← Chapters

မြင့်မြတ်သောဘိုးဘေးလင်းဟူ

Vol. 25 Ch. 346

မြင့်မြတ်သောဘိုးဘေးလင်းဟူ

Vol. 25 Ch. 346

ဟန်လိနှင့် အဘိုးအိုငယ်တို့သည် အခန်းထဲကနေ အတူတူ ထွက်လာကြသည်။ ခေါင်းလောင်းထိုးသံများကို ဆက်တိုက် ကြားနေရသည့်အခါ ဥယျာဉ်ဝင်ပေါက်ရှိ ရှောင်ချိုက်အာသည် နောက်ဘက်သို့ လှည့်ကြည့်မိသည်။ အဘိုးအိုငယ်သည် မျက်မှောင်ကြုံကာ သူမထံ လှမ်းလာပြီး ခပ်တိုးတိုး ပြောပြသည်။ သည့်အခါကျမှ အနှီမိန်းကလေးငယ်သည် တည်ငြိမ်နိုင်တော့သည်။

ထို့နောက်တွင် အဘိုးအိုငယ်က ဟန်လိကို ခေါ်ကာ သူတို့နှစ်ယောက်သည် တရားဝင်ခန်းမထံ ဦးတည် ပျံသန်းလာကြသည်။ လမ်းတွင် ဟန်လိသည် ထိုနေရာထံ ဦးတည်နေသော ကျင့်ကြံသူ အမြောက်အများကို မြင်သည်။ သို့သော် အများစုကတော့ ချီစုဆောင်းခြင်းတပည့်များသာ။ ဂိုဏ်း၏အင်အားက ခုလက်ရှိတွင် ကြီးစွာ လျော့ပါးနေတာ ထင်ရှားသည်။ မိစ္ဆာတာအိုဂိုဏ်းကသာ ရောက်လာခဲ့ပါက မဟာအကာအကွယ်များဖြင့်ပင် ဂိုဏ်းအနေဖြင့် အချိန်ကြာကြာ တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

အလေးအနက်အမူအရာများဖြင့် သူတို့နှစ်ယောက်က ခရီးထပ်ဆက်လာကြသည်။ မကြာခင် ကျောက်သားခန်းမကြီးတစ်ခုသို့ ရောက်လာ၏။ ခုချိန်မှာ ကျင့်ကြံသူတစ်ထောင်ကျော်က ခန်းမရှေ့မှာ စုဝေးရောက်ရှိနေလေပြီ။ သို့သော် အစောင့်များက သူတို့ကို တားဆီးထားကြသည်။ အနည်းဆုံး အခြေခံတည်ဆောက်ခြင်းအဆင့် ရှိမှသာ အထဲသို့ ဝင်ခွင့်ပြုသည်။

ကျင့်ကြံသူအုပ်ကြီး၏ စိတ်ရှုပ်ထွေးနေသော အကြည့်များအောက်မှာ ဟန်လိနှင့် အဘိုးအိုငယ်တို့သည် အထဲသို့ ဝင်လာကြသည်။

ဟန်လိသည် တရားဝင်ခန်းမထဲ ရောက်သည်နှင့် တုန်လှုပ်အံ့အားသင့်သွားရသည်။ သူ မျှော်လင့်ထားသည့်အတိုင်း ရုန့်ရင်းဆန်ခတ် ဖြစ်မနေပေ။ ထိုအစား ကျင့်ကြံသူတစ်ရာကျော်က လုံးဝ ငြိမ်သက်တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလျက် ခုန်ပေါ်တွင် ထိုင်နေသောသူထံ တလေးတစား ကြည့်နေတာကို သူ မြင်သည်။

ထိုသူမှာ အဝါရောင်မေပယ်တောင်ကြား၏ ဂိုဏ်းခေါင်းဆောင် ကျုံးလင်းတောက် မဟုတ်ပေ။ ထိုအစား ခေါင်းဆောင်ကျုံးလင်းတောက်က သူ့ဘေးမှာ ရပ်လို့နေသည်။ ထိုင်နေသော အဘိုးအိုသည် တခေါင်းလုံးဆံပင်များ ဖြူနေလျက် သူက ပန်းထိုးအင်္ကျီကို ဝတ်ထားပြီး သူ့အသွင်ဟန်ပန်ကတော့ သွေ့သွေ့ခြောက်ခြောက်နိုင်သည်။ သို့သော် မည်သည့်အတွက်ကြောင့်မှန်း မသိလေဘဲ ဟန်လိက ထိုသူ့ကို မြင်သည့်အခါ စိတ်နှလုံး ခုန်ပေါက်သွားရသည်။

“ ဘာများလဲ…” ဟန်လိသည် အံ့အားတသင့် ဖြစ်နေသည်။

ထိုအဘိုးအိုသည် ဟန်လိနှင့် အဘိုးအိုငယ်တို့ကို တချက်သာ လှမ်းကြည့်သည်။ သို့သော် သူ့ တချက်ကြည့်ရုံမျှက ဟန်လိ၏ ခန္ဓာကိုယ်မှာ ရေခဲထုထဲ ရောက်သွားသကဲ့သို့ ခံစားသွားရပြီး သူ့စိတ်နှလုံးမှာလည်း တင်းကြပ်သွားသည်။ သူ၏ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များအားလုံး ဖြတ်မြင်ခံရသည့်နှယ်။ ဟန်လိသည် တုန်လှုပ်မှုကြောင့် ဖြူရောမိရသည်။

“အန်…မင်းရဲ့ စိတ်ဝိညာဉ်ကျင့်ကြံခြင်း ပညာရပ်က သိပ်မဆိုးလှပါလား။ မင်းရဲ့ စိတ်ဝိညာဉ်အားကောင်းအောင်လို့ ဘယ်ပညာရပ်ကို အသုံးပြု ကျင့်ကြံခဲ့တာလဲ…”

ထိုအဘိုးအိုသည် ဟန်လိကို မြင်သည့်အခါ သူ့မျက်လုံးထဲ အံ့အားသင့်ဟန် ဖြတ်ပြေးသွား၏။

သူ့စကားကို ကြားသည့်အခါ ဟန်လိသည် ဒေါသထွက်မှုကော၊ ကြောက်လန့်မှုကောကိုပါ တပြိုင်နက်တည်း ခံစားမိရသည်။ သူ လုံးဝ မယုံကြည်နိုင် ဖြစ်သွားရသည်။ သူသည် ယင်းအဘိုးအိုထံမှ မည်သည့်စိတ်ဝိညာဉ်စွမ်းအားကိုမှ အာရုံမခံမိပေ။ သူတို့နှစ်ယောက်ကြား ကျင့်ကြံခြင်းကွာဟချက်မှာ မိုးနှင့်မြေအလား ဖြစ်နိုင်သည်။

လီဟွာယွမ်နှင့် တခြားသော အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများထံကနေ သူ့အနေဖြင့် ဤသို့ မခံစားမိခဲ့ဖူးပေ။ ဖြစ်နိုင်သည်က ထိုသူမှာ…။

ခဏ စဉ်းစားနေပြီးနောက်မှာ ဟန်လိက ပါးစပ်အဟောင်းသား ဖြစ်ကျန်ခဲ့သည်။ သူ့ဒေါသမှာလည်း အရှင်းလွင့်စင်သွားပြီး သူက တလေးတစားဖြင့် ခပ်သွက်သွက် ပြန်ဖြေသည်။

“စီနီယာ့ကို တင်ပြပါတယ်။ ကျနော်က စိတ်ဝိညာဉ်နဲ့ ပတ်သတ်တဲ့ ပညာရပ်တစ်ခုကို အမှန်တကယ်ပဲ ကျင့်ကြံခဲ့ပါတယ်။ စီနီယာရဲ့ အမြင်က ထူးကဲလွန်းလှပါပေတယ်…”

ပန်းထိုးအင်္ကျီနှင့် အဘိုးအိုသည် မသိမသာ ပြုံးကာ ပေါ့ပေါ့ပါးပါး လက်ဝေ့ယမ်းပြသည်။ ထို့နောက်တွင် ဟန်လိနှင့် အဘိုးအိုငယ်တို့သည် လူအုပ်ထဲသို့ ရောက်လာကြသည်။

ဆယ့်ငါးမီနစ်လောက် ကြာပြီးနောက်မှာ နောက်ထပ် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ ဆယ်ယောက်ကျော် ထပ်ရောက်လာသည်။ ထိုအခါ ကျုံးလင်းတောက်သည် ထိုအဘိုးအိုထံ တလေးတစားဖြင့် ပြောလေ၏။

“မြင့်မြတ်တဲ့ ဘိုးဘေးခင်ဗျာ…ခုဂိုဏ်းမှာ ရှိတဲ့ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူအားလုံး ရောက်ရှိပါပြီ။ စီနီယာအစ်ကိုဟောင်ကတော့ အချိန်မီ ပြန်မလာနိုင်တော့ပါဘူး။ ခုလက်ရှိ သူက ကောင်းကင်ကျောက်သားတောင်မှာပါ…”

သည်စကားကို ကြားသည့်အခါ ထိုအဘိုးအိုသည် မသိမသာ မျက်မှောင်ကြုံ့သွားပြီး မထူးခြားနားဟန်ဖြင့် ချက်ခြင်း ညွှန်ကြားချက် ပေးလေသည်။

“ဒါဆိုလည်း ရှိစေတော့။ ကျုပ်တို့ ဒီကိစ္စကို ထပ်နှောင့်နှေးလို့ မရတော့ဘူး။ ကျုပ်တို့ သူ မပါဘဲ အရင်ဆုံး စကြတာပေါ့…”

“ ဟုတ်ပါတယ်…ဘိုးဘေး ပြောတာ မှန်ပါတယ်ခင်ဗျ…” ကျုံးလင်းတောက်က အဘိုးအို၏ စကားကို အပီအပြင် သဘောတူသည်။

အဘိုးအိုကတော့ ရယ်မော၍သာ တုန့်ပြန်သည်။ သူက ဘာမှ ထပ်မပြောတော့ပေ။

“ရောင်းရင်းညီအစ်ကိုတို့…ခင်ဗျားတို့အားလုံးကို မြင့်မြတ်တဲ့ဘိုးဘေး လင်းဟူနဲ့ ကျုပ် မိတ်ဆက်ပေးပါရစေ။ ခင်ဗျားတို့ ကြားဖူးတဲ့အတိုင်း သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာတည်းက စဦးစိတ်ဝိညာဉ်အဆင့်ကို ဝင်ရောက်သွားခဲ့ပြီး ကျုပ်တို့ ဂိုဏ်းရြ့ မြင့်မြတ်တဲ့အကြီးအကဲ ဖြစ်တဲ့သူပဲ။ ခုချိန်စမှာ ကျုပ်တို့ဂိုဏ်းဟာ ပျက်သုဉ်းရတော့မယ့် အခြေအနေကို ကြုံနေရပြီ။ ဒီကိစ္စကို ဘိုးဘေးကပဲ အပြည့်အစုံ ရှင်းပြပါလိမ့်မယ်…”

ထိုသို့ ပြောပြီးနောက်မှာ ကျုံးလင်းတောက်က ဘေးသို့ ဖယ်သည်။

သည်နေရာတွင် ရှိနေသောသူ အများစုမှာ ထိုပန်းထိုးဝတ်စုံနှင့် အဘိုးအိုသည် မည်သူမည်ဝါမှန်း ခန့်မှန်းထားခဲ့ကြပြီး ဖြစ်သော်လည်း သူတို့၏ ထင်မြင်ချက်များ သေချာသွားသည့်အခါ ဝိုးခနဲဝါးခနဲ အသံများ ထွက်ပေါ်လာကြသည်။

လူအုပ်ကြီးသည် မြင့်မြတ်သောဘိုးဘေးလင်းဟူကို အားကျစွာ မော်ကြည့်နေကြသည်။ အဝါရောင်မေပယ်တောင်ကြား တည်ရှိခဲ့သည် နှစ်ပေါင်းတစ်ထောင်အတွင်း စဦးစိတ်ဝိညာဉ်အဆင့်ဟူ၍ တစ်ဦးတည်းသာ ရှိပေသည်။ အသက်ရှစ်ရာနီးပါး ရှိပြီ ဖြစ်သော ဘိုးဘေးလင်းဟူသည် အဝါရောင်မေပယ်တောင်ကြား၏ အဖဟူ၍ပင် ပြော၍ ရနိုင်သည်။ ဘိုးဘေးလင်းဟူသည် ချောင်းဟန့်ကာ ဝိုးခနဲဝါးခနဲ ဆူသံညံသံများကို တိတ်စေသည်။ ခန်းမတစ်ခုလုံး ငြိမ်သက်သွား၏။ သည်ဘိုးဘေးကို မည်သူကများ မျက်နှာသာ မပေးဝံ့ဘဲ နေဝံ့ပါမည်နည်း။

“မင်းတို့အားလုံးက နဂါးခြေလှမ်းခေါင်းလောင်း မြည်သံကို ကြားပြီးမှတော့ ကျုပ်အနေနဲ့ အပိုတွေ ပြောမနေတော့ဘူး။ ခုချိန်ကစပြီး ကျုပ်တို့ ဂိုဏ်းကြီးခုနစ်ဂိုဏ်းနဲ့အတူ မဟာမိတ်တွေဟာ ရှေ့တန်းမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရတယ်။ ဆိုးဆိုးဝါးဝါးပဲ။ ကျုပ်တို့ဟာ ဒုတိယခံစစ်မှာ တောင့်ခံနိုင်သေးတယ် ဆိုပေမယ့်လည်း ရှုံးနိမ့်ဖို့ကတော့ အချိန်တစ်ခုပဲ လိုတော့တယ်…”

သည်အဘိုးအိုက ဤသို့ ပြောပြီးသည့်နောက် ခန်းမထဲရှိ ကျင့်ကြံသူအားလုံးမှာ ဖြူရောကုန်သည်။ ဟန်လိနှင့် အဘိုးအိုငယ်တို့ကမူ တစ်ယောက်နှင့်တစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်မိသည်။

“မြင့်မြတ်တဲ့ဘိုးဘေး…ဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ အဆုံးအဖြတ် တိုက်ပွဲ ဖြစ်ဖို့ အချိန် မတိုင်သေးဘူးမလား…”

သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်သည် ထိုသို့ မမေးမိဘဲ မနေနိုင် ဖြစ်ကာ လှမ်းမေးသည်။

“ဘာလို့လဲဆိုတော့ မင်း ထင်ထားသလိုပဲ မိစ္ဆာတာအိုဂိုဏ်းဟာ အလစ်အငိုက် တိုက်ခိုက်လာခဲ့တာ အောင်မြင်သွားလို့ပဲ…”

ထိုအဘိုးအိုသည် မာန်မဲသည့်လေသံဖြင့် ဆိုသည်။ ထိုသို့ မေးမိသော သက်လတ်ပိုင်းလူမှာ လန့်ဖျန့်သွားပြီး နောက်သို့ ခြေလှမ်းများပါ ဆုတ်သွားမိသည်။

ကျန်သည့်လူများလည်း ထိုသူ့ကို ဥပမာယူကာ စိတ်ထဲ၌ သံသယရှိနေခြင်းများကို ဖိနှိပ်ထားလျက် ဘိုးဘေးလင်းဟူ ဆက်ပြောမည့်စကားများကို တိတ်ဆိတ်စွာသာ စောင့်နေတော့သည်။

“ဒီလိုရှုံးနိမ့်မှုဟာ ကျုပ်တို့ရဲ့ သတိပေါ့မှုကြောင့် မဟုတ်ဘူး။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းထဲက ဝိညာဉ်သားရဲတောင်က သစ္စာဖောက်သွားလို့ပဲ။ သူတို့က ရှေ့တန်းမှာ သတိအပြည့်နဲ့ စောင့်နေတဲ့အချိန် အစီအရင်ရဲ့ အပြင်ပိုင်းဟာ ပွင့်ဟသွားခဲ့ပြီး မိစ္ဆာတာအိုဂိုဏ်းသားတွေ ဝင်လာနိုင်ခဲ့တယ်။ ဒါဟာ ကျုပ်တို့အတွက် ဆိုးဝါးတဲ့ ရှုံးနိမ့်မှုကို ဖြစ်စေခဲ့တာပဲ…”

အဘိုးအိုသည် ထိုသို့ ပြောနေစဉ် သူ့မျက်နှာထက်တွင် ဒေါသထွက်ဟန် ပေါ်နေသည်။

ကျင့်ကြံသူတို့မှာ ရုတ်တရက် သဘောပေါက်သွားကြပြီး ဝိညာဉ်သားရဲတောင်ကို ကျယ်လောင်စွာ ဆဲဆိုလေတော့သည်။ ထိုအခါ တဝုန်းဝုန်းနှင့် အသံများ ထပ်မံ ဆူညံသွားပြန်သည်။

“တော်လောက်ပြီ။ ဆဲနေလို့လည်း အသုံးမဝင်ဘူး။ ရန်သူဟာ ကျုပ်တို့ထက် အားကောင်းနေမှတော့ ကျုပ်တို့ အနေနဲ့ အညံ့ခံဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ဘူး။ ခုလက်ရှိ အရေးကြီးဆုံးကတော့ ကျုပ်တို့ဂိုဏ်း မပျောက်ကွယ်သွားအောင် ဘယ်လို ကာကွယ်မလဲ ဆိုတာပဲ။ ရှေ့တန်းမှာ ရှိနေတဲ့ ကျုပ်တို့ရဲ့ ကျင့်ကြံသူတွေဟာ အများဆုံးမှ နှစ်ရက်၊ သုံးရက်လောက်ပဲ တောင့်ခံထားနိုင်တော့မှာ။ အဲ့အချိန်မတိုင်ခင် တတ်နိုင်သမျှ မြန်မြန် ယွဲ့ဒေသကနေ ထွက်ခွာရလိမ့်မယ်…”

ဘိုးဘေးလင်းဟူသည် အလွန်တည်ငြိမ်စွာဖြင့် ထိုသို့ ပြောသည်။

“ယွဲ့ဒေသကနေ စွန့်ခွာရမှာလား…”

ခန်းမတစ်ခုလုံးသည် ငြိမ်သက်သွားလေပြီ။

သူတို့၏ တဘဝလုံးကို ယွဲ့ဒေသတွင်သာ နေခဲ့သော ကျင့်ကြံသူများသည် ဤသည်ကို လက်ခံဖို့ ခက်ခဲနေသည်။ ခဏအကြာထိ မည်သူကမျှ သဘောတူကြောင်း ပြောမလာခဲ့သေးပေ။

“ဘာလဲ။ မင်းတို့က ထွက်သွားဖို့ သိပ်ခက်ခဲနေတာလား…” ထိုအဘိုးအိုက မထူးခြားနားစွာ ပြောသည်။

“မြင့်မြတ်တဲ့ဘိုးဘေး ခင်ဗျ၊ ဘိုးဘေးနဲ့ တခြားစဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေက မိစ္ဆာတာအိုကို ဖယ်ရှားပစ်ဖို့ ဘာနည်းလမ်းမှ မရှိတော့တာလား…”

အသက်သုံးဆယ်ဝန်းကျင် လူငယ်တစ်ယောက်သည် ထိုသို့ ခပ်မြန်မြန် မေးလာသည်။

“ကျုပ်တို့ လုပ်နိုင်တယ်။ ကျုပ်တို့ ရောင်းရင်းအိုတွေသာ အတူတူ ပူးပေါင်းခဲ့ရင် ကျုပ်တို့အနေနဲ့ မိစ္ဆာတာအိုဂိုဏ်းက ကျင့်ကြံသူတွေကို အလွယ်တကူ ဖယ်ရှားသုတ်သင်နိုင်လောက်တယ်….”

ထိုအဘိုးအိုက တည့်ပြောချလာသည်။

“အဲ့လိုဆိုမှတော့ မြင့်မြတ်တဲ့ ဘိုးဘေးတို့က…”

“ဒါပေမဲ့ ကျုပ်တို့ မမေ့သင့်ဘူး။ မိစ္ဆာတာအိုဂိုဏ်းခြောက်ဂိုဏ်းရဲ့ ကျော်ကြားမှုနဲ့ဆို သူတို့မှာ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေ မရှိဘဲ ဘယ်နေပါ့မလဲ။ ကျုပ်တို့ ရောင်းရင်းအိုတွေဟာ သူတို့နဲ့ တိုက်ခိုက်ခဲ့ပြီးပြီး။ ဒါပေမဲ့ ကျုပ်တို့ အရေးနိမ့်ခဲ့တယ်။ ဒါ့ကြောင့် ကျုပ်တို့အနေနဲ့ ဒီတိုက်ပွဲတွေမှာ မပါဝင်၊ မပတ်သတ်ရဘူးလို့ ကျိန်ဆိုခဲ့ရတယ်။ သူတို့လည်း အဲ့လိုပဲ။ ဒါ့ကြောင့် ဒီတိုက်ပွဲတွေကို အဆုံးအဖြတ်ပေးနိုင်တာဟာ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေသာ ဖြစ်တယ်….”

ဘိုးဘေးလင်းဟူသည် သက်ပြင်းချကာ အံ့အားသင့်ဖွယ်ကောင်းသော လျှို့ဝှက်ချက်တစ်ခုကိုပါ ထုတ်ပြောလာသည်။

ဟန်လိသည် စစ်ပွဲ၌ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများ မည်သည့်အတွက်ကြောင့် မမြင်ရသည်ကို ရုတ်တရက် သဘောပေါက်သွားတော့သည်။

“ကျုပ်တို့သာ မရွှေ့ပြောင်းဘူးဆိုရင် သူတို့က အဝါရောင်မေပယ်တောင်ကြားကို လာဝိုင်းပြီး တချီတည်းနဲ့ ဂိုဏ်းကို တိုက်ခိုက်ကြလိမ့်မယ်။ ကျုပ်ကလည်း ကျိန်ဆိုထားရတဲ့အတွက် မင်းတို့ကို ကယ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ကျုပ်ဟာ ဂိုဏ်းကို ယွဲ့ဒေသကနေ ရွှေ့ပြောင်းဖို့ ဆုံးဖြတ်ပြီးပြီး။ ဒါ့အပြင် ကျုပ်တို့ထင် ထွက်သွားကြမှာ မဟုတ်ဘူး။ ကျန်တဲ့ ဂိုဏ်းငါးဂိုဏ်းလည်း ကျုပ်တို့နဲ့အတူ ပူးပေါင်းမှာ။ ဒီနည်းနဲ့ဆို ကျုပ်တို့ဟာ ရေမြေခြားမှာ နောက်ခံစွမ်းအားတစ်ခု ပိုရှိလာနိုင်လိမ့်မယ်။ ကျုပ်တို့ခွန်အားတွေ လုံလောက်လာတဲ့အချိန်ကျရင် ပြန်လာပြီး ယွဲ့ဒေသမှာ ကျုပ်တို့နေရာအတွက် တိုက်ခိုက်ကြမယ်…”

ဘိုးဘေးလင်းဟူသည် အေးစက်စက်ပြုံးကာ ထိုသို့ ပြော၏။ သူက အားလုံးကို ယွဲ့ဒေသကနေ ထွက်သွားခြင်းအပေါ် လက်ခံစေချင်တာ သိသာသည်။

ဘိုးဘေး၏ ပြတ်သားသော လေသံကို ကြားရသည့်အခါ တခြားသူများကလည်း သူ့အမိန့်ကို နာခံရုံသာ ရှိတော့သည်။ သူတို့သည် မည်သည့်ထင်မြင်ချက်ကိုမျှ ထုတ်ဖော် မပြောဝံ့ကြပေ။

“ကဲ ပြောစရာ ရှိတာတော့ ပြောပြီးပြီး။ ဒါပေမဲ့ ကျုပ်နဲ့ အတူ အန္တရာယ်များတဲ့ တာဝန်တစ်ခုကို လုပ်ရအုံးမယ်…”

ဘိုးဘေးလင်းဟူက ရုတ်တရက် ထိုသို့ ဆိုလာသည်။ လူအုပ်မှာ တုန်လှုပ်သွားကြပြီး တစ်ယောက်နှင့်တစ်ယောက် မင်သက်စွာ ကြည့်မိကုန်သည်။

“ကျုပ် ရွေးချယ်တဲ့သူတွေဟာ ခန်းမအနောက်ဘက်ကို ကျုပ်နောက်ကနေ လိုက်ခဲ့ကြ။ တခြားသူတွေကတော့ ဂိုဏ်းခေါင်းဆောင် ကျုံးလင်းတောက် စီစဉ်တဲ့အတိုင်း နာခံကြပါ…”

ထိုအဘိုးအိုသည် ထိုင်နေရာကနေ ထရပ်ပြီး လူအုပ်ထံသို့ လျှောက်လာသည်။

“မင်း…မင်းကော…ပြီးတော့ မင်းရယ်…” နည်းနည်းလေးမျှ အားနာနေခြင်း မရှိလေဘဲ သူသည် သည်နေရာတွင် ရှိနေသော လူအုပ်ထဲမှ တစ်ဝက်ကျော်ကို လက်ညှိုးထိုးသည်။ ဟန်လိနှင့် အဘိုးအိုငယ်တို့မှာလည်း သည်ရွေးချယ်ခံရသူများထဲ၌ ပါဝင်ကြသည်။ လူရွေးပြီးသည့်နောက်မှာ ဘိုးဘေးလင်းဟူက ခန်းမအနောက်ဘက်သို့ ဝင်သွားသည်။ ဟန်လိနှင့် တခြားသူများမှာ စိတ်ဂနာမငြိမ် ဖြစ်နေကြပြီ။ ခဏ တွေဝေနေပြီးနောက်မှာ သူတို့လည်း ဘိုးဘေးနောက်သို့ နာခံစွာ လိုက်ပါလာကြသည်။

All Chapters