ငါ မင်းကို ထိုးဖောက်မြင်ပြီးသွားပြီ
Vol. 49 Ch. 666
လော့ယွင်ချွီက အတန်ငယ် တွန့်ဆုတ်သွားပြီးနောက် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဒါဆိုလည်း ကြည့်ရတာပေါ့” ဤသို့ပြောပြီးနောက် သူက စာလိပ်တစ်လိပ် ထုတ်၍ အသာအယာ ဖြန့်လိုက်သည့်အခါ သတ္ထုရောင်လက်နေသော စာရွက်တစ်ရွက် ပေါ်လာသည်။
လော့ယွင်ချွီက စာအုပ်ကို ချင်မူ့ဘက် ချိန်ကာ ကြည့်လိုက်၏။ သူ့မှာ ခန္ဓာကိုယ်ပင် တုန်ရီသွားလောက်အောင် စိတ်လှုပ်ရှားလာတော့သည်။
“ငါ သူ့ကို လိုက်ရှာနေတာ ကြာပြီ... ဒီရောက်မှပဲ တွေ့တော့မယ်... သူက ချင်ဖုန်းကျင့်ဆိုတာကိုး”
လော့ယွင်ချီမှာ အကြီးအကျယ် ဝမ်းမြောက်နေသည်။ “ဒါ တော်တော်လေး မထင်မှတ်ထားတဲ့ ကိစ္စပဲ... နတ်ဆိုးဘုရင်၊ ကောင်းကင်နတ်ဘုံရဲ့ သေခြင်းရှင်ခြင်းစာအုပ်ကို ခင်ဗျား ကြည့်ချင်နေတာ ကြာပြီမလား... ကျုပ်လည်း ထုတ်ခဲတယ်... ရော့ ဒီမှာ ကြည့်ကြည့်ပါ”
ဖုရွေ့လော် လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ သူက စာအုပ်ကို လက်နှစ်ဖက်ဖြင့် အလျင်အမြန် လက်ခံကာ အသေးစိတ် ကြည့်ရှုလိုက်သည်။
သေခြင်းရှင်ခြင်းစာအုပ်ကို သူ လိုချင်နေသည်မှာ ကြာချေပြီ။ ဤစာအုပ်သည် ကောင်းကင်နတ်ဘုံနှင့် ယိုတု၏ ရတနာတစ်ပါး ဖြစ်၏။ တိတိကျကျ ပြောရလျှင် ကောင်းကင်နတ်ဘုံ၏ သေခြင်းရှင်ခြင်းစာအုပ်က ယိုတုကို တုပထားသော စာအုပ်ဖြစ်သည်။ ယိုတု၏ သေခြင်းရှင်ခြင်းစာအုပ်တွင် လုပ်ဆောင်ချက်များစွာ မရှိသော်လည်း အလွန်အသုံးဝင်သည့် နေရာများ ရှိ၏။
ကောင်းကင်နတ်ဘုံ၏ သေခြင်းရှင်ခြင်းစာအုပ်များကို မဟူရာနတ်မင်းမှ ဖန်တီးပေးသည်။ မင်တု၏ ကောင်းကင်နတ်သိုင်းများ၊ ကျင့်စဉ်များက ယိုတုမှ မှီငြမ်းခဲ့သည့်တိုင် မင်တုသည် ယိုတုထက် ကျော်လွန်သွားခဲ့၏။
ဖုရွေ့လော် သေခြင်းရှင်ခြင်းစာအုပ်ဖြင့် လူတိုင်းကို ကြည့်ကြည့်လိုက်သည်။ မည်သူ့အပေါ်သို့ ချိန်ရွယ်သည်ဖြစ်စေ၊ ထိုလူ၏ပုံရိပ်သည် နာမည်နှင့်တကွ စာရွက်အပေါ်၌ ပေါ်လာလိမ့်မည်။
“အမှန်တကယ် ထူးခြားတဲ့ ရတနာပဲ”
ဖုရွေ့လော် ချီးကျူးမဆုံးတော့ပေ။ “ကောင်းကင်နတ်ဘုံက ဒီရတနာကို သုံးပြီး လူတစ်ယောက်ရဲ့ သေခြင်းရှင်ခြင်းကို ထိန်းချုပ်တယ်... ကျုပ်တစ်ခါက မှော်ဆရာနတ်ဘုရားခွေ့ဆိုတဲ့ မိစ္ဆာနတ်ဘုရားတစ်ပါးအကြောင်း ကြားခဲ့ဖူးတယ်... သူ့အစွမ်းအစတွေက သိပ်မမြင့်မားပေမယ့် သေခြင်းရှင်ခြင်းစာအုပ် သုံးပြီး ခိုင်ဧကရာဇ်ခေတ်ရဲ့ နတ်ဘုရားတွေကို သုတ်သင်ပစ်ခဲ့တယ်တဲ့”
လော့ယွင်ချီက သေခြင်းရှင်ခြင်းစာအုပ်ကို ပြန်ယူကာ အေးအေးဆေးဆေး ဆိုသည်။ “သေခြင်းရှင်ခြင်းစာအုပ်ရဲ့ စွမ်းအားက ခင်ဗျား စိတ်ကူးနိုင်တာထက် ပိုတယ်... မင်တုက သေခြင်းရှင်ခြင်းစာအုပ်တွေ ဖန်တီးပေးတာဆိုတော့ တစ်အုပ်က မှော်ဆရာနတ်ဘုရားခွေ့ လက်ထဲ ရောက်သွားတာပဲ... ဒီလိုစာအုပ်မျိုးက များများစားစား ရှိတာမဟုတ်ဘူး... ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ဝါးမြိုဖို့ကိုတော့ ဒီသေခြင်းရှင်ခြင်းစာအုပ်ကို အားကိုး —“
သူ ရှင်းပြနေသည့်အချိန်မှာပဲ အမည်မသိသတ္တဝါကြီး စီးထားသည့် ချင်မူက ရတနာစာလိပ်တစ်လိပ် ထုတ်ဖြန့်ပြီး အားလုံးဆီသို့ ချိန်ကြည့်နေသည်ကို သတိထားမိလိုက်သည်။
လော့ယွင်ချွီ၏မျက်နှာပေါ်ရှိ အပြုံးမှာ တိုးလို့တန်းလန်း ဖြစ်သွားပြီး သူ့အကြည့်သည့် ချင်မူ့လက်ထဲရှိ စာလိပ်အပေါ် ရောက်သွား၏။ ထိုစာလိပ်က သေခြင်းရှင်ခြင်းစာအုပ် ဖြစ်သည်။ မည်သည့်နည်းနှင့်မျှ မမှားနိုင်။
“လော့ချင်ယွီ၊ ခွေ့ချင်းပိုင်၊ ဖုယန်ချီ၊ လော့ချန်းကျောင်း... “ ချင်မူက သူတို့နာမည်များကို တစ်ယောက်ချင်း ရွတ်နေသည်။
မင်တုမှ လော့ယွင်ချွီနှင့် ကျန်နတ်ဘုရားများ တုန်လှုပ်ကုန်ကြသည်။ သူတို့မြင်နေရသည်ကိုပင် မယုံနိုင်ကြတော့။ သေခြင်းရှင်ခြင်းစာအုပ်များသည် အနည်းအကျဉ်းသာ ရှိချေရာ အဘယ်သို့ပြု၍ ချင်မူ့တွင် တစ်အုပ် ရှိနေသနည်း။
ကောင်းကင်နတ်ဘုံ၏ သေခြင်းရှင်ခြင်းစာအုပ်များမှာ မည်သည့်အချိန်က လမ်းဘေးမှ ဂေါ်ဖီထုပ်များ ဖြစ်လာခဲ့သနည်း။ သူ တွေ့ခဲ့သော လူတစ်ယောက်တွင် သေခြင်းရှင်ခြင်းစာအုပ် ရှိခဲ့ခြင်းများလား။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ လူများတွင် စာအုပ်တစ်အုပ် ရှိနေခဲ့ခြင်းလား။
လုလီက ပြုံးနေပြီး အမှန်အတိုင်း မပြောပေ။ သူမက သူမဘာသာ တွေးနေသည်။ ‘သူ့ရဲ့ သေခြင်းရှင်ခြင်းစာအုပ်က မှော်ဆရာနတ်ဘုရားခွေ့ရဲ့ စာအုပ်ပဲ ... ငါတောင် သူ့နာမည်ကို ကျွယ်ဟွမ်ဆီက ခက်ခက်ခဲခဲ တောင်းခဲ့ရတာ... နင်တို့က ငါ့သားကောင်ကို လုဝံ့တယ်ပေါ့... နည်းတောင်နည်းသေး”
လော့ယွင်ချွီမှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် နတ်ဘုရားတို့အား သေခြင်းရှင်ခြင်းစာအုပ်ဖြင့် အကြပ်ကိုင်ရန် ကြံထားခဲ့၏။ သို့သော် ချင်မူ သေခြင်းရှင်ခြင်းစာအုပ် ထုတ်လိုက်သည်ကို မြင်လျှင် ဒုတိယအစီအစဉ် စဉ်းစားနေရတော့သည်။
ချင်မူက စာအုပ်ကို သိမ်းကာ လော့ချန်းကျောင်းအား မေးလိုက်သည်။ “မင်း ငါ့ကို သတ်ဖို့ ဒီလာတာလား”
လော့ချန်းကျောင်းမှာ သူ့ကို အူကြောင်ကြောင် ကြည့်နေမိသည်။ လော့ယွင်ချွီက ခပ်တိုးတိုး ပြောလိုက်၏။ “ညီလေး သူက ချင်ဖုန်းကျင့်ပဲ”
လော့ချန်းကျောင်း ပြုံးလိုက်သည်။ “ငါ မင်းကို ဖမ်းဖို့ လာတာ.... မင်းကို သတ်ဖို့ စိတ်မဝင်စားဘူး”
“ချီအငွေ့အသက်က ငါတို့ကို တကယ် ဆုံတွေ့ပေးလိုက်တာပဲ... ခဏစောင့်ဦး”
ဤသို့ပြောပြီးနောက် ချင်မူက နဂါးချီလင်ကို လီမြို့သို့ ဝှီးခနဲ စီးသွားသည်။ သူတို့နောက်၌ မီးတန်းတစ်တန်း ကျန်ခဲ့၏။ အလွန်မြန်လွန်း၍ အားလုံး မှင်သက်ကျန်ခဲ့သည်။ ဝမ့်မူရန်မှာ သူ့ဘေးရှိ သမင်ကြီးကို ကြည့်ကာ မေးလိုက်၏။ “မင်း အဲဒီလောက် မြန်မြန်ပြေးနိုင်လား”
သမင်ကြီးလည်း အံ့အားသင့်နေသည်။ သူက ခေါင်းယမ်းကာ ပြန်ဖြေသည်။ “မပြေးနိုင်ဘူး... ဒါပေမဲ့ သူက သက်လုံမကောင်းတဲ့အပြင် လောဘကြီးတယ်... အချိန်တိုအတွင်း တစ်ပိုးနင့်အောင် စားပြီး ဝက်ပြန်ဖြစ်လာမှာပဲ.... ကျွန်တော်ကတော့ သူ့ထက်သာအောင် ကြိုးစားလို့ရသေးတယ်”
ဤသို့ပြောနေစဉ် နဂါးချီလင်က လီမြို့အပြင်သို့ ထွက်လာပြီဖြစ်ပြီး ယခုတွင် သူ့ကျောပေါ်၌ ခြေလက်ပြတ်နေသော အဘိုးအိုတစ်ယောက် ပါလာသည်။
ချင်မူက လော့ချန်းကျောင်းဆီသို့ လက်ညှိုးထိုးကာ ပြော၏။ “ရွာလူကြီး၊ ဒါက မင်တုက လောကသခင်ခန္ဓာပဲ... ရွာလူကြီး မှန်တယ်... ကျွန်တော့်ကို မဖြစ်မနေ လာရှာရတဲ့ လောကသခင်ခန္ဓာအတုတွေ တကယ် ရှိနေတယ်သိလား... လောကသခင်ခန္ဓာအတု ရှုရှန်းဟွာနဲ့ သူ တိုက်ခိုက်ခဲ့တုန်းက ရှုရှန်းဟွာကို သူ သတ်နိုင်တော့မလို့ နည်းနည်းပဲ လိုတယ်... သူ သုံးခဲ့တဲ့ ကောင်းကင်နတ်သိုင်းက ကောင်းကင်အလိုတော်မုခ်ဝနဲ့ နည်းနည်းဆင်တယ်.... ဒါပေမဲ့ တူလည်း မတူဘူး... ဒါကြောင့် သူက လောကသခင်ခန္ဓာအတု ဖြစ်လောက်တယ်”
ခြေလက်မရှိသော အဘိုးအိုက လော့ချန်းကျောင်းဆီသို့ ကြည့်ပြီး အေးဆေးတည်ငြိမ်စွာ ပြောသည်။ “ငါက မင်းကို ဘာလို့လိမ်ရမှာတုန်း.. ဒါပေမဲ့ မင်း သတိတော့ထား... အခုကစပြီး မင်းကို လာရှာတဲ့ လောကသခင်ခန္ဓာအတုတွေ များလာတော့မယ်... ချီအငွေ့အသက်တွေက လောကသခင်ခန္ဓာအတုတွေ ဆုံတွေ့အောင် လမ်းညွှန်ပေးနေတာပဲ... သူ့အနေနဲ့ ကိုယ့်ကိုယ်ကို သန်မာလာအောင် တစ်ဖက်လူရဲ့ ကံတရားကို သိမ်းပိုက်လို့ရတယ်... ရှုရှန်းဟွာ သူ့ကြောင့် သေသွားရင် လော့ချန်းကျောင်းဆိုတဲ့ ဒီကောင်လေး သူ့ကံတရားကို ရသွားပြီး အစွမ်းအစတွေ တိုးတက်လာလိမ့်မယ်.... ဒါဆို မင်း အန္တရာယ်ရှိလာပြီ”
ထိုအဘိုးအိုက ယုံကြည်ချက်အလွန် ရှိနေ၏။ ပေါက်ကရလျှောက်နေခြင်းမဟုတ်ဘဲ အတည်အတန့် ပြောနေသယောင် ထင်ရသည်။ “မင်း သူ့ကို သတ်နိုင်ရင် မင်းရဲ့ လောကသခင်ခန္ဓာ ကံတရားကိုလည်း ခိုင်မာအောင် လုပ်နိုင်တယ်”
ချင်မူက စာအုပ်အသေးလေးတစ်အုပ် ထုတ်၍ ချရေးလိုက်သည်။ သူက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်၏။ “လောကသခင်ခန္ဓာအတုတွေ ကံတရားအတွက် ဘယ်လောက်ပဲ တိုက်ခိုက်ပါစေ ဘယ်တော့မှ အစစ်မဖြစ်နိုင်ဘူး... ကျွန်တော့်အောက် နိမ့်ကျပါတယ်” ဤသို့ပြောပြီးနောက် သူက ရွှစ်ခနဲ လီမြို့သို့ ပြန်ဝင်သွားပြီး အဘိုးအိုကို ပြန်ပို့လိုက်သည်။
လော့ချန်းကျောင်းတို့မှာ တစ်မျိုးကြီး ဖြစ်ကျန်ခဲ့ကြ၏။ လော့ချန်းကျောင်း တွေးနေမိသည်။ ‘ရှုရွှမ်းဟွာကို ငါ အနိုင်ယူဖို့ သုံးခဲ့တဲ့ ကောင်းကင်နတ်သိုင်းက သေချာပေါက် မင်တုအမှောင်မုခ်ဝပါ ... ဘယ်လိုလုပ် ကောင်းကင်အလိုတော်မုခ်ဝ ဖြစ်နေတာတုန်း ... ပြီးတော့ မင်တုအမှောင်မုခ်ဝက ဘယ်လိုလုပ် လောကသခင်ခန္ဓာ အတုနဲ့အစစ် ကွဲပြားနေတဲ့ သက်သေဖြစ်နေတာလဲ... မင်တုရဲ့ ကောင်းကင်နတ်သိုင်းဆိုတာ အသိသာကြီးလေ... ပိုဆိုးတာက ငါက ဘာလို့ လောကသခင်ခန္ဓာက ဘာမှန်း မသိတာလဲ... အားလုံး ဆုံတွေ့အောင် လမ်းညွှန်ပေးနေတဲ့ ချီအငွေ့အသက်ကရော ဘာကြီးလဲ’
ရုတ်တရက် နဂါးချီလင်က ချင်မူနှင့်အတူ ပြန်ပြေးလာ၏။ သူက လျှပ်စီးလို မြန်လှပြီး သွားလိုက်ပြန်လိုက် ပြေးပြနေသဖြင့် အားလုံး မနာလိုဖြစ်လာကြသည်။ “ဒီကောင်ကြီးက မမြန်လွန်းဘူးလား”
ချင်မူ တစ်ခုခုပြောတော့မည့်အချိန် ကောင်းကင်ထက်မှ တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဝါတစ်ခု ဆင်းသက်လာသည်။ နတ်ဘုရားအများစု ခေါင်းမော့ကြည့်လိုက်သည့်အခါ ထိုက်ဧကရာဇ်ကောင်းကင်ထက်၌ ရွေ့လျားနေသော ဧရာမကြယ်ကြီးတစ်လုံးအား မြင်လိုက်ရ၏။
ကြယ်ကြီးသည် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ မြေပြင်မှ သိပ်မကွာပေ။ ၎င်းက လထက် လေး၊ ငါးဆ ပိုကြီးသည်။ အမြန်နှုန်းကလည်း အလွန်မြန်သည်။
ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားသည်။ ‘အဲဒါ နတ်ဘုရားချိရှီရဲ့ ဆန်းကြယ်ကြယ်ပဲ... လော့ဖူကောင်းကင်ဘုံကနေ ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီ ရွေ့လာပြီဆိုတော့ ရွှမ်ခုံးကမ္ဘာလူတွေ အကုန်ရောက်လာပြီ ဖြစ်မယ်’
လော့ဖူကောင်းကင်ဘုံနှင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ကြားရှိ ကမ္ဘာလောကစည်းမှာ အလွန်ပါးလျပြီး အားနည်းနေသောကြောင့် ဆန်းကြယ်ကြယ် ဖြတ်သွားသည့်အခါ ကမ္ဘာလောကစည်းသည် ကွဲကြေသွားသည့် မှန်တစ်ချပ်သဖွယ် အက်ကွဲကျန်ခဲ့၏။ နေရောင်သို့ ဖြာကျလာသည့်အခါ မှန်စများမှ ရောင်စုံအလင်းတန်းများ ဖြာထွက်လာသည်။
ဆန်းကြယ်ကြယ် အရှိန်တင်နေသည့်ပုံကို ကြည့်လျှင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လောကစည်းကို ဝင်တိုက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်ထဲ ဝင်ပေတော့မည်။
ကောင်းကင်ထက်ရှိ ဆန်းကြယ်ကြယ်အပေါ်မှ ခေါင်းသုံးလုံး, လက်ခြောက်ဖက် နတ်ဘုရားများ ပျံထွက်လာသည်။ အရေအတွက်က တစ်ထောင်ကျော်ပြီး အားလုံး ဆန်းကြယ်ကြယ်အရှေ့သို့ သွား၍ ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်နေကြသည်။
တခဏအတွင်း ထိုက်ဧကရာဇ်အပေါ်ရှိ ကောင်းကင်မှာ နတ်ဘုရားတို့၏စွမ်းအားကြောင့် ကြေမွသွားတော့သည်။
ယခုတွင် ဆန်းကြယ်ကြယ်ကြီးသည် နေရာဟင်းလင်းပြင်ထဲ တရွေ့ရွေ့ ဝင်ရောက်ကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ သွားနေချေပြီ။
ဤကြယ်ကြီး၏ ဆွဲအားကြောင့် ကောင်းကင်မှာ ဖိသိပ်ခံလိုက်ရ၍ အစိတ်စိတ်အမြွှာမြွှာ အက်ကွဲသွား၏။ ထိုစဉ် စွမ်းအင်အကူးအပြောင်းတံတားမှ အလင်းတန်းတစ်တန်း ထွက်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
အလင်းတန်းသည် အလွန်အားကောင်း၏။ ကောင်းကင်ကို ထိလိုက်သည်နှင့် တိမ်တိုက်အသွင်သဏ္ဍာန်များ ဖွဲ့တည်လာပြီး အရပ်လေးမျက်နှာသို့ ဖြာထွက်သည်။ ထို့နောက် ကောင်းကင်ယံရှိ အလင်းရောင်သည် အဖြူရောင်ရေစက်များသဖွယ် ကျဆင်းလာ၏။
သာမန်မျက်လုံးဖြင့် ကြည့်လျှင် နှေးကွေးသယောင် ထင်ရသော်လည်း အလွန်မြန်သည်။
အလင်းရောင်တို့သည် ဝိညာဉ်စွမ်းအင်ဖြစ်၏။
စွမ်းအင်အကူးအပြောင်းတံတားက ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာကြားတွင် စွမ်းအင်ကူးပြောင်းပေးသော လမ်းတစ်လမ်းဖြစ်သည်။ ကြယ်ကြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲသို့ တိုးဝင်သည့်အခါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စွမ်းအင်တစ်စိတ်တစ်ပိုင်းသည် စွမ်းအင်ဟန်ချက်ထိန်းရန် တံတားမှတစ်ဆင့် ကူးပြောင်းပေးပို့ခံရ၏။
ဤတစ်ကြိမ် ပြောင်းရွှေ့လာသော ကြယ်ကြီးတွင် နတ်ဘုရားများ၊ လူများ သန်းနှင့်ချီပါသည်။ ထို့ကြောင် စွမ်းအင်အကူးအပြောင်းမှာ အလွန်များပြားသွား၍ စွမ်းအင်အကူးအပြောင်းတံတား၏ ခံနိုင်စွမ်းကို ကျော်လွန်ပေတော့မည်။
ထိုစဉ် လီမြို့ထဲ၌ စွမ်းအင်အကူးအပြောင်းတံတားမှ တုန်ခါလှိုင်းများကြောင့် မြေပြင်မှာ ပြင်းပြင်းထန်ထန် တုန်ခါလာသည်။
ဤအခြင်းအရာကို မြင်လျှင် ချင်မူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ စွမ်းအင်အကူးအပြောင်းတံတားအား သူနှင့် အစ်ကိုကြီးကျားကိုယ်တိုင် တည်ဆောက်ထားသောကြောင့် တံတား၏အကန့်အသတ်ကို သူ သိသည်။ ရွှမ်ခုံးကမ္ဘာ၏ နတ်ဘုရားများအားလုံး တစ်ပြိုင်တည်း ပြောင်းရွှေ့လာပါက နောက်ဆုံးအကန့်အသတ်ကို ကျော်သွားလိမ့်မည်။ ထိုအခါ စွမ်းအင်အကူးအပြောင်းတံတား ပေါက်ကွဲသွားမည်ဖြစ်၏။
စွမ်းအင်အကူးအပြောင်းတံတား ပေါက်ကွဲသွားပါက စွမ်းအင်အကူးအပြောင်းလမ်းကြောင်း ပိတ်သွားလိမ့်မည်။ ထိုအခါ ကြယ်ကြီးသည် လောကစည်းဖြင့် နှစ်ခြမ်းပိုင်းခံလိုက်ရမည်။ တစ်ခြမ်းက ထိုက်ဧကရာဇ်ကောင်းကင်ဘုံဘက်၌ ကျန်ရှိပြီး တစ်ခြမ်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၌ ရှိနေလိမ့်မည်။
ထိုမျှသာမက ဆန်းကြယ်ကြယ်ပေါ်ရှိ လူများ သေရလိမ့်မည်။ လူအနည်းစုသာ အသက်ရှင်နိုင်၏။
“ဒီရွှမ်ခုံးကမ္ဘာတွေကတော့ တဇွတ်ထိုးဆန်လွန်းတယ်”
ချင်မူ နဂါးချီလင်ကို အလျင်အမြန် ရိုက်လိုက်ပြီး မီးလျှံတိမ်တိုက်များကို နင်း၍ ကောင်းကင်သို့ ပျံတက်လိုက်သည်။ သူ့အသံက အပေါ်မှ ထွက်လာ၏။ “လော့ချန်းကျောင်း၊ ငါတို့ နောက်နေ့မှ တိုက်ခိုက်ကြမယ်”
“ငါ့ဆီက ထွက်ပြေးချင်တယ်လား”
လော့ချန်းကျောင်း၏ မျက်လုံးများ ဝင်းလက်သွားပြီး သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အနက်ရောင်ငှက်မွှေးများ ပေါ်လာ၏။ သူ့ရုပ်သွင်ကား ဂဠုန်နက်တစ်ကောင် ဖြစ်သွားချေပြီ။ လူမျက်နှာ၊ ငှက်နှုတ်သီးဖြင့် သူက ဂဠုန်သရဖူကို ဆောင်းထားသည်။ တောင်ပံဖြန့်ကားလိုက်သည့်အခါ တောင်ပံနှစ်ဖက်သည် မိုင်ပေါင်းများစွာ လွှမ်းခြုံသွား၏။ သူ တောင်ပံခတ်လိုက်တိုင်း အနက်ရောင်လေပြင်းများ တိုက်ခတ်သွားသည်။
လော့ချန်းကျောင်းက ကောင်းကင်သို့ တရှိန်ထိုး တက်သွား၏။ ထို့နောက် နဂါးချီလင်နောက် လိုက်သွားတော့သည်။
သူ့အမြန်နှုန်းသည် နဂါးချီလင်ထက် မဆိုစလောက် မြန်နေ၏။
သူတို့နှစ်ယောက် ပျံထွက်သွားသည့်အခါ ချီကျုံရီ၊ ကျဲ့ဟွလီ၊ ရှုရှန်းဟွာ၊ တာအိုသခင်လင်းရွှမ်နှင့် ကျန်ရှိသူများလည်း လိုက်လာကြသည်။ တစ်ယောက်နှင့်တစ်ယောက် အမြန်နှုန်းချင်း မတူပေ။
အမြန်ဆုံးက ချီကျုံရီဖြစ်သည်။ သူသည် ခေါင်းကိုးလုံးမီးငှက်အသွင် ပြောင်း၍ တောင်ပံခတ်ကာ ပျံဝဲနေ၏။ သူက လော့ချန်းကျောင်းထက်ပင် မြန်သေးသည်။
ဒုတိယတစ်ယောက်က ကြာပွင့်များကို နင်း၍ ပြေးနေသော ရှုရှန်းဟွာပင်။ သူ့ပုံရိပ်က ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေသည်။ သူ့ခြေလှမ်းများသည် မမြန်သော်လည်း ကြာပွင့်တစ်ပွင့်ကို နင်းလိုက်တိုင်း အကွာအဝေးတစ်ခုတွင် ဖျတ်ခနဲ ပေါ်လာတတ်ပြီး သူ့ခြေထောက်အောက်၌ ကြာပွင့်တစ်ပွင့်က အသင့်ဆီးကြိုနေတတ်၏။
သူတို့အားလုံးအထဲ၌ ကျဲ့ဟွလီက အနှေးဆုံးဖြစ်သည်။ သူ့ခြေလှမ်းတိုင်းက အကွာအဝေးတူညီစွာ တစ်သမတ်တည်း ရှိနေရာ မမြန်ပေ။
အစစ်အမှန်နတ်ဘုရားပန်ယုမှာ အားလုံး၏အသက်အန္တရာယ်အတွက် စိုးရိမ်သောကြောင့် ကောင်းကင်ယံသို့ တက်လိုက်သည်။ သူ နောက်မှ လိုက်တော့မည့်အချိန် ချီအငွေ့အသက်တစ်ခုက သူ့ကို ဆွဲထား၏။ အစစ်အမှန်နတ်ဘုရားပန်ယု၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။ သူ နောက်လှည့်မကြည့်ရဲဘဲ တဖြည်းဖြည်း အောက်ပြန်ဆင်းလိုက်သည်။
ဤအခိုက်အတန့်တွင် စိတ်ဓာတ်ကျနေသောဟန်ပန်ဖြင့် လူတစ်ယောက် သူ့ဆီ လျှောက်လာသည်ကို မြင်လိုက်ရပြီး သူ့ကို ချုပ်ထားသော ချီအငွေ့အသက်လည်း တစတစ ပြေလျော့သွားသည်ကို ခံစားလိုက်ရသည်။ ဤလူမှာ သူ့ကို ကူညီခဲ့ဖူးသော လူမှန်း သိ၍ ပန်ယု စိတ်အေးလက်အေး ဖြစ်သွား၏။
လော့ယွင်ချွီ မျက်မှောင်အနည်းငယ်ကြုတ်ကာ သေခြင်းရှင်ခြင်းစာအုပ်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများ လင်းလက်သွားပြီး သူက ပြုံးလိုက်သည်။ “ကျောက်စိမ်းလင်းရောင်နန်းတော်ရဲ့ မင်းသားချင်ဝူပါလား... စိတ်ဝင်စားစရာပဲ”
“ကျောက်စိမ်းလင်းရောင်နန်းတော်ရဲ့ မင်းသားချင်ဝူ”
အစစ်အမှန်နတ်ဘုရားပန်ယု ရင်ထဲတွင် လှုပ်ခတ်သွား၏။ သူက ပထမလူသားဧကရာဇ်ဆီသို့ ကြည့်ကာ အော်လိုက်သည်။ “မင်း အသက်ရှင်သေးတယ်လား”
ပထမလူသားဧကရာဇ်၏မျက်နှာ ညှို့မှိုင်းသွားသည်။ သူ ပန်ယုကို မတွေ့ချင်ခဲ့သည့် အကြောင်းရင်းမှာ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများနှင့် မျက်နှာချင်းမဆိုင်ချင်၍ ဖြစ်သည်။ သူ့ရင်ထဲတွင် လိပ်ပြာမလုံသည့် စိတ်သည် အမြဲရှိနေ၏။ သို့သော် ယခုတွင် လူလုံးထွက်ပြရန်အပြင် ရွေးချယ်စရာမရှိတော့ပေ။ သူမည်သူဖြစ်ကြောင်း ဖုံးကွယ်ထား၍လည်း မရတော့။
လော့ယွင်ချွီ၏ အကြည့် လှုပ်ခတ်လှုပ်ခတ် ဖြစ်သွားပြီး သူက အပြုံးတစ်ခုဖြင့် ပြောသည်။ “လူငယ်တွေ အချင်းချင်း တိုက်ခိုက်ကြတာ ကောင်းတဲ့အရာ မဟုတ်ပေလား... မင်းသားဝူ သွားကြည့်ချင်လို့လား”
ပထမလူသားဧကရာဇ်က ခြောက်ကပ်ကပ် ပြောလိုက်၏။ “အေး” ထိုသို့ပြောပြီးနောက် သူက လှည့်၍ စွမ်းအင်အကူးအပြောင်းတံတားဆီ လျှောက်လိုက်သည်။
သူ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခိုက်အတန့်တွင် မိုင်တစ်ထောင်မြေပြင်မှာ တမုဟုတ်ချင်း ကျုံ့သွားပြီး သူတို့ဆီသို့ လိပ်လာ၏။ အစစ်အမှန်နတ်ဘုရားပန်ယုနှင့် ကျန်ရှိသူများမှာ မလှုပ်ရှားပါဘဲ မိုင်တစ်ထောင် အကွာသို့ ရောက်သွား၏။ တွေဝေငေးကြောင်မှုများ သူတို့မျက်နှာထက်၌ အတိုင်းသားပေါ်လွင်နေသည်။
ပထမလူသားဧကရာဇ်က ခြေတစ်လှမ်းဖြင့် ချင်မူ နဂါးချီလင်ကို စီးသွားသည့်နေရာသို့ ရောက်သွားသည်။ ကောင်းကင်ထက်၌ လော့ချန်းကျောင်းက တောင်ပံ တဖျတ်ဖျတ် ခတ်လျက် နဂါးချီလင်အပေါ်တွင် ပျံသန်းနေ၏။ သူက ခြေသည်းများဖြင့် ချင်မူနှင့် နဂါးချီလင်ထံ လှမ်းဆွဲလိုက်သည်။
သူ့ခြေသည်းများမှာ အလွန်ချွန်ထက်နေသည့်အပြင် အနက်ရောင်တောက်နေသော အကြေးခွံများ လွှမ်းခြုံနေသည်။ သွေးကြောများကလည်း မျက်တောင်ခတ်နေသကဲ့သို့ ထူးဆန်းနေ၏။
လော့ယွင်ချွီ၊ ဖုရွေ့လော်၊ လုလီနှင့် ကျန်ရှိသူများက ပထမလူသားဧကရာဇ်နောက် လိုက်သွားပြီး မော့ကြည့်လိုက်ကြသည်။ ချင်မူ၏ ဒေါသထွက်နေသောအသံ ထွက်လာ၏။ “နောက်နေ့မှ တိုက်ခိုက်မယ် ပြောတယ်လေ... ငါ လုပ်စရာ အရေးကြီးကိစ္စ ရှိတယ်... မင်းနဲ့ တိုက်ခိုက်ဖို့ အချိန်မရှိဘူး”
ဘုန်း
ပေါက်ကွဲသံကြီး ကျယ်လောင်စွာ ထွက်လာပြီး အားအဟုန်ကြောင့် လော့ချန်းကျောင်း ပြန်ကန်ထွက်သွား၏။ ထိုခြေသည်းများကို ချင်မူ ခုခံနိုင်လိုက်သော်လည်း နဂါးချီလင် အောက်သို့ နိမ့်ဆင်းသွားပြီး အရှိန်လည်း သိသိသာသာ ကျဆင်းသွားသည်။
“ယိုတုသားတော် ထွက်ပြေးမယ်မကြံနဲ့”
လော့ချန်းကျောင်းက နောက်တစ်ကြိမ် လှမ်းကုပ်ဆွဲသော်လည်း ချင်မူက ခုခံပြီး သူ့ကို တွန်းထုတ်ပြန်၏။ နဂါးချီလင်လည်း အောက်သို့ ဖိချခံလိုက်ရ၍ အရှိန်လျော့သွားပြန်သည်။
လော့ချန်းကျောင်းက ဝမ်းသာနေသော မျက်နှာဖြင့် နောက်တစ်ကြိမ် ထပ်လုပ်ပြန်သည်။ “မင်းက ငကြောက်လား... ငါ့ကို ရင်ဆိုင်ရမှာ ကြောက်တာလား... ယိုတုသားတော်က ငါ့ကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ထွက်ပြေးနေတယ်တဲ့”
ချင်မူက ရုတ်တရက် နဂါးချီလင်၏အပေါ်မှ ခုန်ဆင်းပြီး လေးနက်စွာ ပြောလိုက်၏။ “ဖက်တီးနဂါး၊ စွမ်းအင်အကူးအပြောင်းတံတားဆီ သွားပြီး ငြိမ်အောင် လုပ်ထား၊ နောင်တော်ရှု၊ မင်းတို့လည်း တံတားဆီ သွားပြီး ပလ္လင်ပေါ်က သင်္ကေတအမှတ်အသားတွေ ငြိမ်နေအောင် အရင်လုပ်ထားပေးပါ”
နဂါးချီလင်က သူ့အမိန့်အတိုင်း စွမ်းအင်အကူးအပြောင်းတံတားဆီ ပြေးသွားသည်။ ရှုရှန်းဟွာလည်း မရပ်ဘဲ နဂါးချီလင်နောက် လိုက်သွား၏။ “နောင်တော်ချင်၊ သတိထားပါ... သူ့အစွမ်းအစတွေက ပေါ့သေးသေး မဟုတ်ဘူး... သူ့ကောင်းကင်နတ်သိုင်းတွေက ပိုလို့တောင် ထူးဆန်းသေးတယ်... အဲဒီလိုကောင်းကင်နတ်သိုင်းမျိုးတွေ တစ်ခါမှ မမြင်ဖူးဘူး... သူ့အမှောင်ကောင်းကင်နတ်သိုင်းတွေက မဟာမြို့ပျက်ရဲ့ အမှောင်ထုနဲ့ ဆင်တူတယ်”
“မဟာမြို့ပျက်ရဲ့ အမှောင်ထုနဲ့ ဆင်တူတယ်တဲ့လား” ချင်မူ ရင်ထဲ လှုပ်ရှားသွားပြီး မယုံနိုင်ဟန်ဖြစ်သွားသည်။
လော့ချန်းကျောင်းက တောင်ပံရုတ်ကာ လူအသွင် ပြန်ပြောင်းလိုက်၏။ သူက မထီတထီပြုံးကာ ပြောသည်။ “မဟာမြို့ပျက်ရဲ့ အမှောင်ထုကို ငါ့ဆရာ မင်တုရဲ့ မဟူရာနတ်မင်း ဖန်ဆင်းထားတာပဲ မဟုတ်လား”
ချင်မူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “မင်တု ကောင်းကင်နတ်သိုင်းတစ်ခု ထုတ်ဖော်ပြီး ငါ့ပြစမ်းပါ”
လော့ချန်းကျောင်းက သူ့တောင်းဆိုမှုအတိုင်း အမှောင်ထုအား ထုတ်ပြသည်။ အမှောင်ထုသည် လွန်စွာသိပ်သည်း၏။ ဆယ်မိုင်ကျော် လွှမ်းခြုံသွားပြီး လော့ချန်းကျောင်း၏ခန္ဓာကိုယ်မှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် မတူညီသော ကမ္ဘာတွင် ရပ်နေသကဲ့သို့ ထင်ရသည်။ အနက်ရောင်အရိပ်က မပြောမဆိုဖြင့် ချင်မူဆီသို့ ဝှစ်ခနဲ ပြေးဝင်လာသည်။
ချင်မူက အမှောင်ထုထဲမှ သူ့ဆီ ပြေးလာသော အရိပ်အား မှင်သေသေ ကြည့်နေသည်။ လော့ချန်းကျောင်းသည် လူ့ပြည်မှ ကောင်းကင်နတ်သိုင်းများကို ရှောင်တိမ်းနိုင်သည့် နေရာဟင်းလင်းပြင်တစ်ခုတွင် ရှိနေသယောင် ထင်ရ၏။
တစ်ချိန်တည်းမှာပင် ချင်မူ့အနောက်၌ တံခါးတစ်ချပ် ဖွဲ့တည်လာပြီး မကောင်းဆိုးဝါးတစ်ကောင် တိတ်ဆိတ်စွာ ဟိန်းဟောက်နေသကဲ့သို့ ခံစားရစေသည်။ မကောင်းဆိုးဝါး၏ လက်တုတ်တုတ်ကြီးများက ခက်ရင်းတစ်ခု ကိုင်ထားပြီး တံခါးဝအပြင်ရှိ ချင်မူ့ဆီသို့ လှမ်းထိုးလိုက်၏။
“ဒီလိုကိုး”
ချင်မူ့လည်ပင်းမှ ခေါင်းနှစ်ခေါင်း ထွက်လာပြီး သူ့ချိုင်းအောက်မှလည်း လက်လေးချောင်း ထွက်လာသည်။ ဓားစက်လုံးသည် ဝှမ်ခနဲ သုံးခုကွဲသွား၏။
“မင်တုဆိုတဲ့နေရာက ဖုန်းတုနဲ့ အတူတူပဲ ဖြစ်မယ်... အားလုံးက ယိုတုရဲ့ တစ်စိတ်တစ်ပိုင်းပဲ မဟုတ်လား... မင်းရဲ့ ကောင်းကင်နတ်သိုင်းကိုတော့...”
ချင်မူ မျက်ခုံးနှစ်ဖက်ကြားမှ မိုးမခသစ်ရွက်ကို ခွါလိုက်သည့်အခါ သစ်ရွက်သည် သုံးခုကွဲသွား၏။ တတိယမျက်လုံးသည်လည်း သုံးလုံးကွဲသွားပြီး မိုးမခသစ်ရွက်များက ပြန်ဖုံးလိုက်သည်။ သူက လက်သုံးဖက်ကို မြှောက်၍ လက်ခလယ်နှင့် လက်ညှိုးကို ပူးကပ်ကာ တတိယမျက်လုံးများအရှေ့သို့ စိုက်ချလိုက်သည်။
“ထိုးဖောက်မြင်ပြီးသွားပြီ”
၎
င
၎
၎