တောက်ပသောအစိမ်းရောင်ဓားမြှောင်
Vol. 25 Ch. 343
“ဒါက ဘာလဲဟ…”
ဟန်လိသည် ဝိညာဉ်သေက သူ့အင်ပြည့်အားပြည့် တိုက်ချက်ကို အမှန်တကယ် တားဆီးနိုင်လိုက်သည့်အတွက် အတော်လေး အံ့အားသင့်သွားသည်။ သူက အစိမ်းရောင်အလင်းကို လှမ်း၍ မစိုက်ကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။ တစ်လက်မလောက် အရှည်ရှိသည့် ဓားမြှောင့်တစ်လက်က အစိမ်းရောင်တောက်ပကာ လင်းလက်ဖြာနေခြင်းပင်။
“မှော်ရတနာ…” ဟန်လိက အံ့အားတသင့်ဖြင့် ပြောမိ၏။ ၎င်းမျာ မှော်ရတနာ ဟုတ်ချင်မှ ဟုတ်လိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဟန်လိကတော့ တုန်လှုပ်အံ့အားသင့်သွားရသည်။
ချီစုဆောင်းခြင်းအဆင့်ခြောက် ကျင့်ကြံခြင်းဖြင့် သူက နဂါးနက်လက်သည်း၏ တိုက်ကွက်ကို တားဆီးရန် သည်ဓားမြှောင်အား အသုံးပြုနိုင်စွမ်း ရှိနေသည် မဟုတ်လား။ သည်မှော်ရတနာကြောင့် သူ့အဖို့ ဒုက္ခတော့ နည်းနည်း ပိုများသွားနိုင်သည်။ သို့သော် ဟန်လိသည် ထိုသူ့ကို သတ်ကာ သည်ရတနာကို ရလိုချင်စိတ်က ပိုပြင်းပြလာ၏။ သူသည် ခုချိန်၌ တဖက်သူမှာ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်မှန်း သေချာသိသွားခဲ့ပေပြီ။
ထိုအတွေးဖြင့် ဟန်လိက နဂါးနက်လက်သည်းတစ်စုံဖြင့် အဆက်မပြတ် ထပ်မံ တိုက်ခိုက်နေရင်း သူ့လက်ကို ဖြတ်ခနဲ လှုပ်ရှားသည်။ ထိုအခါ ဝိညာဉ်ထိန်းချုပ်ခေါင်းလောင်း ပေါ်လာ၏။
ဟန်လိသည် ၎င်းကို စတည်းက အသုံးမပြုခဲ့ခြင်းမှာ မလိုအပ်ဟု တွေးခဲ့သောကြောင့် ဖြစ်သည်။ ဝိညာဉ်သေမှာ ဝိညာဉ်ချုပ်နှောင်ခြင်းအဆောင်များဖြင့် ကန့်သတ်ခံထားရသည် မဟုတ်လား။ ဟန်လိက ဝိညာဉ်ထိန်းချုပ်ခေါင်းလောင်းကို ထုတ်ယူတာ မြင်သည်နှင့် ဝိညာဉ်သေ၏မျက်လုံးထဲတွင် ကြောက်လန့်မှု ဖြတ်ပြေးသွားသည်။ သို့သော် တအောင့်အကြာ၌ သူက ချက်ခြင်း သူ့ဝမ်းဗိုက်ကို ရှုံ့ကာ အစိမ်းရောင်အလုံးတစ်ခုကို ထွေးထုတ်သည်။ ၎င်းပေါ်လာသည်နှင့် ညင်သာဖျော့တော့သော အစိမ်းရောင်အလင်းက သူ၏ခန္ဓာကိုယ်ကို ထွေးခြုံသွားသည်။
ယင်းအခိုက်မှာ ဟန်လိက ဝိညာဉ်ထိန်းချုပ်ခေါင်းလောင်းကို စတင် မြည်စေသည်။ သူက ဝိညာဉ်သေ၏ အရိုးများကို ထုံထိုင်းကာ သူ့အား မတိုက်ခိုက်စေနိုင်ရန် ကြံဆောင်သည်။ ခေါင်းလောင်းသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက်မှာ ဝိညာဉ်သေက နေရာတွင် ရပ်နေဆဲ။ ၎င်းအပေါ် သည်အသံထိန်းချုပ်မှုက လုံးဝ မသက်ရောက်လေသည့်အလား။
ဟန်လိ၏ အမူအရာက အလေးအနက် ဖြစ်လာ၏။ သည်အစိမ်းရောင်အလုံးထံမှ အလင်းဖြာထွက်မှုက ဝိညာဉ်သေကို ခေါင်းလောင်း၏ သက်ရောက်မှုကနေ ကာကွယ်ပေးထားတာ ဖြစ်ပေလိမ့်မည်။ ထိုသို့ တွေးမိပြိး ဟန်လိက ခေါင်းလောင်းကို နောက်ထပ်နှစ်ကြိမ် မြည်ဟိန်းစေသည်။ သက်ရောက်မှု မရှိပြန်တာကို မြင်သည်နှင့် သူက ခေါင်းလောင်းကို သုန်မှုန်စွာဖြင့် ပြန်သိမ်းသည်။ ထို့နောက်တွင်တော့ သူ့လက်ကို ဝေ့ယမ်း၏။ အဖြူရောင်အလင်း လင်းလက်ခြင်းနှင့်အတူ ရုပ်သေးဆယ်ယောက်ကျော် ပေါ်လာသည်။ ယင်းတို့မှာ ဟန်လိ၏ နောက်ဆုံးကျန်နေသေးသော အဆင့်နှစ်ရုပ်သေးများ ဖြစ်၏။ ထိုရုပ်သေးများသာ ပျက်စီးသွားခဲ့ပါက ဟန်လိသည် သူကိုယ်တိုင် ပြုလုပ်ထားသော အားနည်းသည့် ရုပ်သေးများကိုသာ အသုံးပြုနိုင်တော့မှာ ဖြစ်သည်။
ထို့ကြောင့် ဟန်လိက သည်ရုပ်သေးများကို အလွန်အကျွံ အသုံးမပြုရန် စိတ်ကူးထားသည်။ ရုပ်သေးများ ပေါ်လာသည်နှင့် သူက ၎င်းတို့ကို အလင်းတန်းများနှင့် မြားများ ထုတ်လွှတ်ကာ အဆက်မပြတ် ထိုးနှက်တိုက်ခိုက်ရန် အမိန့်ပေးသည်။
ကြမ်းတမ်းသော တိုက်ခိုက်မှုကို မြင်သည့်အခါ ဝိညာဉ်သေသည် ဒေါသတကြီးဖြင့် အံတင်းတင်းကြိတ်သည်။ သူက အစိမ်းရောင်အလုံးထံ မန္တာန်ချိပ်ဟန်များဖြင့် အလျင်အမြန် လက်ညွှန်သည်။ ထိုအခါ ၎င်းအလုံးသည် လျင်မြန်စွာ လည်ပတ်လျက် အရောင်ပိုတောက်လာ၏။
ရုတ်ချည်းမှာပင် ထိုအလင်းတန်းများသည် တစ်ခုနှင့်တစ်ခု ယှက်လိမ်ကာ တောက်ပစွာ ပေါက်ကွဲ၏။ ထို့နောက် ဝိညာဉ်သည်သည် ပေါက်ကွဲလှိုင်းများကနေ အရှိန်ယူကာ နောက်ဘက် ဆယ်မီတာလောက်ထိ ဆုတ်သွားသည်။ ဟန်လိမှာ မင်သက်သွာ ဖြစ်ကျန်ခဲ့၏။ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် အခြေခံတည်ဆောက်ခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အင်အားပြည့်တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးနိုင်စွမ်း ရှိနေခဲ့တာ မဟုတ်လား။ ဤသည်မှာ မိုးကောင်းကင်၏ အလိုကို ဖီဆန်နေလေပြီ။
သို့သော် သူက ထိုသူမှာ တချိန်တုန်းက အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ကြောင်း ပြန်စဉ်းစားမိသည့်အခါ ဤသည်မှာ သိပ်မထူးဆန်းလှတော့ဟု ခံစားမိသည်။ တကယ်တော့ သူ့မှာ ဝှက်ဖဲတချို့ ရှိနေလိမ့်မည်သာ။
ဝိညာဉ်သေသည် စိတ်သက်သာရာရကာ သက်ပြင်းချမိသည်။ သူ့လျှို့ဝှက်ပညာရပ်များဖြင့် ဟန်လိ၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည် မဟုတ်လား။ တချိန်တည်းမှာ သူက ဟန်လိ၏ အကြမ်းပတမ်း တိုက်ခိုက်မှုများကို ရပ်တန့်စေရန် အလို့ငှာ ဟန်လိကို စကားများဖြင့် သွေးဆောင်ရန် ကြိုးစားသည်။ သူသည် မှော်စွမ်းအားပမာဏ မဆိုသလောက်သာ ရှိနေသည် ဖြစ်၍ အချိန်ကြာကြာ တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
သို့သော် သူ့စကားကိုပင် စောင့်မနေလေဘဲ ဟန်လိက ခဏချီတုံချတုံ ဖြစ်နေပြီးနောက် သူ၏ သိုလှောင်အိတ်ကို ထိသည်။ ရုတ်တရက် သူ့လက်ကို ပင့်မြှောက်သည်။ တောက်ပသော အနီရောင်အလင်းတစ်ခုကို ထုတ်လွှတ်၏။
ဝိညာဉ်သေသည် အံ့ဩထိတ်လန့်သွားလေပြီ။
မည်သို့ဖြစ်ပျက်သွားတာကို နားလည်ခြင်း မရှိလေဘဲ သူ့ရှေ့ရှိ အစိမ်းရောင်အလုံးမျာ ပျက်စီးသွားကာ သူ၏ စိတ်ဝိညာဉ်အတွင်းနက်ပိုင်းမှ မချိအောင်နာကျင်မှုကို ခံစားရလေသည်။ သူသည် ကျယ်လောင်စွာ အော်ဟစ်၍ မြေပေါ်သို့ လဲကျသွားကာ ယက်ကန်ယက်ကန် ဖြစ်သွားလေ၏။
ဝိညာဉ်သေ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော အစိမ်းရောင်အလင်းမှာ ထိုအစိမ်းရောင်အလင်းလုံး ဖျက်စီးခံရသည့်အခါ၌ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့၏။ အလင်းတန်းများနှင့် မြားများမှာ အတားအဆီး မရှိတော့သည်နှင့် သူ့အပေါ်သို့ မိုးရွာချသည့်နှယ် ထိုးစိုက်ကျလာတော့၏။
သခင်က ထိန်းချုပ်မှု မရှိတော့သည့်နှင့် အစိမ်းရောင်ဓားမြှောင်၏ စွမ်းအားမှာလည်း သိသိသာသာ လျော့ကျသွားပြိး ဟန်လိ၏ နဂါးနက်လက်သည်း၏ ကြမ်းတမ်းစွာ ဖိနှိပ်ခြင်းကို ခံရသည်။
ဟန်လိ ကျေနပ်ပျော်ရွှင်သွား၏။
သူ၏ စွန့်၍ တိုက်ခိုက်မှုက ခုလောက်ထိ သက်ရောက်မှု ရှိလိမ့်မည်ဟု သူ မထင်ထားမိခဲ့ပေ။ သူက သွေးဝိညာည်ဆူးကို အသုံးပြု၍ ဝိညာဉ်သေ၏ ဦးခေါင်း၊ သို့မဟုတ် နှလုံးနေရာတို့ကို မတိုက်ခိုက်ရသည့် အကြောင်းရင်းမှာ ယင်းနေရာများသည် ဝိညာဉ်သေ၏ သေကွင်းသေကွက်များ မဟုတ်သောကြောင့်ပင်။ အကြောင်းမှာ ဝိညာဉ်သေကား လှုပ်ရှားနေသော အလောင်းကောင် မဟုတ်လား။
အများဆုံးမှ သူ့အနေဖြင့် ဝိညာည်သေကို ဒဏ်ရာရစေရုံသာ၊ သတ်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုသို့တွေးမိခဲ့ပြီး ဟန်လိက ပြဿနာအပေးဆုံး အစိမ်းရောင်အလုံးကိုသာ တိုက်ခိုက်ရန် ရွေးချယ်ခဲ့တာ ဖြစ်၏။
သို့သော် ထိုအစိမ်းရောင်အလုံးသည် တချက်တည်းနှင့် ခုကဲ့သို့ မွကြေသွားလိမ့်မည်ဟု သူ မထင်ထားခဲ့တာတော့ အမှန်ပင်။
အစိမ်းရောင်အလုံးက သူ၏ စိတ်ဝိညာဉ်နှင့် လွန်စွာ ချိတ်ဆက်မှု ရှိမည့်ပုံ ပေါ်သည်။ ထို့ကြောင့် ဟန်လိကို ရင်ဆိုင်ဖို့ ၎င်းအစိမ်းရောင်အလုံးကို ထွေးထုတ်ခဲ့ချိန်၌ ဝိညာဉ်သေက မျက်နှာအပျက်ပျက် ဖြစ်ခဲ့တာ မထူးဆန်းတော့ပေ။
၎င်းသည် အမြုတေဖွဲ့စည်းခြင်းကနေ သူ သိပ်သည်းထားသော ရွှေအမြုတေ ဖြစ်နိုင်လောက်၏။ ဟန်လိက ထိုသို့ ခန့်မှန်းကြည့်မိသည်။ ထို့နောက်တွင်တော့ ဟန်လိက လက်ဝေ့ယမ်းကာ ရုပ်သေးများ၏ တိုက်ခိုက်မှုကို ရပ်တန့်စေပြီး ဝိညာဉ်သေ ရှိနေသော နေရာထံ သေချာ လှမ်းကြည့်သည်။
အလင်းတန်းများကား လွင့်ပျောက်သွားပြီးနောက်တွင် ဟန်လိသည် မီးကျွမ်းမဲနက်နေသော အလောင်းတစ်ခု မြေပေါ်တွင် လဲလှောင်းနေတာကို ကောင်းစွာ လှမ်းမြင်သည်။ ထိုအလောင်းက ပြာမဖြစ်သွားခြင်းကို တွေ့ရသည့်အခါ ဟန်လိသည် အတော်လေး အံ့အားသင့်မိသွားသည်။ ဝိညာဉ်သေသည် ဖုတ်ကောင်ဖြစ်နေသောကြောင့် သူ၏ ခန္ဓာကိုယ်က သာမန်ထက်ထူးကဲနေတာများလား။
ဟန်လိက မလှုပ်မယှက် ရပ်နေပြီး ထိုအလောင်းကို ခဏ ကြည့်ကာ တကိုယ်တည်း တီးတိုးရေရွတ်သည်။ ယင်းနောက် သူ့လက်ကို ကောင်းကင်ထက်သို့ ပင့်မြှောက်သည်။ မီးလုံးခြောက်လုံးက လေထဲတွင် ပေါ်လာ၏။
“ သွား”
အမိန့်တစ်ချက် ပေးသည်နှင့် မီးလုံးများကား အလောင်းကောင်ထံ တိုးဝင်သွားကြသည်။
ဟန်လိက အလောင်းကောင် မီးလောင်ကျွမ်းနေတာကို မမှိတ်မသုန် စောင့်ကြည့်နေ၏။
ခဏအကြာတွင် ဘဲဥအရွယ်ရှိ အစိမ်းရောင်အလင်းလုံးလေးများက သည်မီးတောက်များထံမှ ရုတ်ချည်း ပျံသန်းထွက်လာကာ ထွက်ပြေးရန် ကြိုးစားသည်။ ဟန်လိ၏ မျက်နှာက အေးစက်သွား၏။ သူ့ခန္ဓာကိုယ်မှ ဝေဝါးသွားကာ ထိုအလင်းလုံး၏နောက်မှာ ပေါ်လာသည်။ သူ့လက်ကို လျှပ်စီးနှယ် လှုပ်ရှား၍ ၎င်းကို အဖြူရောင်အလင်းများဖြင့် ဖုံးအုပ်စေပြီး ချက်ခြင်း ဖမ်းဆုပ်သည်။ အစိမ်းရောင်အလင်းလုံးသည် ဟန်လိ၏ရှေ့တွင် နာကျင်ဆိုးဝါးစွာ အော်ဟစ်ရ၏။ ဟန်လိက ၎င်းကို သူ့လက်ဖြင့် စိတ်ဝိညာဉ်စွမ်းအားသုံးကာ ချေမွပစ်နေသည် မဟုတ်လား။
ထို့နောက်တွင်မူ ဟန်လိသည် ဝိညာဉ်သေနားသို့ ချက်ခြင်း ပြန်ရောက်သွားသည်။ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ ထိုအခါ ဝိညာဉ်သေခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များမှာ သဲလွန်စမရှိ ပျောက်ကွယ်သွား၏။
ဟန်လိက ခေါင်းငုံ့ကာ မဲနက်နေသော ဝိညာဉ်သေကို ခေါင်းငုံ့ကာ ကြည့်သည်။ ထို့နောက် သူက ဝိညာဉ်သေ၏ ဒဏ်ရာများကို သေချာ စူးစမ်းသည်။
ဝိညာဉ်သေ၏ ခန္ဓာကိုယ်တွင် အပြင်ပိုင်း မီးလောင်ဒဏ်ရာများကလွဲ၍ သူ့အတွင်းအင်္ဂါများနှင့် အရိုးများသည် လုံးဝ မထိမခိုက်ဘဲ ရှိနေတာကို ရှာတွေ့သည့်အခါ ဟန်လိသည် အတော်လေး အံ့အားသင့်သွားမိသည်။ သူက တော်တော့်ကိုလည်း ကျေနပ်သွား၏။
ဝိညာဉ်သေသည် ဗလာဖြစ်နေသော အလောင်းတစ်ခုမျှသာ ဖြစ်သော်လည်း ဟန်လိသည် သူ့ကို သစ္စာရှိသောငယ်သားအဖြစ် မှတ်ယူထားပေသည်။ ဟန်လိသာ သူ့ကို ပြန်ပြင်နိုင်စွမ်း ရှိခဲ့လျှင် သူ ထိုသို့ လုပ်မည်သာ။ ထို့အပြင် ဝိညာဉ်သေနှင့်ပတ်သတ်၍ သူ့စိတ်ထဲ၌ အစီအစဉ်တစ်ခု ရှိပေသည်။
ဤသို့ဖြင့် ဟန်လိသည် ဝိညာဉ်ထိန်းချုပ်ခြင်းခေါင်းလောင်းကို ပေါ့ပေါ့ပါးပါး မြည်စေသည်။ ဝိညာဉ်သေက ချက်ခြင်းပင် ထရပ်ကာ ဗလာကင်းမဲ့နေသော အမူအရာနှင့် သူ့မျက်လုံးကို ဖွင့်လာသည်။
ဟန်လိက ခေါင်းညိတ်ပြ၏။ ဝိညာဉ်သေသည် ဒဏ်ရာများ ရထားသော်လည်း သူသည် ဖုတ်ကောင်တစ်ယောက်အဖြစ် ထူးကဲသောစွမ်းရည်တစ်ခုနှင့် လျင်မြန်စွာ ပြန်ကောင်းမွန်နိုင်စွမ်း ရှိပေသည်။
ထို့နောက်တွင်တော့ ဟန်လိ၏ အကြည့်က လေထဲတွင် လွင့်မြောနေသော တောက်ပနေသည့်အစိမ်းရောင်ဓားမြှောင်ထံ ကျရောက်သွားသည်။ ၎င်း၏ သခင်ကို ဆုံးရှုံးသွားပြီ ဖြစ်၍ အနှီဓားမြှောင်မှာ ခုချိန်၌ လုံးဝ ငြိမ်သက်နေသည်။
ဟန်လိသည် သူ၏ နဂါးနက်လက်သည်းများဖြင့် ၎င်းကို တဖြည်းဖြည်း ဖိနှိပ်ပစ်သည်။ သူ့စိတ်ဝိညာဉ်အာရုံကို ၎င်းထဲသို့ ဂရုတစိုက် ထည့်သွင်းသည်။ သူက ၎င်းဓားမြှောင်ထဲသို့ လုံးဝ မရောက်နိုင်အောင် သူ့အသိစိတ် ပိတ်ဆို့ခံထားရတာကို တွေ့ရ၏။
“ကောလဟာလတွေက မှန်ပုံရတယ်။ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံခြင်း မရှိဘဲ ငါ့အနေနဲ့ မှော်ရတနာတွေကို လုံးဝ အသုံးပြုနိုင်မှာ မဟုတ်လောက်ဘူး…”
ဟန်လိသည် စိတ်ပျက်လက်ပျက်ဖြင့် ထိုသို့ တွေးမိသည်။ သူက သည်မှော်ရတနာကို လိုချင်တပ်မက်စိတ်ဖြင့်သာ ကြည့်နေရုံ ရှိတော့ပေသည်။ သို့သော် ဟန်လိသည် သည်မှော်ရတနာနှင့် ပတ်သတ်ပြီး အတော်လေး စိတ်ဝင်တစား ရှိနေတုန်းပင်။ သတိထား၍ နောက်ထပ် အကြိမ်အနည်းငယ် စမ်းသပ်ပြီးနောက်မှာ နောက်ဆုံးတွင် ဟန်လိသည် ၎င်းကို သူ့လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ၎င်းဓားမြှောင်၏ ဓားသွားမှာ တစ်ပေခွဲခန့်သာ ရှိ၏။ သခင်ဖြစ်သူ၏ စိတ်ဝိညာဉ်စွမ်းအား ထည့်သွင်းထားခြင်း မရှိသည့်အခါ ၎င်း၏ အစိမ်းရောင်တောက်ပမှုကတော့ အတော်လေး အားပျော့နေသည်။ သို့သော် အေးစက်စက် အော်ရာကို ထုတ်လွှတ်နေလျက် ၎င်းဓားမြှောင်မှာ ချွင်းချက်မရှိ လှပနေတုန်း၊ ကြည့်ကောင်းနေတုန်းသာ။
သည့်အပြင် ဓားမြှောင်၏ ကိုယ်ထည်တွင် ရှေးဟောင်းစာသားနှစ်ခုကို ရေးထွင်းထားသေးသည်။ ဟန်လိသည် ၎င်း၏ အစိမ်းရောင်တောက်ပခြင်း ဟူသော အမည်ကို ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
ဟန်လိသည် ၎င်းကို အတော်လေး သဘောကျစွာဖြင့် ကြည့်နေပြီးနောက်မှာတော့ သူ့ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းထားလိုက်တော့သည်။ ယင်းနောက် သူ့ဘေးပတ်လည်တွင် တစ်ခုခုများ ကျန်နေအုံးမလားဟု ကြည့်ရှုသည်။ ထိုအခါ မြေပေါ်ရှိ အစိမ်းရောင်အလင်းစက်လေးများက သူ့အာရုံကို စွဲဆောင်သွားသည်။
သူက သွေးဝိညာဉ်ဆူးကြောင့် ဖျက်စီးခြင်း ခံခဲ့ရသော အစိမ်းရောင်အလုံး၏ အစိတ်အပိုင်းများထံ သေချာ လှမ်းကြည့်သည်။ ၎င်းသည် တစစီဖြစ်နေသော်လည်း ၎င်း၏ အလင်းဖြာထွက်မှုက နည်းနည်းလေးမျှ မမှိန်သွားခဲ့ပေ။
သူက လှမ်းသွားပြီး ခါးညွှတ်၍ ထိုအလင်းအပိုင်းအစများကို သေချာ ကြည့်သည်။
သူသည် ၎င်းတို့ကို မည်သို့ အသုံးပြုရမှန်း မသိသော်လည်း ယင်းမှာ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်၏ ရွှေရောင်အမြုတေနှင့် ပတ်သတ်သည့် တစုံတစ်ခု ဖြစ်မှန်းတော့ ခန့်မှန်းနိုင်ပေသည်။