← Chapters

သောကပင်လယ်ဝေနေသော ဖုရွေ့လော်

Vol. 49 Ch. 668

သောကပင်လယ်ဝေနေသော ဖုရွေ့လော်

Vol. 49 Ch. 668

ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၊ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ပိုင်နက်တွင်

လုလီက ဖုရွေ့လော်ကို နှုတ်ဆက်သည်။ “နတ်ဆိုးဘုရင်၊ ကျွန်မ ယိုတုကနေ ထွက်လာတာ ကြာပြီ... ယိုတုကို ပြန်ဖို့ လိုပါတယ်... ဒါကြောင့် ကျွန်မရဲ့ စစ်တပ်ကိုလည်း ပြန်ခေါ်သွားရလိမ့်မယ်”

ဖုရွေ့လော် မျက်မှောင်အနည်းငယ် ကြုတ်ကာ မေးလိုက်၏။ “အစ်မတော် ယိုတုသားတော်ကို မဖမ်းရသေးဘဲ ဘာလို့ အလျင်စလို ပြန်မှာလဲ”

“မင်တုက ဧည့်သည်တွေက ကျွန်မကို ဖမ်းခွင့်ပေးမှာမဟုတ်ဘူး... ယိုတုသားတော်ရဲ့စွမ်းအားကို လိုချင်ပေမယ့် ကိုယ့်နေရာကိုလည်း သိရပါတယ်... ကျွန်မအင်အားနဲ့ မင်တုကို မယှဉ်နိုင်လို့ နောက်ဆုတ်လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တာပါ”

လုလီက တခဏ တွန့်ဆုတ်နေပြီးနောက် ပြောသည်။ “နတ်ဆိုးဘုရင်၊ ကျွန်မတို့နှစ်ယောက်လုံးက ကောင်းကင်နတ်ဆိုးတွေဆိုတော့ မပြန်ခင် စကားသုံးခွန်း ပြောခဲ့ချင်တယ်”

“ပထမစကားကတော့ သည်းခံဖို့ပါ... ဘယ်လိုပဲဖြစ်လာပါစေ သည်းခံရမယ်။ ဒုတိယစကားကတော့ ပြန်ရုတ်တတ်ဖို့ပါ... လိပ်တစ်ကောင် အသက်ရှည်ရှည် နေနိုင်တဲ့ အကြောင်းရင်းက ခေါင်းကို အချိန်ကိုက် ပြန်ရုတ်တတ်လို့ပဲ။ တတိယစကားက‌တော့ သစ္စာရှိပါ.... သစ္စာရှိတာ မမှားပါဘူး။ နှုတ်ဆက်ခဲ့ပါတယ်”

လုလီ ခပ်စူးစူး တစ်ချက် အော်လိုက်သည့်အခါ ယိုတုမကောင်းဆိုးဝါးများသည် အနက်ရောင်အခိုးအငွေ့များအသွင် ပြောင်းကာ လွင့်ပျယ်သွား၏။ လုလီက တစ်ဖက်လှည့်ပြီး မြေအောက်ထဲ ဖြည်းဖြည်းချင်း ငုပ်လျှိုးပျောက်ကွယ်သွားသည်။

စွမ်းအင်အကူးအပြောင်းတံတား

ချင်မူ ဟင်းခနဲ သက်ပြင်းချလိုက်သည်။ ပထမလူသားဧကရာဇ်က ဆန်းကြယ်ကြယ်သို့ သွားရောက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ဝင်ရောက်နေသော နတ်ဘုရားများအား အရှိန်လျှော့ရန် ညွှန်ကြားပေးခဲ့၏။ ထိုအခါမှ စွမ်းအင်အကူးအပြောင်းတံတား တည်ငြိမ်သွားလေသည်။

ချင်မူ သက်ပြင်းချရင်း ရင်ဘတ်မှ စူးခနဲ အောင့်မျက်သွားသည်။ လော့ချန်းကျောင်းက သူ့ရင်ဘတ်တွင် ဒဏ်ရာနှစ်ခု ရစေခဲ့သည်။ နှလုံးသားကို ဦးတည်နေသည့် ခက်ရင်းခွကို ဖျက်စီးနိုင်ခဲ့သော်လည်း ကျန်နှစ်ခွကြောင့် သူ့ရင်ဘတ်တွင် အပေါက်များ ပေါက်သွားခဲ့၏။ ကံကောင်းထောက်မ၍ အသက်အန္တရာယ်စိုးရိမ်ရသော နေရာများမဟုတ်ပေ။

ထို့ကြောင့် သူ၏တတိယဓားရောင်မှာ အရေးအကြီးဆုံး ဖြစ်ခဲ့၏။ ၎င်းက အဓိကအန္တရာယ်ကို ဖျက်စီးခြင်းဖြင့် သူ့အသက်ကို ကာကွယ်ပေးခဲ့ချေသည်။

လော့ချန်းကျောင်းမှာ အတိုင်းထက်အလွန် သန်မာအားကောင်းသည် မဟုတ်ပါလော။ ချင်မူမှာ အသေသတ်သိုင်းကွက်ကို ရှောင်နိုင်ခဲ့သော်လည်း ရလိုက်သည့် ဒဏ်ရာများက ပေါ့သေးသေး မဟုတ်ပေ။ နဂါးသွားရည်နှင့်တင် ကုသရန် မလုံလောက်။ ‌လော့ချန်းကျောင်း၏ ကောင်းကင်နတ်သိုင်းအကြွင်းအကျန်များက သူ၏ဒဏ်ရာများအတွင်း၌ ကိန်းဝပ်နေသေးသည်။

ချင်မူ ဒဏ်ရာများကို သန့်ရှင်းပြီး လော့ချန်းကျောင်း၏ ကောင်းကင်နတ်သိုင်းအကြွင်းအကျန်များကို ဖယ်ရှားလိုက်၏။ အန္တရဝဖန်ဆင်းကျမ်းစာကို လှည့်ပတ်ရင်း နဂါးသွားရည်သုတ်လိမ်းလိုက်သည့်အခါ များစွာသက်သာသွားသည်။

တံတားဆီမှ ပူပူညံညံအသံများ ထွက်လာဖြင့် ချင်မူ လျှောက်သွားလိုက်သည့်အခါ တံတားကို စောင့်ရှောက်နေသော ကောင်းကင်နတ်သိုင်းများက ချီကျုံရီနှင့် ကျဲ့ဟွလီကို တားနေကြောင်း တွေ့လိုက်ရသည်။

အစောင့်က ချင်မူ လျှောက်လာသည်ကို မြင်လျှင် ကမန်းကတန်း ပြောသည်။ “ဂိုဏ်းသခင်၊ ဒီနှစ်ယောက်က ကောင်းကင်နတ်ဆိုးမျိုးနွယ်ဘက်ကပါ... တံတားကနေ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွားမယ်လုပ်နေတယ်”

ချင်မူ ပြုံးလျက် ပြောလိုက်သည်။ “နောင်တော်တို့က လူသားမြေထဲ ရောက်လာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီကိုတောင် သွားချင်သေးတယ်လား... ငါ မင်းတို့နှစ်ယောက်လုံးကို သတ်လိုက်မှာ မကြောက်ဘူးလား”

ကျဲ့ဟွလီက ခေါင်းယမ်းကာ ပြော၏။ “နောင်တော်ချင်က အဲဒီလိုလူစားမျိုး မဟုတ်ပါဘူး... သိုင်းလောကရဲ့ စည်းမျဉ်းအတိုင်း တစ်ယောက်-တစ်ယောက်ချင်း တိုက်ပွဲမှာ မင်းအပြင် ငါ ကြောက်တဲ့လူသားမျိုးနွယ် မရှိပါဘူး.... လော့ချန်းကျောင်းကြောင့်လည်း ဒဏ်ရာရထားတော့ မင်းက ငါ့ပြိုင်ဘက်မဟုတ်လောက်ဘူး”

“ဘယ်သူက သိုင်းလောကရဲ့ စည်းမျဉ်းတွေကို လိုက်နာမယ် ပြောလို့လဲ”

ချင်မူ ပြောလိုက်သည်။ “ငါ ဝတ်ထားတာက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အရာရှိဝတ်ရုံပဲ... ဒီတော့ ငါက နန်းတွင်းရဲ့စည်းမျဉ်းတွေကို လိုက်နာတဲ့လူ... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နန်းတွင်းမှာ တိုက်ပွဲတွေအတွက် စည်းမျဉ်းစည်းကမ်းတွေ မရှိဘူး”

ချီကျုံရီက ငြိမ်ငြိမ်မနေနိုင်ဘဲ ဟိုကြည့်သည်ကြည့် ကြည့်နေသည်။ ချီကျုံရီ ပတ်ဝန်းကျင်အား ကြည့်နေသည်ကို မြင်လျှင် ချင်မူ မယုံသင်္ကာ ဖြစ်လာ၏။ ချီကျုံရီသည် သူ့ကို ဝိုင်းရိုက်သတ်ပစ်မည်လား အကဲခတ်နေခြင်းလော... တစ်စုံတစ်ခုကို ရှာနေခြင်းလော....

ချင်မူ ခေါင်းမော့ကြည့်လိုက်သော်လည်း ထူးထူးဆန်းဆန်း မည်သည်ကိုမျှ မမြင်ရပေ။

“ဘာလို့ နောင်တော်တို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွားမှာလဲ.... လောလောဆယ် ကြယ်ကြီးက ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ ဝင်နေတာဆို‌တော့ စွမ်းအင်အကူးအပြောင်းက များလွန်းနေပါတယ်... မင်းတို့ တံတားကနေ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ဖြတ်သွားလိုက်ရင် အကူးအပြောင်း ပိုလို့တောင် များသွားလိမ့်မယ်”

ချင်မူ အေးဆေးစွာ ပြောလိုက်၏။ “ငါ့ကို အကြောင်းရင်းပြော... အဆင်ပြေရင် သဘောတူပေးမယ်”

ကျဲ့ဟွလီမှာ ချီကျုံရီ မည်သည့်အတွက်ကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ သွားချင်နေမှန်း မသိ၍ ချီကျုံရီဆီ လှမ်းကြည့်လိုက်သည်။

ချီကျုံရီ၏အမူအရာမှာ မည်းလိုက်၊ လင်းလိုက် ဖြစ်နေသည်။ သူက အံတင်းတင်းကြိတ်ကာ အလေးအနက် ပြောလိုက်၏။ “ဂိုဏ်းသခင်ချင်၊ ငါက မင်တုမဟူရာနတ်မင်းဆီမှာ ပညာသင်နေရပေမယ့် မင်တုရဲ့ ကိုင်တွယ်ပုံကိုင်တွယ်နည်းတွေကို သဘောကျနေတာမဟုတ်ဘူး... ငါက လုပ်စရာတစ်ခုရှိရင် လုပ်ပြီးတာနဲ့ ရပ်တယ်... ဒါပေမဲ့ သူတို့ကတော့ မရပ်ဘူး... သူတို့လုပ်ရပ်တွေက ရက်စက်လွန်းတယ်.. ကြမ်းကြုတ်လွန်းတယ်... ငါတို့က ငါတို့အသက်ကို ကယ်ဖို့ မင်းရဲ့လမ်းကို ငှားနေတာဆိုမှတော့ သူတို့ ဘာလုပ်တော့မှာလဲ ငါ ပြောပြပါ့မယ်”

ချင်မူ စိတ်ရှည်ရှည် နားထောင်နေစဉ် ကျန်ရှိသူများက စွမ်းအင်အကူးအပြောင်းတံတား ခိုင်ခံ့အောင် လုပ်နေကြသည်။ အစစ်အမှန်နတ်ဘုရားပန်ယုက မှော်စွမ်းအင်ဖြင့် တုန်ခါမှုများကို ထိန်းချုပ်နေ၏။ ပန်ယုမှာ ဤနှစ်များအတွင်း သင်္ချာတွက်နည်းများစွာ သင်ထားခဲ့သော်လည်း သင်္ချာစွမ်းရည် သိပ်မမြင့်မားသေးပေ။ သင်္ကေတအမှတ်အသားများကိုလည်း မပြုပြင်တတ်၍ သိပ်သည်းအားကောင်းသော မှော်စွမ်းအင်ကိုသာ အသုံးချပြီး တံတားတည်ငြိမ်အောင် ထိန်းပေးနေသည်။

ချီကျုံရီက ဆက်ပြောသည်။ “မင်းမှာလည်း သေခြင်းရှင်ခြင်းစာအုပ် ရှိပေမယ့် သေခြင်းရှင်ခြင်းစာအုပ်ရဲ့ စွမ်းအားကို မင်းမသိဘူး... မင်တုရဲ့ သေခြင်းရှင်ခြင်းစာအုပ်က သေခြင်းနဲ့ ရှင်ခြင်းကို ထိန်းချုပ်ပြီး သေဆုံးသူတွေကို ပြန်အသက်သွင်းပေးနိုင်တယ်... မင်တုရဲ့ မဟူရာနတ်မင်းက ဒီရတနာကို ဖန်တီးပေးခဲ့တာပဲ... သေဆုံးသူရဲ့ ဝိညာဉ်က မင်တုဖြစ်ဖြစ်၊ ယိုတုဖြစ်ဖြစ် ဘယ်နေရာမှာပဲ ပုန်းနေပါစေ သေခြင်းရှင်ခြင်းစာအုပ်ရဲ့ အတင်းအကြပ် ဆင့်ခေါ်တာ ခံရတယ်”

ချင်မူ ရင်ထဲ ထိတ်သွားသည်။ “သေခြင်းရှင်ခြင်းစာအုပ်မှာ အဲဒီလိုစွမ်းရည်မျိုး ရှိတယ်လား.. ဒါဆို လော့ယွင်ချွီအနေနဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံထဲက လူသေအားလုံးကို အသက်သွင်းပြီး သူတို့အတွက် တိုက်ခိုက်ခိုင်းလို့ ရတာပေါ့.... သူတို့သုံးယောက် နတ်ဘုရားစစ်တပ်ကြီးနဲ့ ညီမျှသွားမှာပေါ့”

“အဲဒါတင်မကဘူး”

ချီကျုံရီက ပြောသည်။ “သူတို့ပစ်မှတ်က ထိုက်ဧကရာဇ်ကောင်းကင်ဘုံမဟုတ်ဘူး... လော့ဖူကောင်းကင်ဘုံပဲ”

ချင်မူ အော်လိုက်မိ၏။ “တန်ခိုးရှင်သစ်ခုတ်သမား အန္တရာယ်ရှိနေပြီ”

ချီကျုံရီက ခေါင်းယမ်းပြသည်။ “နောင်တော်ချင်၊ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်အ‌ပေါ် မင်းအမြင်က ကြင်နာတတ်လွန်းနေတယ်... မင်တုက သူတို့ကိစ္စတွေနဲ့ ပတ်သက်လာရင် အောက်တန်းကျတဲ့ နည်းလမ်းပေါင်းစုံ သုံးကြတယ်... ကောင်းကင်နတ်ဆိုးတွေနဲ့ လူသားတွေ ကြားက ကတိစာချုပ် တရားမဝင်တော့အောင် မြေအောက်ဘုံအရှင်သခင်ရဲ့ ပဋိညာဉ်ကို ချိုးဖျက်ရုံတင်မကဘူး... သူတို့က ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ မင်းတို့အားလုံးကို တစ်ခါတည်း သုတ်သင်ပစ်ချင်နေတာပဲ”

သတင်းက ချင်မူ့ကို ထိတ်လန့်သွားစေသည်။ “မင်း ဆိုလိုတာက... လော့ယွင်ချွီတို့က လော့ဖူကောင်းကင်ဘုံကို စတေးပြီး လော့ဖူကောင်းကင်ဘုံနဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ဝင်တိုက်စေလိုက်မှာလား... မဖြစ်နိုင်ဘူး... ကောင်းကင်နတ်ဆိုးမျိုးနွယ်ဘက်က တော်တော်အထိနာမှာလေ... သူ ကောင်းကင်နတ်ဆိုးမျိုးနွယ်နဲ့ အချင်းများရမှာ မဟုတ်လား... ဖုရွေ့လော် သူ....”

သူ့အသံကြောင့် ယဇ်ပလ္လင်ကို ထိန်းနေသော လူများ သူတို့ဆီ လှမ်းကြည့်ကြသည်။

“ဒါကြောင့် မင်းက ကြင်နာတတ်လွန်းတယ်လို့ ငါ ပြောတာပဲ”

ချီကျုံရီက ကောင်းကင်သို့ မော့ကြည့်ကာ အလျင်အမြန် ပြောလိုက်၏။ “ကောင်းကင်နတ်ဘုံက ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ သေရေးရှင်ရေးကို ဘာလို့ ဂရုစိုက်နေမှာလဲ... ကောင်းကင်နတ်ဘုံတောင် ဂရုမစိုက်ရင် မင်တုကရော ဂရုစိုက်မလား... ငါ ပြောလိုတာ ဒါအကုန်ပဲ... ဒီသတင်းက ငါနဲ့ ကျဲ့ဟွလီ အသက်ချမ်းသာရာရဖို့ လုံလောက်လား”

ချင်မူမှာ စိတ်ထဲ ကယောက်ကယက် ဖြစ်နေပြီး လက်ဝှေ့ယမ်းပြလိုက်သည်။ သူ့အသံသည် အက်ကွဲနေ၏။ “သူတို့ကို သွားခွင့်ပေးလိုက်... သွားခွင့်ပေးလိုက်....”

“ကျေးဇူးအများကြီးတင်ပါတယ်”

ချီကျုံရီက အရိုအသေပေးပြီး ငေးကြောင်နေသော ကျဲ့ဟွလီကို ဆွဲ၍ ပလ္လင်ထက်သို့ အလျင်အမြန် တက်သွားသည်။ ထို့နောက် စွမ်းအင်အကူးအပြောင်းတံတားထဲ ဝင်ရောက်ကာ နှစ်ယောက်လုံး ပျောက်ကွယ်သွားကြ၏။

ချင်မူ ရင်ထဲ ဗြောင်းဆန်နေသည်။ “အစစ်အမှန်နတ်ဘုရားပန်ယု၊ အစစ်အမှန်နတ်ဘုရားပန်ယု”

အစစ်အမှန်နတ်ဘုရားပန်ယုမှာလည်း ဘေးတွင် မှင်သက်နေ၏။ သူက ကပျာကယာ မေးသည်။ “ဂိုဏ်းသခင်ချင်၊ ချီကျုံရီ ပြောတာ အမှန်လား”

ချင်မူက အလေးအနက် ပြောလိုက်သည်။ “မှန်မှန်မှားမှား ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို စောင့်ရှောက်စရာမလိုတော့ဘူး... အစစ်အမှန်နတ်ဘုရား၊ လီမြို့၊ မင်ယီမြို့နဲ့ ကျန်တဲ့မြို့တွေကနေ အားလုံးကို ထွက်လာခိုင်းလိုက်ပါ... သူတို့ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ မြန်မြန်သွားခိုင်းတော့”

အစစ်အမှန်နတ်ဘုရားပန်ယု တွန့်ဆုတ်နေသည်။ “ချီကျုံရီ ပြောတဲ့ သတင်းက အမှားဆိုရင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို သူတို့လက်ထဲ ထည့်ပေးလိုက်သလို မဖြစ်ဘူးလား”

ချင်မူ အေးအေးစက်စက် ပြောလိုက်မိ၏။ “အမှန်ဆိုရင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ စစ်သည်တော်တွေ အသေဆိုးနဲ့ သေရလိမ့်မယ်ဗျ”

အစစ်အမှန်နတ်ဘုရားပန်ယု အံကြိတ်ကာ ထွက်သွားသည်။

ချင်မူ ရင်ထဲတွင် ဗလောင်ဆူနေဆဲ ဖြစ်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ လီမြို့၊ မင်ယီမြို့နှင့် ကျန်နတ်ဘုရားမြို့များ...နောက်ဆုံး တရွေ့ရွေ့ သွားနေသော ချိမင်ကြယ်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူက ရုတ်တရက် အော်လိုက်၏။ “တံတားကို ဆက်ထိန်းထား... ငိုင်မနေကြနဲ့ မြန်မြန်”

တာအိုသခင်လင်းရွှမ်နှင့် ကျန်ရှိသူများ သတိဝင်သွားကာ အလျင်အမြန် လုပ်ကြသည်။

ချင်မူလည်း ရှေ့လျှောက်နောက်လျှောက် လျှောက်နေသည်။ သူက ရပ်၍ သေခြင်းရှင်ခြင်းစာအုပ် ထုတ်ကြည့်ပြီး အံတင်းတင်းကြိတ်လိုက်သည်။ “ဒါကို ဘယ်လိုသုံးရမလဲ... မင်တုရဲ့ လော့ယွင်ချွီက သေခြင်းရှင်ခြင်းစာအုပ်ရဲ့ စွမ်းအားကို ထုတ်နိုင်ရင် ငါလည်း မထုတ်နိုင်ဘဲ နေပါ့မလား”

သူ ထပ်ခါတလဲလဲ စမ်းကြည့်သည့်တိုင် သေခြင်းရှင်ခြင်းစာအုပ်မှာ နာမည်များကိုသာ ပြသနိုင်ပြီး သေဆုံးသူတို့ကို အသက်မသွင်းပေးနိုင်ပေ။

ထိုအခိုက်အတန့်တွင် ကောင်းကင်တစ်ပြိုင်လုံး လင်းထိန်လာ၏။ ချင်မူ မော့ကြည့်ပြီး ရင်ထဲ လေးလံသွားသည်။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံထက်၌ လွင့်မျောနေသော မြေပြင်မှာ မီးဟုန်းဟုန်းတောက်လောင် နေချေပြီ။

လော့ဖူကောင်းကင်ဘုံ

လော့ဖူကောင်းကင်ဘုံတစ်ခုလုံး မီးစွဲလောင်နေသည်။ မြေငလျင်များ လှုပ်ခတ်ပြီး မီးတောက်များ ပေါက်ကွဲနေ၏။ ချော်ရည်များက မြေပြင်တစ်လျှောက် စီးဆင်းနေပြီဖြစ်ပြီး ပင်လယ်များလည်း အငွေ့ပျံကာ မိုးကြိုးတိမ်တိုက်များ ဖြစ်ကုန်ကြသည်။

ယဇ်ပလ္လင်ထက်ရှိ နတ်ဘုရားများမှာ ကောင်းကင်အား တွေတွေကြီး မော့ကြည့်နေမိကြ၏။

မြင်ကွင်းက ခမ်းနားသော်လည်း အသည်းထဲ နာကျင်စရာကောင်းသည်။ မည်သည့်အရာကိုမဆို မေ့ပျောက်သွားစေနိုင်၏။

“ယဇ်ပလ္လင်ကို ထိန်းထားကြ” ချင်မူက အော်ဟစ်ပြီး အားလုံးကို စိတ်နှင့်ကိုယ် ပြန်ကပ်သွားစေသည်။

အားလုံး ယဇ်ပလ္လင်ကို ကပျာကယာ ထိန်းနေကြ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲသို့ ကြယ်ကြီး ဝင်ရောက်နေသော နှုန်းက မြန်လာသဖြင့် ယဇ်ပလ္လင်အပေါ် ဝန်ပိုပိလာသည်။ ရွှမ်ခုံးကမ္ဘာသားန နတ်ဘုရားတို့လည်း ကောင်းကင်၏အခြေအနေကို မြင်သဖြင့် လော့ဖူကောင်းကင်ဘုံ မဆင်းသက်လာခင် ထွက်သွားရန် ကြိုးစားနေကြကြောင်း ထင်ရှား၏။

လီမြို့က အနီးဆုံးဖြစ်၍ အစစ်အမှန်နတ်ဘုရားပန်ယုက မှော်စွမ်းအင်ဖြင့် စစ်တပ်ကို ပြောင်းရွှေ့ပေးနေသည်။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကျန်နတ်ဘုရားများလည်း လှုပ်ရှားကြပြီး ကျန်နတ်ဘုရားမြို့များသို့ ကမန်းကတန်း သွားရောက်ကာ စစ်တပ်များအား စွမ်းအင်အကူးအပြောင်းတံတားဆီ ခေါ်လာကြသည်။

ချင်မူက ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များကို တံတားထဲ မြန်မြန်လွှတ်နေသောကြောင့် တံတား၏ဝန်မှာ ဆတိုးလာသည်။ မြေပြင်မှာ အဆက်မပြတ် အက်ကွဲနေ၍ ချောက်နက်ကြီးများ ပေါ်ထွက်လာ၏။ စွမ်းအင်အကူးအပြောင်းတံတားသာ ရပ်တည်လျက် ကျန်ခဲ့သည်။

ထိုအတိုင်းဆက်သွားလျှင် တံတား ဆက်လက်တောင့်ခံနိုင်တော့မည်မဟုတ်ပေ။

“ကောင်းကင်နတ်သိုင်းပညာရှင်တွေ အရင်သွား... နတ်ဘုရားတွေ နေခဲ့”

နတ်ဘုရားစန်းယဲ့ အော်ဟစ်နေသည်။ “နောင်တော်တို့ တခြားမြို့တွေကို သွားကြပါဦး”

နတ်ဘုရားများ ကပျာကယာ ထွက်သွားကြပြီး မြို့အားလုံးမှ စစ်သည်များအား ခေါ်လာကြသည်။  စွမ်းအင်အကူးအပြောင်းတံတား ပတ်ဝန်းကျင်တွင် တံတားထဲ ဝင်ရန် စောင့်နေသော လူများ ကြိတ်ကြိတ်တိုးနေ၏။

တံတားမှ ထုတ်ပေးနေသော စွမ်းအင်မှာ ပို၍ပြင်းထန်လာသည်။ အလင်းတန်းများက ကောင်းကင်ထက်သို့ တရှိန်ထိုး တက်နေကြပြီး လော့ဖူကောင်းကင်ဘုံ၏ မီးတောက်များထက်ပင် ပိုမိုတောက်ပနေ၏။ စွမ်းအင်အကူးအပြောင်းတံတားမှာ ပို၍တုန်ခါလာနေပြီး မြေပြင်မှလည်း တဂျိန်းဂျိန်းမြည်ဟည်းသံများ ထွက်လာနေ၏။

တထဂတမာ၊ ရွာလူကြီးနှင့် ကျန်ရှိသူများလည်း အပြေးအလွှား ရောက်လာကြတာ မှော်စွမ်းအင်များဖြင့် တံတားကို ထိန်းပေးကြသည်။ သူတို့ကြောင့် ရှုရှန်းဟွာတို့မှာ ဖိအားများစွာ‌ လျော့ကျသွား၍ ပျက်စီးသွားသော သင်္ကေတအမှတ်အသားများကို ပြုပြင်ကြ၏။

ချင်မူလည်း တွက်ချက်ရေးကိရိယာများ ခပ်သုတ်သုတ် ထုတ်ပြီး လော့ဖူကောင်းကင်ဘုံ ကျဆင်းလာနေသည့် အရှိန်ကို စောင့်ကြည့်သည်။ ထို့နောက် လော့ဖူကောင်းကင်ဘုံနှင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ဝင်တိုက်မည့်အချိန်၊ ဝင်တိုက်မည့်နေရာတို့ကို အမြန် တွက်လိုက်၏။ တခဏကြာသော် သူ ကိရိယာများကို စိတ်ပျက်အားလျော့စွာ လွှတ်ချလိုက်သည်။

“လေးနာရီပဲ ကျန်တော့မ်...”

ထို့အပြင် ဝင်တိုက်မည့်နေရာက ဧရိယာကြီးမားသည်။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ အလယ်ဖြစ်သည့်အတွက် လီမြို့နှင့် နီးသည်။ အကျယ်အဝန်းက မိုင်တစ်သောင်းကျော်၏။ လူသားပိုက်နက်ဖြစ်စေ၊ နတ်ဆိုးပိုင်နက်ဖြစ်စေ လော့ဖူကောင်းကင်ဘုံကြောင့် တိုက်ရိုက်ပျက်စီးရလိမ့်မည်။

ချင်မူ မည်သို့လုပ်ရမှန်း မသိတော့ပေ။ ထိုကဲ့သို့ ရုတ်တရက် ဝင်တိုက်မှုမျိုးးအား သူ မည်သို့ တားနိုင်မည်နည်း။

ဤအချိန်တွင် ဆန်းကြယ်ကြယ်ဆီမှ လူရိပ်များ ထွက်လာပြီး ကျလာနေသည့် လော့ဖူကောင်းကင်ဘုံဆီ အပြေးအလွှား သွားနေကြကြောင်း မြင်လိုက်ရသည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ပိုင်နက်မှ လော့ဖူကောင်းကင်ဘုံသို့ ထိုးတက်သွားသည့် အလင်းတန်းများကိုလည်း တွေ့ရ၏။ ယင်းတို့က ရွှမ်ခုံးကမ္ဘာ၏ နတ်ဘုရားများနှင့် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ မိစ္ဆာနတ်ဘုရားများ ဖြစ်ချေသည်။

ထိုနတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးတို့သည် လော့ဖူကောင်းကင်ဘုံ၏ လမ်းကြောင်းကို ပြောင်းလဲရန် လော့ဖူကောင်းကင်ဘုံအား ရုပ်ခန္ဓာခွန်အားဖြင့် တွန်းနေကြ၏။

လော့ဖူကောင်းကင်အတွင်း၌ ဒေါသတကြီး အော်ဟစ်သံများ ထွက်လာကြပြီး နတ်ဘုရားများက လော့ဖူကောင်းကင်ဘုံကို အားကုန်ထုရိုက်ကြသည်။ ကြွက်သားများ စုတ်ပြဲ၍ အရေပြားများ လန်ကုန်သည်အထိ ကြိုးစားကြသော်လည်း လော့ဖူကောင်းကင်ဘုံ၏ အရှိန်ကို မလျှော့ချနိုင်သေးပေ။

လော့ဖူကောင်းကင်ဘုံက ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ တအိအိ ကျဆင်းလာနေသည်။

အချိန်ကုန်ဆုံးနေသည်နှင့်အမျှ ကောင်းကင်နတ်သိုင်းပညာရှင်များစွာ စွမ်းအင်အကူးအပြောင်းတံတားထဲ ဝင်နေကြသည်။ စစ်သည်များမှာလည်း တဖွဲဖွဲ ရောက်လာနေကြ၏။ ဆန်းကြယ်ကြယ်၏ တစ်ဝက်ကျော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ ဝင်နေချေပြီ။

မီးလုံးများက မိုးပေါက်များသဖွယ် ရွာကျလာသည်။ ၎င်းတို့သည် လော့ဖူကောင်းကင်ဘုံ၏ မြေအပိုင်းအစများ ဖြစ်၏။ ကျောက်ခဲတုံးကြီးများလည်း အုန်းခနဲ အုန်းခနဲ ရွာကျလာရာ ကမ္ဘာပျက်နေသကဲ့သို့ ရုန့်ရင်းဆန်ခတ် ပျက်စီးနေတော့သည်။

နတ်ဆိုးမြေ၌ ဖုရွေ့လော်သည် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ကောင်းကင်နတ်သိုင်းပညာရှင်များကို အခိုင်မာဆုံး ခံတပ်ဖြစ်သော ကန်းယောင်မြို့သို့ ရွှေ့ပြောင်းနေ၏။

ကျန်မိစ္ဆာနတ်ဘုရားများလည်း လှုပ်ရှားနေကြသည်။ သို့သော် ဖုရွေ့လော်နှင့် မိစ္ဆာနတ်ဘုရားများက အဆင့်မြင့် ကောင်းကင်နတ်သိုင်းပညာရှင်များကိုသာ ရွှေ့ပြောင်းပေးခြင်းဖြစ်သည်။ အဆင့်နိမ် မိစ္ဆာနတ်ဆိုးများမှာ မျက်ရည်များဖြင့် အော်ဟစ်ငိုယိုကာ ထားရစ်ခံခဲ့ရသည်။

ဖုရွေ့လော်၏မျက်ဝန်းများတွင် ခံစားချက်မရှိပေ။ သူက စက်ရုပ်တစ်ရုပ်ပမာ လုပ်သင့်သည်ကို လုပ်နေသည်။

လျန်ကျဲမြို့သို့ သူ ရောက်သည့်အခါ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ ကောင်းကင်နတ်ဆိုးများသည် တခြားမြို့များကဲ့သို့ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်းမျိုး မရှိပေ။

လျန်ကျဲတစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ ကောင်းကင်နတ်ဆိုးများ လမ်းပေါ်သို့ ထွက်နေကြသော်လည်း မည်သူမှ အသံမထွက်ကြပေ။

လမ်းမထက်တွင် မိခင်တစ်ယောက် ကလေးငယ်ကို ဖက်၍ ကောင်းကင်သို့ မော့ကြည့်နေသည်ကို သူ မြင်ရသည်။ ကလေးက သူ့အမေ၏ ရင်ဘတ်ထဲ၌ မျက်နှာဖွက်ထား၏။ တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်ထားသော ချစ်သူများကိုလည်း တွေ့ရသည်။ မိသားစုများသည်လည်း မလွှတ်တမ်း ဖက်ထားကြ၏။ ကောင်းကင်သို့ မော့ကြည့်နေသော သူတို့၏မျက်နှာများသည် တည်ငြိမ်‌အေးဆေးနေကြ၏။

ဧရာမမြေခဲကြီးများက မြို့ဆီသို့ ကျဆင်းလာနေသည်။ သူတို့၏မျက်လုံးထဲတွင် မြေခဲများသည် ကြီးသထက် ကြီးလာ၏။ မီးတောက်များက ပိုမိုပြင်းထန်သထက် ပြင်းထန်လာသဖြင့် သူတို့မျက်နှာများ နီရဲလာကြသည်။

“သွားကြတော့လေ” ဖုရွေ့လော်က သူတို့ကို အော်ဟစ်သည်။

တစ်ယောက်မှ သူ့ကို မပြန်ဖြေ။ မိခင်သည် ကလေးကို ညင်သာစွာ ပွတ်သပ်ပေးနေ၏။ တစ်ယောက်မှ သူတို့၏ဘုရင်ကို မကြည့်ကြ။

ဝုန်း

လော့ဖူကောင်းကင်ဘုံ၏ မြေခဲများ အဆက်မပြတ် ပြုတ်ကျလာကာ လျန်ကျဲမြို့အား ဖျက်စီးပစ်လိုက်သည်။ မြို့ထဲရှိ ကောင်းကင်နတ်ဆိုးအားလုံး အရှင်လတ်လတ် မီးလောင်တိုက်သွင်းခံလိုက်ရပြီး တမုဟုတ်ချင်း ပေါက်ကွဲအငွေ့ပျံကုန်ကြ၏။ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကြီးက ဖုရွေ့လော်ကိုပင် လွင့်ထွက်သွားစေသည်။

ဖုရွေ့လော်မှာ တောင်တစ်လုံးထဲ နစ်ဝင်သွားပြီး ကြေမွနေသော ကောင်းကင်ကြီးအား ငေးကြည့်နေ၏။

သူ မတ်တပ်ထရပ်သည်။ သွေးကွက်များ သူ့ကိုယ်တွင် ပေကျံနေ၏။

ျ

ရုတ်တရက် ဒဏ်ရာရထားသော ဝံပုလွေအို၏ အော်သံကဲ့သို့ ပူဆွေးဒေါသထွက်နေသော‌ အော်ငိုသံ ထွက်လာသည်။

“အား အားးး အားးး”

သူ့မျက်နှာသုံးခုလုံး နှလုံးကြေကွဲဖွယ်ရာ အော်ဟစ်နေ၏။ အော်သံများက တဖြည်းဖြည်း ကျယ်လောင်လာပြီး စိတ်နှလုံးထိခိုက်ဖွယ်ကောင်းလာသည်။

ထိုမြင်ကွင်းသည် ချင်မူ ယိုတုထဲသို့ လွင့်မျောနေသည့် စက္ကူလှေပေါ်၌ ထိုင်နေစဉ်အခါက ပျက်စီးနေသော တုထျန်းကမ္ဘာတွင် တစ်ယောက်တည်း ရပ်ကျန်ခဲ့သည့် တုထျန်းမိစ္ဆာဘုရင်အဖြစ်နှင့် တူ၏။ ပူဆွေးသောက၊ ကူကယ်ရာမဲ့မှုနှင့် ယူကျုံးမရမှုတို့က သူ၏အော်ဟစ်သံများတွင် အထင်သားပေါ်လွင်နေခဲ့လေသည်။

၎

င

၎

၎

All Chapters