မည်သူမှ မော်မကြည့်ရဲပါသော
Vol. 82 Ch. 1129
ဝမ်ပေါင်လဲ့ ထုတ်ပြခဲ့သည့် တိုက်ရည်ခိုက်ရည် စွမ်းအားများမှာ သူတို့ထဲမှ အစွမ်းအထက်ဆုံး ကျင့်ကြံသူဖြစ်သော လော့ကျစ်အား အသက်ရှူကြိမ် သုံးကြိမ်အတွင်း သတ်ဖြတ်ပစ်နိုင်ခဲ့သည် မဟုတ်ပါလော။ ထိုကဲ့သို့သော စွမ်းအားမျိုးကြောင့် သူတို့အားလုံး ကြောက်ရွံတုန်လှုပ်သွားရသည်မှာ မထူးဆန်းပေ။
ယခုတွင် သူတို့ဘက်၌ လူအင်အားများစွာ ရှိနေပါသော်လည်း သူတို့အားလုံး ပူးပေါင်းတိုက်ခိုက်လိုက်လျှင်တောင် ဝမ်ပေါင်လဲ့အား သတ်ဖြတ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ အကယ်၍ သူ့အား သတ်ဖြတ်နိုင်ခဲ့လျှင်တောင် သူတို့ထဲမှအချို့မှာ သေဆုံးသွားရမည်သာဖြစ်သည်။
သူတို့မှာ ချီဝါးမျိုဂိုဏ်းမှ ထိပ်သီးအဆင့် ပါရမီရှင်များ မဟုတ်ကြပါသော်လည်း ရည်မှန်းချက်ကိုယ်စီ ရှိကြသူများဖြစ်ရာ ဤနေရာ၌ သူတို့၏ အသက်နှင့် လောင်းကြေးမထပ်လိုကြပေ။
ထို့အပြင် သူတို့ဘက်မှ အရဲစွန့်တိုက်ခိုက်လျှင်တောင် ဝမ်ပေါင်လဲ့အား သတ်ဖြတ်နိုင်ရန်မှာ မသေချာပေ။ မီးတောက်ခေါင်းဆောင်ကြီးမှာ သူ၏ တပည့်များအား ရင်အုပ်မကွာ စောင့်ရှောက်တတ်သည်ဟု အဆုံးမဲ့တာအိုနယ်မြေတစ်ခုစလုံးထဲ၌ နာမည်ကျော်ကြားသည် မဟုတ်ပါလော။ ထို့အပြင် သူတို့အား ဤနေရာသို့ ခေါ်ဆောင်လာပေးခဲ့သည့် ဂိုဏ်းထဲမှ အကြီးအကဲကြီးမှာလည်း မီးတောက်ခေါင်းဆောင်ကြီးအား ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းမရှိပေ။
ထိုသို့သာ မဟုတ်ပါက သူတို့မှာ ယခုလို မျက်နှာအမူအရာများ သုန်မှုန်နေကြမည် မဟုတ်ပေ။ ထို့ကြောင့် ယခုတွင် သူတို့မှာ ဝမ်ပေါင်လဲ့၏ စိန်ခေါ်စကားများကြောင့် အမျက်ချောင်းချောင်း ထွက်နေသည့်တိုင်အောင် မည်သူကမှ မလှုပ်ရှားရဲကြပေ။
" ဘာလဲကွ။ မင်းတို့တွေက အကုန်လုံးပေါင်းပြီးတော့တောင် မတိုက်ခိုက်ရဲကြဘူးလား " ဝမ်ပေါင်လဲ့မှာ အခြေအနေများကို ရိပ်စားမိသွားသည်နှင့် မျက်ခုံးပင့်ကာ အော်ဟစ်ရယ်မောလိုက်၏။ သူသည် ချီဝါးမျိုဂိုဏ်းမှ ကျင့်ကြံသူများအားလုံး အတူတကွ ပူးပေါင်း၍ သူ့အား တိုက်ခိုက်မည်ကို လိုချင်နေသည်။ သူသည် ထိုဂိုဏ်းထဲမှ ဂိုဏ်းသားတစ်ယောက်အား သတ်ဖြတ်ပြီးသွားပြီဖြစ်ရာ ကျူပင်ခုတ်ကျူငုတ်မကျန်အောင် လုပ်ရန် ဆုံးဖြတ်ထား၏။ သို့မှသာ မီးခိုးရောင် အာကာသကောင်းကင်ကြီးထဲသို့ ရောက်သည့်အချိန်တွင် သူတို့၏ ချုံခိုတိုက်ခိုက်နိုင်ခြင်းကို ခံရမည့်ရန်မှ ကင်းဝေးနိုင်မည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူ၏ ဘေးပတ်ပတ်လည်၌ အဆုံးမဲ့တာအိုနယ်မြေထဲမှ အင်အားကြီးအဖွဲ့စည်းများစွာ ရှိနေကြသည် မဟုတ်ပါလော။ သူသည် သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားများနှင့် ဝှက်ဖဲအချို့ကို ထုတ်ပြလိုက်ရမည် ဖြစ်ပါသော်လည်း အကျိုးကျေးဇူးအမြောက်အမြား ပြန်လည်ရရှိမည်သာဖြစ်သည်။ သူ၏ အစွမ်းအစများကို မြင်လိုက်ရသည့် ကျင့်ကြံသူအများစုမှာ သူ့အား နှောင့်ယှက်ရဲတော့မည် မဟုတ်သဖြင့် သူသည် မီးခိုးရောင် အာကာသကောင်းကင်ကြီးထဲသို့ ချောချောမွေ့မွေ့ ဝင်ရောက်သွားနိုင်မည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူ အနိုင်ရရှိသည်ဖြစ်စေ၊ ရှုံးနိမ့်သွားသည်ဖြစ်စေ ဂရုမစိုက်ပေ။ သူသည် ကျင့်ကြံသူ အမြောက်အမြားနှင့် ရင်ဆိုင်ရလျှင်တောင် သူတို့ထဲမှ အများစုအား သတ်ဖြတ်ကာ သူတို့အားလုံးကို ဒဏ်ရာအပြင်းအထန်ရသွားအောင် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
" ငါ့ရဲ့နောက်မှာ ဆရာနဲ့ ပြိုင်ဘက်ကင်း ဂိုဏ်းတူအစ်ကိုကြီးတစ်ယောက် ရှိနေတာပဲ။ ဘာကိုကြောက်နေရမှာလဲ " ဝမ်ပေါင်လဲ့ ထိုသို့တွေးလိုက်ပြီးနောက် သူ၏ အငွေ့အသက်များမှာ ပို၍ အားကောင်းလာ၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ ဟင်းလင်းပြင်ကြီးအား လှမ်း၍ ဖမ်းဆုပ်လိုက်သည်။ ထိုအခါ သူ၏ လက်ထဲ၌ နတ်ဘုရားလက်နက်တစ်ခု ချက်ချင်းပေါ်ပေါက်လာ၏။ သူသည် ထိုလက်နက်ကြီးဖြင့် အနက်ရောင်ချီခေါင်းလောင်းကြီးပေါ်ရှိ ချီဝါးမျိုဂိုဏ်းမှ ဂိုဏ်းသားများအား ချိန်ရွယ်ကာ အော်ပြောလိုက်သည်။
" ချီဝါးမျိုဂိုဏ်းက သုံးစားမရတဲ့ ကောင်တွေနဲ့ ပြည့်နေတာပါလားကွ။ မင်းတို့တွေ ငါ့ကို တိုက်ခိုက်ချင်ပေမဲ့ သတ္တိမရှိဘူးဆိုရင်လည်း သတ္တိမရှိပါဘူးလို့ ဖေဖေကြီးကို မြန်မြန်ပြောကွာ "
ဝမ်ပေါင်လဲ့၏ နှုတ်မှ ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် ချီဝါးမျိုဂိုဏ်းသားများ၏ နဖူးများပေါ်တွင် သွေးကြောကြီးများ ဖောင်းလာကြ၏။ မီးတောက်ခေါင်းဆောင်ကြီးကြောင့် နောက်သို့ ဆုတ်ခွာသွားရသည့် အဘိုးကြီးမှာမူ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားပြီး ရုတ်တရက် အော်ပြောလိုက်သည်။
" သွေးနားထင်ရောက်နေတဲ့ကောင်။ မင်းတို့တွေ ပူးပေါင်းပြီး တိုက်ခိုက်ဖို့ တွေးနေကြတာမလား။ ဘာကိုစောင့်နေကြတာလဲ " ထိုအဘိုးကြီးမှာ ထိုသို့ အော်ပြောလိုက်ပြီးနောက် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်၏။ ထိုအခါ အနက်ရောင်ချီခေါင်းလောင်းကြီးမှာ တုန်ရီသွားပြီး လက်ဖဝါးတစ်ခု အရွယ်အစားသာ ရှိတော့သည့်အထိ ချက်ချင်း သေးငယ်သွားသည်။ ထို့နောက် ၎င်းမှာ ကောင်းကင်ထဲသို့ ထိုးတက်သွားပြီး ဖိနှိပ်အားတစ်မျိုးအား ထုတ်လွှတ်လိုက်၏။ တစ်ချိန်တည်းမှာပင် ချီဝါးမျိုဂိုဏ်းမှ ဂိုဏ်းသားများမှာ အသံကုန်အော်ဟစ်ကာ အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်ပျံသန်းလာကြသည်။
သူတို့ထဲမှ တစ်ဝက်နီးပါးမှာ ဂြိုဟ်အဆင့် ကျင့်ကြံသူများ ဖြစ်နေကြပါသော်လည်း သူတို့အားလုံးမှာ ဂြိုဟ်ထိပ်ဆုံးအဆင့်သို့ ရောက်နေကြပြီဖြစ်သည်။ ထို့အပြင် သူတို့မှာ သူတို့ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်သည့် ပြိုင်ဘက်များကိုပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေကြသည်ဖြစ်ရာ သာမန်ကျင့်ကြံသူများတော့မဟုတ်ပေ။ ကျန်ဂိုဏ်းသားများ အားလုံးမှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူများဖြစ်ကြ၏။ သူတို့မှာ လော့ကျစ်ကဲ့သို့ နှောင်းပိုင်းထာဝရကြယ်အဆင့်သို့ တက်လှမ်းနိုင်ရန် သိပ်မလိုတော့သည့် အလယ်အလတ် ထာဝရကြယ်အဆင့်၏ ထိပ်ဆုံးတွင် ရှိနေကြခြင်းတော့ မဟုတ်ပေ။ သို့သော် သူတို့ထဲတွင် အလယ်အလတ် ထာဝရကြယ်အဆင့် ကျင့်ကြံသူအနည်းငယ်နှင့် အစောပိုင်းထာဝရကြယ်အဆင့် ကျင့်ကြံသူခြောက်ယောက် ရှိနေဆဲပင်။
ထိုကဲ့သို့သော အင်အားစုမျိုးမှာ အလယ်အလတ်အဆင့် မိသားစုမျိုးနွယ်စုတစ်ခုကိုပင် ဖျက်ဆီး ချေမှုန်းပစ်နိုင်စွမ်းရှိပေသည်။ လော့ကျစ်ပင်လျှင် သူတို့နှင့် ရင်ဆိုင်တိုက်ခိုက်လိုက်ရပါက ခန္ဓာနှင့်ဝိညာဉ် နှစ်ခုစလုံး ဇီဝိန်ချုပ်သွားရမည်သာဖြစ်သည်။
ယခုတွင် သူတို့အားလုံးမှာ စတင်လှုပ်ရှားလိုက်ကြပြီဖြစ်ရာ ဘေးနားတစ်ဝိုက်တွင် ရှိနေသည့် အင်အားကြီးအဖွဲ့အစည်းများမှာ အာရုံအပြည့်စိုက်လိုက်ကြ၏။ ထိပ်သီးအဆင့် ပါရမီရှင်များမှာလည်း မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြသည်။ ဝမ်ပေါင်လဲ့တစ်ယောက် လော့ကျစ်အား အသက်ရှူကြိမ်သုံးကြိမ်အတွင်း သတ်ဖြတ်နိုင်ခဲ့စဉ်ကတည်းက သူတို့မှာ သူ့အား စိတ်ဝင်စားသွားခဲ့ကြ၏။ ယခုတွင် သူတို့မှာ မောက်မာဝင့်ကြွားလွန်းနေခဲ့သည့် ဝမ်ပေါင်လဲ့ဆီ၌ အခြားဝှက်ဖဲများ ထပ်၍ရှိနေဦးမည်လောဟု သိချင်နေကြသည်။
ထိုသို့ဖြင့် ဘေးနားတစ်ဝိုက်ရှိ ကျင့်ကြံသူများအားလုံး ချီဝါးမျိုဂိုဏ်းသားများ ရှေ့သို့ ပြေးထွက်လာကြသည်ကို ကြည့်နေကြစဉ် ဝမ်ပေါင်လဲ့မှာ ခေါင်းမော့ကာ အော်ဟစ်ရယ်မောလိုက်၏။ ထို့နောက် သူသည် နောက်သို့ ဆုတ်ခွာသွားခြင်းမရှိဘဲ ရှေ့သို့ ပြေးထွက်သွားသည်။ သူ၏ ခန္ဓာကိုယ်မှာ လှစ်ခနဲလှုပ်ရှားသွားပြီးနောက် ပျောက်ကွယ်သွား၏။ သူ ပြန်လည်ပေါ်ပေါက်လာချိန်တွင် သူသည် ဂြိုဟ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်၏ ဘေးသို့ ရောက်နေပြီဖြစ်သည်။ သူ၏ ညာဘက်လက်ထဲတွင် ရှိနေသည့် နတ်ဘုရားလက်နက်ကြီးမှာမူ ရေမျက်နှာပြင်အား ထက်ခြမ်းပိုင်းလိုက်သကဲ့သို့ အာကာသကောင်းကင်ကြီးအား ထိုးခွင်းသွားသဖြင့် တုန်ခါမှုလှိုင်းများ ပေါ်ပေါက်လာ၏။
ထိုအခါ စူးရှကျယ်လောင်သည့် အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာပြီး ထို ဂြိုဟ်အဆင့်ကျင့်ကြံသူ၏ ဦးခေါင်းမှာ သူ၏ ခန္ဓာကိုယ်နှင့် တခြားစီ ဖြစ်သွား၏။ ထို့နောက် သူ၏ ဦးခေါင်းမှာ လေပေါ်သို့ မြောက်တက်သွားပြီး သွေးများပန်းထွက်လာတော့သည်။ သူ၏ ခန္ဓာကိုယ်မှာမူ ချက်ချင်းဆိုသလိုပင် မီးတောက်များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရ၏။ လေပေါ်သို့ မြောက်တက်သွားသည့် ဦးခေါင်းကြီးမှာလည်း ထို မီးတောက်များဆီမှ မလွတ်မြောက်နိုင်ပေ။ ၎င်းမှာ သူ၏ ခန္ဓာကိုယ်ကဲ့သို့ မျက်စိတစ်မှိတ်အတွင်း ပြာကျသွား၏။ သူ၏ ဝိညာဉ်မှာလည်း ထိုနည်းတူပင်။
ကျင့်ကြံသူတစ်ယောက်မှာ မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်သည်။
သို့သော် ချီဝါးမျိုဂိုဏ်းမှ ဂိုဏ်းသားများမှာ သာမန် ကျင့်ကြံသူများမဟုတ်ကြပေ။ ဝမ်ပေါင်လဲ့ သူတို့ထဲမှ တစ်ယောက်အား သတ်ဖြတ်လိုက်ချိန်တွင် အခြားသူများမှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူအချို့၏ ဦးဆောင်မှုအောက်၌ အတူတကွပူးပေါင်းကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် မှော်ပညာရပ်များနှင့် ဓမ္မရတနာမျိုးစုံ ထွက်ပေါ်လာကြပြီး ဧရာမ လှိုင်းလုံးကြီး တစ်လုံးနှင့်တူသည့် မျက်စိကျိန်းစရာကောင်းသော အလင်းရောင်များကို ထုတ်လွှတ်လိုက်ကြသည်။ ထို အလင်းရောင်များမှာ ဝမ်ပေါင်လဲ့အား ချက်ချင်း လွှမ်းခြုံသွားတော့မည်ဖြစ်သည်။
ထိုတိုက်ကွက်ထဲ၌ သူတို့အားလုံး၏ စုပေါင်းစွမ်းအားများ ပါဝင်နေသည်ဖြစ်ရာ ၎င်းနှင့် ရိုက်ခတ်မိသွားပါက ဝမ်ပေါင်လဲ့မှာ အသက်သေဆုံးသွားခြင်း မရှိလျှင်တောင် ဒဏ်ရာအပြင်းအထန် ရသွားမည်သာဖြစ်သည်။ သို့သော် ကျင့်ကြံသူများအားလုံး မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြပြီး မျက်စိကျိန်းစရာကောင်းသော အလင်းရောင်များ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားတော့မည့်အချိန်တွင် နောက်သို့ ထွက်ပြေးဆုတ်ခွာရန် မဖြစ်နိုင်တော့သလို ရှောင်တိမ်းရန်လည်း မဖြစ်နိုင်တော့သည့်ပုံ ပေါက်နေသော ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ရယ်မောလိုက်၏။
သူ ထိုသို့ ရယ်မောလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်မှာ ထစ်ချုန်းသံများနှင့်အတူ ပေါက်ကွဲသွားသည်။ သူသည် သူ့ကိုယ်သူ အသေခံ၍ ဖောက်ခွဲပစ်လိုက်ခြင်းမဟုတ်ဘဲ ဆယ်ပိုင်းကွဲသွားပြီး ကိုယ်ပွားဆယ်ခုအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာအနှံ့သို့ ပြေးထွက်သွားခြင်းဖြစ်သည်။
ထိုမျှလောက်သာဆိုပါက ပွဲကြည့်ပရိတ်သတ်များမှာ အံ့သြတုန်လှုပ်သွားကြမည် မဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့ ကိုယ်ပွားဆယ်ခုအဖြစ် ကွဲထွက်သွားသည်နှင့် သူ၏ ကိုယ်ပွားဆယ်ခုမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ ပေါက်ကွဲသွားကြပြန်သည်။ ထို ကိုယ်ပွား တစ်ခုချင်းစီတိုင်းမှာ မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး ပို၍ပင်မြန်ဆန်သည့် အမြန်နှုန်းမျိုးဖြင့် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြ၏။
ထို့ကြောင့် ထို မြူခိုးများမှာ ပိုက်ကွန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ ချီဝါးမျိုဂိုဏ်းမှ ဂိုဏ်းသားများ၏ အဆောင်ပစ္စည်းများနှင့် လျှို့ဝှက်ပညာရပ်များ စုပေါင်းသွားရာမှ ပေါ်ပေါက်လာသည့် စွမ်းအားများမှာမူ ထို ပိုက်ကွန်ကြီး၏ အပေါက်များထဲမှ ကျော်ဖြတ်သွားကြ၏။
ထိုမြင်ကွင်းကြောင့် ကျင့်ကြံသူများအားလုံးမှာ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားကြ၏။ ချီဝါးမျိုဂိုဏ်းမှ ဂိုဏ်းသားများမှာလည်း မျက်နှာအမူအရာများ လုံးဝ ပြောင်းလဲသွားကြသည်။ သူတို့ထဲမှ အလယ်အလတ် ထာဝရကြယ်အဆင့် ကျင့်ကြံသူအချို့မှာ ချက်ချင်း အော်ဟစ်သတိပေးလိုက်၏။
" အားလုံး၊ သတိထားကြ "
သူတို့ ထိုသို့ သတိပေးလိုက်ချိန်တွင် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားများ ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသည့် မြူခိုးများမှာ အဝေးသို့ ပျံ့နှံ့သွားနေရာမှ ဆတ်ခနဲ တုန်ရီသွားပြီး ချီဝါးမျိုဂိုဏ်းသားများဆီသို့ ပြန်လည်မျောလွင့်လာ၏။ ၎င်းတို့မှာ မြန်ဆန်လွန်းနေသောကြောင့် ချီဝါးမျိုဂိုဏ်းသားများမှာ အစွမ်းကုန်ထုတ်၍ ရှောင်တိမ်းလိုက်ကြသည့် တိုင်အောင် ဂြိုဟ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူများမှာ အချီန်မီ ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိပေ။
ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ထိုမြူခိုးများမှာ ဂြိုဟ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူများ၏ ဒွာရခုနစ်ပေါက်ထဲမှတစ်ဆင့် သူတို့၏ ခန္ဓာကိုယ်များထဲသို့ ဝင်ရောက်သွားကြ၏။ ထို့နောက် နာကျင်မှုဝေဒနာများဖြင့် ပြည့်နှက်နေသည့် သွေးပျက်ချောက်ချားဖွယ်ရာ အော်ဟစ်သံများ ထွက်ပေါ်လာပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ချက်ချင်းဆိုသလိုပင် ခြောက်သွေ့သွားကြသည်။ ခဏအကြာတွင် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ထို ကျင့်ကြံသူများမှာ တစ်စစီ ဖြစ်သွားကြ၏။
သို့ဖြစ်ရာ အာကာသကောင်းကင်ကြီးထဲ၌ သွေးပန်းပွင့် ဆယ်ပွင့်ကျော် ဖူးပွင့်လာသကဲ့သို့ပင်။
ဝမ်ပေါင်လဲ့၏ မြူခိုးများ ထိုးဖောက်ဝင်ရောက်သွားခဲ့သည့် ချီဝါးမျိုဂိုဏ်းသားများ အားလုံး၏ ခန္ဓာကိုယ်များမှာ ကြောက်မက်ဖွယ်ရာ အော်သံကြီးများနှင့်အတူ တစ်စစီ ပေါက်ကွဲသွားကြ၏။ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားသည့် သွေးစများနှင့် အသားစများထဲမှ ထွက်ပေါ်လာသော မြူခိုးများမှာမူ အလျင်အမြန် ပြန်လည်စုဝေးသွားကြပြီး ဝမ်ပေါင်လဲ့၏ ကိုယ်ပွားဆယ်ခုအဖြစ် ပြန်လည်ပြောင်းလဲသွား၏။ ထို ကိုယ်ပွားဆယ်ခုမှာ တစ်ပြိုင်နက်တည်း ရယ်မောလိုက်ကြပြီနောက် ၎င်းတို့၏ ကိုယ်ပိုင် စည်းမျဉ်းဥပဒေသ အလင်းရောင်များကို ထုတ်လွှတ်ကာ ကျန်ရှိနေသေးသည့် ကျင့်ကြံသူများဆီသို့ ချက်ချင်း ပြေးထွက်သွားလိုက်ကြတော့သည်။
ထို့ကြောင့် ဘေးနားတစ်ဝိုက်ရှိ အင်အားကြီးအဖွဲ့အစည်းများမှာ တုန်လှုပ်ချောက်ချားသွားကြ၏။ ပါရမီရှင် အများစုမှာဆိုလျှင် မတ်တတ်များထလာကြပြီး မျက်ဝန်းများထဲ၌ ကြောက်စိတ်များ ပြည့်နှက်နေသည်ကို မြင်နိုင်ပေသည်။ ချီဝါးမျိုဂိုဏ်းမှ အဘိုးကြီး၏ အမူအရာမှာလည်း သိသိသာသာပြောင်းလဲသွား၏။ အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေပြီး ဝမ်ပေါင်လဲ့၏ တိုက်ကွက်ကြီးမှာလည်း ကျောချမ်းစရာကောင်းနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့အားလုံး အံ့ဩတုန်လှုပ်သွားရသည်မှာ မထူးဆန်းပေ။
ချီဝါးမျိုဂိုဏ်းမှ အဘိုးကြီးမှာဆိုလျှင် ကျန်ရှိနေသေးသည့် ဂိုဏ်းသားများမှာ ဝမ်ပေါင်လဲ့အား လုံးဝ ယှဉ်နိုင်တော့မည်မဟုတ်ကြောင်း သိထားပြီဖြစ်သည်။ ယခုတွင် သူသည် စဉ်းစားတွေးတောနေရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်ကာ ဝမ်ပေါင်လဲ့အား တားဆီးရန် ပြင်လိုက်၏။
ထိုအခါ မီးတောက်ခေါင်းဆောင်ကြီးမှာလည်း ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောလိုက်ပြီး တိုက်ခိုက်လိုက်၏။ ထိုသို့ဖြင့် ချီဝါးမျိုဂိုဏ်းမှ အဘိုးကြီး သူ့အား တားဆီးရန်ကြိုးစားနေစဉ် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားဆယ်ခုမှာ ကျန်ရှိနေသေးသည့် ချီဝါးမျိုဂိုဏ်းသားများနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့သွား၏။ ထို့နောက် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး သတ်ဖြတ်မှုများ ပြန်လည်စတင်သွားပြန်သည်။
ခဏအကြာတွင် စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းသံများနှင့် တအုန်းအုန်းမြည်သံများ ထွက်ပေါ်လာ၏။ ချီဝါးမျိုဂိုဏ်းသားများမှာမူ တစ်ယောက်ပြီးတစ်ယောက် ခန္ဓာနှင့်ဝိညာဉ် နှစ်ခုစလုံး ဇီဝိန်ချုပ်သွားရသည်သာ ဖြစ်သည်။ ထိုမြင်ကွင်းကြောင့် ချီဝါးမျိုဂိုဏ်းမှ အဘိုးကြီးမှာ ရူးသွပ်လုမတတ် ဖြစ်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
" မင်းတို့တွေ အခုထိ ငါ့ဘက်က မကူညီပေးဘဲ ရပ်ကြည့်နေကြမှာလား။ ဒီ အရိုင်းအစိုင်း မီးတောက်ကြီး မင်းတို့တွေကို တစ်ယောက်ချင်းစီ အနိုင်ကျင့်မယ့်အချိန်ကို စောင့်နေကြတာလားကွ "
ထိုအဘိုးကြီး ထိုသို့ အော်ဟစ်လိုက်သည်နှင့် ကြယ်နယ်မြေအဆင့် အငွေ့အသက် ဆယ်ခုကျော်မှာ ရုတ်တရက်ဆိုသလို ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် ၎င်းတို့မှာ လူရိပ်များအဖြစ် ပြောင်းလဲသွားကြပြီး မီးတောက်ခေါင်းဆောင်ကြီး၏ အထက်ရှိ အာကာသကောင်းကင်ကြီးထဲတွင် ပေါ်ပေါက်လာကြသည်။ သူတို့အားလုံးမှာ အတူတကွ တိုက်ခိုက်လိုက်ကြပြီး ဖိနှိပ်ချုပ်တည်းမှု စွမ်းအားတစ်မျိုးကို ထုတ်လွှတ်၍ မီးတောက်ခေါင်းဆောင်ကြီးအား လွှမ်းခြုံသွားစေလိုက်၏။ ထို့နောက် စကားသံများ ထွက်ပေါ်လာကြသည်။
" မီးတောက်ခေါင်းဆောင်ကြီး။ ဒီလောက်နဲ့ ရပ်လိုက်ပါတော့ "
" လက်ရည်စမ်းရုံလောက်ဆို ရပါပြီ။ ဒီလောက်အထိ ရန်လိုနေစရာမလိုပါဘူး "
" မင်းတို့က ငါ့ကို ခြိမ်းခြောက်နေကြတာလား။ တပည့်လေး။ ဆက်သာ သတ်စမ်းကွာ။ မင်းကို ဘယ်သူမှ မော်မကြည့်ရဲလောက်တဲ့ အဆင့်အထိရောက်အောင် သတ်ပစ် " မီးတောက်ခေါင်းဆောင်ကြီးမှာမူ မျက်လုံးပြူးကြီးများဖြင့် အော်ပြောလိုက်၏။ ထိုအခါ သူ၏ အောက်ရှိ နတ်နွားကြီးမှာလည်း အသံကုန်အော်ဟစ်လိုက်သဖြင့် စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် သူ၏ ပတ်ပတ်လည်တွင် မိုးထိုးလုမတတ် မြင့်မားနေသည့် မီးပင်လယ်ကြီးတစ်စင်း ပေါ်ပေါက်လာပြီး ဧရာမ မီးလက်ဝါးကြီးတစ်ခုအသွင် ပြောင်းလဲသွားကာ သူ၏ အထက်ရှိ အာကာသကောင်းကင်ကြီးဆီသို့ ဦးတည်သွားတော့သည်။
ထို့ကြောင့် အာကာသကောင်းကင်ကြီးထဲ၌ ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး တုန်ခါမူလှိုင်းများမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွား၏။ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားဆယ်ခုမှာ ချီဝါးမျိုဂိုဏ်းသား ဆယ်ယောက်အား သတ်ဖြတ်ပစ်လိုက်ပြီးနောက် အတူတကွ စုစည်းသွားကြသဖြင့် သူ၏ ခန္ဓာကိုယ်အစစ် ပြန်လည်ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ကျန်ရှိနေသေးသည့် ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်ဆီသို့ ပြေးထွက်သွားလိုက်ပြန်သည်။
သူ၏ နောက်တွင်မူ တာအိုထာဝရကြယ် ပေါ်ပေါက်လာ၏။ တစ်ဝက်တစ်ပျက်တာအိုဂြိုဟ် ကိုးလုံးမှာ သူ၏ ပတ်ပတ်လည်၌ လည်ပတ်နေသလို အထူးဂြိုဟ် အလုံးတစ်သောင်းမှာလည်း လေထဲ၌ ပြည့်နှက်နေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နတ်ဆိုးတစ်ပါးနှင့် တူနေတော့သည်။
" သတ် “