသည် လောကကနေ ထွက်ခွာသွားခဲ့ကြတာ ကြာခဲ့လေပြီ။ ယွဲ့ဒေသတွင်း၌ နှစ်ယောက်၊ သုံးယောက်လောက်သာ ရှိနေနိုင်သည်။ မိစ္ဆာတာအိုနှင့် ဂိုဏ်းကြီးခုနစ်ဂိုဏ်းတို့ကြား စစ်ပွဲတွင်ပင် ဟန်လိသည် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်က လှုပ်ရှားတာကို လုံးဝ မကြားဖူးခဲ့ပေ။

ထိုသူများ ထွက်ပေါ်လာဖို့ကား စိတ်ကူးကြည့်ဖို့ပင် ခက်လှသည်။ သူတို့သည် လက်တစ်ချက် ဝေ့ရုံဖြင့် တောင်များကို အလွယ်တကူ ကြေမွသွားစေနိုင်သလို ပင်လယ်များကိုလည်း မှောက်ခုံလန်သွားစေနိုင်သည်။

သို့သော် ဟန်လိသည် ထိုစဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများနှင့် ပတ်သတ်ပြီး မကျေမနပ်တာတော့ ရှိသည်။ ထိုကျွမ်းကျင်သူများက အဆင့်နိမ့်ကျင့်ကြံသူများ၏ စစ်ပွဲများကနေ ဖယ်ကြဉ်နေသည့်အတွက် ဟန်လိသည် စိတ်ထဲကနေ သူတို့ကို အကြိမ်ကြိမ် ဆဲမိပေသည်။ ထိုကဲ့သို့ ထည်ဝါလှသော ကျင့်ကြံသူများက မည်သည့်အချိန်ကျမှ လှုပ်ရှားကြမည်နည်း။

ဝိညာဉ်သေထဲမှာ ရှိနေတဲ့ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူက စဦးစိတ်ဝိညာဉ်အဆင့်ပုဂ္ဂိုလ်နှင့် ထိပ်တိုက်တွေ့ခဲ့တာများ ဖြစ်လေမလား။ ဟန်လိသည် စိတ်ထဲ၌ သံသယ ရှိနေလေသည်။ အကယ်၍ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်ကသာ ဝိညာဉ်သေ၏ ခန္ဓာကိုယ်တွင်း၌ အမှန်တကယ် ပိတ်မိနေခဲ့လျှင် ဤသည်မှာ လုံးဝ အဓိပ္ပာယ် မရှိလေပေ။ တကယ်တော့ မိစ္ဆာတာအိုဂိုဏ်းများနှင့် ပတ်သတ်ပြီး ထိုသူသည် လျှို့ဝှက်သတင်းများစွာကို သိထားပေသည်။ အလားတူပင် သူက အားကောင်းလှသော စိတ်ဝိညာဉ်သားရဲကောင်ကိုပါ ပိုင်ဆိုင်ထားသေး၏။

ပိုမို၍ ဆင်ခြင်စဉ်းစားနေပြီးနောက်မှာ ဟန်လိသည် ဝိညာဉ်သေမှာ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့များသည်ဟု ကောက်ချက်ချသည်။ ထိုအတွေးဖြင့် ဟန်လိသည် ချွေးစေးပြန်မိသွားပြီး သူ့ဟန်ပန်၌ စိတ်လှုပ်ရှားမှုကော၊ ကြောက်ရွှံ့မှုကောပါ ဖြစ်ပေါ်မိသည်။

“သူက ငါ့ကို ဖြားယောင်းနိုင်ဖို့အတွက် ဟန်ဆောင်နေတာများလား။ သူ့ကျင့်ကြံမှုကို နိမ့်ကျချင်ယောင် ဆောင်နေတာများလား…”

ဟန်လိသည် ထိုသို့ပါ တွေးမိကုန်သည်။

“မဖြစ်နိုင်ဘူး…။ သူ့ရဲ့ အားနည်းပုံဟာ အတုအယောင် မဖြစ်နိုင်ဘူး…”

ခဏထပ်စဉ်းစားကြည့်ပြီးနောက်တွင်တော့ နောက်ဆုံး၌ ဟန်လိသည် သေချာသော ကောက်ချက်ကို ချလေ၏။

သူသည် ဝိညာဉ်သေ၏ ခန္ဓာကိုယ်ထဲ၌ နှစ်အတော်အတန် သိမ်းပိုက်နေထိုင်ခဲ့ပေသည်။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ သူ အစောပိုင်းတုန်းက ပြောခဲ့သလိုပင် သူ၏ နက်ရှိုင်းသော ကျင့်ကြံမှုနှင့်အတူ သူ့ခန္ဓာကိုယ်ကို ဆုံးရှုံးခဲ့ရသောကြောင့် ဖြစ်လေမည်။

သူ၏ ရှေးဦးစိတ်ဝိညာဉ်ဖြင့် ဝိညာဉ်သေသည် အတစ်အဆို့ မရှိဘဲ ပြန်ကျင့်ကြံနိုင်စွမ်း ရှိခဲ့တာ ဖြစ်မည်။ ဤသို့ဖြင့် သူ၏ ခုလက်ရှိ ကျင့်ကြံမှု ပေါ်လာခဲ့တာ ဖြစ်လေမည်။

သည့်အပြင် ဓားခုတ်ကောင်ဝိညာဉ်သားရဲကို ထိုသူမှာ မထိန်းချုပ်နိုင်ဟု ဟန်လိသည် တွေးကြည့်နိုင်သည်။ မဟုတ်ပါက သူသည် ယင်းကဲ့သို့ ရှိန်စရာ ကောင်းသော သားရဲကောင်ကို သူ့ဘေးတွင် သက်တော်စောင့်အဖြစ် အဘယ်ကြောင့် မထားဘဲ နေရသနည်း။

ခုလက်ရှိ အားနည်းနေသည့်အချိန်အတွင်း ဝိညာဉ်သေ၏ အကြီးမားဆုံး လိုအပ်ချက်မှာ အားကောင်းသော အကာအကွယ် မဟုတ်လား။ သည့်အတွက်ကြောင့် သူသည် ဟန်လိကို လှိုဏ်ဂူထဲသို့ လှည့်ဖြား ဝင်စေခဲ့ရုံကလွဲ၍ တခြား ရွေးချယ်စရာ မရှိခဲ့တာပင်။ လှိုဏ်ဂူအတွင်းမှ ဓားခုတ်ကောင်က ဟန်လိကို သတ်နိုင်ဖို့ သူ မျှော်လင့်ခဲ့တာ ဖြစ်ရမည်။ ပြီးခဲ့သော အဖြစ်အပျက်များကို သေချာ ပြန်စဉ်းစားကြည့်ခြင်းဖြင့် ဟန်လိသည် အမှန်တရားကို တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။ သူ့စိတ်ထဲ သတ္တိတို့ ထပ်မံ ပေါ်လာခဲ့ပြီ။

သူသည် တစ်စုံတစ်ယောက်၏ အားနည်းနေခြင်းကို အခွင့်ကောင်း ယူရုံ မဟုတ်လေပေ။ သူက အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်နေရတာ မဟုတ်လား။ ပြီးတော့ ထိုကျင့်ကြံသူမှာ ရန်သူဖြစ်သော ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းမှ ဖြစ်နေသေးသည်။ ဝိညာဉ်သေသာ ပြေးနိုင်ခဲ့ပြီး ထိုသူသည် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်အဖြစ် ပြန်ရောက်လာခဲ့ပါက ဟန်လိကို အပိုင်းပိုင်း ဖြစ်စေမှာ သေချာနေလေပြီ။

ထို့ကြောင့် ဟန်လိသည် သည်လူ့ကို အသက်ရှင်လျက် ကျိန်းသေပေါက် ထွက်သွားခွင့် ပြုနိုင်တော့ မဟုတ်ပေ။

ထိုသို့ သဘောပေါက်ပြီးနောက်မှာတော့ ဟန်လိသည် တွေဝေမနေတော့ဘဲ တောင်ထိပ်ငယ်တစ်ခုထံ ဆက်၍ ပျံသန်းလာသည်။

မျက်စိတမှိတ်အတွင်း ဟန်လိသည် တောင်ထိပ်ပေါ်သို့ ရောက်လာခဲ့သည်။ သူက ဝိညာဉ်သေသည် နေရာတွင်သာ ရှိနေသေးတာကို လှမ်းမြင်သည်။ ဝိညာဉ်သေခန္ဓာကိုယ်ပေါ်ရှိ အဆောင်များသည်လည်း မူလအတိုင်းသာ။

ဟန်လိသည် ဝိညာဉ်သေနှင့် မီတာသုံးဆယ်လောက်အကာတွင် အေးအေးဆေးဆေး ဆင်းသက်သည်။ တချိန်တည်းမှာ သူက လက်ထဲ၌ မှော်ပစ္စည်းကို ကိုင်ဆောင်ထားသည်။ ဟန်လိ ဆင်းသက်လာတာကို မြင်သည့်အခါ ဝိညာဉ်သည် အလွန်အမင်း တုန်လှုပ်သွားလေသည်။ သူသည် ဟန်လိမှာ အသက်ရှင်လျက် ပြန်ရောက်လာလိမ့်မည်ဟု မထင်ထားသည့်အလား။

ထို့နောက်တွင်မူ သူက အတင်းအကြပ် လုပ်ယူ၍ ပြုံးကာ တစ်ခုခု ပြောရန် ကြိုးစားသည်။ သိုသော် ဟန်လိသည် ရှေ့သို့ ခြေလေးငါးလှမ်း လှမ်းလာပြီးနောက် သူ့ထံ အနက်ရောင်အလင်းတန်းနှစ်ခုသည် တိုးဝင်လာချေသည်။

ဟန်လိက ထိုသူ့ကို သက်ဖြတ်ရန် ဆုံးဖြတ်ပြီးမှတော့ အပိုစကားများ ပြောနေရန် မလိုတော့ပေ။

နဂါးနက်လက်သည်းနှစ်ခုက ကြမ်းတမ်းစွာ တိုးဝင်လာတာကို မြင်သည့်အခါ ဝိညာဉ်သေ၏ အမူအရာမှာ ဖြူရော်သွားသည်။

ဟန်လိက သူ့ကို အပိုင်းပိုင်းလုပ်ချင်နေတာကို သိသည်နှင့် ဝိညာဉ်သေ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ဖြတ်ခနဲ ဘေးသို့ ခုန်ထွက်ကာ သည်တိုက်ခိုက်မှုကို ရှောင်၏။

“မင်း ဘာလုပ်တာလဲ။ မင်းရဲ့ အသက်ကျိန်ဆိုမှုကို မေ့သွားတယ်လို့တော့ ငါ့ကို လာမပြောနဲ့…” ဝိညာဉ်ထိန်းချုပ်ဂိုဏ်းမှ ကျင့်ကြံသူက အလန့်တကြား ထအော်သည်။

သူသည် ဟန်လိကို ထပ်တွေ့ရလိမ့်မည်ဟု မထင်ထားတာ သိသာသည်။

ဟန်လိသည် ဝိညာဉ်သေ၏ စကားများကို လစ်လျူရှုထားသည်။ ထိုအစား သူက ဝိညာဉ်သေခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ဝိညာဉ်ချိပ်ပိတ်ခြင်းအဆောင်သုံးခုကိုသာ စိုက်ကြည့်နေသည်။ သူက သူ့မျက်လုံးကိုယ်သူ မယုံနိုင် ဖြစ်နေ၏။

“ ဒီအဆောင်တွေကို မဖယ်ရှားဘဲနဲ့ သူက လှုပ်ရှားနိုင်တုန်းလား…” ဟန်လိစိတ်ထဲ၌ သံသယများ ပြည့်သွားသည်။

သို့သော် ခုချိန်သည် ထိုမေးခွန်းကို ဖြေနေရမည့် အချိန်အခါ မဟုတ်ပေ။ သို့ဖြစ်၍ ဟန်လိက နှာခေါင်းရှုံ့ကာ ငြိမ်သက်နေသည်။ သူက နဂါးနက်လက်သည်းထံ လက်ညွှန်ပြိး ယင်းတို့ကို မူလအရွယ်အစားထက် အဆများစွာ ပိုကြီးလာစေပြီး ကြီးမားသော အနက်ရောင်အလင်းတန်းနှစ်ခုအဖြစ်သို့ ပြောင်းလဲစေသည်။ ယင်းအလင်းတန်းနှစ်ခုသည် ဝိညာဉ်သေထံ တိုးဝင်သွားလေ၏။

ဟန်လိက သူ့စိတ်ကိုယ်သူ ပြင်ဆင်ထားပြီး ဖြစ်သည်။ သူက ဝိညာဉ်သေ၏ ခန္ဓာကိုယ် အခွံကို စတေးရလျှင်ပင် သည်အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူအား အမြစ်ဖျက်မှ ဖြစ်ပေမည်။

ဟန်လိက သူ မသေမချင်း ရပ်တန့်မည့် သဘော မရှိတာကို မြင်သည့်အခါ ဝိညာဉ်သေသည် စိတ်အား အတော်ကျသွားသည်။ သူ့ထံသို့ လွှမ်းမိုးကြမ်းတမ်းမှုအပြည့်ဖြင့် တိုးဝင်လာသော နဂါးနက်လက်သည်းနှစ်ခုကိုလည်း မြင်နေရပေသည်။ ထိုစဉ် ဝိညာဉ်သေ၏ ပါးစပ်ထံမှ အစိမ်းရောင်အလင်းတန်းတစ်ခု ထိုးထွက်ကာ နဂါးနက်လက်သည်းများ၏ စွမ်းအားပြည့်တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးသည်။

All Chapters