← Chapters

ချက်ခြင်းလက်ငင်းသတ်

Vol. 25 Ch. 350

ချက်ခြင်းလက်ငင်းသတ်

Vol. 25 Ch. 350

ဟန်လိသည် စကားတခွန်းမှ မဆိုဘဲ သူတို့နှစ်ယောက်ကို တည်ငြိမ်စွာ ကြည့်သည်။ သို့ပေမည့် သူသည် ထိုနှစ်ယောက်မှာ ချီယွမ်ရှောင်း၏ နေအိမ် ဖျက်စီးခံရတာနှင့် ပတ်သတ်ကြောင်းကိုတော့ သဘောပေါက်သည်။ ဟန်လိက ငြိမ်သက်စွာဖြင့် တုန့်ပြန်သည်ကို မြင်သည့်အခါ လူငယ်က လှမ်းမေးလာသည်။

“ခင်ဗျားက ဘယ်သူလဲ။ ချီဆိုတဲ့ တစ်ယောက်နဲ့ ဘယ်လို ပတ်သတ်မှု ရှိလဲ…”

ထိုစကားကို ကြာားသည့်အခါ ဟန်လိက သူ့ကို အေးတိအေးစက် တချက်သာ လှမ်းကြည့်ပြီး အဘိုးအိုထံသို့ အကြည့်ရောက်သွားသည်။ ကျင့်ကြံမှုအဆင့်အရ ထိုအဘိုးအိုကသာ အမှန်တကယ် တာဝန်ရှိသူ ဖြစ်မှာ ထင်ရှားသည် မဟုတ်လား။ လူငယ်သည် ဟန်လိက သူ့ကို လစ်လျူရှုထားတာ မြင်သည့်အခါ ဒေါသပုန်ထသွားသည်။ သူသည် ဟန်လိမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း သူ၏ ဂိုဏ်းသည် ယွမ်ဝူဒေသ၏ အစွမ်းထက်ဆုံးဂိုဏ်းများထဲမှ တစ်ခု ဖြစ်ချေ၏။ သူသည် အရင်တုန်းက အခုလိုမျိုး ဆက်ဆံခံရတာကို လုံးဝ မကြုံဖူးပေ။

ထို့အပြင် ချီယွမ်ရှောင်း၏ ကိစ္စကြောင့် သူသည် ဒေါသထွက်နေပြီး ဖြစ်သည်။ သည့်အတွက်ကြောင့် သူက အံတင်းတင်းကြိတ်ကာ သူ့မှော်လက်နက်များကို ထုတ်ရန် ဟန်ပြင်သည်။ သို့သော် သူ့လက်ကို လှုပ်ရှားရန် ဟန်ပြင်စဉ် အဘိုးအိုက လှမ်းတားသည်။

“နေအုံး။ ကျုပ်တို့က သူ့ကို ဘယ်သူဘယ်ဝါမှန်း မသိသေးဘူး။ ကျုပ်တို့အနေနဲ့ မလှုပ်ရှားခင် အရင်ဆုံး မေးမြန်းကြည့်ရမယ်…”

အဘိုးအိုက တည်ငြိမ်သောလေသံဖြင့် ထိုသို့ ဆိုသည်။

ထို့နောက်တွင် လူငယ်သည် ဟန်လိ၏ နောက်တွင် ရပ်နေသော ဝိညာဉ်သေကို သိချင်စိတ်ဖြင့် လှမ်းကြည့်သည်။ ဝိညာဉ်သေ၌ အသက်ရှင်လျက် ရှိသူတစ်ယောက်၏ အော်ရာမျိုး မပိုင်ဆိုင်ထားနေပေ။ သို့တိုင် သူက ဝိညာဉ်သေထံမှ မှော်စွမ်းအား တုန်ခါလှိုင်းကို ခံစားမိရသည်။

ဟန်လိက အဘိုးအို၏ စကားကို ကြားသည့်အခါ မျက်မှောင်ကြုံ့သွားသည်။ ထိုအဘိုးအိုသည် အခြေခ့တည်ဆောက်ခြင်း အလယ်အဆင့် ရှိ၏။

“မင်းတို့က ဒီနေရာကို ဘာကြောင့်များ ဖျက်စီးခဲ့ရတာလဲ…” ဟန်လိက မချေမငံဖြင့် မေးသည်။

“တာအိုရောင်းရင်းက ချီယွမ်ရှောင်းနဲ့ ဘယ်လိုများ ပတ်သတ်လို့လဲ။ ခင်ဗျားက ချီဂိုဏ်းကလား…”

ထိုအဘိုးအိုက ဟန်လိ၏ အမေးကို အမေးဖြင့် ပြန်တုန့်ပြန်သည်။ ဟန်လိသည် မသိမသာ မျက်မှောင်ကြုံ့သွားသည်။ တဖက်သူက သူ့မေးခွန်းကို မဖြေသည့်အပြင် တန်ပြန်မေးခွန်းပါ ထုတ်လာနေ၏။

“ကြည့်ရတာ ကျုပ်တို့နှစ်ယောက်လုံးက တစ်ယောက်အမေးကို တစ်ယောက် မဖြေချင်ဘူးနဲ့တူတယ်။ ဒါဆိုရင် ကျုပ်တို့ အဖြေချင်း အလဲအလှယ် လုပ်ကြရင် ပိုကောင်းမလားပဲ…”

ဟန်လိက မျက်ခုံးပင့်ကာ မေးသည်။ အဘိုးအိုမှာ ခဏ မင်သက်သွားသည်။ သို့သော် ခဏကြာ စဉ်းစားပြီးနောက် သူက သဘောတူသည်။

“ကျုပ် အရင် မေးမယ်။ အဆင်ပြေလား…” ဟန်လိက ထိုသို့ ပြော၏။

“ခင်ဗျားက ချီဂိုဏ်းကလား…” ထိုအဘိုးအိုမှာ ချက်ခြင်းပင် ယဉ်ကျေးမနေဘဲ သူ မေးချင်တာကိုသာ အရင်မေးလာ၏။

ဟန်လိသည်လည်း ချက်ခြင်း ဖြေသည်။ “မဟုတ်ဘူး…”

ထိုအဖြေကို ကြားသည့်အခါ အဘိုးအိုကော၊ လူငယ်ကော အံ့အားသင့်သွားပြီး သံသယဝင်ဟန် ဖြစ်ပေါ်၏။

“အခု ချီယွမ်ရှောင်းက သေလား၊ ရှင်လား…” ဟန်လိက ဖြေးဖြေးမှန်မှန်ဖြင့် ထပ်မေးသည်။

“သူ အသက်ရှင်နေတုန်းပဲ…” အဘိုးအိုသည် ခဏ စဉ်းစားပြီးနောက်မှာ တိုင်းတိုင်းဆဆဖြင့် ပြန်ဖြေသည်။ “အသက်ရှင်နေတုန်းပဲ” ဟူသော စကားကြောင့် ဟန်လိသည် စိတ်အေးသွားမိသည်။

“ရောင်းရင်းက ချီယွမ်ရှောင်းနဲ့ ဘာပတ်သတ်မှုများ ရှိလို့လဲ…” အဘိုးအိုက သတိထားကာ ထပ်မေးသည်။

“ကျုပ် သူနဲ့ စီးပွားရေး ကိစ္စတစ်ခု ရှိတယ်…” ဟန်လိက အေးတိအေးစက် ပြန်တုန့်ပြန်သည်။

“ စီးပွားရေး ကိစ္စလား…” အဘိုးအို၏ မျက်လုံးထဲ အံ့အားသင့်မှု ဖြတ်ပြေးသွားလေ၏။

“အခုလက်ရှိ ချီယွမ်ရှောင်းက ဘယ်မှာလဲ…” ဟန်လိသည် ပုံမှန်အတိုင်း မေးလိုက်သော်လည်း သူက ပူပန်မှုတော့ ရှိနေဆဲသာ။

“ကျုပ် မပြောပြနိုင်ဘူး…” အဘိုးအိုက ချက်ခြင်း ငြင်း၏။

“ဒါဆိုလည်း ကျုပ် မေးခွန်းပြောင်းမေးမယ်။ ခင်ဗျားတို့က ဘာကြောင့် ချီယွမ်ရှောင်းကို တိုက်ခိုက်ခဲ့တာလဲ…”

“သူက ကျုပ်တို့ဖူဂိုဏ်းဝင်တွေကို သတ်ခဲ့တယ်။ ဒါ့ကြောင့် ကျုပ်တို့က ဘာကြောင့်များ သူ့ကို မသတ်သင့်မှာလဲ… “

ဘေးမှ လူငယ်က လှောင်ပြောင်သည့်လေသံဖြင့် ခပ်သွက်သွက် ပြန်ဖြေသည်။

အဘိုးအိုကတော့ မျက်မှောင်ကြုံ့သွားပြီး စိတ်ရှုပ်ဟန် ပေါ်သည်။ သို့သော် သူက ဘာမှတော့ ထပ်မပြောတော့ပေ။

“ဖူဂိုဏ်း…” ဟန်လိက သည်စကားကို ကြားသည့်အခါ၌ သူသည် ရှင်းယုယင်ကို ကယ်တင်ပေးခဲ့စဉ်က သူ သတ်ခဲ့သော ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများကို အမှတ်ရသွားမိသည်။ အခု သူသည် သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်နေလေပြီ။

“ဒီလိုကို။ ဒါပေမဲ့လည်း ခင်ဗျားတို့နှစ်ယောက်တည်း ဒီမှာ ရှိနေတယ်။ ချီဂိုဏ်းကသာ ရန်လိုစွာနဲ့ ဒီကို ရောက်လာခဲ့ရင် ခင်ဗျားတို့ သူတို့ကို ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ…”

ဟန်လိက မထူးခြားနားဟန်ဖြင့် ထိုသို့ပြောသည်။

“ချီဂိုဏ်းက ဘယ်ကျင့်ကြံသူကိုများ စေလွှတ်နိုင်မှာ မလို့လဲ။ ကျုပ်တို့နှစ်ယောက်တည်းနဲ့ မလုံလောက်ဘဲ နေမလား…”

လူငယ်က ဂုဏ်ယူစွာဖြင့် ထိုသို့ ပြောလာသည်။

“ဒီတော့ ဒီမှာ မင်းတို့နှစ်ယောက်ပဲ ရှိနေတာပေါ့…” ရုတ်တရက် ဟန်လိက လေးလေးနက်နက် မေးလိုက်သည်။

“ခင်ဗျားက ဘာကြောင့် ခုလိုမျိုး မေးရတာလဲ…” လူငယ်က မည်သို့ ပြန်ဖြေရမလဲ စဉ်းစားနေစဉ် သူ့ဘေးမှ အဘိုးအိုကမူ ရုတ်တရက် သိချင်စိတ်ဖြင့် ထိုသို့ မေးလာသည်။

သို့သော် နောက်ကျသွားခဲ့လေပြီ။ ရုတ်တရက် ဟန်လိသည် သူ့လက်နှစ်ဖက်ကို ပင့်မြှောက်သည်။ အနက်ရောင်အလင်းတန်းနှစ်ခုက လူငယ်ထံ တိုးဝင်သွားသည်။ ယင်းနောက် သူက သိုလှောင်အိတ်ကို ပုတ်သည်။ အဖြူရောင်အလင်းတန်းဆယ်ခုကျော် ထိုးထွက်လာ၏။ မျက်စိတစ်မှိတ်အတွင်း ထိုအလင်းတန်းများသည် ရုပ်သေးသားရဲများ၊ တပ်သားများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုရုပ်သေးများက ပေါ်လာသည်နှင့် အလင်းတန်းများ၊ မြားများဖြင့် တရစပ် ထိုးနှက်တိုက်ခိုက်လေသည်။

ဤသည်ကို မြင်သည်နှင့် အဘိုးအိုမှာ လန့်ဖျန့်သွား၏။ သူ့ခန္ဓာကိုယ်က ချက်ခြင်း ဝေဝါးကာ လူငယ့်ဘေးတွင် ပေါ်လာပြီး သူ့ရှေ့၌ ကြေးဝိုင်းမှော်ပစ္စည်းတစ်ခုကို ထုတ်ယူထားနှင့်ပြီး ဖြစ်သည်။ ၎င်းကြေးဝိုင်းသည် ချက်ခြင်းပင် စားပွဲအရွယ်အစားထိ ကြီးမားလာပြီး တိုးဝင်လာသော တိုက်ခိုက်မှုများကို ပိတ်ဆို့ဟန့်တားသည်။ ပေါက်ကွဲသံများကို ဆက်တိုက် ကြားရလေ၏။ အလင်းတန်းများ၊ မြားများ၏ တိုက်ခိုက်မှုတိုင်းက အဘိုးအိုကို နောက်သို့ ပိုပို ဆုတ်သွားစေသည်။

သို့သော် နောက်တခဏတွင် သူ့ဘေးမှ လူငယ်သည် အလန့်တကြား ထအော်၏။ သူက အလျင်အမြန် ခေါင်းငဲ့ကာ ကြည့်သည်။ သို့သော် သူ ခေါင်းလှည့်ရုံ ရှိသေး သူ့လည်ပင်းမှ အေးစက်မှုကို ခံစားရကာ အရာအားလုံးသည် အမှောင်ကျသွားလေတော့သည်။ ယင်းနောက်တွင် အဘိုးအို၏ ဦးခေါင်းမဲ့ ခန္ဓာကိုယ်သည် မြေပေါ်သို့ ပြိုလဲကျသွားလေ၏။

လေထဲတွင် ဟန်လိ၏ ညာလက်ရှိ လက်စွပ်နှင့် ချီနှောင်ထားသော ခပ်ဖျော့ဖျော့ တောက်ပနေသော ကြိုးမျှင်တစ်ခုသာ ကျန်ခဲ့လေသည်။

အစောပိုင်းတုန်းက ဟန်လိသည် ရုပ်သေးများ၏ တရစပ်ထိုးနှက်မှုများကို အသုံးချကာ သူ့လှုပ်ရှားမှုများကို တိတ်တဆိတ် ဖုံးကွယ်နိုင်ခဲ့တာ ဖြစ်လေသည်။ တိမ်မီးခိုးခြေလှမ်းကို အသုံးပြု၍ သူသည် သူ့နတ်လေလှေကနေ မီတာခြောက်ဆယ်ကျော်ထိ ဖြတ်ခနဲ ရွှေ့လျားနိုင်ကာ အဘိုးအိုနှင့်လူငယ်တို့ကြားသို့ ရောက်လာခဲ့တာ ဖြစ်သည်။ ထို့နောက်တွင် သူက သူ့ကြိုးမျှင်ကို ဝေ့မ်း၍ သူတို့နှစ်ယောက်ကို အလွယ်တကူ သုတ်သင်ပစ်ခဲ့တာပင်။

သည်တိုက်ပွဲမှာ ဟန်လိ၏ ကိုယ်ပေါ်ရှိ အဝတ် ဖုန်မပေသည့်ထိကို လွယ်ကူလွန်းခဲ့ပေသည်။

ထိုနည်းလမ်းဖြင့် ဟန်လိသည် ယွဲ့ဒေသ၏ နယ်စပ်၌ မိစ္ဆာတာအိုမှ ကျင့်ကြံသူ အများအပြားကို သတ်နိုင်ခဲ့တာ ဖြစ်သည်။

ဟန်လိသည် မသိမသာ ခေါင်းယမ်း၏။ သူက ခေါင်းပြတ်နေသော အလောင်းများထံ လျှောက်လာပြီး သူတို့၏ သိုလှောင်အိတ်များကို သိမ်းဆည်းသည်။ သူ့စိတ်ဝိညာဉ်အာရုံဖြင့် ၎င်းတို့ကို စစ်ဆေးကြည့်ပြီးနောက်မှာတော့ သူက အတော်လေး စိတ်ပျက်မိသွားသည်။

ထိုနှစ်ယောက်သည် ထိပ်တန်းမှော်ပစ္စည်းသုံးခုကို ပိုင်ဆိုင်ထားသော်လည်း အရည်အသွေးကမူ ပုံမှန်လောက်သာ။ သူ့အဖို့ ၎င်းတို့ကို အသုံးပြုစရာ သိပ်မရှိပေ။ တဖက်တွင်မူ ကြေးနီဝိုင်းကတော့ မြင်ရခဲသော အကာအကွယ်မှော်ပစ္စည်း ဖြစ်လေ၏။

ထိုသို့တွေးမိပြီး ဟန်လိက ၎င်းကြေးနီဝိုင်းက မူလအရွယ်အစားသို့ ပြန်ရောက်စေပြီး သူ့လက်ထဲ ပျံသန်းလာစေသည်။ သူက ၎င်းကို ကျေနပ်ဟန်ဖြင့် သိမ်းဆည်းလိုက်ပြီးနောက် အလောင်းများထံ မီးလုံးနှစ်လုံးစေလွှတ်ကာ ပြာချပစ်သည်။ သည့်နောက် သူသည် ဝိညာဉ်သေနှင့်အတူ လှေပေါ်သို့ ပြန်တက်လာပြီး သည်ဝန်းကျင်ကို ခဏ ပတ်၍ ပျံသန်းပြီးနောက်မှာ အဝေးသို့ ထွက်လာခဲ့သည်။

သည်တစ်ကြိမ်၌ သူသည် ရှင်းယုယင်၏ နေအိမ်ရှိနေသော တောင်တန်းငယ်ထံ သွားမှာ ဖြစ်သည်။ သူမ၏နေအိမ်သည် ချောင်ကျကွယ်ဝှက်သဖြင့် မည်သည့်ဆိုးဝါးတာမျှ မဖြစ်စေရန် သူ မျှော်လင့်ထားမိ၏။

ခြောက်နာရီလောက်ကြာပြီးနောက်မှာ ဟန်လိသည် ရှင်းယုယင် နေထိုင်သော တောင်တစ်ခုထံ ရောက်လာသည်။

ဟန်လိသည် ထိုတောင်အထက်ရှိ မြူခိုးများက ခြေရာမပျက် ရှိနေတာကို မြင်မှ စိတ်ထဲ အားရဝမ်းသာ ဖြစ်နိုင်တော့သည်။ သူက အောက်ဘက် နိမ့်နိမ့်ကနေတော့ မပျံသန်းဝံ့ဘဲ ထိုအစား တောင်တဝက်လောက်ကနေသာ ဖြတ်၍ ပျံသန်းလာပြီး အသံပို့လွှတ်ခြင်းအဆောင်ကို ထုတ်ယူပြီး စကားတချို့ ပြောကာ အနှီအဆောင်ကို ပစ်လွှတ်လိုက်သည်။

အသံပို့လွှတ်ခြင်းအဆောင်သည် မီးအလင်းတန်းအဖြစ်သို့ ပြောင်းကာ တောင်ထံသို့ ပျံသန်းဝင်ကာ မြင်ကွင်းကနေ ပျောက်ကွယ်သွားလေသည်။ တအောင့်အကြာတွင် မြူများ၏ တစိတ်တပိုင်းက မြင့်တက်လာပြီး သူ့ကို လုံးဝ လွှမ်းခြုံသွားသည်။

ဟန်လိသည် နေရာတွင်သာ ရပ်နေဆဲ။ သူ့ ရှေ့ရှိ မြင်ကွင်းကတော့ ပြောင်းလဲသွားသည်။ မီတာသုံးရာလောက်ရှိသော သစ်ပင်ကြီးများ ဝန်းရံထားသော မြင်ကွင်းတစ်ခု ပေါ်လာသည်။ ဟန်လိသည် တုန်လှုပ်အံ့အား မသင့်မိဘဲ မနေနိုင် ဖြစ်သွားရလေသည်။ သူသည် သည်မျှကြီးမားသော သစ်ပင်ကြီးများကြား၌ ပုရွတ်ဆိတ်တစ်ကောင်နှယ် ခံစားမိ၏။ မည်သို့ပင် ဖြစ်စေ ရှင်းယုယင်သည် သူ့အသံပို့လွှတ်ခြင်းအဆောင်ကို လက်ခံရရှိမှန်းတော့ ဟန်လိ သိသည်။ သူမက သူ့ကို အလျင်အမြန် လာတွေ့လိမ့်မည်သာ။

ထင်ထားသည့်အတိုင်းပင်။ ခဏအကြာ၌ ပုံရိပ်ယောင်သစ်ပင်ကြီးများသည် မြူထုအဖြစ်သို့ ပြောင်းသွားသည်။ ထို့နောက်တွင် ထိုမြူထုက ကွဲထွက်ကာ သုံးမီတာလောက် အကျယ်ရှိ လျှောက်လမ်းတစ်ခု လှစ်ဟပေါ်သည်။

ထိုလျှောက်လမ်းက သိသိသာသာ ရှည်သည်။ မီတာနှစ်ရာကျော်လောက် လျှောက်လာပြီးနောက်မှ ဟန်လိသည် သည်လမ်းအဆုံးကို မြင်ရသည်။

သို့သော် သူသည် လမ်းအဆုံးနား မီတာနှစ်ဆယ်လောက် ရောက်လာသည့်အချိန်တွင်တော့ အမျိုးသမီးတစ်ယောက်၏ အသံကို ကြားရလေ၏။

“စီနီယာဟန်…ရှင့်နောက်က ဘယ်သူများလဲ။ ဒီနေရာကိုတော့ လူစိမ်းတွေ မခေါ်လာသင့်ပါဘူး…”

( ရှင်းယုယင်သည် ချီယွမ်ရှောင်း၏ ချစ်ရသူ ဖြစ်ကာ အစီအရင်မန္တာန်များကို ကျွမ်းကျင်သော မိန်းမပျို ဖြစ်သည်။ သူမ၏အကြောင်းကို အခန်း(၂၇၇)တွင် ဖော်ပြထားပါသည်။ )

All Chapters