← Chapters

မင်တုမှ ဧည့်သည် 

Vol. 49 Ch. 664

မင်တုမှ ဧည့်သည် 

Vol. 49 Ch. 664

လင်ယွိရှို့ ချင်မူ့အနောက်ရှိ ကိုက်သုံးဆယ်မြင့်မားသော မူလဝိညာဉ်ကို ကြည့်ကာ စိတ်နှလုံး တုန်လှုပ်သွား၏။ “ကောင်ကင်နတ်အသွင်အဆင့်လား”

သူမသည် အရပ်ခြောက်မျက်နှာ ‌မူလဝိညာဉ်ကို တည်ထောင်ခဲ့သူ ဖြစ်သည့်အလျောက် မူလဝိညာဉ်နှင့်ပတ်သက်ပြီး သိမြင်နှံ့စပ်၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံး သို့မဟုတ် စကြဝဠာတစ်ခုလုံးတွင် သူမကို ယှဉ်နိုင်သော မူလဝိညာဉ်မှာ ချင်မူ၏မူလဝိညာဉ်သာ ဖြစ်လိမ့်မည်‌။

ချင်မူ၏မူလဝိညာဉ်က သူမ၏မူလဝိညာဉ်ထက် မဆိုစလောက် သာသော်လည်း ချင်မူသည် နယ်ပယ်တစ်ခုတည်းကို တစိုက်မတ်မတ် ကျင့်ကြံမည့်အစား တခြားအရာများနှင့် အချိန်ဖြုန်းနေတတ်၏။ ဟိုလျှောက်စမ်း၊ သည်လျှောက်စမ်းရင်း သင်ယူခဲ့ရသော ကျင့်စဉ်များကို ပြောင်းလဲတတ်သည်။ ခြုံပြောရလျှင် သူ့တွင် ဂနာမငြိမ်သော အကျင့်ရှိ၏။

လင်ယွိရှို့မှာမူ ဇွဲကောင်းသည်။ တစိုက်မတ်မတ် လုပ်နိုင်သည်။ သူမက သူမ၏ကိုယ်ပိုင် ရှေးဟောင်းနဂါးကျင့်စဉ်ကို ဖန်တီးနိုင်ရန် စိတ်ရောကိုယ်ပါ နှစ်ထားခဲ့သည်။ ထို့ကြောင့် သူမ၏ မူလဝိညာဉ်တူနှစ်ကိုယ် ကျင့်စဉ်က ချင်မူ့အောက် နောက်ကျမကျန်ခဲ့ပေ။

သို့တိုင်အောင် သူမမှာ အခြားသူများ ကောင်းကင်နတ်အသွင်အဆင့်၌ ဖော်ဆောင်နိုင်သလို ခုနစ်စဉ်ကြယ်အဆင့်တွင် မူလဝိညာဉ် မဖွဲ့တည်နိုင်သေးပေ။

အကြောင်းမူ ကောင်းကင်နတ်အသွင်အဆင့် မူလဝိညာဉ်သည် ခုနစ်စဉ်ကြယ်အဆင့်နှင့် မိုးနှင့်မြေပမာ ကွာခြား၍ဖြစ်သည်။ ကောင်းကင်နတ်အသွင်အဆင့် မူလဝိညာဉ်က ရုပ်ခန္ဓာအပြင်၌ ဖွဲ့တည်နိုင်ပြီး ပြိုင်ဘက်ကင်းသော စွမ်းအားကို ပိုင်ဆိုင်၏။ လင်ယွိရှို့မှာ အရပ်ခြောက်မျက်နှာအဆင့်၌ တည်ထောင်သူဖြစ်ခဲ့သော်လည်း ထိုသို့မဖွဲ့တည်နိုင်‌သေးပေ။

ထို့ကြောင့် ချင်မူ၏အနောက်ရှိ မူလဝိညာဉ်က ကောင်းကင်နတ်အသွင်အဆင့် မူလဝိညာဉ်ဖြစ်ကြောင်း သူမ တပ်အပ်ပြောနိုင်သည်။

ချင်မူသည် မဟာမိုးကြိုးတိမ်တိုက်ငါးခုထဲ၌ သူ့ကိုယ်သူ သန့်စင်ရင်း အဆင့်တက်နိုင်မည့် အခွင့်အရေးရရှိခဲ့ကာ သူ့ကိုယ်သူ ကောင်းကင်နတ်အသွင်အဆင့်သို့ မြှင့်တင်နိုင်ခဲ့ကြောင်း ထင်ရှားသည်။

အသက်နှစ်ဆယ်အရွယ်နှင့် ကောင်းကင်နတ်အသွင်အဆင့် တက်သွားခြင်းမှာ အမှန်တကယ် အောင်မြင်မှုကြီးတစ်ခု ဖြစ်၏။ ဝါစဉ်ကြီးသိုင်းသမားများစွာထက် သူ သာလွန်သွားခဲ့ချေပြီ။

လင်ယွိရှို့က အားကုန်ထုတ်ကာ တစ်လှမ်းချင်း ချဉ်းကပ်နေသည်။ နောက်ဆုံးတော့ ချင်မူ့အနောက်ရှိ သတ္တဝါကြီးကို မြင်ရသွား၏။ ၎င်းကား နဂါးချီလင်အပြင် တခြားမဟုတ်ပေ။

ဆယ်ရက်ကျော် မတွေ့ရပြီးနောက် နဂါးချီလင် အဆီများစွာ ကျသွားခဲ့သည်။ တိတိကျကျဆိုရလျှင် နန်းတွင်းကောလိပ်၏ မုခ်တံခါးဝကို စောင့်နေခဲ့သော အချိန်တုန်းကအတိုင်း ခံ့ညားနေ၏။ ဗိုက်ကတော့ ပူနေသေးသည်။ မိုးကြိုးက သူ့ဗိုက်ကို မထိမှန်နိုင်၍ ဖြစ်လောက်သည်။

ရုတ်တရက် နဂါးချီလင်က ပက်လက်လှန်ကာ ခြေလေးချောင်းလုံး မိုးပေါ်ထောင်လိုက်သည်။ ထို့နောက် ပါးစပ်ဟပြီး မိုးကြိုးတန်းများအား သူ့ဗိုက်အပေါ် ပစ်ချခွင့်ပြုထား၏။

“ဒီလိုလည်း ဖြစ်နိုင်တာပဲလား ... သူ ဗိုက်အဆီတွေ ချနေတာလား”

လင်ယွိရှို့ ရယ်မလား၊ ငိုရမလား မသိတော့ပေ။ သူမက မိုးကြိုးဒယ်အိုးဆီသို့ တရွေ့ရွေ့ လျှောက်သွားပြီး ရှေးဟောင်းနဂါးသံရှစ်ချက်သည် သူမနားဘေး၌ မြည်နေနေ ချင်မူ ပြောနေသောအသံကို သူမ မကြားရပေ။

ချင်မူက သူမနားအနား ကပ်၍ အော်လိုက်သည်။ “သတိထား”

“ဘာကို သတိထားရမှာလဲ” လင်ယွိရှို့ ပြန်အော်လိုက်၏။

ရုတ်တရက် မိုးကြိုးငါးသွယ်အိုးဆီမှ ကောင်းကင်မိုးကြိုးများက ပိုမိုသိပ်သည်းလာပြီး မိုးကြိုးပစ်ချနှုန်းများ စိပ်လာသည်။ လင်ယွိရှို့မှာ အပြင်ပန်းတွင် မည်းခြစ်နေချေပြီ။ နဂါးချီလည်း ဒဏ်ရာများရနေသည်။ သို့သော် နဂါးပုတီးစေ့နှင့် ချီလင်ပုတီးစေ့က သူတို့ကို လှည့်ပတ်နေသောကြောင့် သူတို့ကိုယ်ပေါ်ရှိ ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းသွား၏။

လင်ယွိရှို့ နာကျင်မှုကို တောင့်ခံထားသည်။ သူမမှာ အထင်ကြီးစွာဖြင့် တွေးနေမိ၏။ ‘ဖက်တီးနဂါးရဲ့ နဂါးပုတီးစေ့တွေမှာ ဒီလိုစွမ်းရည်မျိုး ရှိသေးတယ်လား... ဖက်တီးနဂါးရဲ့ သွားရည်က အနာကျက်စေနိုင်တော့ သူ့နဂါးပုတီးစေ့မှာလည်း ဒီလိုစွမ်းရည်မျိုး ရှိနေတာဖြစ်မယ်... မိုးကြိုးပစ်ချက်တွေကြားမှာ ဒီ‌လောက်ကြာကြာခံနေတာ အံ့ဩစရာမရှိဘူး’

သို့သော် သူမမှာ မူလဝိညာဉ်ကို ထုတ်ဖော်ကာ မိုးကြိုးများအား မရင်ဆိုင်ရဲသေးပေ။

ချင်မူက အောင်မြင်စွာ အဆင့်တက်၍ ကောင်းကင်နတ်အသွင်အဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ဖြစ်လာခဲ့ချေပြီ။ သူ၏မူလဝိညာဉ်က သန်မာအားကောင်းသဖြင့် မိုးကြိုးပစ်ချက်များအား ရင်ဆိုင်ရန် သူ့မူလဝိညာဉ်ကို ထုတ်လွှတ်ဝံ့၏။ အခြားတစ်ဖက်တွင် လင်ယွိရှို့မှာ ထိုသို့မလုပ်နိုင်သေးပေ။

ထိုစဉ် အုပ်ဆောင်း၏အပြင်၌ အစစ်အမှန်နတ်ဘုရားပန်ကုန်းစုန်မှာ ကောင်းကင်ကိုးဆင့်တိမ်နဂါးအုပ်ဆောင်း ရုတ်တရက် ဖောင်းကားလာသည်ကို မြင်လိုက်ရသည်။ သူ ရင်ထဲ ထိတ်သွားပြီး အုပ်‌ဆောင်းပေါက်ကွဲမည်စိုးသွား၏။ သူက ကြိတ်ညည်းလိုက်လေသည်။ ‘ဂိုဏ်းသခင်ချင်က ငါ့ရဲ့ရတနာအပေါ် နည်နည်း ယုံကြည်ချက်ရှိလွန်းမနေဘူးလား... မိုးကြိုးငါးသွယ်အိုးက သာမန်ရတနာမှမဟုတ်တာ... စွမ်းအားတွေ အပြင်ထွက်လာလို့ကတော့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံလည်း မိုးကြိုးတွေနဲ့ ထယ်ထိုးခံလိုက်ရသလို မွစာကြဲသွားလိမ့်မယ်’

ကံကောင်းထောက်မစွာဖြင့် တိမ်နဂါးအုပ်ဆောင်းက မိုးကြိုးငါးသွယ်အိုး၏စွမ်းအားကို ခံနိုင်သော်လည်း ကြာကြာခံနိုင်မည်မဟုတ်ပေ။ နောက်ဆုံးတွင် မိုးကြိုးငါးသွယ်အိုး၏ စွမ်းအားများက တိမ်နဂါးအုပ်ဆောင်း၏ အကန့်အသတ်များထက် ကျော်လွန်သွားလိမ့်မည်။

ရုတ်တရက် နတ်ဘုရားတစ်ပါး သူ့ဆီ ကပ်လာပြီး ခပ်တိုးတိုး ပြောသည်။ “အစစ်အမှန်နတ်ဘုရား၊ နတ်ဆိုးမျိုးနွယ် သိုင်းပညာရှင်တချို့ ရောက်လာပါတယ်... သူတို့က ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို စိန်ခေါ်ချင်ပါတယ်တဲ့”

အစစ်အမှန်နတ်ဘုရားပန်ယုက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ကောင်းကင်ဆရာသခင် ဖုရွေ့လော်နဲ့ မြေအောက်ဘုံအရှင်သခင် ပဋိညာဉ် ရေးထိုးလိုက်ကတည်းက နှစ်ဖက်လုံး နှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးယူခဲ့ကြတယ်... ကောင်းကင်နတ်ဆိုးတွေက မကြာခဏ လာရောက်စိန်ခေါ်တတ်ကြသလို၊ ငါတို့လူတွေလည်း သူတို့ကို သွားစိန်ခေါ်တတ်ကြတာပဲ... မထူးဆန်းပါဘူး... အကြီးတွေ ဝင်မပါနဲ့ အငယ်တွေ တိုက်ခိုက်ကြပါစေ... ငါကတော့ ဒီမှာ ဂိုဏ်းသခင်ချင် ငါ့ရတနာကို မဖျက်စီးပစ်အောင် စောင့်ကြည့်ထားဖို့ လိုသေးတယ်”

လွန်ခဲ့သည့်နှစ်နှစ်အတွင်း ဖုရွေ့လော်သည် မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ကို မဖောက်ဖျက်ခဲ့သောကြောင့် စစ်ပွဲတစ်ပွဲမှ မဖြစ်ပွားခဲ့ပေ။ သို့သော် နှစ်ဖက်လုံးမှာ စိတ်အေးလက်အေး မနေနိုင်ကြသဖြင့် ပွင့်လင်းမြင်သာစွာ မတိုက်ခိုက်ကြသော်လည်း လူမသိ၊ သူမသိ တိုက်ပွဲများ ရှိသေး၏။ လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်၏ တပည့်များကြား တိုက်ပွဲများက အများဆုံးဖြစ်သည်။ မျိုးနွယ်နှစ်ခုလုံးသည် တရားမျှတသော ပြိုင်ပွဲမှတစ်ဆင့် တစ်ဖက်၏ လူငယ်အင်အားစုကို သတ်ဖြတ်ရန် ကြိုးစားနေကြ၏။

တဖြည်းဖြည်း လူသားနှင့် မိစ္ဆာနတ်ဆိုးတို့ ထိတွေ့ဆက်ဆံမှု များပြားလာခဲ့သလို၊ ကောင်းကင်နတ်ဆိုးမျိုးနွယ် လူငယ်ပညာရှင်တချို့လည်း လူသားမြေထဲ၌ လျှောက်သွားလျှောက်လာနေကြသည်ကို တွေ့မြင်နိုင်သည်။

နတ်ဘုရားက တခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် ပြောသည်။ “ဒီတစ်ခေါက် ရောက်လာတဲ့လူတွေက ထူးခြားပါတယ်.... လူငယ်ပညာရှင်အများကြီး ရှုံးနိမ့်သွားတဲ့အပြင် သေဆုံးသွားတဲ့ လူတချို့တောင် ရှိနေပြီ”

အစစ်အမှန်နတ်ဘုရား အလျင်အမြနန် မေးလိုက်၏။ “ရောက်လာတဲ့လူတွေထဲမှာ လော့ဝူရှန်နဲ့ ဖုရွေ့လော်ရဲ့ တပည့် ကျဲ့ဟွလီပါလား... မိစ္ဆာဓားမကျဲ့ဟွလီရဲ့ သိုင်းအဆင့်က သိပ်မြင့်မားတယ်”

“ကျဲ့ဟွလီတင်မကဘူး”

“ချီကျုံရီလည်း ရောက်တာများလား” အစစ်အမှန်နတ်ဘုရားပန်ယု အံ့အားသင့်သွားသည်။

နတ်ဘုရားက ပြန်ဖြေ၏။ “ကျဲ့ဟွလီနဲ့ ချီကျုံရီအပြင် လူတချို့လည်း ပါသေးတယ်... ချီကျုံရီက သူတို့ကို နောင်တော်၊ အစ်မတော်လို့ ခေါ်နေပေမယ့် သူတို့တွေက ကောင်းကင်နတ်ဆိုးမျိုးနွယ်နဲ့ တူတယ်....”

“ကောင်းကင်နတ်ဆိုးမျိုးနွယ်လား”

အစစ်အမှန်နတ်ဘုရားပန်ယု တအံ့တဩ ပြောလိုက်သည်။ “ချီကျုံရီက ခေါင်းကိုးလုံးမီးငှက်မျိုးရိုးကပါ.... နတ်ဆိုးမျိုးနွယ်ကမဟုတ်ဘူး... တောင်ကောင်းကင်ဇာမဏီနတ်မင်းရဲ့ တပည့်တွေက ကောင်းကင်နတ်ဆိုးတွေ မဖြစ်နိုင်ပါဘူး... ငါ တစ်ချက် ကြည့်ရ‌အောင်”

အစစ်အမှန်နတ်ဘုရားပန်ယု မြို့မျှော်စင်ထက်သို့ အလျင်အမြန် ပျံတက်ပြီး အပြင်သို့ ကြည့်လိုက်သည်။ အမှန်ပင် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ တပည့်များစွာ မြင်လိုက်ရ၏။ ကျဲ့ဟွလီနှင့် ချီကျုံရီလည်း ပါဝင်သည်။ မရင်းနှီးသော မျက်နှာတို့လည်း ရှိသည်။

ဤလူငယ်များအပြင် ဖုရွေ့လော်၊ လုလီနှင့် တခြားမိစ္ဆာနတ်ဘုရားများကိုလည်း မြင်ရသည်။ မိစ္ဆာနတ်ဘုရားတို့၏ မျက်နှာများမှာလည်း မရင်းနှီးပေ။ လုလီက ကျန်ရှိသူများနှင့် ရယ်ကာမောကာ စကားလက်ဆုံျနေသည်။

ပန်ယု စိတ်ရှုပ်ထွေးသွား၏။

ဤအခိုက်အတန့်တွင် ယွီဟယ်သည် နတ်ဆိုးမျိုးနွယ်၏ လူငယ်ပညာရှင်တစ်ယောက်နှင့် တိုက်ခိုက်နေ၏။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လူငယ်များမှာ သူတို့ကို ရင်တထိတ်ထိတ်ဖြင့် ကြည့်နေကြသည်။ ချင်မူ စွမ်းအင်အကူးအပြောင်းတံတားကို တည်ဆောက်၍ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ဆက်သွယ်ပေးပြီးကတည်းက ယွီဟယ်သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းများကို သွားရောက်သင်ယူခဲ့၍ အစွမ်းအစများ တရှိန်ထိုး တိုးတက်သွားခဲ့၏။

ယွီဟယ်အနေဖြင့် နောက်တစ်ချိန်တွင် အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မည်ဟု ပန်ယုပင် ခံစားရသည်။

သို့သော် ယွီဟယ်မှာ ကောင်းကင်နတ်ဆိုးမျိုးနွယ် လူငယ်သိုင်းပညာရှင်ကြောင့် အန္တရာယ်ဝိုင်းနေသည်။

‘ဒါက ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေမှ မဟုတ်တာ’

အစစ်အမှန်နတ်ဘုရားပန်ယုသည် အတွေ့အကြုံရှိသူပီပီ ယွီဟယ်နှင့် တိုက်ခိုက်နေသူမှာ လော့ဖူကောင်းကင်ဘုံမှမဟုတ်ကြောင်း သဘောပေါက်သွား၏။ လော့ဖူကောင်းကင်ဘုံမှ မိစ္ဆာနတ်ဘုရားမှန်သမျှ သူ သိသည်။ နတ်ဆိုးမျိုးနွယ် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် သိုင်းကွက်ထုတ်ဖော်လိုက်သည်နှင့် မည်သူ့တပည့်မှန်း သူ တန်းပြောနိုင်သည်။ ဤအခြေအနေတွင် နတ်ဆိုးမျိုးနွယ် ကောင်းကင်နတ်သိုင်းပညာရှင်များ ထုတ်လွှတ်နေသည်မှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာတို့၏ သိုင်းကွက်များဖြစ်နေသည်။

“သူတို့ စိန်‌‌ခေါ်ဖို့ ရောက်လာတာ ဘယ်လောက်ကြာပြီလဲ”

ပန်ယု၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး သူက အနောက်ရှိ နတ်ဘုရားအား မေးလိုက်သည်။ “ငါ့ကို ဘာလို စောစောအကြောင်းမကြားတာလဲ”

“သူတို့ရောက်နေတာ ခြောက်ရက်၊ ခုနစ်ရက်လောက် ရှိပါပြီ... ကျွန်တော်က‌ ကြီးကြီးမားမား ကိစ္စမဟုတ်ဘူး ထင်တာနဲ့....”

အစစ်အမှန်နတ်ဘုရားပန်ယု အသက်ပြင်းပြင်းရှူ၍ ကြိမ်းမောင်းလိုက်၏။ “ဖုရွေ့လော်နဲ့ လုလီနှစ်ယောက်လုံး ဒီရောက်နေတာတောင် မင်းက ကြီးကြီးမားမားကိစ္စ မဟုတ်ဘူး ထင်တယ်ပေါ့... ငါတို့ကို စိန်ခေါ်ဖို့လာတဲ့ ဒီမိစ္ဆာနတ်ဆိုးတွေက လော့ဖူကောင်းကင်ဘုံရဲ့ မိစ္ဆာနတ်ဆိုးတွေမဟုတ်ဘူး... ကောင်းကင်နတ်ဘုံကပဲ” ဤသို့‌ပြောပြီးနောက် သူက မြို့မျှော်စင်ထက်မှ ခုန်ဆင်းလိုက်သည်။

“ကောင်းကင်နတ်ဘုံ ဟုတ်လား”

နတ်ဘုရားမှာ ငေးကြောင်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဘာလို့ ကောင်းကင်နတ်ဘုံမှာ မိစ္ဆာနတ်ဆိုးတွေ ရှိနေတာလဲ”

“မြောက်ကောင်းကင် မဟူရာနတ်မင်းက မင်တုကို စိုးမိုးတယ်လေ... မိစ္ဆာနတ်ဆိုးမျိုးနွယ် တပည့်တွေ မရှိဘဲ နေမလား.... ချီကျုံရီကလည်း မြောက်ကောင်းကင်မဟူရာနတ်မင်းရဲ့ တပည့်အပြင် တခြားမဟုတ်ဘူး”

အစစ်အမှန်နတ်ဘုရားပန်ယု စစ်မြေပြင်သို့ သွား၍ ကျယ်လောင်စွာ ပြောလိုက်သည်။ “ယွီဟယ် သူတို့က မင်းရဲ့ ကောင်းကင်နတ်သိုင်းတွေ ဘယ်လောက်တိုးတက်လာသလဲ ကြည့်ဖို့ မင်းကို တိုက်ခိုက်နေကြတာ... အရှုံးပေးပြီး ပြန်ဆုတ်လာခဲ့”

ယွီဟယ်က အလျင်အမြန် နောက်ဆုတ်ပြီး နတ်ဆိုးမျိုးနွယ်သိုင်းပညာရှင် လက်ထဲမှ ရုန်းထွက်လိုက်နိုင်သည်။ ထိုအနက်‌ရောင်ဝတ်ရုံဖြင့် နတ်ဆိုးက အသာစီးမှုရထားပြီး သူမကို သတ်နိုင်ခဲ့သော်လည်း မသတ်ခဲ့ပေ။ သူ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှု၏ အသီးအပွင့်များကို စောင့်ကြည့်နေခဲ့၍ သူမအတွက် နောက်ဆုတ်ရန် အခွင့်အရေးရလိုက်ခြင်းဖြစ်သည်။

ဖုရွေ့လော်က ပြုံး၏။ “အဆွေတော်ပန်ယု၊ မင်းရဲ့မြို့အလယ်က တော်တော်လေး စည်ကားနေတယ်ထင်တယ်... မိုးခြိမ်းသံတွေ၊ နဂါးတွန်သံတွေ အဆက်မပြတ်ကို ကြားနေရတာ... ကောင်းကင်နတ်ဆိုးမျိုးနွယ် မမြင်အောင် မင်း ဘာတွေလုပ်နေတာလဲ”

အစစ်အမှန်နတ်ဘုရားပန်ယုက နှာခေါင်းရှုံ၍ မှင်သေ‌သေ ပြောလိုက်သည်။ “ဖုရွေ့လော် မင်းက ပိုပိုပြီး အားကိုးတတ်လာတာပဲ... မြောက်ကောင်းကင်မဟူရာနတ်မင်းရဲ့ တပည့်တွေကိုတောင် ဖိတ်ခေါ်ခဲ့သေးတယ်... မင်း ကောင်းကင်ဆရာသခင်နဲ့ ပဋိညာဉ်ချုပ်ဆိုထားတာ မမေ့နဲ့... ကတိဖျက်ရင် မြေအောက်ဘုံအရှင်သခင်က မင့်ဝိညာဉ်ကို လာခေါ်လိမ့်မယ်"

ဖုရွေ့‌လော်က သမ်း၍ ပြုံးလိုက်သည်။ "မြေအောက်ဘုံအရှင်သခင်နဲ့ ပဋိညာ‌ဉ်ရေးထိုးထားတာ မှန်ပါတယ်...ငါ့လက်အောက်က မိစ္ဆာနတ်ဆိုးတွေကို ငါ ထိန်းထားပေးမှာပါ... ဒါပေမဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ချေမှုန်းချင်တာ ငါမဟုတ်ဘူး ... အခြားတစ်ယောက်ပဲ"

အစစ်အမှန်နတ်ဘုရားပန်ယု အသည်းထဲ စိမ့်အေးအေားသည်။ သူ့အကြည့်က အခြားတစ်ဖက်ရှိ မိစ္ဆာနတ်ဆိုးများအပေါ် ကျရောက်သွား၏။ သူက ဦးညွှတ်အရိုအသေပေးကာ မေးလိုက်သည်။ "ခင်ဗျားတို့အားလုံးက မင်တုမဟူရာနတ်မင်းရဲ့ တပည့်တွေလား"

ထိုမိစ္ဆာနတ်ဘုရားတို့က သူ့ကို အရိုအသေပြန်ပေးပြီး ခေါင်းဆောင်နေရာရှိ တစ်ယောက်က ပြန်ဖြေသည်။ "ကျုပ်နာမည်က လော့ယွင်ချွီ... ဒီနှစ်ယောက်က ကျုပ်ညီတော်တွေ... ခွေ့ချင်းပိုင်နဲ့ ဖုယွင်ချီ... နောင်တော်ပန်ယု နတ်ဆိုးဘုရင်ဖုရွေ့လော်ကို နှစ်နှစ်သောင်းတိုင် ခုခံနိုင်ခဲ့တာ အမှန်တကယ် လေးစားစရာကောင်းပါတယ်"

အစစ်အမှန်နတ်ဘုရားပန်ယု၏ မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ သူက အက်ကွဲကွဲအသံဖြင့် မေးလိုက်၏။ "ခင်ဗျားတို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ဘယ်လိုဝင်လာခဲ့တာလဲ... ဖုရွေ့လော်၊ မင်း မင်းရဲ့မျိုးနွယ်တွေကို ရက်ရက်စက်စက် သတ်ပြီး သူတို့ကို ဆင့်ခေါ်ပြန်တာလား"

ဖုရွေ့လော်က ခေါင်းယမ်းပြီး ပြောသည်။ "ဒီကိစ္စမှာ ငါ မပါဘူး"

လော့ယွင်ချီက နွေးထွေးပျူငှာစွာ ပြောလေသည်။ "နောင်တော်ပန်ယုအနေနဲ့ နတ်ဆိုးဘုရင်အပေါ် သံသယဝင်စရာမလိုပါဘူး... နတ်ဆိုးဘုရင်က သူ့နေရာပျောက်သွားမှာတောင် ကြောက်နေတာပါ ... ကျုပ်တို့ကို ဘယ်လိုလုပ်ဆက်သွယ်မှာလဲ... တကယ်တော့ ကျုပ်တို့က တောင်ကောင်းကင်ဇာမဏီနတ်မင်းရဲ့ သင်္ဘောငှားလာခဲ့တာပါ... သိကြားဗုဒ္ဓက ဗြဟ္မဘုံမှာ ပုန်ကန်ခဲ့လို့ တောင်ကောင်းကင်ဇာမဏီနတ်မင်းက သူ့ကို ဖမ်းဖို့ အောက်ဘုံဆင်းလာခဲ့တယ် ... ထိုက်ဧကရာဇ်‌ကောင်းကင်ဘုံကနေ ဖြတ်သွားတော့ သူ ကျုပ်တို့ကို ချပေးခဲ့တာပါ"

ဖုရွေ့လော်က ပြုံးနေသော်လည်း အပြုံးတွင် အသက်မပါပေ။ စိတ်ထဲ မသက်မသာဖြစ်နေကြောင်း ထင်ရှား၏။

လုလီလည်း ‌လော့ယွင်ချီတို့ကို ကြောက်နေရဟန်တူသည်။သူမကြည့်ရသည်မှာ အလိုမကျပုံပေါ်သော်လည်း မပြောရဲပေ။ ဖုရွေ့လော်မှာ သူ့နေရာပျောက်မည် စိုးခဲ့သော်လည်း အဆုံးသတ်တွင် ရှိသမျှအရာအားလုံး ‌ကောင်းကင်နတ်ဘုံဆီသို့သာ ရောက်သွားရသည်။ ထို့အပြင် လုလီသည် ချင်မူ့ကို သူမအပိုင်အဖြစ် သတ်မှတ်ထားသော်လည်း မဟူရာနတ်မင်း၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် မပျော်‌ပေ။

လော့ယွင်ချွီက ကောင်းကင်နတ်ဆိုးမျိုးနွယ် လူငယ်သိုင်းပညာရှင်များကို မိတ်ဆက်ပေးပြီး အပြုံးတစ်ခုဖြင့် ပြောသည်။ "ဒါက ကျုပ်ဆရာ ခေါ်ထားတဲ့ တပည့် လော့ချန်းကျောင်းတဲ့ ... သူက ညီလေးချီကျုံရီရဲ့ ဆရာတူ နောင်တော်ပဲ... ဆရာ့နန်းတော်မှာ စာသင်‌ဖော်စာသင်ဖက်တွေပေါ့လေ... ဆရာက မဟာမြို့ပျက်နဲ့ပတ်သက်ပြီး အင်မတန် စိတ်ပူနေတာ ... ထိုက်ဧကရာဇ်ကောင်းကင်ဘုံကိုတော့ စိတ်ကူးထဲ မရှိပါဘူး ... မဟာမြို့ပျက်က ဆရာ့ကြောင့် မဟာမြို့ပျက်ဖြစ်လာတာပဲ မဟုတ်လား ... ကျုပ်တို့ ဒီကိုလာတဲ့အကြောင်းရင်းက နတ်ဆိုဘုရင်ကို ကူညီပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို သုတ်သင်ဖို့ပဲ... ဒီကမ္ဘာကို ယဇ်ပူဇော်လိုက်ရင် ကျုပ်တို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ ဝင်ပြီး နတ်ဘုရားရုပ်တုတွေကို အသက်သွင်းနိုင်ပြီ"

သူသည် အစစ်အမှန်နတ်ဘုရား‌ပန်ယုနှင့် မိတ်ဆွေရင်းချာများပမာ ဖော်ရွေနေပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဖျက်စီးခြင်းက မရက်စက်သည့်အလား ပြောဆိုနေ၏။ အစစ်အမှန်နတ်ဘုရားပန်ယုဖြင့် မိုးလေဝသအကြောင်း ဆွေးနွေးနေသကဲ့သို့ပင် ထင်ရသည်။ သူက ဆက်ပြောသည်။ "‌နောက်ကိစ္စတစ်ခုလည်း ရှိသေးတယ်... ဆရာက ယိုတုသားတော်နဲ့ တွေ့ချင်တယ်လို့ ပြောတယ်... ညီလေးချီအနေနဲ့ သူ့ကို ခေါ်ဖို့ တာဝန်ရှိခဲ့ပေမယ့် တာဝန်မကျေဘဲ ယိုတုသားတော်ကို ဖမ်းရမယ့် မှန်လည်း ပျောက်သွားခဲ့တယ်လေလေ

ချီကျုံရီ၏မျက်နှာ အနည်းငယ် နီမြန်းသွားသည်။

လော့ယွင်ချွီက ခေါင်းကိုက်‌နေသကဲ့သို့ နားထင်ကို ပွတ်သည်။ သူက သက်ပြင်းချကာ ပြော၏။ "မင်တုမှာ ယိုတုသားတော်ကို လိုအပ်တဲ့အကြောင်း ဆရာ ပြောလိုက်တာနဲ့ ကျုပ်တို့လေးယောက် ဒီတစ်ကြိမ် အောက်ဘုံကို ဆင်းလာရတာပါ ... ဘုရင်ခံလုလီလည်း ရောက်နေပြီး ယိုတုသားတော်ကို လိုချင်နေမယ် မထင်ထားဘူး"

လုလီက ဖြစ်ညစ်ပြုံးလိုက်သည်။ "နောင်တော်လော့ကတော့ နောက်နေပါပြီ... ကျွန်မမှာ ဘယ်လိုလုပ် အဲဒီလိုစိတ် ရှိမှာလဲရှင်.. ‌မြောက်ကောင်းကင်ဘုံရဲ့ မြေအောက်ကမ္ဘာအရှင်သခင်ကို ကျွန်မက ဘယ်လိုလုပ်ယှဉ်ဝံ့မှာလဲ"

"ဒါလည်း မှန်တာပဲ"

လော့ယွင်ချီက ပြုံးသည်။ "ဆရာက ကျုပ်တို့ကို ဆင်းပြီး အောက်ဘုံ ဘယ်လောက်တိုးတက်လာလဲ ကြည့်ခိုင်းခဲ့တယ်... သူ့ဆီကိုလည်း ပြန်သတင်းပို့ခိုင်းတယ်... ဒီတော့ ကျုပ်တို့ တွေးနေတာ... ပြုပြင်ပြောင်းလဲမှုတွေ မပြီးမြောက်သေးပေမယ့် ကောင်းကင်နဲ့မြေပြင်ရဲ့ မဟာတာအိုတွေ ပြောင်းလဲကုန်တယ်... မှတ်တမ်းတင်ရတာ... ပြန်လည်စီစဥ်ရတာ‌တွေက တော်တော်လေး အလုပ်ရှုပ်တယ်လေ... ဧကရာဇ်အတိုင်ပင်ခံနဲ့ ဧကရာဇ်ယန်ဖုန်းအကြောင်း ကျုပ်ကြားပါတယ်... သူတို့က ပြုပြင်ပြောင်းလဲမှုရဲ့ ခေါင်းဆောင်တွေဆိုတော့ ပိုရိုးရှင်းတဲ့နည်းလမ်း တွေးမိတယ် ... သူတို့ကို ဖမ်းပြီး ဆရာ့ဆီ ခေါ်သွားလိုက်ရင် ပိုရိုးရှင်းတာပေါ့... နောင်တော်ပန်ယုအနေနဲ့ သူတို့ကို ဖိတ်‌ခေါ်ပေးနိုင်မလား.. ဒါမှမဟုတ် ဖမ်းပြီး ကျုပ်တို့လက်ထဲ ထည့်ပေးနိုင်မလား"

အစစ်အမှန်နတ်ဘုရားပန်ယုက ကျယ်လောင်စွာ ရယ်လိုက်သော်လည်း သူ့မျက်နှာတွင် အပြုံးမရှိပေ။ ရယ်သံမှာ ခြောက်ကပ်‌နေပြီး လွန်စွာ အသက်မဲ့နေ၏။ သူက အေးစက်စက် ပြောလိုက်သည်။ "ခင်ဗျားက ဧကရာဇ်အတိုင်ပင်ခံနဲ့ ဧကရာဇ်ယန်ဖုန်းကို ဖမ်းချင်တာလား.. ဘာလို့ကိုယ်တိုင်မလုပ်လဲ"

လော့ယွင်ချွီက အပြုံးပန်းများ ဝေဆာနေသည်။ "ကျုပ် လုပ်လို့ရပါတယ်... ဒါပေမဲ့ အဲ့ဒါမတိုင်ခင် ထိုက်ဧကရာဇ်‌ကောင်းကင်ဘုံကို အရင်သုတ်သင်ရမယ်... ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ နတ်ဘုရားတွေနဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ ကိုယ့်ကိုယ်ကို သတ်သေမလား ... ကျုပ် သတ်ပေးရမလား"

All Chapters