← Chapters

အဘိုးအိုငယ်နှင့် ခေါင်းလောင်းထိုးသံများ

Vol. 25 Ch. 345

အဘိုးအိုငယ်နှင့် ခေါင်းလောင်းထိုးသံများ

Vol. 25 Ch. 345

သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို ကြည်ရှုစစ်ဆေးပြီးနောက်မှာ ယင်းတို့ကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းသည်။ ထို့နောက်တွင်တော့ မူလသိုလှောင်အိတ်ကိုတော့ ခုတ်ပိုင်းကာ အပိုင်းပိုင်း ဖြစ်အောင် ဖျက်စီးပစ်သည်။ ထိုသိုလှောင်အိတ်သည် သူ့ကိုယ်ပိုင်သိုလှောင်အိတ်ထဲ အများကြီး ပိုကောင်းတာ ထင်ရှားသော်လည်း ဟန်လိသည် ၎င်းကို အသုံးမပြုဝံ့ပေ။ သည်အိတ်၌ ပုန်းကွယ်နေသော ဝှက်ဖဲ တစ်ခုခု ရှိနေ၊ မရှိနေအပေါ် သူ့အနေဖြင့် မသေချာသောကြောင့်ပင်။

ထို့နောက်တွင် ဟန်လိသည် အနားယူကာ နောက်နေ့မှ ထွက်သွားမည်ဟု တွေးသည်။ ဝိညာဉ်သေကို ကြိုးဖြင့် တွဲခေါ်ကာ ဟန်လိသည် ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ ရှေ့တန်းတပ်စခန်းသို့ သွားမည့်အစား အဝါရောင်မေပယ်တောင်ကြားထံ ဦးတည်ပျံသန်းလာသည်။

ဟန်လိသည် ဂိုဏ်းကြီးခုနစ်ဂိုဏ်း၌ တစ်ခုခု ဆိုးရွားတာ ဖြစ်ခဲ့လျှင်ပင် ဂိုဏ်းကြီးများသည် ထိုသတင်းကို အရင်ဆုံး ရလိမ့်မည်ဟု တွေးထင်ထားပေသည်။ ထို့ကြောင့် သူက အရင်ဆုံး ဂိုဏ်းထံသို့ သွားကာ သတင်းနည်းနာကြည့်မည် ဖြစ်သည်။ ပုံမှန်မဟုတ်တာ ဘာမှ မဖြစ်ခဲ့လျှင်တော့ သူက ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ ရှေ့တန်းတပ်စခန်းထံ အလျင်အမြန် သွားရောက်လေမည်။

ခြောက်ရက်လောက် ပျံသန်းလာခဲ့ပြီးနောက်မှာတော့ ဟန်လိသည် ထိုက်ယွဲ့တောင်တန်းထံ ရောက်လာခဲ့လေပြီ။ သူက မည်သူ့ကိုမျှ သတိမပေးပေ။ ထိုအစား သူ့ကိုယ်ပိုင် အင်မောတယ်လှိုဏ်ဂူထံ အရင်ဆုံး တိတ်တဆိတ် သွားရောက်သည်။

သူ လှိုဏ်ဂူထဲ ဝင်လာပြီးသည်နှင့် အပြင်ဘက်မှ အစီအရင်ကို ပိတ်ဆို့လိုက်ပြီး ဟန်လိက များစွာ စိတ်အေးသွားတော့သည်။

ထို့နောက်တွင်တော့ ဟန်လိသည် သူ၏ စိတ်ဝိညာဉ်စိမ့်ရေတွင်း ရှိနေသော လျှို့ဝှက်အခန်းထဲသို့ အလျင်စလို လှမ်းဝင်လာသည်။ သူက စိတ်ဝိညာဉ်စိမ့်ရေတွင်းထဲ၌ လက်သီးဆုပ်ခန့် အရွယ်ရှိသော ပင့်ကူနှစ်ကောင်က လွင့်မြောတည်ရှိနေတာကို တွေ့သည်။ ၎င်းတို့သည် ဥခွံများထဲမှ ထွက်လာကြပုံ ပေါ်နေပြီ။ ၎င်းတို့မှာ ကြီးမားခြင်း မရှိသေးသော်လည်း သာမန်ထက်ထူးကဲကြောင်းကိုတော့ ပြောနိုင်သည်။ အကြောင်းမှာ ၎င်းတို့၏ တောက်ပကြည်လင်သော ခန္ဓာကိုယ်ကြောင့်ပင်။

ဟန်လိကို မြင်သည့်အခါ ယင်းပင့်ကူငယ်နှစ်ကောင်သည် ဖြတ်ခနဲ သူ့ထံ ပြေးဝင်လာသည်။ စစချင်းတော့ ဟန်လိလည်း အံ့အားသင့်သွားသည်။ သို့သော် သူ့စိတ်ထဲ တခုကို ချက်ခြင်း တွေးမိသွားပြီး ယင်းပင့်ကူနှစ်ကောင်ကို မရှောင်တော့ပေ။ သို့ဖြစ်၍ ပင့်ကူနှစ်ကောင်သည် ဟန်လိ၏ ပုခုံးနှစ်ဖက်ပေါ်သို့ တက်လာကြပြီးနောက် သူ့ခန္ဓာကိုယ် တလျှောက် တွားသွားနေကြတော့သည်။

ဟန်လိက ခပ်ရေးရေး ပြုံးမိ၏။ ကြည့်ရတာ သူ့သွေးအနှစ်သာရကို အသုံးပြုထားသော ထိန်းချုပ်ခြင်းအတားအဆီးက သက်ရောက်မှု ရှိပုံ ပေါ်သည်။ ယင်းပင့်ကူနှစ်ကောင်က ဟန်လိကို သူတို့၏ မိဘကဲ့သို့ ထင်မြင်နေကာ တွယ်တာမှုကို ပြသနေသည် မဟုတ်လား။

ကျေနပ်သွားပြီး ဟန်လိက ပင့်ကူတစ်ကောင်ကို သူ့ခန္ဓာကိုယ်ပေါ်ကနေ ဖယ်ခွာယူကာ ၎င်းကို သိချင်စိတ်ဖြင့် သေချာ စူးစမ်းကြည့်သည်။ ယေဘုယျအားဖြင့် ပင့်ကူများအပေါ် လူများက မနှစ်မြို့တတ်ကြသော်လည်း သည်ပင့်ကူကမူ တောက်ပကြည်လင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေသည်။ ၎င်းမှာ အလွန်လှ၏။ လူများကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူချင်စိတ်ကိုပါ ပေါက်စေနိုင်သည်။

သို့သော် ဟန်လိကို အံ့အားသင့်စေသည်မှာ ယင်းပင့်ကူလေးထံမှ ပေးစွမ်းနေသော စိတ်ဝိညာဉ်ချီသည် ချီစုဆောင်းခြင်းအဆင့်လေးတွင် ရှိနှင့်နေတာ ဖြစ်၏။ ၎င်းသည် အဆင့်တစ်နတ်ဆိုးသားရဲကောင် ဖြစ်နှင့်နေချေပြီ။ နောက်ထပ် အလားအလာကောင်းများစွာ ပိုင်ဆိုင်ထားပုံ ပေါ်၏။

ထိုအဖြူရောင်ပင့်ကူသည် ဟန်လိ သိထားခဲ့သော စာရင်းအရဆို အဆင့်တစ်ရာဝန်းကျင်တွင် ရှိသော သွေးကျောက်စိမ်းပင့်ကူ ဖြစ်နေသည်။ ၎င်းမှာ ရွှေကျောကုန်းဓားခုတ်ကောင် လောက်တော့ ရှိန်ဖို့ မကောင်းသော်လည်း ရှားပါးမျိုးစိတ်တစ်ခုတော့ ဖြစ်နေသည်သာ။

ဟန်လိသည် ၎င်းပင့်ကူငယ်နှစ်ကောင်နှင့် ခဏ ဆော့ကစားပေး၏။ ယင်းနောက် သူက ၎င်းတို့ကို သားရေအိတ်တစ်ခုထဲသို့ ထည့်သိမ်းသည်။ သူသည် မည်သည့်အချိန်၌ ပြန်ရောက်နိုင်စွမ်း ရှိမည်ကို မသိမှတော့ သူနှင့်အတူ ထိုနှစ်ကောင်ကို ခေါ်သွားချင်မည်သာ။

ယင်းနောက်တွင်တော့ ဟန်လိက သူ့အိပ်ယာထံ သွားကာ ၎င်းအောက်မှ သေတ္တာကြီးတစ်ခုကို ထုတ်ယူသည်။

ထိုသေတ္တာထဲတွင် အဆောင်အမျိုးမျိုး အပြည့်ထည့်ထားသော သိုလှောင်အိတ်များ ရှိ၏။ ဟန်လိသည် ယင်းတို့ထဲမှ နှစ်ခုကို ထုတ်ယူသည်။ သူသည် သူ့လက်ထဲ၌ ရှိနေသော အဆောင်အားလုံးနီးပါးကို အသုံးပြုခဲ့ပြီး ဖြစ်၍ ပြန်ဖြည့်တင်းရမည် ဖြစ်သည်။ ကိစ္စကိဝများ ပြီးသည်နှင့် ဟန်လိက ဝိညာဉ်သေကို သူ့လှိုဏ်ဂူ၌ ထားခဲ့ပြီး အဝါရောင်မေပယ်တောင်ကြားထံ တန်းတန်းမတ်မတ် ပျံသန်းလာခဲ့တော့သည်။

ဂိုဏ်းသားအများစုက ရှေ့တန်းတပ်စခန်းထံ အလျင်စလို သွားကြသောကြောင့် ဟန်လိ ပျံသန်းလာချိန်တွင် ချီစုဆောင်းခြင်းကျင့်ကြံသူတပည့် အနည်းငယ်ကိုသာ တွေ့ရလေသည်။ သူသည် လမ်းတွင် တွေ့ရသော တပည့်တစ်ယောက်ကို တောင်ကြား အခြေအနေနှင့် ပတ်သတ်ပြီး မေးကြည့်သည်။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းထံမှ ဘာသတင်းမှ ရောက်မလာခဲ့ဟု သိလိုက်ရသည်။ ဟန်လိမှာ များစွာ စိတ်အေးသွားတော့၏။ သို့သော် သူ သိရသည့်သတင်းက ချီစုဆောင်းခြင်း တပည့်တစ်ယောက်ထံမှသာ ဖြစ်နေသေးသည်။ သို့ဖြစ်၍ ဟန်လိက သည်ကိစ္စကို လက်လွှတ်၍ မဖြစ်သေးပေ။ ခဏ စဉ်းစားပြီးနောက်မှာတော့ သူသည် ဆေးပေါင်းတစ်ရာဥယျာဉ်ထံ ဦးတည်သွားလေသည်။ အခြေခံတည်ဆောက်ခြင်းအလယ်အဆင့် ဖြစ်သော ထိုဥယျာဉ်ပိုင်ရှင် လူကောင်သေးသေး အဘိုးအိုမှာ ခိုင်မာသော သတင်းတချို့ကို သိနိုင်လောက်ပေသည်။

တအောင့်အကြာတွင် ဟန်လိသည် ဆေးပေါင်းတစ်ရာဥယျာဉ်အထက်မှာ ပေါ်လာသည်။ သို့သော် သူ့ကို အဖြူရောင်မြူအစီအရင်မန္တာန်တစ်ခုက တားဆီးထားသည်။ ဟန်လိသည် ထိုအဘိုးအိုငယ်ထံ သည်အစီအရင်၏ တံဆိပ်ပြားကို ပြန်ပေးခဲ့တာ ကြာပြီ ဖြစ်သည်။ သို့ဖြစ်၍ သူသည် သည်ဥယျာဉ်ထဲ စိတ်ကြိုက် အဝင်အထွက် မလုပ်နိုင်တော့ပေ။

ဟန်လိသည် ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်၏ စွမ်းအားကို သိရှိတွေ့ကြုံဖူးပြီး ဖြစ်သော်လည်း ထိုအဘိုးအိုငယ်၏ ရိုးရှင်းသောပုံရိပ်ယောင် အစီအရင်မှာ သူ့ကို အနှောက်အယှက် ပေးနိုင်နေတုန်းပင်။ သူက အတင်းအကြပ် ဝင်ရောက်မည့်အစား အသံပို့လွှတ်သည်။

တအောင့်အကြာတွင် သူ့အောက်မှ အဖြူရောင်မြူသည် လွင့်ပါးသွားကာ လမ်းကြောင်းတစ်ခု ပေါ်လာသည်။ ဤသည်ကို မြင်သည့်အခါ ဟန်လိသည် အားပါးတရ ပြုံး၍ အောက်သို့ ဆင်းသက်လာသည်။ သူက ဥယျာဉ်၏ အလယ်သို့ ရောက်လာချိန်တွင် လူနှစ်ယောက် သူ့ကို စောင့်နေတာကို လှမ်းမြင်၏။

“စီနီယာအစ်ကိုမာလည်း ဒီမှာ ရှိနေတာကို…” ဟန်လိက ပြုံး၍ ထိုအဘိုးအိုကို ဤသို့ လှမ်းပြောသည်။

“ဟွန်း…တစ်ယောက်နဲ့တစ်ယောက် မမြင်ရတာတောင်မှ မင်းက ငါ့ကို ဒုက္ခလှမ်းပေးသေးတာပဲ…”

“ဟားဟား…ကြည့်ရတာ မိန်းကလေးရှောင်က ခင်ဗျားကို စိတ်ကျေနပ်စေတဲ့ တပည့်တစ်ယောက် ဟုတ်မနေဘူးနဲ့တူတယ်…”

ဟန်လိက ထိုသို့ အားပါးတရ ရယ်မောရင်း ထိုသို့ ပြောသည်။

မျက်နှာမသိမသာ နီမြန်းသွားပြီး ထိုမိန်းကလေးက ဟန်လိကို ကျေးဇူးတင်စိတ်ဖြင့် ဂါဝရပြု နှုတ်ဆက်စကား ပြောသည်။

“ရှောင်းချိုက်အာက စီနီယာဦးလေးဟန်ကို လေးစားသမှု ပေးပါတယ်။ ဦးလေးဟန်ရဲ့ ကူညီပေးခဲ့မှုအတွက်လည်း ကျေးဇူးအများကြီး တင်ရပါတယ်…”

ထိုမိန်းကလေးသည် ရှောင်မြေးအဘိုးနှစ်ယောက်ထဲမှ မြေးမဖြစ်သူတည်း။

အဘိုးအိုငယ်က သည်စကားကို ကြားသည့်အခါ သူက မျက်နှာပျက်သွားသည်။ သို့သော သူက တခုခု ပြောချင်နေစဉ် ဟန်လိက အလျင်အမြန် ကြားဖြတ်ကာ ပြော၏။

“အစ်ကိုမာ…ကျုပ် ဒီကိုလာခဲ့တာဟာ ခင်ဗျားနဲ့ အရေးတကြီး ကိစ္စတစ်ခု ဆွေးနွေးစရာ ရှိလို့။ အဲ့ကိစ္စက တကယ့်ကို စိတ်ပူစရာပဲ…”

ဟန်လိက အလေးအနက်အသွင်ဖြင့် ရုတ်တရက် ထိုသို့ ပြောလာသည်။ ဟန်လိ၏ အလေးအနက်ဟန်ပန်ကို မြင်သ်ည့အခါ အဘိုးအိုငယ်က မျက်မှောင်ကြုံ့သွားသည်။ ခဏအကြာ သူက ရှောင်ချိုက်အာကို ညွှန်ကြားခိုင်းစေလိုက်သည်။

“ဥယျာဉ်ဝင်ပေါက်ကို သွားစောင့်ကြပ်နေချေ။ ငါ မင်းရဲ့ ဦးလေးဟန်နဲ့ ကိစ္စတချို့ ဆွေးနွေးစရာ ရှိတယ်…”

“ကောင်းပါပြီ…ဆရာ…” ထိုမိန်းကလေးက တလေးတစားဖြင့် တုန့်ပြန်ကာ ဥယျာဉ်ဝင်ပေါက်ထံ လှမ်းလျှောက်သွားတော့သည်။ သူ့တပည့်မဖြစ်သူ၏ နာခံပုံကို မြင်ရသည့်အခါ အဘိုးအိုငယ်သည် ကျေနပ်သွားဟန် သိသိသာသာ ဖြစ်ပေါ်၏။

ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် စိတ်ထဲကနေ ပြုံးမိသည်။ ထိုစီနီယာအစ်ကိုမာသည် သူက ဒုက္ခအတော်လေး ပေးခဲ့သည်ဟု ပြောခဲ့သည်။ သို့သော် စိတ်ထဲကမူ ထိုအစ်ကိုမာမှာ သူ ပို့ပေးခဲ့သော ရှောင်ချိုက်အာကို သဘောကျနေတာ သိသာနေ၏။

သည့်နောက်မှာ အဘိုးအိုငယ်သည် ဟန်လိကို ဧည့်ခန်းထံ ခေါ်လာသည်။ သူတို့နှစ်ယောက်လုံး ထိုင်ပြီးနောက်မှာတော့ သူက မေးလိုက်သည်။

“ဂျူနီယာညီလေး…မင်းက ရှေ့တန်းတပ်စခန်းကို သွားသင့်တာ မဟုတ်ဘူးလား။ မင်း ဒီကို ပြန်လာပြီး မေးခွန်းတွေမေးဖို့ အချိန်ကော ရှိပါ့မလား။ မင်း ဒီကို လာခဲ့တဲ့ အရေးတကြီး အကြောင်းကို ကျုပ် ကြားချင်တယ်…”

အစ်ကိုမာက မထူးခြားနားဟန်ဖြင့် ရှိနေသည်။

“ဒီလိုပါ…” ဟန်လိသည် သက်ပြင်းချကာ ခါးသီးစွာ ပြုံး၍ ဖြစ်ကြောင်းကုန်စဉ်ကို ရှင်းပြသည်။

ဟန်လိသည် ထိုအဘိုးအိုငယ်နှင့် ရင်းနှီးခဲ့တာ နှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်သောကြောင့် အဘိုးအိုသည် စကားပြောရာ၌ ဘုကလန့်နိုင်သော်လည်း စိတ်ရင်းကောင်းသူမှန်း သိထားပေသည်။ ထို့ကြောင့် သူက ဝိညာဉ်ထိန်းချုပ်ဂိုဏ်းမှ ကျင့်ကြံသူနှင့် တွေ့ကြုံခဲ့ရပုံကို ပြောပြသည်။ တိုက်ပုံခိုက်ပုံ အသေးစိတ်ကိုတော့ ဖော့ပြောကာ ဝိညာဉ်သားရဲတောင်က မိစ္ဆာတာအိုဂိုဏ်းများနှင့် ပူးပေါင်းနေကြောင်းကိုသာ ဖိပြောပြသည်။ ဟန်လိ၏ စကားများကို ကြားရသည့်အခါ အဘိုးအို၏ ဟန်ပန်မှာ တောင့်တင်းသွားလေသည်။

အချိန်အတော်အတန် ကြာပြီးနောက် သူက ဟန်လိကို ထူးခြားသောဟန်ပန်ဖြင့် မေးသည်။

“ဂျူနီယာဟန်…မင်းက အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို သုတ်သင်နိုင်ခဲ့တာ ဟုတ်လား။ ပြီးတော့ ဝိညာဉ်သားရဲတောင်က မိစ္ဆာတာအိုဘက်က ဟုတ်လား…”

သူသည် ဟန်လိ၏ စကားများကို လုံးဝ မယုံနိုင် ဖြစ်နေပေသည်။

ထိုအဘိုးအိုက ဤသို့ဖြစ်တာ မထူးဆန်းပေ။

ဟန်လိသည် မျက်မှောင်ကြုံ့ကာ ပြန်ဖြေ၏။

“ကျုပ်လည်း အဲ့သတင်းက ဘယ်လောက်ထိ မှန်ကန်တိကျလဲတော့ မသိရဘူး။ ဒါ့ကြောင့်လည်း ရှေ့တန်းတပ်စခန်းရဲ့ သတင်းတစ်ခုခုများ ကြားရလား သိချင်လို့ ကျုပ်က ဂိုဏ်းကို အရင်ဆုံး ပြန်လာခဲ့တာပါ။ ခု ဘာမှ ထူးထူးခြားခြား မဖြစ်မှတော့ ကျုပ်လည်း စိတ်အေးအေးနဲ့ အဲ့ကို သွားနိုင်ပါပြီ…”

ဟန်လိသည် သူ့အသက်ကိုယ်သူ မည်မျှတန်ဖိုးထားကြောင်း သဘောဆန္ဒကို ထိုအဘိုးအိုအား မဖုံးကွယ်ထားပေ။

“ထွေထွေထူးထူးတော့ မရှိပါဘူး။ ကျုပ်တို့က စိတ်ဝိညာဉ်ကျောက်တုံး အမြောက်အများနဲ့ တခြား ထောက်ပံ့ရေးတွေကိုသာ ပို့ပေးဖို့ တောင်းဆိုချက်တွေလောက်ပဲ လက်ခံရရှိတယ်။ ဘာသတင်းဆိုးမှတော့ ရောက်မလာသေးဘူး။ အကုန်လုံး ပုံမှန်ပါပဲ…”

အဘိုးအိုက ထိုသို့ ဆိုသည်။ ဟန်လိသည် စိတ်အေးကာ သက်ပြင်းချပြီး သူ့နှာခေါင်းကို ပွတ်၍ ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။

“ကြည့်ရတာ ကျုပ်တော့ အရူးလုပ်ခံခဲ့ရတဲ့ ပုံပဲ။ ကျုပ်ကို အရူးလုပ်ခဲ့တဲ့ အဲ့ကျင့်ကြံသူကိုပဲ မကျေနပ်တာ ပုံချဖို့ ဆဲရမလား…။ ဒါမှမဟုတ် ရှေ့တန်းတပ်စခန်းမှာ ဘာမှ ဆိုးဝါးတာ မဖြစ်လို့ ဝမ်းပဲ သာရမလားပဲ…”

ဒန်…ဒန်…။ သူ့ စကားဆုံးရုံရှိသေး တရားဝင်ခန်းမဆောင်ထံမှ ခေါင်းလောင်းသံသည် အဆက်မပြတ် မြည်ဟိန်းလာသည်။

ဟန်လိနှင့် အဘိုးအိုငယ်တို့သည် တစ်ယောက်နှင့်တစ်ယောက် အကြောင်သား ကြည့်မိကုန်သည်။

ထိုခေါင်းလောင်းထိုးသံက ရပ်တန့်သွားဖို့ ဆယ့်ငါးမီနစ်လောက်ကို ကြာခဲ့သည်။ အဘိုးအိုသည် မျက်နှာအပျက်ပျက်ဖြင့် အသက်ဝဝရှိုက်သွင်းလိုက်သည်။ သူက လေးလေးနက်နက်လေသံဖြင့် ပြောလာသည်။

“ရှစ်ဆယ့်တစ်ကြိမ်ထက မနည်းဘူးပဲ။ ကြည့်ရတာ မင်း ပြောတဲ့ သတင်းက မှန်ဖို့ များနေပြီ။ အခြေအတွေက အတော်လေး ဆိုးဝါးတဲ့ပုံပဲ…”

“ဘာတွေဖြစ်လဲ သွားကြည့်ကြစို့။ ကျနော် အစောလေးက ပြောခဲ့တဲ့ သတင်းနဲ့လည်း ဆိုင်ချင်မှ ဆိုင်မှာပါ…”

“ကျုပ်တို့ ဂိုဏ်း ပျက်စိးနိုင်တဲ့ အရေးအခင်းမျိုး ကြုံနေတာကြောင့်သာ မဟုတ်ရင် ဒီနဂါးခြေလှမ်းခေါင်းလောင်းကို ဘယ်လိုလုပ် ရှစ်ဆယ့်တစ်ကြိမ်လောက်ထိ တီးခတ်မြည်ဟိန်းစေပါ့မလဲ…”

ထိုအဘိုးအိုက ခါးသီးစွာ ပြုံးနေတော့သည်။

All Chapters