ရှောင်တိမ်းခြင်း
Vol. 25 Ch. 347
သူတို့က ခန်းမအနောက်ဘက်သို့ ရောက်လာသည့်အခါ ထိုအဘိုးအိုက လက်နောက်ပစ်လျက် ရပ်နေသည်။ ကျင့်ကြံသူများ ရောက်လာတာကို မြင်သည့်အခါ သူက အလေးအနက်ဟန်ပန်ဖြင့် ပြောသည်။
“ငါ ရွေးချယ်ခဲ့တဲ့သူတွေဟာ ပါရမီမဆိုးတဲ့သူတွေ ဒါမှမဟုတ် ကောင်းမွန်လှတဲ့ ကျင့်ကြံခြင်းပညာရပ်တွေကို လေ့ကျင့်ထားကြတဲ့သူတွေပဲ။ မင်းတို့ဟာ ကျုပ်တို့ဂိုဏ်း ပြန်ရှင်သန်နိုင်ဖို့အတွက် လောင်စာတွေလည်း ဟုတ်တယ်။ ဒါ့ကြောင့် ကျုပ်က မင်းတို့ကို နေ့တဝက်အချိန်ပေးမယ်။ ပြီးရင် မင်းတို့ရဲ့ ပစ္စည်းပစ္စယတွေ ယူပြီး ချက်ခြင်း ပြန်လာခဲ့ကြ။ အဲ့နောက်မှာတော့ သိုင်းတူလေးဟောင်က မင်းတို့ရဲ့ ခရီးစဉ်ကို ဦးဆောင်လိမ့်မယ်…”
လူတိုင်းသည် တုန်လှုပ်ကုန်သည်။ တချို့က အံ့အားတသင့် ဖြစ်ကာ မေးလာသည်။
“မြင့်မြတ်တဲ့ဘိုးဘေးခင်ဗျ…ကျုပ်တို့အနေနဲ့ မိစ္ဆာတာအိုဂိုဏ်းတွေ ရောက်မလာခင် အချိန်နှစ်ရက်ကျော်လောက် ရသေးတယ်မလး။ ဘာကြောင့်များ အလျင်လိုရတာပါလဲ…”
“ဟက်…ကျုပ်တို့ရဲ့ ခံစစ်က နှစ်ရက်အတွင်း ချိုးဖျက်ခံနေရတဲ့အချိန် သူတို့ဟာ နောက်မှာ ကျန်တဲ့သူတွေ ထွက်သွားဖို့ အခွင့်အရေး ပေးလိမ့်မယ်လို့ မင်း ထင်လား။ သူတို့ဟာ ခံစစ်လိုင်းကို ကျော်ပြီး အဝေးမှာ ရှိတဲ့ ဂိုဏ်းတွေကို တိုက်ခိုက်ဖို့အတွက် လူတွေ လွှတ်လိမ့်မယ်။ မင်းတို့ကို ရှင်းထုတ်ဖို့ထက် ခရီးဆက်လို့မရအောင်၊ မလွတ်မြောက်သွားအောင် ဟန့်တားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ဒါ့ကြောင့် ကျုပ်တို့ဟာ အပြင်ဘက်ကသူတွေကို စတေးပြီး မင်းတို့ နောက်ဆုတ်ဖို့အတွက် အချိန်ကို ဝယ်ရတာပဲ။ ဒါပေမဲ့ မင်းတို့ ပစ္စည်းပစ္စယတွေကို သွားယူတဲ့အချိန် ဒီသတင်းကို ပေါက်ကြားစေရင်တော့ ငါတို့ရဲ့ နောက်ဆုတ်မှုဟာ အတော်လေးကို ဗရမ်းဗတာ ဖြစ်သွားလိမ့်မယ်။ အဲ့ကျရင် ငါ ကိုယ်တိုင် ဂိုဏ်းကို ရှင်းထုတ်ပစ်မှာ…”
ဘိုးဘေး၏ စကားမှာ သတိပေး၊ချိန်းခြောက်မှုတို့နှင့် ပြည့်နေသည်။ သူ့စကားကို ကြားရသူတိုင်း၏ စိတ်နှလုံးမှာ တုန်ယင်ကုန်သည်။
“ဟုတ်ကဲ့ပါ…မြင့်မြတ်တဲ့ဘိုးဘေး ခင်ဗျာ…”
……
ဟန်လိနှင့် တခြားသူများသည် မနာခံဘဲ မနေဝံ့ပေ။ သူတို့သည် တလေးတစားဖြင့် သဘေတူကာ သူတို့၏ ပစ္စည်းများကို ပြန်သွားယူတော့သည်။ လမ်း၌ ဟန်လိနှင့် အဘိုးအိုငယ်တို့သည် လူခွဲသွားကြသည်။
ဟန်လိ၏ အင်မောတယ်လှိုဏ်ဂူက ဝေးလှသဖြင့် သူသည် နတ်လေလှေဖြင့် အမြန်ဆုံးသွားမှ ရလိမ့်မည်။ ဟန်လိ၏ စိတ်ထဲ ဂနာမငြိမ်မှုတို့ဖြင့် ဆူပွက်နေလေပြီ။
ဘိုးဘေးလင်းဟူ၏ အပြောအရ သူ၏ တည်ရှိမှုနှင့် ပတ်သတ်ပြီး ပူပန်နေရန်တော့ မလိုတော့ပေ။ သူတို့ကသာ တခြားနိုင်ငံတစ်ခုသို့ ရွှေ့ပြောင်းနိုင်ခဲ့လျှင် သူသည် လူစွမ်းအား ကင်းမဲ့နေသောကြောင့် တန်ဖိုးထားခံရဖို့ များသည်။
သို့သော် တချိန်တည်းမှာ သူတို့သည် အနီးအနားနိုင်ငံ၌ နယ်မြေတစ်ခု စိုးမိုးကာ အဝါရောင်မေပယ်တောင်ကြားကို တည်ထောင်ဖို့ လိုပေလိမ့်မည်။ ထိုအခါ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်သော သူသည် တာဝန်များစွာ ယူရနိုင်သည်။ ထိုအခါကလျှင် သူ့အဖို့ ကျင့်ကြံရန် အချိန်များများ ရနိုင်တော့မည် မဟုတ်ပေ။
ဖြစ်နိုင်သည်မှာ ဂိုဏ်းခြောက်ဂိုဏ်းက ရေမြေခြားမှာ အခြေကျပြီးမှ သူ့အနေဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်အောင် ဆက်ကျင့်ကြံမည့် အခွင့်အရေး ရနိုင်ပေလိမ့်မည်။ သို့သော်လည်း ဟန်လိသည် သည်လိုဒုက္ခသုက္ခများသော ကိစ္စများနှင့် အချိန်အကြာကြီး မပတ်သတ်ချင်ပေ၊ ရင်မဆိုင်ချင်ပေ။
သိ့သော် ဟန်လိသည် သူသာ ထွက်ပြေးရန် စိတ်ကူးခဲ့ပါက ထိုဘိုးဘေးအို၏ စိတ်ဝိညာဉ်အာရုံဖြင့် ရှာဖွေခြင်း ခံရ၊ မရကို သူ့အနေဖြင့် မသိနိုင်ပါ။ သူက အဝေးသို့ ရောက်သွားခဲ့လျှင်ပင် သူ့အပြုအမူများကို ရှာဖွေခံရနိုင်လားကိုလည်း မသိပေ။ အကယ်၍ ထိုသို့သာ ဖြစ်လာခဲ့ပါက သူ့အဖို့ ဘေးဒုက္ခနှင့် ကြုံရမှာ ကျိန်းသေ၏။
ဟန်လိသည် နောင်တရနေမိ၏။ သူက အခြေအနေသည် ခုလောက်ထိ ဆိုးဝါးလိမ့်မည်ကိုသာ ကြိုသိခဲ့ပါက အဝါရောင်မေပယ်တောင်ကြားကို ပြန်လာမည့်အစား သည်ဒေသကနေ ထွက်ပြေးခဲ့မှန် ကျိန်းသေသည်။ အခုတော့ သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။ သို့ဖြစ်၍ သူက သူ့အင်မောတယ်လှိုဏ်ဂူထံ ပြန်လာဖို့သာ တတ်နိုင်တော့သည်။
အင်မောတယ်လှိုဏ်ဂူထဲသို့ ဝင်လာပြီးနောက်မှာ ဟန်လိက အရင်ဆုံး သူ့အိပ်ယာထံ သွားကာ အဆောင်များထည့်ထားသော သိုလှောင်အိတ်များအားလုံးကို ယူသည်။ ထို့နောက် သူ့သိုလှောင်ခန်းထံသို့ သွားပြီး သူ၏ ကျန်နေသေးသော ရှားပါးဆေးဝါပင်များကို သိမ်းဆည်းသည်။ နောက်ဆုံး၌ သူက စိတ်ဝိညာဉ်စိမ့်ရေတွင်း ရှိနေသော လျှို့ဝှက်ခန်းသို့ သွားပြီး ၎င်းကို ဖျက်စီးပစ်သည်။ သူက သည်စိတ်ဝိညာဉ်စိမ့်ရေတွင်းကို ဖုံးကွယ်ပစ်ရမည် ဖြစ်၏။
သူက သည်စိမ့်ရေတွင်းကို ခုလက်ရှိမှာ တည်နေရာရွှေ့ပြောင်းနိုင်ခြင်း မရှိမှတော့ မိစ္ဆာတာအိုမှ သူများ ၎င်းကို အသုံးပြုမှာကိုတော့ မလိုလားပေ။
လုပ်စရာရှိတာများ လုပ်ပြီးသည်နှင့် ဟန်လိက သူ့နေထိုင်ရာလှိုဏ်ဂူကို နောက်တစ်ကြိမ် စစ်ဆေးကြည့်သည်။ မည်သည့်အရာမျှ မျက်စိလျှမ်း၍ မကျန်ခဲ့ဟု ခံစားရမှ သူက လှိုဏ်ဂူထဲကနေ ဝိညာဉ်သေကို ဆင့်ခေါ်သည်။ ထို့နောက်တွင် သူသည် သူ အရင်ဆုံး ချထားခဲ့သော ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်၏ အစီအရင်အလံများ၊ သတ္တုပြားများကို သိမ်းဆည်းသည်။
အစီအရင်မန္တာန် ပျောက်ကွယ်သွားပြီးနောက် ဟန်လိက သူ့အင်မောတယ်လှိုဏ်ဂူ ဝင်ပေါက်ကို တချက် ကြည့်သည်။ အလေးအနက်လှမ်းကြည့်ပြီး ရုတ်တရက် သူက အနက်ရောင်အလင်းတန်းနှစ်ခုကို ထုတ်လွှတ်ကာ တောင်ထိပ်ကို ထိမှန်ပြိုကျစေသည်။ ထိုအခါ ကျောက်စိုင်ကျောက်သားများက သူ့အင်မောတယ်လှိုဏ်ဂူကို ကွယ်ဖုံးသွားတော့သည်။
သည့်နောက်မှာတော့ ဟန်လိက သူ့နတ်လေလှေကို ထုတ်ကာ ဝိညာဉ်သေကိုပါ လှေပေါ်သို့ ခေါ်ဆောင်သည်။ သူက သူနေထိုင်ခဲ့သော သည်လှိုဏ်ဂူဝန်းကျင်ကို တစ်ပတ် ပတ်၍ ပျံသန်းပြီးနောက်တွင်တော့ နောက်ဆုံး၌ သူက ပျံသန်းထွက်လာတော့သည်။
ဟန်လိက တရားဝင်ခန်းမထံ ရောက်လာသည့်အခါတွင် အများစုမှာ ရောက်နှင့်နေကြပေပြီ။ ဝိညာဉ်သေကို ခန်းမဆောင်အပြင်ဘက်တွင် ထားခဲ့ပြီး အထဲသို့ သူ တစ်ယောက်တည်းသာ ဝင်လာခဲ့သည်။
သို့သော် ဟန်လိကို အံ့အားသင့်သွားစေသည်မှာ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ ဆယ်ယောက်အပြင် ချီစုဆောင်းခြင်းတပည့်ပေါင်းရာချီသည် ခန်းမအပြင်ဘက်တွင် စုစည်းနေသည်။
“သူတို့ကိုလည်း ငါတို့နဲ့အတူတူ နေရာစွန့်ခွာစေမှာလား…” ဟန်လိသည် သံသယရှိစွာဖြင့် ထိုသို့ တွေးမိသည်။
သူက အဘိုးအိုငယ်နှင့် ရှောင်းချိုက်အာတို့ကို မြင်ရသည့်အခါ ရုတ်တရက် သူ့အကြည့်သည် တောက်ပသွားသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် သုန်မှုန်စွာဖြင့် တီးတိုး ပြောဆိုနေကြသည်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိက သူတို့ထံ လှမ်းသွားသည်။
“သိုင်းဦးလေးဟန်…” ရှောင်းချိုက်အာသည် ဟန်လိ လှမ်းလာတာကို မြင်သည့်အခါ တလေးတစား နှုတ်ဆက်သည်။
ဟန်လိက သူမကို ပြုံး၍ ခေါင်းညိတ်ပြပြီး အဘိုးအိုဘက်သို့ လှည့်ကာ ခပ်တိုးတိုး ပြောသည်။ “ဘာတွေ ဖြစ်နေတာလဲ။ ဒီချီစုဆောင်းခြင်းတပည့်တွေကကော ကျုပ်တို့နဲ့အတူ ခရီးနှင်ကြမှာလား…”
ဟန်လိသည် တခြားသူများ အာရုံမစိုက်ခြင်းကနေ ရှောင်လွှဲနိုင်အောင် ခပ်တိုးတိုးသာ ဆိုသည်။
“ဟုတ်တယ်…”
“လွယ်လွယ်နဲ့ စွန့်ပယ်သလို မဖြစ်အောင်လို့ ပါရမီကောင်းတဲ့ တပည့်တွေရယ်၊ ဒါမှမဟုတ် ထင်ရှားတဲ့ အဆင့်အတန်းရှိတဲ့ တပည့်တွေကိုပါ ခေါ်သွားမှာ။ ကျုပ်ရဲ့ တပည့်ကလည်း ပါရမီကောင်းတယ်လေ…”
အဘိုးအိုငယ်သည် မထူးခြားနားဟန်ဖြင့် ထိုသို့ ပြောသည်။ သို့သော် သူက ရှောင်းချိုက်အာ ဟူသော အမည်ကို ထုတ်ပြောချိန်၌ သူ့မျက်နှာထက်တွင် ဂုဏ်ယူဟန် အရိပ်အယောင် ဖြစ်ပေါ်သည်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် ရယ်ချင်မိသွား၏။
တအောင့်အကြာတွင် ဘိုးဘေးလင်းဟူနှင့် သက်လတ်ပိုင်းလူတစ်ယောက်တို့ ပေါ်လာကြသည်။
“အနီးအနားမှာ မိစ္ဆာတာအိုက ကျင့်ကြံသူတွေရဲ့ အရိပ်အယောင်တွေကို ထောက်လှမ်းမိတယ်လို့ ကျုပ် သတင်း ရထားတယ်။ ဒါ့ကြောင့် ကျုပ်တို့ ခုချက်ခြင်း သွားမှ ရမယ်။ ခုချိန်ကစပြီး သိုင်းတူလေးဟောင်ရဲ့ အမိန့်တွေကို နာခံကြပါ။ ကျုပ်က ကျန်တဲ့ ဂိုဏ်းသားတွေကို စုစည်းပြီး ရန်သူတွေကို မြှားခေါ်လိုက်မယ်…”
ဘိုးဘေးလင်းဟူသည် အလေးအနက်ဟန်ဖြင့် ပြောလာသည်။ ဟန်လိနှင့် တခြားသူများသည် သည်စကားကို ကြားရသည့်အခါ တုန်လှုပ်ကုန်၏။ မိစ္ဆာတာအိုဂိုဏ်းများက လှုပ်ရှားတာ မြန်လှပါလား။
သူ့ဘေးတွင် ရပ်နေသော သက်လတ်ပိုင်းလူက အေးတိအေးစက် ဆက်ပြောသည်။
“အချိန် သိပ်မရှိတော့ဘူး။ ထွက်ခွာနေတဲ့အချိန်မှာ ကျုပ်က တစ်ခုပဲ တောင်းဆိုစရာ ရှိတယ်။ မင်းတို့အားလုံး ကျုပ် အမိန့်တွေကို နားထောင်ရမယ်။ အမိန့်မနာခံရင် သစ္စာဖောက်အဖြစ် သတ်မှတ်တယ်။ ကျုပ်တို့ ခုပဲ ထွက်ခွာကြမယ်…”
ထိုသူသည် စိတ်မြန်လက်မြန် ရှိကာ ဆုံးဖြတ်ချက် ပြတ်သားသူ ဖြစ်သည်။ တိုတိုတောင်းတောင်း ပြောဆိုပြီးနောက်မှာ သူက အဘိုးအိုကို တလေးတစား ဦးညွှတ်သည်။ ထို့နောက် ခန်းမထဲကနေ ဦးဆောင်၍ ထွက်သွားလေ၏။ ကျန်သည့်သူများက သူ့နောက်သို့ အပြေးအလွှား လိုက်ပါလာရတော့သည်။
ဤသို့ဖြင့် ကျင့်ကြံသူရာချီသော လူအုပ်ကြီးသည် ကောင်ကင်းထက်တွင် နေရာယူကာ အရှေ့မြောက်အရပ်သို့ အလျင်အမြန် ပျံသန်းလာကြတော့သည်။
……
နေ့တစ်ဝက်ကြာပြီးနောက် ထိုအုပ်စုသည် ထိုက်ယွဲ့တောင်တန်းသို့ ရောက်လာကြသည်။ ထို့နေရာသို့ ရောက်လာသည့်အခါ သူတို့က အနည်းငယ် အရှိန်မြှင့်သည်။
နတ်လေလှေပေါ်တွင် ရပ်နေရင်း ဟန်လိက အုပ်စုရှေ့နားကို ပျံသန်းလာ၏။ အဘိုးအိုငယ်က ဟန်လိ၏ နတ်လေလှေငယ်က နောက်ထပ် သယ်ဆောင်နိုင်သေးတာကို မြင်သည့်အခါ သူက ရှောင်းချိုက်အာကို ခေါ်ကာ သူပါ လှေပေါ်သို့ အားနည်းခြင်း မရှိလေဘဲ ခုန်တက်လိုက်၏။ သူတို့ကို တုန့်ပြန်သည့်အနေဖြင့် ဟန်လိက ခါးသက်သက်သာ ရယ်မောလိုက်ပြီး ဘာမှတော့ မပြောပေ။
ရှောင်းချိုက်အာသည် ဟန်လိ၏ နောက်တွင် ရပ်နေသော ဝိညာဉ်သေကို အနည်းအကျဉ်း စိတ်ဝင်စားနေ၏။ သူမက ဝိညာဉ်သေကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေသည်။ သည်မိန်းကလေးက ဝိညာဉ်သေနှင့် ပတ်သတ်ပြီး တစ်ခုခု ဖြတ်မြင်နိုင်သည့်ပုံ ရသည်။ မေးခွန်းတချို့ မေးမြန်းပြီးနောက်မှာတော့ သူမက သည်ကိစ္စကို ထပ်မပြောတော့ပေ။
ထိုက်ယွဲ့တောင်တန်းကို ဖြတ်၍ ကီလိုမီတာငါးဆယ်လောက် ပျံသန်းလာခဲ့ပြီးနောက်မှာ နောက်ဘက်မှ အဖြူရောင်အလင်းတန်းတစ်ခုသည် ရှေ့သို့ ရုတ်တရက် ထိုးထွက်လာသည်။ မျက်စိတမှိတ်အတွင်း ၎င်းအလင်းတန်းက လူအုပ်ကို ကျော်ကာ သိုင်းဦးလေးဟောင်၏ လက်ထဲသို့ ကျရောက်သွားသည်။ ထိုအလင်းတန်းမှာ တဖိတ်ဖိတ်တောက်ပနေသော ဓားတိုတစ်လက် ဖြစ်ကာ ၎င်းပေါ်၌ ကျောက်စိမ်းပြားတစ်ခုကိုပါ တွဲချည်ထားသည်။
သူ၏မျက်နှာက မဲမှောင်နေ၏။ သူက လက်ဝေ့ယမ်းကာ လူအုပ်ကို ရပ်စေသည်။
သူက ဓားနှင့်တွဲချည်ထားသော ကျောက်စိမ်းပြားကို ယူကာ ဓားတိုကို ပြန်ပစ်လွှတ်လိုက်သည်။ ယင်းဓားတိုသည် အဖြူရောင်အလင်းတန်းအဖြစ်သို့ ပြန်ပြောင်းလဲ၍ ၎င်း၏ မူလနေရာသို့ ပြန်၍ ပျံသန်းသွားလေသည်။
သိုင်းဦးလေးဟောင်က ၎င်းကျောက်စိမ်းပြားကို သူ့စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်သည်။ ခဏအကြာ သူက မျက်နှာအတော်လေး ပျက်လာသည်။ ချက်ခြင်းပင် ခေါင်းငုံ့ကာ အသည်းအသန် စဉ်းစားခန်းဝင်သည်။ ပြဿနာတစ်ခုခု ရှိနေတာ သိသာလေပြီ။
“အခြေအနေတွေကတော့ ပြောင်းလဲသွားပြီ။ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူအားလုံး ရှေ့ကို လာခဲ့ပါ။ ကျုပ်အနေနဲ့ မင်းတို့ကို တခြားတာဝန်တစ်ခု ပေးမှ ဖြစ်မယ်…”
သူက ထိုသို့ ပြော၏။
သူ့စကားကြောင့် ဟန်လိနှင့် တခြားသူများမှာ မင်သက်သွား၏။ သို့သော် သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကုန်သည်။ ရှောင်းချိုက်အာသည် ဟန်လိ၏ နတ်လေလှေပေါ်ကနေ လိမ္မာပါးနပ်စွာ ဆင်းကျန်ခဲ့ပြီး ဟန်လိနှင့် အဘိုးအိုငယ်တို့က ရှေ့သို့ ပျံသန်းလာခဲ့သည်။
“သိုင်းဦးလေး…ဘာများ ဖြစ်လို့လဲ…” ထိုသက်လတ်ပိုင်းလူက ဓားပျံထံမှ သတင်းစကားတစ်ခု လက်ခံရရှိတာကို သူတို့အားလုံးက တွေ့မြင်ကြပေသည်။
“မြင့်မြတ်တဲ့ဘိုးဘေးက အကြောင်းကြားလာတယ်။ မိစ္ဆာတာအိုတွေက ရောက်တော့မယ်တဲ့။ ကြည့်ရတာ သူတို့က ကျုပ်တို့ရဲ့ အစီအစဉ်တွေကို သိထားပြီး အုပ်စုနှစ်စု ခွဲထားကြတဲ့ပုံပဲ။ တစ်အုပ်စုကတော့ အဝါရောင်မေပယ်တောင်ကြားကို သွားဝိုင်းပြီး ကျန်တဲ့အုပ်စုကတော့ ကျုပ်တို့နောက်ကို လိုက်လာကြတယ်။ ကျုပ်တို့ ဆက်ပြီးတော့ နောက်ဆုတ်နိုင်အောင် သူတို့ကို သွားတိုက်ဖို့ ကျုပ်နဲ့အတူ လိုက်ခဲ့ဖို့ အဖွဲ့တစ်ဖွဲ့ လိုတယ်။ ကျုပ်က သူတို့ကို တားဆီးနေတဲ့အချိန် ကျန်တဲ့သူတွေကတော့ ယွဲ့ဒေသကနေ ဆက်ပြီးထွက်ပြေးရမယ်…”
သိုင်းဦးလေးဟောင်က အေးစက်စက်လေသံဖြင့် ထိုသို့ ပြောသည်။
သည်စကားကို ကြားသည့်အခါ သူတို့၏စိတ်ထဲ တုန်ရင်ကုန်သည်။ သူတို့က အရူးများ မဟုတ်ကြပေ။ မိစ္ဆာတာအိုဂိုဏ်းများကို တားဆီးရမည့် တာဝန်မှာ သေဖို့ များကြောင်း သိ၏။
သို့သော် သိုင်းဦးလေးဟောင်က အချိန်ဆွဲမနေ၊ လက်ညှိုထိုးကာ လူစခေါ်သည်။ အသက်တရှိုက်စာအချိန်အတွင်း သူသည် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူ နှစ်ဆယ်ကျော်ကို ရွေးခေါ်ပြီး သွားလေပြီ။ အဘိုးအိုငယ်ကတော့ သည်ကပ်ဘေးကနေ လွတ်သွား၏။ ဟန်လိကမူ ကံဆိုးစွာဖြင့် ရွေးချယ်ခံရသူများထဲ၌ ပါနေသည်။
ရွေးချယ်ခံရသူများသည် တုန်လှုပ်ချောက်ချားကုန်သည်။ သို့သော် သူတို့သည် ငြင်းဆန်သည့် စကား လားလားမျှ မပြောဝံ့ကြပေ။
လက်တစ်ဖက်ဝေ့ယမ်းကာ ထိုသိုင်းဦးလေးဟွာက တခြားသူများကို ဆက်၍ ခရီးဆက်စေသည်။ ဟန်လိနှင့် တခြားသူများကတော့ နောက်မှာ ကျန်ခဲ့သည်။
“ကျုပ်တို့အတွက် အချိန်လိုတယ်။ မင်းတို့အားလုံးက ဒီတာဝန်ကို မနှစ်သက်ကြမှာ ကျုပ် သိတယ်။ ဒါပေမဲ့ မင်းတို့က ရန်သူနဲ့ ထိပ်တိုက်တွေ့ဖို့ မလိုဘူး။ မင်းတို့အနေနဲ့ အလစ်အငိုက်တိုက်ခိုက်ပြီး သူတို့ရဲ့ အာရုံကို ကျုပ်တို့ရဲ့ နောက်ဆုတ်သွားတဲ့ကျင့်ကြံသူတွေဆီ မရောက်အောင် လုပ်နိုင်ရင်ပဲ ရပြီ…”
သက်လတ်ပိုင်းလူက စိတ်အေးအေးထားရန် ထိုသို့ ပြောသည်။ ထို့နောက်တွင်တော့ သူက အစိမ်းရောင်ကျောက်စိမ်းပြားနှစ်ဆယ်ဝန်းကျင်ကို ထုတ်ယူ၏။
“ဒီကျောက်စိမ်းပြားထဲက မြေပုံကို မှတ်သားထားပါ။ ပြီးရင်တော့ ဖျက်စီးပစ်လိုက်။ မင်းတို့ နောက်ပိုင်းမှာ လူကွဲသွားခဲ့ရင်လည်း ဒီမြေပုံနဲ့ဆို ပြန်စုံနိုင်လိမ့်မယ်…”
သိုင်းဦးလေးဟောင်က လက်ဝေ့ယမ်းသည်။ ထိုအခါ အစိမ်းရောင်အလင်းတန်းများက ကျင့်ကြံသူနှစ်ဆယ်ကျော်ထံ တိုးဝင်သွားကာ သူတို့၏ ရှေ့တွင် လွင့်မြောနေသည်။ သိုင်းဦးလေးဟောင်၏ စကားများကို ကြားသည့်အခါ တခြားသူများ၏ အမူအရာများမှာ သိသိသာသာ ပြန်ကောင်းလာသည်။ သူတို့သည် မိစ္ဆာတာအိုဂိုဏ်းကို အတင်းအကြပ် ပိတ်ဆို့ရန် မလိုတော့သည့် ဖြစ်ရာ သူတို့အဖို့ ရှင်သန်နိုင်ရန် အခွင့်အရေး ပိုများလာခဲ့ပြီ မဟုတ်လား။ သို့ဖြစ်၍ သူတို့က ကျောက်စိမ်းပြားများကို လှမ်းယူကာ အထဲရှိ မြေပုံကို မှတ်သားသည်။
ဟန်လိတစ်ယောက်သာ ထိုကျောက်စိမ်းပြားကို ကြည့်သည်ဆိုရုံမျှသာ ကြည့်၏။ သူက စိတ်ထဲ သိပ်အလေးမထားပေ။
တကယ်တော့ နောက်မှာ ကျန်ခဲ့ပြီး မိစ္ဆာတာအိုဂိုဏ်းသားများကို တားဆီးရမည့် တာဝန်သည် ထွက်ပြေးနိုင်ဖို့အတွက် ရှားပါး အခွင့်အရေးတစ်ခု မဟုတ်လား။ ဟန်လိသည် နောက်ပိုင်းမှ အမြုတေဖွဲ့စည်းခြင်းသို့ ရောက်နိုင်မည့် အခွင့်အရေးအတွက် အဝါရောင်မေပယ်တောင်ကြားနှင့် အဆုံးသပ်အချိန်ထိ နေချင်စိတ် မရှိလေပေ။