ကောင်းကင်မီးပညာရပ်
Vol. 25 Ch. 348
လူတိုင်းက သူတို့၏ ကျောက်စိမ်းပြားများကို ခွဲခြေပစ်ပြီးနောက်မှာတော့ သိုင်းဦးလေးဟောင်သည် ကျေနပ်ဟန် ဖြစ်ပေါ်သည်။ ထို့နောက်မှာ သူ့လက်နှစ်ဖက်ကို အဝါရောင်အလင်းဖြင့် တောက်ပစေ၏။ သူ့လက်ထဲတွင် တစ်ပေခန့် ရှိမည့် အလံငယ်တစ်ခု ပေါ်လာသည်။ ထိုအလံငယ်သည် အဖြူရောင်ရှိပြီး အဝါရောင်အလင်းခပ်ဖျော့ဖျော့လည်း တောက်ပနေသည်။
“ကျုပ်က ဒီတိမ်လေတံခွန်အလံကို အသုံးပြုပြီး မင်းတို့ရဲ့ တည်ရှိမှု အရိပ်အယောင်တွေကို ဖုံးကွယ်ပေးထားမယ်။ ရန်သူတွေ ရောက်လာတဲ့အခါကျရင်တော့ မင်းတို့အနေနဲ့ တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားပြီး အလစ်အငိုက် ဖမ်းတိုက်ခိုက်ကြပါ…”
သိုင်းဦးလေးဟောင်သည် သူ့လက်ထဲရှိ အလံငယ်ကို ပေါ့ပေါ့ပါးပါး ဝေ့ယမ်းသည်။ ထိုအခါ သူ၏ အလံထံမှ နို့နှစ်ရောင်ရေခိုးရေငွေ့ အမျှင်တန်းများ ထုတ်လွှတ်သည်။ မျက်စိတမှိတ်အတွင်း မီတာရာချီ ကျယ်ပြောသော တိမ်တိုက်တစ်ခု ဖြစ်ပေါ်ကာ ဟန်လိနှင့် တခြားသူများကို ၎င်းအတွင်း၌ ဖုံးကွယ်ပေးသည်။
ဟန်လိနှင့် တခြားသူများ၏ ကျင့်ကြံသူများသည် ရုတ်တရက် ကွယ်ဖုံးသွားသောကြောင့် ကျေနပ်အံ့အားသင့်သွားရသည်။ ထိုတိမ်တိုက်မှာ သိသိသာသာ ထူထဲ၏။ သို့သော် မညသ်ည့်အတွက်ကြောင့်မှန်း မသိရဘဲ သူတို့၏ အမြင်အာရုံများကိုမူ နည်းနည်းလေးမျှ အဟန့်အတား မဖြစ်စေပေ။
သိုင်းဦးလေးဟောင်သည် ထိုမန္တာန်ကို ဆက်၍ ထုတ်ဖော်နေသည်။ တိမ်ထုက ပို၍ ချဲ့ကားလာ၏။ မကြာမီ သူတို့သည်ပင် တိမ်ထု၏ အပြင်ဘက်ရှိ မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။ ဟန်လိမှာ စွံ့အမိရ၏။
သူ၏ မိုးပြာမီးအခိုးအငွေ့ မှော်ပစ္စည်းမှာလည်း ထူထဲသော တိမ်တိုက်အဖြစ်သို့ ပြောင်းလဲနိုင်သော်လည်း သည်တိမ်လေအလံကိုမူ မယှဉ်နိုင်ပါ။ လွှမ်းမိုးနိုင်သော အကျယ်အဝန်းသာမက ၎င်းကို သူကိုယ်တိုင်ပေါ်၌သာ အသုံးပြုနိုင်ပြီး မိုးပြာမီးခိုးငွေ့အဝန်းအဝိုင်းရှိ တခြားသူအားလုံးကိုပါ အဆိပ်သင့်စေနိုင်သည်။ ထိုသို့ နှိုင်းယှဉ်တွေးမိနေပြီး ဟန်လိက သိုင်းဦးလေးဟွာထံ တချက်လှမ်းကြည့်မိသည်။
ဦးလေးဟောင်မှာ တိမ်တိုက်ထဲ၌ တင်ပလွေချိတ်ကာ မျက်လုံးမှိတ်၍ ထိုင်နေသည်။ သူ့နောက်တွင်မူ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူနှစ်ယောက်က အသင့်ရပ်နေ၏။ သူတို့က သူ၏ သက်တော်စောင့်များ ဖြစ်ပုံရသည်။ ဟန်လိက ခဏတော့ အံ့အားသင့်သွားသေးသည်။ သို့သော် သူက တအောင့်အကြာမှာ သဘောပေါက်သွား၏။ ထိုသိုင်းဦးလေးဟွာမှာ ရန်သူများကို ထောက်လှမ်းနိုင်ဖို့ သူ့စိတ်ဝိညာဉ်အာရုံကို အသုံးပြုနေတာ ဖြစ်ရမည်။ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်အာရုံက ကြီးမားကျယ်ပြန့်ကာ ကီလိုမီတာတစ်ရာအဝန်းအဝိုင်းထဲရှိ လှုပ်ရှားမှုအားလုံးကို ထောက်လှမ်းနိုင်ပေသည်။ သူက ရန်သူများကို ထောက်လှမ်းနိုင်စွမ်း ရှိလောက်၏။
ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် သူ့နတ်လေလှေပေါ်မှာ ထိုင်နေလျက် နားနေလေ၏။ လာမည့်တိုက်ပွဲမှာ အန္တရာယ်များလေမည်သာ။ ဝိညာဉ်သေကတော့ သူ၏နောက်တွင် မလှုပ်မယှက် ရပ်နေလေ၏။
“နှစ်နာရီလောက် ကြာပြီးနောက်မှာ သိုင်းဦးလေးဟွာက ပြောလာ၏။
ရန်သူတွေ ရောက်လာကြပြီ။ တစ်ကီလိုမီတာလောက်ပဲ လိုတော့တယ်။ ကျုပ်တို့အနေနဲ့ သူတို့ ရှေ့ဆက်မတိုးနိုင်အောင် နှောက်ယှက်ရလိမ့်မယ်…”
ထို့နောက်တွင်တော့ သူက တခြားဘာစကားမှ ထပ်မဆိုလေတော့ဘဲ သူနှင့်အတူ တိမ်တိုက်ကိုပါ ခေါ်ဆောင်ကာ ရှေ့သို့ ဦးတည်သည်။ တိမ်တိုက်အတွင်းရှိ လူတိုင်းမှာ သိုင်းဦးလေးနောက်သို့ အလျင်စလို လိုက်ပါလာကြရ၏။
ဟန်လိသည် မျက်မှောင်ကြုတ်ကာ ပျံသန်းနေရင်းကနေ သူ၏ ငွေရောင်ဓားကို ထုတ်ကာ ဝိညာဉ်သေကို ပေးထားသည်။ ထိုလုပ်ရပ်က မည်သို့အသုံးဝင်နိုင်မှန်း သူ မသိသော်လည်း သည်ဓားကြောင့် ဝိညာဉ်သေ၏ တိုက်ခိုက်မှုစွမ်းရည်ကတော့ တိုးတက်လာနိုင်မည်သာ။
“ကျုပ်တို့ ရောက်ပြီ။ ရန်သူတွေ မကြာခင် ရောက်လာတော့မယ်။ လူတိုင်းပဲ အသင့်ပြင်ထားကြတော့…”
သိုင်းဦးလေးဟောင်က အမိန့်ပေးလာသည်။ တအောင့်အကြာမှာ သူတို့ကို ဖုံးလွှမ်းပေးထားသော တိမ်တိုက်က ရန်သူ့လမ်းကြောင်းပေါ် ရောက်နှင့်လေပြီ။
ရုတ်တရက် လူတိုင်း၏ မှော်ပစ္စည်းများ၊လက်နက်များက စတင်တောက်ပလာကြသည်။ သူတို့၏ခန္ဓာကိုယ်များပေါ်၌လည်း အကာအကွယ်မှော်ပညာရပ်များကို စတင်ထုတ်ဖော်ထား၏။ အလင်းများကား တိမ်တိုက်အတွင်း တလက်လက် ထိန်လင်း၏။
ဟန်လိသည် မိုးပြာနီရောင်အလုံးနှစ်လုံးကို ထုတ်ယူပြီး ယင်းတို့နှစ်ခုကို ပေါ့ပေါ့ပါးပါး ထိတွေ့စေသည်။ ခပ်အုတ်အုတ်မြည်သံနှင့်အတူ ထိုစက်ဝန်းနှစ်ခုထံမှ မိုးပြာနီရောင် မြူခိုးတို့ ထုတ်လွှတ်ကာ ဟန်လိကို လျင်မြန်စွာ ခြုံလွှမ်းသွားသည်။ မျက်စိတမှိတ်အတွင်း ယင်းအခိုးအငွေ့မြူခိုးတို့က ဟန်လိကို လုံးဝ ကွယ်ဖုံးပေးသွားသည်။ ဟန်လိသည် သိုင်ဦးလေးဟွာ၏ တိမ်တိုက်အတွင်း၌ပင် သည်မိုးပြာမီးအခိုးအငွေ့ကို အသုံးပြုခဲ့ပေသည်။ အနီးအနားရှိ ကျင့်ကြံသူများသည် မင်သက်ကုန်ပြီး ဟန်လိ၏ အပြုအမူကို နားမလည်နိုင် ဖြစ်ကုန်သည်။
ဟန်လိသည် သူ့ရောင်းရင်းဂိုဏ်းသားများကို အရေးစိုက်မနေပေ။ သူက သူ့လက်တစ်ဖက်ဖြင့်လည်း လိပ်ခွံကို ဆုပ်ကိုင်ထား၏။ တခြားလက်တစ်ဖက်ဖြင့်လည်း သူ၏ နဂါးနက်လက်သည်းကို ဆင့်ခေါ်မည့်အစား အပြာရောင်ပေါက်ဓားတစ်လက်ကိုသာ ထုတ်ယူသည်။
ဟန်လိကမူ သူ ဘာလုပ်နေသလဲကို သူ ကောင်းကောင်း နားလည်သည်။ သူ့စိတ်ထဲမှာ မှော်ပစ္စည်းက အဆင့်နိမ့်လေ ပိုကောင်းလေဟု ထင်ထား၏။ သို့မှသာ တိုက်ပွဲဖြစ်နေစဉ်အတွင်း မလိုလားအပ်သော ပြဿနာများကို ရှောင်နိုင်ကာ အလွယ်တကူ သူ့လွတ်မြောက်မှုကို ဖန်တီးနိုင်လိမ့်မည်။ လူတိုင်းက အာရုံစိုက်နေကြသည်။ မျက်စိတမှိတ်အတွင်း ဆယ်မီနစ် ရှိလာခဲ့ပြီ။ သို့သော် ရန်သူတစ်ဦးတစ်လေကိုမျှ မတွေ့ရသေးပေ။
စောင့်နေကြသော ကျင့်ကြံသူအများစုမှာ စိတ်ပူပန်လာကြ၏။ စိတ်မရှည် ဖြစ်လာကြ၏။ သူတို့သည် သိုင်းဦးလေးဟောင်ကို သံသယဝင်နေသော အကြည့်ဖြင့် လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။
တက်ကြွနေသော သိုင်းဦးလေးဟောင်သည်ပင် သံသယဖြစ်ဟန် ပေါက်နေ၏။ သို့သော် ခဏ စဉ်းစားပြီးနောက်မှာ သူက အလျင်မလိုဟန်ဖြင့် ပြောသည်။
“လူတိုင်းပဲ။ စိတ်မပူကြနဲ့။ ကျုပ်က စိတ်ဝိညာဉ်အာရုံနဲ့ ရှာကြည့်မယ်…”
သူက ထိုသို့ ပြောနေရင်း သူ မစတင်ခင်မှာပင် ကောင်းကင်ထက်မှ အသံများ ရုတ်တရက် မြည်ဟိန်းလာသည်။ ထိုအသံများသည် ပြင်းထန်လာ၏။ အဘက်ဘက်မှ ထွက်ပေါ်လာသည်။
ထိုကဲ့သို့ ရုတ်တရက် ဆူညံသံကြောင့် အလန့်အတကြား ဖြစ်သွားကြပြီး ကျင့်ကြံသူများသည် ကောင်းကင်ထက်သို့ အလျင်စလို မော့ကြည့်ကြသည်။ သူတို့ကို တွေ့မြင်လိုက်ရသည့် အရာကြောင့် သူတို့၏မျက်နှာများမှာ ဖြူရောကုန်၏။
ကောင်းကင်သည် မည်သည့်အချိန်ကမှန်း မသိလေဘဲ နီမြန်းလာ၏။ တိမ်တိုက်များကား အနီရင့်ရောင်သို့ ပြောင်းသွားလေသည်။ ယင်းတို့သည် ဆူပွက်နေသော ချောရည်ပူများနှယ်။
“ဘာတွေ ဖြစ်နေတာလဲ…” ဟန်လိဘေးမှ တစ်ယောက်က အလန့်တကြားဖြင့် အော်သည်။
“လူတိုင်းပဲ။ ဂရုစိုက်ကြ။ ဒါက အဆင့်မြင့် အလယ်အလတ် မှော်ပညာရပ်ဖြစ်တဲ့ ကောင်းကင်မီးမှော်ပညာရပ်ပဲ။ အထက်ကနေ ချောရည်ပူတွေ စကျဆင်းလာလိမ့်မယ်။ အဲ့ချောရည်တစ်စက်တိုင်းဟာ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ချက်တစ်ချက်နဲ့ ညီမျှတယ်။ မင်းတို့က ဒါကို မတားဆီးနိုင်ရင် ချက်ခြင်း ပြာဖြစ်သွားလိမ့်မယ်…”
သိုင်းဦးလေးဟွာသည် ထိုသို့ ပြောနေရင်း မျက်နှာအပျက်ပျက် ဖြစ်နေသည်။
အလစ်တိုက်မည့်သူများသည် အခုအခါ၌ တန်ပြန်အလစ်တိုက်ခိုက်ခံရတာ ထင်ရှားနေလေပြီ။
“မြန်မြန် ဆုတ်ကြ။ ကျုပ်တော့ ဒါကို တားဆီးဖို့ မကြိုးစားချင်ဘူး…”
တစ်ယောက်က အလန့်တကြား ထပြောသည်။ သူက ချက်ခြင်း ပျံသန်းထွက်ပြေးရန် ဟန်ပြင်သည်။
“အချိန် မမီတော့ဘူး။ အဲ့မှော်ပညာရပ်ဟာ ပြီးပြည့်စုံသွားပြီ။ အခု ကျုပ်တို့က ဒီမှော်ပညာရပ်ထဲမှာ ပိတ်မိသွားပြီ။ လူတိုင်းပဲ။ အတူတူ ပူးပေါင်းပြီး အကာအကွယ် အရံအတားတစ်ခုကို ထုတ်ဖော်ကြ၊ ဖွဲ့စည်းကြ…”
သိုင်းဦးလေးဟောင်၏ မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူက ကြမ်းတမ်းသည့်လေသံဖြင့် ချက်ခြင်း အမိန့်ပေးသည်။
သူ့အမိန့်များကို ကြားသည့်အခါ တခြားသူများမှာ အခြေအနေကို သဘောပေါက်ကာ အတူတူ လှုပ်ရှားရန် ခပ်သွက်သွက် ပြင်ဆင်သည်။ အပြာရောင်အလင်း လင်းလက်သွားပြီး သူတို့က ကြီးမားသော အလင်းအရံအတားတစ်ခုကို တည်ဆောက်ကြသည်။ ထိုအရံအတား ပေါ်လာပြီးသည်နှင့် တချိန်တည်းလိုလိုမှာ အဆင့်မြင့်အလယ်အဆင့် မှော်ပညာရပ်သည် ကောင်းကင်ထက်ကနေ စတင်လာခဲ့လေပြီ။ ၎င်းသည် ဟန်လိနှင့် တခြားသူများပေါ်သို့ သက်ဆင်းလာသည်။ သို့သော် အရံအတားကြောင့် ထိုတိုက်ခိုက်မှုများကို အလွယ်တကူ ဖယ်ရှားပစ်နိုင်လိုက်သည်။
သို့သော် ဤသည်မှာ ချောရည်ပူများ၏ အစကနဦးသာ ရှိသေး၏။ တိုက်ခိုက်မှု အများစုက လွဲချော်သွားသော်လည်း အလင်းအရံအတားပေါ်မှာ သိသိသာသာ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်သွား၏။
စစချင်းတုန်းက ဟန်လိတို့အုပ်စုသည် ခွန်အား ချွေတာရမည်ဟု ခံစားမိခဲ့သေးသည်။ သို့သော် ချောရည်ပူ ကျဆင်းနှုန်းက ပိုတိုးလာပြီး အရေအတွက်မှာလည်း ပိုများလာခဲ့လေပြီ။ ထိုအခါ သူတို့အုပ်စုသည် စိတ်ဝိညာဉ်စွမ်းအားများကို အလျင်အမြန် တိုးမြှင့်ကြရ၏။ သည်နှုန်းဖြင့်ဆို သူတို့မှာ အချိန်ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ထိုးနှက်တိုက်ခိုက်မှုကြောင့် အပြာရောင်အလင်းအရံအတားမှာ တဖြည်းဖြည်း အားပျော့လာသည်။
ကံကောင်းသည်မှာ ထိုတားမြစ်မှော်ပညာရပ်မှာ စတင်သည်နှင့် အလျင်အမြန် အဆုံးသပ်တာ ဖြစ်၏။ အရံအတား ပျက်စီးခါနီးမှာပင် ကောင်းကင်မီးပညာရပ်မှာ ၎င်း၏ အဆုံးသပ်သို့ ရောက်၏။ ချောရည်ပူတိမ်တိုက်များမှာ သဲလွန်စမရှိ ပျောက်ကွယ်သွားသည့်အခါတွင်တော့ အဝါရောင်မေပယ်တောင်ကြားမှ ကျင့်ကြံသူများသည် စိတ်အေးနိုင်သွား၏။ သို့ပေမည့် သူတို့၏ ပျော်ရွှင်သွားသော ဟန်အမူအရာများသည် ခဏအကြာတွင် တောင့်တင်းအေးခဲကုန်သည်။
သည်တိုက်ခိုက်မှုအတွင်း သူတို့ကို ကျင့်ကြံသူရာချီက ဝန်းရံထားပြီး ဖြစ်နေလေ၏။ ထိုမိစ္ဆာတာအိုဘက်မှ ကျင့်ကြံသူများသည် အဝါရောင်မေပယ်တောင်ကြားမှ ကျင့်ကြံသူများအား ကြမ်းကြုတ်စွာ ငုံ့ကြည့်နေသည်။ အဝါရောင်မေပယ်တောင်ကြားမှ ကျင့်ကြံသူမျးသည် ဒေါသလည်းထွက်၊ ကြောက်လည်းကြောက် ဖြစ်ကုန်၏။
သို့သော် ဝန်းရံထားသော ကျင့်ကြံသူများမှာ အခြေခံတည်ဆောက်ခြင်းအဆင့်များသာ၊ သူတို့ကြား၌ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူ တစ်ဦးတစ်လေမျှ ရှိမနေပေ။ သည့်အတွက်ကြောင့် အဝါရောင်မေပယ်တောင်ကြားမှ ကျင့်ကြံသူများမှာ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်သွားသည်။ သူတို့ဘက်တွင်မူ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက် ရှိနေသည်မလား။ သည့်အတွက် သူတို့အဖို့ ထိတ်လန့်နေရန် မလိုလောက်ပေ။
“ကျုပ်တို့ ဒီကို ရောက်လာမှာကို မင်းတို့ ဘယ်လို သိသွားတာလဲ။ ကျုပ်ရဲ့ လေတိမ်အလံတံခွန်ဟာ မင်းတို့ရဲ့ စိတ်ဝိညာဉ်အာရုံကနေ ကျုပ်တို့ကို ဖုံးကွယ်ပေးနိုင်မှာပဲ…”
သိုင်းဦးလေးဟောင်က မျက်နှာရှုံ့တွစွာဖြင့် ထိုသို့ မေးသည်။
“ကျမ ဖြေပေးရမှာပေါ့…”
ကောင်းကင်ထက်မှ ချွဲပျစ်မြူဆွယ်မှုအပြည့်ဖြင့် အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံကြောင့် သိုင်းဦးလေးဟောင်၏ စိတ်နှလုံးမှာ တုန်ယင်သွား၏။ သူက အလျင်စလို မော့ကြည့်ရာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့သည် အထက်တွင် ရှိနေတာကို လှမ်းမြင်သည်။
အမျိုးသားဖြစ်သူမှာ တခေါင်းလုံး ဆံပင်များ ဖြူဖွေးနေသည်။ သူ့ပုံစံမှာ အရိုးသာသာ။ လေတိုက်လျှင်ပင် လဲတော့မလို ထင်ရသည်။ အမျိုးသမီးကမူ ထိုအဘိုးအိုနှင့် ဆန့်ကျင်ဘက်ပင်။ သူမက တမုန်းစွဲဆောင်မှု ရှိကာ သွယ်လျသောခါး၊ စွဲမက်ဖွယ်တင်တို့ကို ပိုင်ဆိုင်ထားပေသည်။
ဟန်လိသည် စိတ်ထဲကနေ ကြိတ်၍ ဆဲမိ၏။ လေထဲတွင် ပေါ်လာသူများမှာ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူနှစ်ယောက် ဖြစ်နေချေသည်။ သူတို့၏ ပုံပန်းသွင်ပြင်အရ အတော့်ကို ပြဿနာ ပေးနိုင်လိမ့်မည်။ “ပါးနီနဲ့ အရိုးခြောက် စုံတွဲ…” ထိုနှစ်ယောက်ကို မြင်သည့်အခါ သိုင်းဦးလေးဟောင်၏ မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားသည်။ သူတို့၏ ပြန်အဖြေကို စောင့်မနေလေဘဲ သူက ရုတ်တရက် သူ၏ တိမ်လေအလံကို ရုတ်တရက် ဝေ့ယမ်းသည်။ အဖြူရောင်မြူများမှာ လုံးဝ ပျောက်ကွယ်သွားပြီး ဟန်လိနှင့် တခြားသူများ ပေါ်ထွက်လာသည်။ အားကောင်းသော ရန်သူများကို ရင်ဆိုင်နေရစဉ် သိုင်းဦးလေးဟောင်မှာ ဟန်လိနှင့် သူ၏ တခြားသော သိုင်းတူလေးများကို ကြည့်မနေအားတော့တာ သဘာဝပင်။
“ဟားဟား…တာအိုရောင်းရင်းက ကျမတို့ စုံတွဲကို သိနေလိမ့်မယ် တကယ်ပဲ မထင်ထားမိဘူး။ ဒါကတော့ မမျှတတာပဲ။ ရှင်က ကျမတို့ဇနီးမောင်နှံကို သိပေမယ့် ကျမတို့ကတော့ ရှင့်ကို မသိဘူး ဖြစ်နေတယ်။ ဒါပေမဲ့ အဝါရောင်မေပယ်တောင်ကြားမှာ အေးစက်စက်မျက်နှာထားနဲ့ ရောင်းရင်းတစ်ယောက် ရှိပြီး သူဟာ တိမ်လေအလံဆိုတဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ မှော်ရတနာတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့တော့ ကျမတို့ ကြားဖူးပါတယ်။ အဲ့လူဟာ ရောင်းရင်းများလား…”
စွဲဆောင်မှု ရှိသော အမျိုးသမီးသည် တစက်လေးမျှ ရန်လိုမှု မရှိလေဘဲ တခစ်ခစ်ရယ်ကာ ထိုသို့ ဆိုသည်။
သို့သော် ထိုအမျိုးသမီး၏ စွဲဆောင်မှုရှိလှသော အပြုံးကို မြင်သည့်အခါ သိုင်းဦးလေးဟောင်၏ အမူအရာက ပိုအေးစက်လာသည်။ သူက သူမကို တိတ်တဆိတ် စိုက်ကြည့်နေသည်။
ထိုအမျိုးသမီးကလည်း တုန့်ပြန်သည့်အနေဖြင့် မသိမသာ ပြုံးပြနေသည်။ ထိုစဉ် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“ဘာလို့ ပျင်းစရာတွေ ပြောနေကြတော့မှာလဲ။ သူတို့ကို သတ်ပစ်လိုက်…”
“ကောင်းပါပြီ။ ဒီက ဂျူနီယာညီမလေးက သူ့အသက်ကို လိုချင်မှတော့ ကျုပ်က နာခံပါ့မယ်…”
အရိုးခြောက် အဘိုးအိုသည် တဟားဟား ရယ်မောကာ ဆိုးညစ်သည့်လေသံဖြင့် ပြောလာသည်။
ထိုအခိုက်တွင် ဟန်လိနှင့် တခြားသူများမှာ သူတို့၏ သိုင်းဦးလေးထံမှ အသံပို့လွှတ်တာကို ကြားလိုက်ရသည်။ “ ငါ လှုပ်ရှားတာနဲ့ သူတို့ ဝိုင်းပိတ်ဆို့ထားတာကနေ ချက်ခြင်း ချိုးဖျက်ကြ၊ မင်းတို့ တတ်နိုင်သမျှ ဝေးဝေးရောက်အောင် ပြေးကြတော့…”
သိုင်းဦးလေးဟောင်၏ အသံတွင် စိတ်ခံစားချက် လုံးလုံး ကင်းမဲ့နေပေသည်။