← Chapters

လောကသခင်ခန္ဓာတို့၏ တွေ့ဆုံမှု

Vol. 49 Ch. 665

လောကသခင်ခန္ဓာတို့၏ တွေ့ဆုံမှု

Vol. 49 Ch. 665

အစစ်အမှန်နတ်ဘုရားပန်ယုက ဒေါသကို မြိုသိပ်ပြီး ပြောသည်။ “ဒါဖြင့် နောင်တော်လော့ပဲ ကျုပ်တို့ သတ်ပေးလိုက်ပါ”

လော့ယွင်ချွီက ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။ “သိပ်ကောင်းတယ် သိပ်ကောင်းတယ်... ဒါပေမဲ့ အဲဒီမတိုင်ခင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လမ်းစဉ်၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေ ဘယ်လိုတိုးတက်လာခဲ့သလဲ မြင်ချင်သေးတယ်... ညီလေးချန်းကျောင်း ဒီမှာ စိန်ခေါ်နေခဲ့တာ ခြောက်ရက်လောက် ရှိနေပြီ... လူငယ်သိုင်းပညာရှင် အတော်များများလည်း သတ်ထားပြီးပြီ.... ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ ထူးချွန်တဲ့ပါရမီရှင်တွေများ ရှိသလား သိချင်မိတယ်”

လော့ချန်းကျောင်းဆီမှ အနိမ့်အမြင့်မရှိသောအသံ ထွက်လာသည်။ “ကျွန်တော် မြောက်ကောင်းကင်ဘုံမင်တုရဲ့ လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို သုံးခဲ့ပြီးပါပြီ... ဒီရက်ပိုင်း သုံးခဲ့တာကတော့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေဆီက သင်ယူခဲ့ရတဲ့ ကောင်းကင်နတ်သိုင်းတွေပါ”

အစစ်အမှန်နတ်ဘုရားပန်ယု ရင်ထဲတွင် လှုပ်ခတ်သွား၏။ သူက ငယ်ရွယ်သော မိစ္ဆာနတ်ဆိုးလူငယ်ကို ကြည့်ပြီး စောစောက ယွီဟယ်နှင့် သူ၏ တိုက်ပွဲကို ပြန်စဉ်းစားကြည့်လိုက်သည်။ ထိုလူငယ် သုံးသွားခဲ့သည်မှာ အမှန်ပင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းများ ဖြစ်သည်။ သူ ကျွမ်းကျင်သော ကောင်းကင်နတ်သိုင်းများကို မသုံးသွားခဲ့‌ပေ။

လေးရက်လေးအတွင်း သူကား ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းများကို တတ်မြောက်သွားပြီး လူငယ်သိုင်းပညာရှင်များကို သတ်နိုင်ခဲ့သည်တဲ့လော။

ဤအထုံပါရမီက မမြင့်မားလွန်းဘူးလော... ကြောက်မက်ဖွယ် မကောင်းဘူးလော။

ပို၍ပင် တုန်လှုပ်ဖွယ်ကောင်းသည်မှာ သူ အနိုင်ယူခဲ့သူများအနက် ပန်ယု၏ တပည့် ယွီဟယ်လည်း ပါနေခြင်းဖြစ်သည်။

ချင်မူ ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ ရောက်မလာခင်အခါက ယွီဟယ်သည် ခုနစ်စဉ်ကြယ်အဆင့်၏ နံပါတ်တစ် ကောင်းကင်နတ်သိုင်းပညာရှင် ဖြစ်ခဲ့၏။ ရွှီယောင်က သူမကို တစ်ခါတရံ ကျော်တက်နိုင်ခဲ့သော်လည်း ရှားလေသည်။

ချင်မူ ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ ရောက်ပြီးနောက်တွင် ပထမနေရာ ပြောင်းလဲသွား၏။ လူငယ်အများစု ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ သွားရောက်ပြီးနောက်၌မူ ယွီဟယ်အနေဖြင့် ဒုတိယနေရာကိုပင် ထိန်းထားနိုင်သေးလား မပြောနိုင်သော်လည်း သူမ၏အစွမ်းအစများအား လျှော့တွက်မရပေ။ ထိပ်တန်းကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်ကတော့ သေချာသည်။

ဤလော့ချန်းကျောင်းသည် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းများကိုသာ သုံး၍ ယွီဟယ်ကို အနိုင်ယူခဲ့ခြင်းမှာ မဖြစ်နိုင်သင့်သော်လည်း ထိုသို့ဖြစ်သွားခဲ့ချေပြီ။ ဆိုလိုသည်က ဤလူ၏ သိုင်းအခြေခံမှာ သူမတူအောင် ခိုင်မာပြီး ကောင်းကင်နတ်သိုင်းအရာ၌ လမ်းစဉ်အဆင့်သို့ပင် တက်လှမ်းပြီးလိမ့်မည်။

ကောင်းကင်နတ်သိုင်းဖြင့် လမ်းစဉ်အဆင့်သို့ ဝင်ရောက်သွားသူများသည် ကောင်းကင်နတ်သိုင်းတစ်ခုအား တစ်ချက်လေး ကြည့်လိုက်ရုံနှင့် မည်သို့ဖွဲ့စည်းတည်‌ဆောက်ထားသလဲ၊ မည်သည့်သဘောတရားလဲ နားလည်လိမ့်မည်။

သူ ပထမဆုံး မြင်ခဲ့ဖူးသည့် ထိုကဲ့သို့ အံ့ဖွယ်လူသားမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ဖြစ်သည်။ ဧကရာဇ်အတိုင်ပင်ခံ၏ ကောင်းကင်နတ်သိုင်းများ၊ လမ်းစဉ်များနှင့် ကျင့်စဉ်များအပေါ် နားလည်မှုက သူ၏မျိုးဆက်တွင် ပြိုင်ဘက်ကင်းချေသည်။

ဒုတိယလူသားကတော့ နတ်ဘုရားနှိမ်စေတီမှ ထွက်လာခဲ့သော ရှုရှန်းဟွာပင်။ သူ၏ အရောင်အဝါက တောက်ပလင်းထိန်ပြီး နှိုင်းယှဉ်မရအောင် ခံညားနေခဲ့သည်။

ဤနှစ်ယောက်အပြင် ထပ်မံမတွေ့ခဲ့ဖူးပေ။

ကမ္ဘာတစ်ဝန်း ထင်ရှားကျော်ကြားသည့်အပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင် နံပါတ်တစ်ဖြစ်သော ဂိုဏ်းသခင်ချင်ပင် ထိုကဲ့သို့ အထုံပါရမီမျိုး မပိုင်ဆိုင်ထားပေ။ ဂိုဏ်းသခင်ချင်သည် တတ်ကျွမ်းသည့် နယ်ပယ်များလွန်း၏။ ဓားမသိုင်း၊ ဓားသိုင်း၊ ဆေးပညာတို့တွင် ထူးချွန်းပါသော်လည်း ကောင်းကင်နတ်သိုင်းအရာ၌မူ ထိုအဆင့်သို့ မရောက်သေးပေ။

ချင်မူ၏ကျင့်စဉ်နှင့် ဓားသိုင်းက လမ်းစဉ်အဆင့်သို့ ဝင်ရောက်နေပြီဖြစ်သည်။ နယ်ပယ်တိုင်းတွင် ကျွမ်းကျင်သည့်တိုင် နံပါတ်တစ်တော့ မဟုတ်ပေ။ ချင်မူသာ အရာရာတိုင်းကို အချိန်မပေးလျှင် သူ၏အောင်မြင်မှုက ယနေ့အောင်မြင်မှုထက်ပင် မကနိုင်ကြောင်း အစစ်အမှန်နတ်ဘုရားပန်ယု ခံစားရသည်။

သို့တိုင်အောင် ချင်မူသည် အရူးလွယ်အိတ်ပမာ အရာအားလုံး အစုံသုပ်ထားသောကြောင့် တစ်နေ့ထက်တစ်နေ့ ပိုမိုသန်မာအားကောင်းလာခဲ့၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ရှုရှန်းဟွာပင် သူ့အရောင်အဝါကို မကျော်နိုင်ခဲ့သည့်အပြင် သူ့ကြောင့် မှေးမှိန်သွားခဲ့ရသည်။

‘ကောင်းကင်နတ်သိုင်းနဲ့ လမ်းစဉ်အဆင့် ရောက်သွားတဲ့ တစ်ယောက်ကို ငါတို့ ဘယ်လိုရင်ဆိုင်ရမလဲ.... ဒါ့အပြင် ဒီလူက မြောက်ကောင်းကင်မင်တုက ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ တပည့်တစ်ယောက် ဖြစ်နေသေးတယ်...’

အစစ်အမှန်နတ်ဘုရားပန်ယု စိုးရိမ်နေစဉ် လူငယ်ကောင်းကင်နတ်သိုင်းပညာများစွာ ရောက်လာကြသည်ကို သတိထားမိလိုက်၏။ သူတို့သည် မိစ္ဆာနတ်ဆိုးများ လာရောက်စိန်ခေါ်သည့်အကြောင်း ကြားထား၍ စိန်ခေါ်ရန် ရောက်လာကြခြင်းဖြစ်လိမ့်မည်။ သူတို့ထဲတွင် လေပြင်းကြားက ကျောက်စိမ်းသစ်ပင်သဖွယ် ခံ့ညားသော လူငယ်တစ်ယောက်လည်း ပါ၏။ သူက မိန်းကလေးတစ်ယောက်၏လက်ကို ဆုပ်ကိုင်ထားပြီး ကျောတွင် ခရီးဆောင်အိတ်လေးတစ်လုံး လွယ်ထားသည်။

ပန်ယု၏မျက်လုံးများ လင်းလက်သွားသည်။ “သခင်လေးရှု”

ရှုရှန်းဟွာက ပြုံးပြသည်။ သူ့အပြုံးသည် မနွေးထွေး၊ သူ့အနားမကပ်နိုင်အောင် တွန်းထုတ်နေသကဲ့သို့ သူစိမ်းဆန်၏။ “အစစ်အမှန်နတ်ဘုရား”

ပန်ယု၏အကြည့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ “သခင်လေးရှုက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ခေါင်းဆောင်တစ်ယောက်ပဲ... ရန်သူကို ရင်ဆိုင်ဖို့ ယုံကြည်ချက်ရှိလား”

ရှုရှန်းဟွာ၏အကြည့်က မျက်နှာချင်းဆိုင်ရှိ လော့ချန်းကျောင်းအပေါ် ကျရောက်သွားသည်။ တခဏကြာသော် ကျဲ့ဟွလီနှင့် ချီကျုံရီကို ကြည့်လိုက်၏။ သူက ပြောသည်။ “ယုံကြည်ချက်တော့ သိပ်မရှိဘူး... သူတို့ကျင့်စဉ်အဆင့်က သိပ်မြင့်မားလွန်းတယ်... သူတို့ရဲ့ကျင့်စဉ်က တာအိုသဘောတရားပါပေမယ့် ကျွန်တော့်ကျင့်စဉ်က အခုမှ အစပဲ ရှိသေးပါတယ်... သူတို့ဘိုးဘေးတွေ ပေးထားတဲ့ ကျင့်စဉ်နဲ့ ကျွန်တော် မယှဉ်နိုင်တာကြောင့်မလို့ အနိုင်ယူနိုင်ခြေ မမြင့်ပါဘူး”

အစစ်အမှန်နတ်ဘုရားပန်ယု မျက်ခုံးတွန့်သွားသည်။ ဤလူငယ်သည် ချင်မူနှင့်မတူပေ။ ရန်သူနှင့် သူ့အား နှိုင်းယှဉ်ဆန်းစစ်လိုက်သော ပုံစံအရ တိုက်ခိုက်ရမည့်လူမှာ သူပင် မဟုတ်သည့်အလား ထင်ရသည်။ အလွန်သူစိမ်းဆန်လွန်း၍ အခြားသူများအား စိတ်မသက်မသာ ဖြစ်စေနိုင်၏။

ဝမ့်မူရန်၏မျက်လုံးများ လင်းလက်သွားပြီး ပြောလိုက်သည်။ “မင်း သူ့ကို မယှဉ်နိုင်ဘူး ထင်တယ်ပေါ့... ဒါဆို ငါ သူ့ကို အနိုင်ယူနိုင်ရင် မင်း ငါ့အောက် နိမ့်ကျပါတယ်ဆိုပြီး ဝန်ခံပေးမလား”

ရှုရှန်းဟွာက ပြောလိုက်သည်။ “ငါ မင်းကို ကျောက်စိမ်းမြို့တော်ငယ်မှာ အနိုင်ယူခဲ့တုန်းက သိုင်းကွက် ၂၃ ကွက် သုံးခဲ့တယ်... တာအိုသခင်လင်းရွှမ်ကိုတော့ သိုင်းကွက် ၅ ကွက်တည်းနဲ့ အနိုင်ယူနိုင်ခဲ့တယ်... ဒါကြောင့် တာအိုသခင် လင်းရွှမ်က မင်းထက် ပိုအစွမ်းထက်တယ်... ဒီလော့ချန်းကျောင်းဆီက သိုင်းကွက် ၅ ကွက် မင်း ခုခံနိုင်ရင်တော့ ငါ သူ့ကို တိုက်ခိုက်မယ်”

ဝမ့်မူရန် ဒေါသထွက်သွားပြီး မလှမ်းမကမ်းရှိ တာအိုသခင်လင်းရွှမ်လည်း မျက်မှောင်ကြုတ်သွား၏။

ရှုရှန်းဟွာ သူ့ကို ချီးကျူးခဲ့သော်လည်း ယခုလို ချီးကျူးမှုမျိုးက စိတ်ထဲ သက်တောင့်သက်သာ မရှိပေ။

‘ရှုရှန်းဟွာက ဂိုဏ်းသခင်ချင်နဲ့ ပေါင်းတာများပြီး သူ့အကျင့်တွေ ကူးနေပြီ.... ဂိုဏ်းသခင်ချင် နှိမ့်ချပြောဆိုရင်လည်း အခုလိုပဲ သူ့စကားတွေက ‌ထော်လော်ကန့်လန့်နဲ့ ခံပြင်းစရာကောင်းတယ်’ တာအိုသခင်လင်းရွှမ် သူ့ဘာသာသူ တွေးလိုက်မိသည်။

ဝမ်မူ့ရန်က သရော်တော်တော် ပြော၏။ “ဂိုဏ်းသခင်ချင်က သိုင်းကွက်လေးတစ်ကွက်တောင် မသုံးခဲ့ရဘဲ လမ်းလျှောက်ရုံလေးနဲ့ မင်းကို သွေးအန်အောင် လုပ်ခဲ့နိုင်တယ်ဆို”

ရှုရှန်းဟွာ သက်ပြင်းချလိုက်သည်။ “ရန်သူက ပိုသန်မာလေလေ၊ ငါ သုံးတဲ့သိုင်းကွက်က နည်းလေလေပဲ... ဂိုဏ်းသခင်ချင်နဲ့ ငါ့တိုက်ပွဲရဲ့ ရလဒ်က သိုင်းကွက်တစ်ကွက်တောင် သုံးစရာမလိုဘဲ အဆုံးအဖြတ် ထွက်ခဲ့တယ်... သူက အမှန်တကယ် အစွမ်းထက်တယ်... ငါ မြင်ခဲ့ဖူးသမျှထဲ ကြောက်စရာအကောင်းဆုံး ပြိုင်ဘက်ပဲ... အခုတလော ငါလည်း တိုးတက်လာခဲ့ပြီဆိုတော့ ဘယ်သူက အတုလဲ၊ ဘယ်သူက အစစ်လဲ သိဖို့ သူနဲ့ ထပ်တွေ့ချင်မိတယ်... သူ့ကို ရှာရတာက သိတဲ့အတိုင်း ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုပဲ”

ဝမ့်မူရန် ဒေါသထွက်လွန်း၍ ပြောစရာစကား ရှာမရတော့ပေ။ သူက ဒေါကြီးမောကြီး ထွက်သွားပြီး ပြောလိုက်၏။ “လော့ချန်းကျောင်း၊ ငါ့ကို တိုက်ခိုက်ရဲလား”

လော့ချန်းကျောင်းက သူ့ကို ကြည့်သည်။ “မင့်နာမည်ပြော”

“တိုက်ခိုက်ပြီးမှ ပြောမယ်”

ဝမ့်မူရန်၏ သိုင်းအခြေခံသည် နတ်ဘုရားသဖွယ် အမြန်နှုန်းဖြင့် တိုးတက်လာခဲ့၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လမ်းစဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းတို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကျင့်စဉ်စနစ်နှင့် ပေါင်းစည်းသွားသည့်အခါ ပါရမီရှင်လူငယ်များ ပို၍ပင် တိုးတက်လာခဲ့သည်။ ဝမ့်မူရန်က ဤပါရမီရှင်လူငယ်များအနက် ထိပ်တန်းတစ်ယောက် ဖြစ်ချေသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် လမ်းစဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ လွန်စွာတိုးတက်နေသည့်အပြင် တက္ကသိုလ်ကောလိပ်များမှလည်း သင်ယူနိုင်ကြသည်။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ လမ်းစဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကိုပင် ပြုပြင်မွမ်းမံနေကြပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ သိုင်းပညာရှင်များကိုယ်တိုင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၌ သင်ကြားရှင်းပြပေးကြ၏။

ဝမ့်မူရန်က ဤနှစ်နှစ်စလုံး ကျောက်စိမ်းမြို့တော်ငယ်၏ ရှုပ်ထွေးပွေလီလှသော ကျင့်စဉ်အားလုံးကို ဆင်ခြင်သုံးသပ်ကာ ပေါင်းစည်းရင်း အချိန်ကုန်ဆုံးခဲ့၏။ ထို့ကြောင့် များစွာ တိုးတက်လာခဲ့ပြီး လှုပ်ရှားမှုတိုင်းက လျှပ်စီးသဖွယ် မြန်လာသည်။ သူ၏ကောင်းကင်နတ်သိုင်းများကလည်း မိုးခြိမ်းသံများ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်နေသကဲ့သို့ သွက်လက်လှသည်။ သူ၏သိုင်းကွက်တစ်ကွက်စီတိုင်းတွင် စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်သော စွမ်းအားတို့ ကိန်းဝပ်နေ၏။

လော့ချန်းကျောင်းဘက်မှ ဤရက်များအတွင်း သင်ယူခဲ့ရသော သိုင်းကွက်များ အသုံးချသော်လည်း ဝမ့်မူရန်အား အသာစီးမယူနိုင်သေးပေ။ သူ မျက်မှောင်ကြုတ်သွားပြီး သူ၏ကောင်းကင်နတ်သိုင်းများက ထူးဆန်းလာ၏။ သူက လက်နှစ်ဖက်လုံး ဆန့်ထုတ်ကာ ဝမ့်မူရန်ကို ထပ်ခါတလဲလဲ တွန်းထုတ်နေသည်။

ပထမလက်ဝါးကို တွန်းထုတ်လိုက်သည့်အခါ ဝမ့်မူရန်၏ မူလဝိညာဉ် ခန္ဓာကိုယ်ထဲမှ ရိုက်ထုတ်ခံလိုက်ရသော်လည်း ဝမ့်မူရန်က ခွန်အားဖြင့် ပြန်ဆွဲသွင်းလိုက်နိုင်သည်။

ဒုတိယလက်ဝါးကို တွန်းထုတ်လိုက်သည့်အခါ ဝမ့်မူရန်၏ မူလဝိညာဉ် ခန္ဓာကိုယ်ထဲမှ ခါထုတ်ခံလိုက်ရပြီး ဤတစ်ကြိမ်တွင် အကွာအဝေးက ပို၍ပင် ဝေးကွာနေ၏။

လော့ချန်းကျောင်းက လက်ကို စုတ်တံသဖွယ် အသုံးချရင်း စုတ်တစ်ချက် ဆွဲလိုက်သည့်အချိန်တွင် မည်းနက်နေသော အက်ကွဲကြောင်းတစ်ကြောင်း ဝမ့်မူရန် အနောက်၌ ပေါ်လာသည်။ မူလဝိညာဉ် ထိုအက်ကွဲကြောင်းထဲ ကျတော့မည့်ဆဲဆဲ၌ ဝမ့်မူရန်က အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်က လျင်မြန်စွာ နောက်ပြန်သွားကာ မူလဝိညာဉ်နှင့် တိုက်သွား၏။ ရုပ်ခန္ဓာနှင့် မူလဝိညာဉ် တစ်သားတည်းဖြစ်သည်နှင့် သူက နောက်ပြန်ကျွမ်းထိုး၍ ကောင်းကင်ယံတို့ ခုန်တက်ပြီး အက်ကွဲကြောင်းကို ရှောင်တိမ်းလိုက်သည်။ ဝမ့်မူရန်မှာ တွေဝေရှုပ်ထွေးနေသော အမူအရာဖြင့် အစစ်အမှန်နတ်ဘုရားပန်ယုဘေးသို့ ဆင်းသက်လိုက်၏။

လော့ချန်းကျောင်းက သူ့နောက် လိုက်မလာသည့်အပြင် ချီးကျူးလိုက်သည်။ “မင်းက မဆိုးဘူး... ငါ့သိုင်းကွက်အစစ်တွေ ထုတ်သုံးရအောင် ဖိအားပေးနိုင်ခဲ့တဲ့ ပထမဆုံးတစ်ယောက်ပဲ”

ဝမ့်မူရန် တဒိန်းဒိန်း ခုန်နေသော နှလုံးသားကို ထိန်းချုပ်ရင်း ရှုရှန်းဟွာဆီသို့ လှမ်းပြောလိုက်သည်။ “ကဲ သိုင်းကွက်ငါးကွက် ပြည့်ပြီ... မင့်အလှည့်”

ရှုရှန်းဟွာ၏ အကြည့် လှုပ်ခတ်သွားသည်။ သူက လူအုပ်ကြီးကို ကျော်၍ လော့ချန်းကျောင်းထံ လျှောက်သွားကာ ပြောလိုက်၏။ “ငါ တိုက်ခိုက်ရင် အနိုင်အရှုံးက သိုင်းကွက်တစ်ကွက်၊ နှစ်ကွက်အပေါ် မူတည်လိမ့်မယ်”

ရုတ်တရက် သူ၏ခြေလှမ်းများက အတိုင်းထက်အလွန် လေးလံလာပြီး သူ ခြေထောက်ချလိုက်တိုင်း မြေပြင်မှာ ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားသည်။ တဖြည်းဖြည်း ပဒုမ္မာကြာပွင့်များ ဖွဲ့တည်လာပြီး ဖူးပွင့်လာ၏။ ဝတ်ဆံများက ညင်သာစွာ လှုပ်ခတ်နေရင်း သင်္ကေတအမှတ်အသားမျိုးစုံ ထုတ်လွှတ်နေသည်။

ရှုရှန်းဟွာ ရှေ့သို့ လျှောက်သွားသည်နှင့်အမျှ သူ့အနောက်၌ ကြာပွင့်များစွာ ဖွဲ့တည်လာနေ၏။ ခြေဆယ့်နှစ်လှမ်းကျော်‌ လျှောက်ပြီးသည့်အခါ ပတ်ဝန်းကျင်တစ်ခုလုံး ကြာပွင့်ကမ္ဘာသဖွယ် ဖြစ်လာသည်။ ပန်းဝတ်ဆံများမှ သင်္ကေတအမှတ်အသားများက အလိုအလျောက် အစီအစဉ်ချကာ ဟင်းလင်းပြင်တစ်ခု ဖော်ဆောင်လိုက်၏။ ဟင်းလင်းပြင်အတွင်း၌ ပန်းရနံ့များ သင်းပျံ့နေသော ကမ္ဘာတစ်ခု ရှိနေသည်။

လော့ချန်းကျောင်း၏အမူအရာ တင်းမာလာသည်။ ရှုရှန်းဟွာ၏ ကောင်းကင်နတ်သိုင်းများက စနစ်တစ်ခုကို တည်ထောင်လိုက်ပြီး သူ့အနောက်ရှိ ဟင်းလင်းပြင်ကမ္ဘာအတွင်း၌ အဆက်မပြတ် ပြောင်းလဲနေသော ကောင်းကင်နတ်သိုင်းများ ကိန်းဝပ်နေချေသည်။ သို့ဖြစ်၍ ရှုရှန်းဟွာ ထုတ်လွှတ်ရန် ကြိုးစားနေသော သိုင်းကွက်ကို သူ မမြင်ရတော့ပေ။

အဘယ်ကြောင့်ဆိုသော်  ရှုရှန်းဟွာ၏ ဟင်းလင်းပြင်ကမ္ဘာမှာ အခြေခံအကျဆုံး သင်္ကေတအမှတ်အသားများဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး အခြေခံသင်္ကေတအမှတ်အသားများကို မတူကွဲပြားစွာ အစီအစဉ်ချလျှင် မတူကွဲပြားသော ကောင်းကင်နတ်သိုင်းများ ထွက်ပေါ်လာနိုင်၏။ ထို့ကြောင့် လော့ချန်းကျောင်းမှာ ရှုရှန်းဟွာ၏ သိုင်းကွက်ကို ခန့်မှန်းမရတော့ပေ။

“သူက မဟာကောင်းကင်နတ်သိုင်းတစ်ခုကို တစ်ခါတည်း ထုတ်လွှတ်နေတာပဲ”

တာအိုသခင်လင်းရွှမ်မှာ အံ့အားသင့်သွားပြီး ခပ်တိုးတိုး ပြောလိုက်၏။ “နောင်တော်ဝမ့်၊ နောင်တော်ရှုရဲ့ ကောင်းကင်နတ်သိုင်းအသိအမြင်က ငါတို့နှစ်ယောက်ထက် သာသွားပြီ”

ဝမ့်မူရန်က နှာခေါင်းရှုံ့သည်။ “ငါလည်း ကျောက်စိမ်းမြို့တော်ငယ်ရဲ့ ကောင်းကင်နတ်သိုင်းတွေကို စဉ်းစားဆင်ခြင်ပြီး ပေါင်းစည်းလိုက်ရင် သူ့အောက် မနိမ့်ကျပါဘူး”

တာအိုသခင်လင်းရွှမ် မနေနိုင်တော့ဘဲ ပြောလိုက်၏။ “နောင်တော်ဝမ့်အနေနဲ့ ဂိုဏ်းသခင်ချင်နဲ့ တိုင်ပင်တာ ကောင်းမယ်ထင်တယ်... ဂိုဏ်းသခင်ချင်က အမှောင်ထဲက အမှိုက်ဘုရင်လို့ နာမည်ကြီးတယ်... သူက ကျင့်စဉ်ကို ကျင့်တယ်... ချုပ်သင့်တဲ့နေရာ ချုပ်တယ်... ဖာသင့်တဲ့နေရာ ဖာတယ်... ပြောင်းလဲပြီးရင် သုံးနှစ်ကျင့်တယ်... ပြီးရင် ဖာတယ် ၊ ချုပ်တယ်... နောက်သုံးနှစ် ကျင့်တယ်... သူက လူသားခန္ဓာဖွဲ့စည်းပုံကျင့်စဉ်ကိုတောင် တည်ဆောက်ခဲ့တယ် ကြားတယ်... ဒီတော့ နောင်တော်ဝမ့်နဲ့ တော်တော်လေး ကိုက်ညီလောက်တယ်”

ဤအချိန်တွင် ရှုရှန်းဟွာ၏ ကောင်းကင်နတ်သိုင်း ပေါ်ထွက်လာ၏။ ကောင်းကင်နတ်သိုင်းက တောက်ပလင်းလက်နေသည်။ သူ့အနောက်ရှိ ဟင်းလင်းပြင်ကမ္ဘာသည် ပြန့်ကားလာပြီး ကြာပန်းများက လေတွင် နူးညံ့ညင်သာစွာ လှုပ်ခတ်နေကြ၏။ သင်္ကေတအမှတ်အသားများလည်း လျင်မြန်စွာ ပြောင်းလဲနေသည်။

လော့ချန်းကျောင်း နောက်ဆုတ်လိုက်သည့်အခါ သူ့အနောက်တွင်လည်း မဟာမြို့ပျက်၏ အမှောင်ထု ဆင်းသက်လာသကဲ့သို့ အမှောင်ထုကြီး ဖွဲ့တည်လာသည်။ အမှောင်ထုက သူ့ကို လွှမ်းခြုံသွားလေသည်။

အမှောင်ထု ဖုံးလွှမ်းသွားသော နေရာတွင် လော့ချန်းကျောင်း၏ အရိပ်ကို ရှာမတွေ့တော့သဖြင့် ရှုရှန်းဟွာ တုန်လှုပ်သွားသည်။

အမှောင်ထုသည် သူ၏ချီစွမ်းအင်၊ ကောင်းကင်နတ်သိုင်းနှင့် ရုပ်ခန္ဓာကို တိုက်စားနေသော အလွှာတစ်လွှာနှင့် တူ၏။ ၎င်းက သူ့ကိုယ်ထဲသို့ ထိုးဖောက်စိမ့်ဝင်ကာ မူလဝိညာဉ်ဆီ ကူးစက်နေသည်။ သူ၏ကောင်းကင်နတ်သိုင်းများမှာ အမှောင်ထုကိုသာ ဝင်သွားပြီး အမှောင်ထု၏ စုပ်ယူခြင်းခံလိုက်ရတော့သည်။

ရှုရှန်းဟွာ နောက်ဆုတ်လိုက်သည်။ နောက်ဆုတ်လိုက်သည့်အချိန်မှာပင် သူ့နောက်သို့ လက်ဝါးရိုက်ချက်တစ်ချက် ပို့လွှတ်လိုက်၏။ သူ၏လက်ချောင်းငါးချောင်း လှုပ်ခါလိုက်သည့်အခါ သူ့အနောက်ရှိ ကောင်းကင်ထက်၌ လက်ဝါးရိပ်များ၊ လက်ချောင်းရိပ်များ ပြည့်နှက်သွားသည်။ လက်ဝါးပေါ်ရှိ လက္ခဏာများမှာ တောင်တန်းများ၊ စီးဆင်းနေသော မြစ်များသဖွယ် ထင်ရပြီး လက်ဗွေရာများကတော့ တောင်ထိပ်များအသွင် ရှိနေ၏။

လော့ချန်းကျောင်းက သူ့အနောက်၌ ဖျတ်ခနဲ ပေါ်လာသည်။ သူ၏ရုပ်သွင်မှာ အမှောင်ထုထဲရှိ အနက်ရောင်သဲများဖြင့် ဖွဲ့တည်ထားသကဲ့သို့ ဖြစ်နေပြီး သူက ရှုရှန်းဟွာ၏ ကောင်းကင်နတ်သိုင်းများကို ထိုးဖောက်ကာ သူ၏ကျောနောက်သို့ ရိုက်ချလိုက်၏။

ရှုရှန်းဟွာ အင့်ခနဲ ညည်းကာ ရှေ့သို့ လဲကျသွားသည်။ အမှောင်ထဲတွင် မုခ်တံခါးဝတစ်ချပ် ပွင့်လာပြီး မကောင်းဆိုးဝါးတစ်ကောင် စောင့်နေသည်။ ၎င်းက ခက်ရင်းတစ်ချောင်းဖြင့် ရှုရှန်းဟွာဆီသို့ လှမ်းတို့၏။

ရှုပ်ရှန်းဟွာ လက်ဝါးနှစ်ဖက် ပူးကပ်လိုက်သည့်အခါ သူ၏ဟင်းလင်းပြင်ကမ္ဘာ ရုတ်တရက် ပိတ်သွားသည်။ တမုဟုတ်ချင်းဆိုသလို ပန်းပွင့်ချပ်များ ပျံဝဲလာပြီး သူ့ကို လွှမ်းခြုံသွားသည်။

ခက်ရင်း ပစ်မှတ်ကို ထိလိုက်သည့်အချိန်တွင် ပစ်မှတ်မှာ မရှိတော့။ ပန်းပွင့်ချပ်တစ်ချပ်အပေါ်သို့သာ ကျရောက်သွားသည်။ ရှုရှန်းဟွာမှာ ဟင်းလင်းပြင်ကမ္ဘာနှင့်အတူ ပျောက်ကွယ်သွားချေပြီ။

“ဟာ”

အသံတစ်သံ ကျယ်လောင်စွာ ထွက်လာ၏။ “လောကသခင်ခန္ဓာ အတုနောက်တစ်ခုပါလား

လော့ချန်းကျောင်း နေရာသို့ ပြန်သွားလိုက်၍ အမှောင်ထုလည်း တမုဟုတ်ချင်း ဆုတ်ခွာသွားသည်။ သူက မျက်မှောင်အနည်းငယ် ကြုတ်ကာ အသံလာရာဆီသို့ လှမ်းကြည့်လိုက်၏။

တစ်ချိန်တည်းမှာပင် ရှုရှန်းဟွာ၏ ခန္ဓာကိုယ်သည် အမှောင်ထုထဲမှ ထွက်လာသကဲ့သို့ ဘွားခနဲ ပေါ်လာ၏။ သူ၏အသားအရေမှာ အနည်းငယ် ဖြူလျော့နေပြီး သူလည်း အသံလာရာဆီ ကြည့်လိုက်သည်။

လီမြို့၏ ဂိတ်တံခါးများ ပွင့်သွားပြီး ခံ့ခံ့ညားညားနဂါးချီလင်တစ်ကောင်ကို စီးလျက် ကျေနပ်နေသော အမူအရာဖြင့် ချင်မူ့ကို တွေ့လိုက်ရသည်။ သူက နဂါးချီလင်ကို အရှိန်တင်ခိုင်းလိုက်၏။ “ဟေ့ ပြေးစမ်း ငါ့ကောင်ကြီး”

နဂါးချီလင်က ငြူစူသလို ပြန်ပြောသည်။ “ဂိုဏ်းသခင်၊ ကျွန်တော်က နဂါးချီလင်ပါ ... မြင်းမဟုတ်ဘူး... ပြီးတော့ ကျွန်တော့်ကို နာမည်အရင်း မခေါ်ဖို့လည်း သတိထားဦး... ပန်ကုန်းစုန် ကြားသွားရင် လုပ်ကြံနေဦးမယ်”

နဂါးချီလင်၏အလျင်က အလွန်မြန်သည်။ သူ့ခြေထောက်နောက်၌ မီးတန်းတစ်တန်း ကျန်ခဲ့၏။ သူ့အသံပင် ရောက်မလာခင် သူကား ချင်မူ့ကို ပန်ယုဘေးသို့ ခေါ်ချလာပြီး ရပ်နေပြီဖြစ်သည်။

ထိုအခါမှ သူ့အသံက အားလုံး၏နားထဲ ရောက်လာ၏။

ချင်မူက ငါးခူပြုံးပြုံးနေသည်။ “ငါ့အားထုတ်မှုတွေက အလဟဿ မဖြစ်သွားဘူးပဲ... နောင်တော်ရှု၊ တာအိုသခင်၊ နောင်တော်ဝမ့်... အားလုံး ဒီရောက်နေကြပါလား... ကြည့်၊ ဒါ ဖက်တီးနဂါးလေ၊ မခံ့လွန်းဘူးလား”

ဝမ့်မူရန်က နှုတ်ခမ်းဆူ၍ မည်သို့မျှမပြောပေ။ သူ့ဘေးရှိ သမင်ကြီးက သရော်သလို ပြောသည်။ “ခံ့ချက်ပဲ... သူ ဒီတိုင်း သုံးရက်လောက် ထိန်းနိုင်တာနဲ့တင် ကျုပ် ချိုဖြုတ်ပြီး နှာခေါင်းထဲ ထိုးပစ်လိုက်မယ်”

နဂါးချီလင်က ဒေါသထွက်နေသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်သည်။

ချင်မူ သူ့စကားကို အဖက်မလုပ်ဘဲ လော့ချန်းကျောင်းဆီ ကြည့်လိုက်၏။ သူက အလေးအနက် ပြောလိုက်သည်။ “ရွာလူကြီးက တယ်တော်တာပဲ... လောကသခင်ခန္ဓာ ကျွန်တော် ပေါ်လာတာနဲ့ ကမ္ဘာ‌ပေါ်မှာ ရှိတဲ့ အတုအယောင် လောကသခင်ခန္ဓာအားလုံး ကျွန်တော့်ကံတရားကို လုပြီး အစစ်အမှန် လောကသခင်ခန္ဓာဖြစ်လာဖို့ ကြိုးစားကြလိမ့်မယ်တဲ့... နောင်တော်ရှု၊ ငါ မင်းအကြောင်း ပြောနေတာမဟုတ်ဘူး‌နော်... ငါ့စကားကို စိတ်ထဲ မထည့်ပါနဲ့... နောင်တော်ဝမ်၊ ဘာမှမပြောနဲ့.... မင်းက လောကသခင်ခန္ဓာမပြောနဲ့ အတုတောင် မဟုတ်ဘူး”

လော့ယွင်ချွီ၊ ခွေ့ချင်းပိုင်နှင့် ကျန်ရှိသူများက ချင်မူ့ကို စိုက်ကြည့်ကြပြီး မေးလေသည်။ “နတ်ဆိုးဘုရင်၊ ဘယ်ကမှန်း မသိတဲ့ သတ္တဝါကြီးကို စီးလာပြီး မောက်မာနေတဲ့ ဒီလူငယ်က ဘယ်သူလဲ”

ဖုရွေ့လော်က မဲ့ပြုံးပြုံးကာ ပြောလိုက်၏။ “မင်တုမှာ သေခြင်းရှင်ခြင်းစာအုပ် မရှိဘူးလား.... စာအုပ်နဲ့ သူ့ကို ကြည့်လိုက်ရင် နောင်တော်လော့ သိပါလိမ့်မယ်”

All Chapters