← Chapters

ယွမ်ဝူဒေသကို ထွက်ပြေးခြင်း

Vol. 25 Ch. 349

ယွမ်ဝူဒေသကို ထွက်ပြေးခြင်း

Vol. 25 Ch. 349

ဟန်လိနှင့် တခြားသူများသည် သိုင်းဦးလေးဟောင်၏ စကားများကို ကြားပြီးပြီးခြင်း တိမ်လေအလံသည် ရုတ်တရက် တောက်ပစူးရှသော အဝါရောင်အလင်း ရုတ်တရက် လင်းလက်သွားသည်။ အလင်းဖြာထွက်မှု ကြုံ့သွားပြီးနောက်မှာ ချက်ခြင်း ပြန်ဖောင်းကားပြီး ပေါက်ကွဲထွက်သည်။

ထို့နောက်တွင်တော့ အလံကနေ ထိုးထွက်လာသော အဖြူရောင်မြူလွှာသည် ပို၍ ထူထဲလာပြီး ချဲ့ကားထွက်ကာ မျက်စိတမှိတ်အတွင်း ရန်သူများကိုကော၊ သူတို့ကိုယ်တိုင်ကိုပါ ခြုံလွှမ်းသွားသည်။

“မင်းက သေချင်နေတာပဲ…”

အရိုးခြောက်ထံမှ ဒေါသတကြီးအသံ ထွက်ပေါ်လာသည်။ ညှို့ငင်နိုင်လှသော အမျိုးသမီးထံမှလည်း စွဲဆောင်မှုအပြည့်အသံတစ်သံပါ ကပ်ပါလာသည်။ ယင်းနောက်တွင် မြူလွှာအတွင်း၌ ကျယ်လောင်စွာ ပေါက်ကွဲမှုများ စတင် ပဲ့တင်ထပ်လေသည်။ သိုင်းဦးလေးဟောင်သည် ခုလက်ရှိတွင် မိစ္ဆာတာအိုအမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူနှစ်ယောက်နှင့် တိုက်ခိုက်နေတာ သိသာသည်။

ဟန်လိနှင့် တခြားသူများက ထိုအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပါ။ မြူများ ပေါ်လာသည်နှင့် တပြိုင်နက်နီးပါးမှာ အဝါရောင်မေပယ်တောင်ကြားမှ ကျင့်ကြံသူများသည် သူတို့၏ မှော်ပစ္စည်းများနှင့်အတူ အရပ်ရှစ်မျက်နှာသို့ ပျံသန်းထွက်ပြေးကြသည်။ နတ်လေလှေ၏ အမြန်နှုန်းအပေါ် မှီခိုကာ ဟန်လိလည်း မြူအတွင်းကနေ ထိုးထွက်လာ၏။

ဟန်လိသည် ရန်သူအများဆုံး ရှိနေသော နေရာထံ ဦးတည်ဝင်လာသည်။ ထိုရန်သူများသည် များပြားလှသော်လည်း ဟန်လိသည် သူတို့၏ မှော်စွမ်းအားနှင့် ကျင့်ကြံမှုအဆင့်က အားနည်းသည်ဟု ခံစားမိပြီး ၎င်းတို့ရှိနေသော နေရာကနေ ချိုးဖျက်တာကသာ အကောင်းဆုံး ဖြစ်နိုင်လောက်သည်။

သို့သော် သူ၏ဂိုဏ်းတူရောင်းရင်းအများစုကမူ ဤသည်ကို နားမလည်ကြပေ။ သူတို့အများစုသည် ရန်သူနည်းသော နေရာများထံ ဝင်ရောက်ထွင်းဖောက်ဖို့ ရွေးချယ်ကြသည်။

အခုကဲ့သို့ ဗရမ်းဗတာတွေ ဖြစ်နေသော အခြေအနေကို အသုံးချကာ ဟန်လိသည် ဝိုင်းဝန်းပိတ်ဆို့ထားသောနားသို့ ရောက်လာခဲ့သည်။ ထိုနေရာအစွန်းတွင်မြူများက ပို၍ အားလျော့နေလေရာ မိစ္ဆာတာအိုကျင့်ကြံသူများက ကသုတ်ကရိုက် တိုးဝင်လာသော ဟန်လိ၏ ပုံရိပ်ကို လှမ်းသတိပြုမိကြသည်။ သို့သော် ဟန်လိသည် မိုးပြာမီးအခိုးအငွေ့တိမ်ထုကိုပါ အသုံးပြုထားသောကြောင့် သူတို့သည် မိုးပြာမီးအခိုးအငွေ့ထုကြီးကိုသာ မြင်နိုင်ကြပြီး သူတို့အား မင်သက်ကုန်စေသည်။

သို့ပေမည့် အနီးအနားမှ မိစ္ဆာတာအိုကျင့်ကြံသူသုံးယောက်သည် မင်သက်နေရာကနေ ချက်ခြင်း သတိဝင်လာပြီး တိုက်ခိုက်မှုများကို ထုတ်ဖော်သည်။ ရွှေရောင်အလင်းတန်းတစ်ခု၊ အဝါရောင်အလင်းတန်းသုံးခုနှင့် အနက်ရောင်ချီလုံးကြီးတစ်ခုတို့သည် ဟန်လိ ရှိနေသောနေရာထံ တိုးဝင်လာကြသည်။

ဟန်လိသည် နှာခေါင်းရှုံ့ကာ လိပ်ခွံထံ လမ်းညွှန်သည်။ ချက်ခြင်းပင် အနှီလိပ်ခွံကား မူလအရွယ်အစားကနေ အဆများစွာပို ကြီးမားလာသည်။ တချိန်တည်းမှာ သူက နတ်လေလှေထံ စိတ်ဝိညာဉ်စွမ်းအားကို ပို၍ သွန်းလောင်းကာ အရှိန်ပိုမြန်စေသည်။

ဟန်လိသည် ခုချိန်မှာ တိုက်နေ၊ခိုက်နေဖို့ အချိန်ကောင်း မဟုတ်မှန်း တွေးထားပြီး ဖြစ်သည်။ ရန်သူများကသာ သူ့ကို ပို၍ ဝန်းရံလာခဲ့ပါက သူ့အဖို့ ထွက်ပြေးနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် သူက သူ့ပျံသန်ခြင်းမှော်ပစ္စည်းပေါ်တွင်သာ မှော်စွမ်းအား အပြည့် သွန်းလောင်းကာ ထွက်ပြေးနိုင်ရန် ကြိုးစားသည်။ ထိုသို့ ပြုမူခြင်းမှာလည်း ဟန်လိသည် သူ့လိပ်ခွံအပေါ် ယုံကြည်မှု များစွာ ရှိနေသောကြောင့်ပင်။ ၎င်းလိပ်ခွံက သူ၏ အဖြူရောင်ကြေးခွံဒိုင်းထက်ပင် ပို၍ မာကြောသည် မဟုတ်လား။

ဟန်လိည် ထိုသို့ တွေးနေရင်း ရွှေရောင်နှင့် အဝါရောင်အလင်းတန်းများသည် လိပ်ခွံနှင့် ထိပ်တိုက်တွေ့လေပြီ။ ဟန်လိ ထင်ထားသည့်အတိုင်းသာ။ ယင်းတိုက်ခိုက်မှုများသည် တားဆီးခံရသည်။ သို့သော် အနက်ရောင်ချီလုံးက မထင်မှတ်စွာဖြင့် လိပ်ခွံနှင့် ထိပ်တိုက်တွေ့ချိန်တွင် ရုတ်တရက် နှစ်ပိုင်းကွဲထွက်သွားသည်။ ထိုနှစ်ပိုင်းက လိပ်ခွံ၏ ဘေးဘက်ကနေ ကျော်လွန်ကာ ပြန်ဖွဲ့စည်းပေါင်းစပ်သည်။ ၎င်းက ခဏ နှေးဖင့်သွားသော်လည်း ဟန်လိဘက်သို့ ရောက်လာဆဲပင်။ ထိုအနက်ရောင်ချီလုံးက ဆယ်မီတာလောက်ကြီးမားသော တစ္ဆေဦးခေါင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဟန်လိနှင့် သူ့နတ်လေလှေတို့ကို ဝါးမြိုပစ်ရန် ကြိုးစားလာသည်။

ဟန်လိသည် နှာခေါင်းရှုံ့ကာ ပြန်တုန့်ပြန်သည်။ သူ့လက်ဖြင့် တစ်ချက်ဝေ့ယမ်းလိုက်ရာ မီးလုံးတစ်ရာကျော် ပေါ်လာပြီး ချက်ခြင်းပင် ထိုတစ္ဆေဦးခေါင်းမှာ ဆုတ်ပြဲသွား၏။ စစ်ပွဲအတွင်း၌ ဟန်လိသည် စဦးမိစ္ဆာတာအိုပညာရပ်များနှင့် ပတ်သတ်ပြီး အတော်လေး တရင်းတနှီး သိရှိနေခဲ့ပြီး ဖြစ်သည်။ ထိုအခွင့်အရေးကို အသုံးချကာ ဟန်လိသည် အသက်ရှိုက်သွင်း၍ အငွေ့ပျံသွားသော တစ္ဆေဦးခေါင်းကို လျင်မြန်စွာ ဖြတ်ကျော်လာခဲ့သည်။ ချက်ခြင်းပင် သူသည် ပိတ်ဆို့ထားမှုကို ချိုးဖျက်နိုင်သွားကာ သူ့နောက်၌ မိစ္ဆာတာအိုဂိုဏ်းသားများကို ချန်ထားခဲ့လေသည်။

သူတို့၏ တိုက်ခိုက်မှုများက မအောင်မြင်သော်လည်း မိစ္ဆာတာအိုကျင့်ကြံသူများသည် ဟန်လိကို အလွယ်တကူ လွှတ်ပေးကြမည် မဟုတ်ပေ။ သူတို့က ဆဲဆိုပြီးနောက် ဟန်လိနောက်သို့ သူတို့၏ ကိုယ်ပိုင်မှော်ပစ္စည်းများအသုံးပြုကာ လိုက်လာသည်။ သို့သော် ဟန်လိသည် ထိုသို့ လိုက်လံလာမှုအပေါ် အာရုံစိုက်မနေပေ။ တတ်နိုင်သမျှ အမြန်ဆုံး ပျံသန်းနိုင်ရံသာ အာရုံစူးနစ်ထားသည်။

ဟန်လိ ထင်ထားသည့်အတိုင်းပင်။ သူ့နောက်သို့ လိုက်လာသော မိစ္ဆာတာအိုမှ ကျင့်ကြံသူများ၏ ဆဲသံဆူသံများသည် ဝေးသထက်ဝေးသွားကာ ကျန်ခဲ့လေတော့သည်။ သူတို့ မှော်ပစ္စည်းများ၏ အမြန်နှုန်းကား ဟန်လိ၏ နတ်လေလှေကို မယှဉ်နိုင်ကြပေ။ နောက်ဆုံးတွင်မူ နာရီအနည်းငယ်လောက် အသည်းအသန် ပျံသန်းလာခဲ့ပြီးနောက်မှာ ဟန်လိနောက်၌ တစ်ဦးတစ်လေမျှ မမြင်ရတော့ပေ။

သို့တိုင် ဟန်လိသည် စိတ်မအေးနိုင်သေး၊ ဆက်တိုက်တင်လာသော သူ့အရှိန်ကို လျှော့ချကာ ဘေးပတ်ဝန်းကျင်ကို တည်ငြိမ်စွာ စူးစမ်းလေ့လာသည်။ ထို့နောက်တွင်မူ သူက သူ့နတ်လေလှေကို ခြေစောင့်နင်းကာ ထပ်မံ၍ အရှိန်ပြန်တင်ပြီး ထိုးထွက်လာခဲ့တော့သည်။

ဟန်လိ၏ ခုလက်ရှိ အခြေအနေမှာ သိပ်မကောင်းလှပေ။ သူ့ မှော်စွမ်းအားတစ်ဝက်ကျော်မှာ ကုန်ခမ်းနေလေပြီ။ သူ့အဖို့ သူ့မှော်စွမ်းအားကို ပြန်ဖြည့်တင်းဖို့ လိုအပ်နေပြီ။ မဟုတ်ပါက သူသာ ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရခဲ့လျှင် အဆုံးသပ်မလှ ဖြစ်သွားနိုင်သည်။

ထိုအတွေးဖြင့် ဟန်လိသည် လူသူကင်းမဲ့သော တောင်တစ်လုံးပေါ်သို့ ဆင်းသက်သည်။ သူ၏ မိုးပြာမီးအခိုးအငွေ့တို့ကိုလည်း သိမ်းဆည်းသည်။ ထို့နောက်တွင် သူသည် ကျောက်တုံးကြီးနောက်တစ်ခုရှိ ချောင်ကျသောနေရာတစ်ခုကို ရှာကာ တင်ပုလွေချိတ်၍ ထိုင်သည်။ ယင်းနောက်မှာ သူက အလယ်အလတ်အဆင့် အပြာရောင်စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို သူ၏ သိုလှောင်အိတ်ထဲကနေ ထုတ်ယူကာ သူ့မှော်စွမ်းအားကို အားပြန်ဖြည့်တင်းသည်။

ဝိညာဉ်သေကတော့ သူ့ဘေးမှာ ရပ်ကာ စောင့်ကြည့်နေသည်။ ဟန်လိ ထိုင်ချပြီး တအောင့်အကြာမှာ အနီရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်ကနေ အလန့်တကြားဟန်ဖြင့် ဖြတ်သန်းသွားသည်။ တအောင့်အကြာတွင် အနက်နှင့်အစိမ်းရောင်အလင်းတန်းခြောက်ခုတို့က ၎င်းနောက်သို့ လိုက်လံကြသည်။

ရှေ့ဆုံးမှ အလင်းတန်းသည် ကံဆိုးစွာဖြင့် မိစ္ဆာတာအိုကျင့်ကြံသူများထံမှ အသည်းအသန် ထွက်ပြေးနေရသူ ဖြစ်မှာ သိသာသည်။

ဟန်လိသည် သူတို့ကို အာရုံထပ်စိုက်မနေတော့၊ သူ့မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်သည်။ သူ့စိတ်သည် ဗလာကင်းမဲ့သော အခြေအနေတစ်ခုသို့ ရောက်သွားပြီး သူ့မှော်စွမ်းအားကို ပို၍ မြန်ဆန်စွာ အားဖြည့်နေတော့သည်။

အချိန်တစ်ခု ကြာပြီးနောက်မှာတော့ ဟန်လိသည် မျက်လုံး ပြန်ဖွင့်လာသည်။ သူ့မှော်စွမ်းအားအားလုံးနီးပါး ပြန်ကောင်းမွန်လာသည့်အခါ ဟန်လိသည် သည်အန္တရာယ်များလှသော နေရာတွင် တစက္ကန့်မျှပင် ဆက်နေချင်စိတ် မရှိတော့ပေ။

သူက ကောင်းကင်ထက်သို့ မော့ကြည့်သည်။ မှောင်ရီစ ပျိုးနေတာကို မြင်သည်။ ညအမှောင်ကို အကာအကွယ်ယူကာ သူ လွတ်မြောက်အောင် ထွက်ပြေးရမည့် အချိန်အခါ ဖြစ်၏။ သို့သော် ဟန်လိသည် အလျင်လိုသော လှုပ်ရှားမှုများကို မပြုလုပ်ပေ။ ထိုအစား သူက သူ့ဘေးပတ်ဝန်းကျင်ကို စိတ်ဝိညာဉ်အာရုံဖြင့် သေချာ စူးစမ်းကြည့်သည်။ အနီးအနား၌ မိစ္ဆာတာအိုကျင့်ကြံသူများ ရှိ၊ မရှိကို အတည်ပြုသည်။

ကြည့်ရတာ အဝါရောင်မေပယ်တောင်ကြားမှ ဟန်လိ၏ ရောင်းရင်းများသည် အလစ်အငိုက်တိုက်ခိုက်ရာမှာ ကျရှုံးခဲ့ပြီး အသည်းအသန် ထွက်ပြေးနေရပုံ ပေါ်သည်။ ရန်သူ၏ ခွန်အားကို တွေးမိပြီး ဟန်လိသည် ခေါင်းယမ်းမိသည်။

ထို့နောက်တွင်တော့ ဟန်လိသည် ဤအကြောင်းကို ဆက်မစဉ်းစားတော့ဘဲ သူ့နတ်လေလှေကို ထုတ်သည်။ ယွမ်ဝူဒေသထံ ဦးတည်သော အရပ်ကို သေချာစေပြီးနောက်မှာ ဟန်လိနှင့် ဝိညာဉ်သေတို့သည် ထွက်ခွာလာတော့သည်။

အချိန်တစ်ခုထိတော့ ယွမ်ဝူဒေသသည် ဘေးကင်းနေအုံးမည်ဟု ယူဆ၍ ရလေ၏။ ဟန်လိသည် ဂိုဏ်း၏ ချိန်းဆိုထားသော နေရာသို့ သွားကာ ပင်မအုပ်စုနှင့် သွားပူးပေါင်းရန် မစီစဉ်ထားပေ။ ပင်မအုပ်စုမှာလည်း မိစ္ဆာတာအိုဂိုဏ်း၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံရနိုင်လောက်သည်။ ထိုသို့သာ ဖြစ်နေခဲ့ပါက ယင်းနေရာသို့ သွားခြင်းသည် ကိုယ့်ဒုက္ခကိုယ် ပိုရှာသလိုသာ ဖြစ်ပေလိမ့်မည်။

ထို့အပြင် ဟန်လိသည် သည်အခွင့်အရေးကို အသုံးချကာ ကျင့်ကြံဖို့အတွက် နေရာသစ်တစ်ခုကို ရှာကြည့်အုံးမည် ဖြစ်သည်။ သူသာ နောက်ထပ်နိုင်ငံတစ်ခုတွင်လည်း အဝါရောင်မေပယ်တောင်ကြား၏ နောက်သို့သာ လိုက်ခဲ့ပါက အကောင်းဆုံးမှ မြင့်မားသောအဆင့်အတန်းရှိသော အကြီးအကဲတစ်ယောက် ဖြစ်လာနိုင်ရုံသာ။ ဟန်လိသည် ထိုကဲ့သို့သော ဘဝမျိုးတွင် နေထိုင်ချင်စိတ် မရှိပေ။

ဟန်လိ၏ အထင်သာ မှန်ခဲ့လျှင် မိစ္ဆာတာအိုဂိုဏ်းများသည် သည်နိုင်ငံများကို တိုက်ခိုက်သိမ်းပိုက်ပြီးလျှင် သူတို့၏ ခွန်အားကို တဖြည်းဖြည်းစုကာ လမ်းမှန်တာအိုမဟာမိတ်အဖွဲ့နှင့် ရင်ဆိုင်တိုက်ခိုက်ကြလိမ့်မည်။ ထိုအချိန်သာ ရောက်လာခဲ့လျှင် ကောင်းကင်တောင်ပိုင်းဒေသတစ်ခုလုံးသည် ဘေးကင်းနိုင်တော့မည် မဟုတ်ပေ။

ယင်းသို့သော အခြေအနေသည် အေးအေးဆေးဆေး ကျင့်ကြံချင်သော ဟန်လိ၏ ရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက်ပင်။

အခြေအနေများက တကယ်ကြီး ဆိုးဝါးနေခဲ့လျှင် ဟန်လိသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုကာ တခြားသော ကုန်းမြေထံသို့ ခရီးနှင်ပြီး လာမည့်စစ်ပွဲကို ရှောင်ဖို့ စဉ်းစားထားသည်။

ဟန်လိသည် ထိုသို့ စဉ်းစားကြံဆနေရင်း သူ၏ နတ်လေလှေက အဖြူရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ သူသည် မိုးကုပ်စက်ဝန်းအတွင်း ပျောက်ကွယ်သွားလေတော့သည်။

နှစ်ရက်ကြာပြီးနောက်မှာတော့ ဟန်လိက ယွဲ့ဒေသနှင့် ယွမ်ဝူဒေသတို့ကြား နယ်စပ်သို့ ရောက်လာခဲ့လေပြီ။

သူက နောက်သို့ ခေါင်းလှည့်ကာ ယွဲ့ဒေသ၏ တောင်တန်းများကို လည်ပြန်ကြည့်သည်။ မသိမသာ သက်ပြင်းချပြီးနောက်မှာတော့ သူသည် ဝိညာဉ်သေနှင့်အတူ ယွမ်ဝူဒေသသို့ ပျံသန်းလာခဲ့တော့သည်။

ဟန်လိသည် နောက်နေ့တစ်ဝက်တွင် မိစ္ဆာတာအိုကျင့်ကြံသူအုပ်စုတစ်စုက သည်နေရာမှာ လာ၍ ကင်းစောင့်ကြသည်ကိုတော့ မသိတော့ပေ။ သူတို့သည် ယွဲ့ဒေသမှ ကျင့်ကြံသူများက ယွမ်ဝူဒေသသို့ မဝင်ရောက်နိုင်အောင်လို့ နှစ်နိုင်ငံနယ်စပ်တလျှောက် ကီလိုမီတာငါးဆယ်အထိ စောင့်ကြပ်နေကြပေသည်။

……

ဟန်လိသည် ယွဲ့ဝူဒေသသို့ ဝင်လာသည်နှင့် သူက ရွှေမြင်းမြို့သို့ အရင်ဆုံး ဦးတည်လာခဲ့သည်။ လေးရက်လောက်ကြာပြီးနောက်မှာတော့ သူ ထိုမြို့သို့ ရောက်လာခဲ့သည်။

ကောင်းကင်ထက်ကနေ သေချာ စူးစမ်းပြီးသည်နှင့် ဟန်လိက ချီယွမ်ရှောင်း၏ နေအိမ်ကို တွေ့၏။ သူက နတ်လေလှေပေါ်ကနေ ခုန်ဆင်းကာ ဘေးပတ်လည်သို့ ကြည့်ရှုသည်။ သူ တွေ့မြင်ရသည့် အရာကြောင့် ဟန်လိမှာ မင်သက်သွားရသည်။

(ချီယွမ်ရှောင်းသည် ဟန်လိ၏ ရှားပါးဆေးအမယ်အတွက် ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင် ပေးခဲ့သော သူ ဖြစ်သည်။ အခန်း (၂၇၅) တွင် ဖော်ပြထားပါသည်။ )

မိုးပြာဝါးများမှာ ကျိုးပဲ့ ပြန့်ကျဲနေသလို ကျောက်စကျောက်နများကလည်း လွင့်ကြဲ့နေသည်။ ကျောက်သားအခန်းများက အပျက်ပျက်အယွင်းယွင်း။ အများစုမှာ ဖျက်စီးခံထားရသည်။ ထို့အပြင် ချီယွမ်ရှောင်း ချခင်းထားသော အကာအကွယ်အစီအရင်များမှာလည်း အတင်းအကြပ် ဖျက်စီးခံထားရသည်။

ဟန်လိ၏ မျက်နှာက နက်မှောင်သွား၏။ သူက သူ့လက်ကို လှုပ်ရှားပြီး မှော်ပစ္စည်းတစ်ခုကို ထုတ်ယူသည်။ ထို့နောက်တွင် ပျက်စီးနေသော အခန်းများထံ လျှောက်လာ၏။

သည်ဖျက်စီးခံရမှုက ကြာပြီ ဖြစ်သော်လည်း ဟန်လိသည် သတိထားနေတုန်းပင်။ သူက အခန်းများကို ရှာဖွေကြည့်သည်။ အတွင်းပိုင်း အပျက်အစီးများကြား၌ သူက ပုတ်ပွနေသော အလောင်းတစ်လောင်းကို တွေ့ရသည်။ ဟန်လိက နှာခေါင်းကို လက်ဖြင့် ပိတ်ကာ ထိုအလောင်း၏ မျက်နှာကို သေသေချာချာ ကြည့်သည်။

သူ မျက်မှောင်ကြုံ့နေ၏။ ထိုအလောင်းမှာ ချီယွမ်ရှောင်း၏ အလောင်း မဟုတ်ပေ။ ထိုအစား ချီယွမ်ရှောင်း၏ ငယ်သားတစ်ယောက် ဖြစ်သော ဆိုင်ရှင်၏ အလောင်း ဖြစ်နေသည်။ ထိုအခါကျမှ ဟန်လိလည်း တော်တော်လေး စိတ်အေးသွား၏။ သူက တခြားအခန်းများထဲတွင် နောက်ထပ်အလောင်းများကိုတော့ ထပ်ရှာမတွေ့တော့ပေ။

ဟန်လိသည် ရှာ၍ဖွေ၍ ပြီးသည်နှင့် သူ့အမူအရာမှာ ရုတ်တရက် အေးစက်သွားသည်။ သူ့ခန္ဓာကိုယ်က ဝေဝါးသွားပြီး နတ်လေလှေပေါ်တွင် ချက်ခြင်း ပြန်ပေါ်လာသည်။ ထို့နောက်တွင် သူက တောင်ဘက်အရပ်သို့ အကြည့်ရောက်သွားသည်။ တောင်ပိုင်း၏ တောင်ကုန်းတောင်တန်းများအထက်ကနေ အပြာရောင်အလင်းတန်းနှစ်ခုသည် သူ ရှိနေသော နေရာထံ ဦးတည်လာနေသည်။

တအောင့်အကြာတွင် သူတို့က ဟန်လိနှင့် မလှမ်းမကမ်းတွင် ဆင်းသက်သည်။ ထိုအပြာရောင်အလင်းတန်း လွင့်ပြယ်သွားချိန်၌ အဘိုးအိုတစ်ယောက်နှင့် လူငယ်တစ်ယောက်တို့ ပေါ်လာကြသည်။

ထိုအဘိုးအိုသည် သာမန်ရုပ်သွင်သာ ပိုင်ဆိုင်ထားသည်။ သူက အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက် ဖြစ်ချေ၏။

တခြားတစ်ယောက်ကမူ အသက်နှစ်ဆယ်ဝန်းကျင်ခန့် ရှိမည့် ခပ်ချောချောလူငယ်တစ်ယောက် ဖြစ်သည်။ သူက ချီစုဆောင်းခြင်းကျင့်ကြံသူတစ်ယောက်သာ ဖြစ်သော်ငြားလည်း ဟန်လိကို ရန်လိုဟန်ဖြင့် စိုက်ကြည့်နေသည်။

All Chapters