နတ်ဧကရာဇ်ရွှမ်ဟွား
Vol. 82 Ch. 1130
ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကြယ်များ ဝန်းရံနေ၏။ သူသည် နတ်ဘုရားစွမ်းရည်များ အသုံးပြုခြင်းမရှိဘဲ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အထူးဂြိုဟ် အလုံးတစ်သောင်း၊ တစ်ဝက်တစ်ပျက် တာအိုဂြိုဟ် ကိုးလုံးနှင့် တာအိုထာဝရကြယ်တစ်လုံး၏ စွမ်းအားများကို စုစည်း၍ ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။
ကြယ်အမှတ်ပညာရပ်ကြောင့် ဝမ်ပေါင်လဲ့မှာ ထို စွမ်းအားများအားလုံးကို အပြည့်အဝ ပိုင်ဆိုင်ထားပြီဖြစ်သည်။ သို့ဖြစ်ရာ သူသည် ၎င်းတို့အား အကန့်အသတ်မရှိ ဖိသိပ်ထားနိုင်စွမ်း ရှိနေ၏။ ထို လက်သီးချက်နှင့် ရိုက်ခတ်မိသွားပါက ကြယ်စင်စုကြီးတစ်ခု လူတစ်ယောက်အား ဝင်တိုက်သွားသည့် ဖြစ်ရပ်နှင့် ဆင်တူနေမည်ဖြစ်သည်။
ချီဝါးမျိုဂိုဏ်းမှ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ ထိုတိုက်ကွက်ကြီး၏ ပြင်းအားများကို အရင်ဆုံးခံစားလိုက်ရ၏။ သူသည် သနားစရာကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်ရပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားသည်။ သူ၏ ဝိညာဉ်မှာလည်း ထွက်ပြေးလွတ်မြောက်နိုင်စွမ်း မရှိပေ။ ၎င်းမှာ အစိတ်စိတ်အမွှာမွှာ ကြေမွပျက်စီးသွားသဖြင့် သူသည် ခန္ဓာနှင့်ဝိညာဉ်နှစ်ခုစလုံး ဇီဝိန်ချုပ်သွားရတော့သည်။
ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ဝမ်ပေါင်လဲ့၏ အငွေ့အသက်များမှာ ပို၍ အားကောင်းလာပြီ သူသည် ရှေ့သို့ခြေတစ်လှမ်းလှမ်းကာ နောက်ထပ် လက်သီးချက်သုံးချက်တိတိ ဆက်တိုက် ထုတ်လွှတ်လိုက်ပြန်သည်။
သူ လက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်တိုင်း လူတစ်ယောက် သေဆုံးသွားရသည်သာဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းတွင် ချီဝါးမျိုဂိုဏ်းမှ အစောပိုင်း နောက်ထပ် ထာဝရကြယ်အဆင့် ကျင့်ကြံသူသုံးယောက်မှာ ပေါက်ကွဲသွားကြ၏။ ကျန်ရှိနေသေးသည့် ချီဝါးမျိုဂိုဏ်းသား သုံးယောက်မှာ သွေးပျက်လုမတတ် တုန်လှုပ်ချောက်ချားနေကြပြီ ဖြစ်သည်။ သူတို့မှာ တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးသွားကြပြီး ထွက်ပြေးလွတ်မြောက်နိုင်ရန် အလို့ငှာ နောက်သို့ ဆုတ်ခွာသွားကြ၏။ သူတို့ထဲမှ တစ်ယောက်မှာဆိုလျှင် ထိုသို့ ထွက်ပြေးနေရင်း အသံကုန်အော်ဟစ်လိုက်သည်။
" ဝမ်ပေါင်လဲ့။ ငါတို့တွေအကုန်လုံးက အစွမ်းအစမရှိတဲ့ ကျင့်ကြံသူတွေပါ။ တကယ်လို့ မင်း အရည်အချင်းရှိတယ်ဆိုရင် အထဲကိုသွားပြီး ငါတို့ရဲ့ နံပါတ်သုံး ဂိုဏ်းတူအစ်ကိုကြီးကို သွားသတ်လေ။ သူက ထာဝရကြယ်ထိပ်ဆုံးအဆင့်ကို ရောက်နေပြီ။ မင်း သူ့ကို သတ်ရဲလား "
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အစွန်အဖျားပိုင်းတွင် ရှိနေသည့် အင်အားကြီးအဖွဲ့အစည်းများ၏ စခန်းများမှာ သူတို့၏ ပါရမီရှင်များ အနားယူနိုင်ရန်အတွက် စီစဉ်ထားသည့် နေရာများဖြစ်ကြောင်း သူက သိထားပြီဖြစ်သည်။ မီးခိုးရောင် အာကာသကောင်းကင်ကြီးမှာ အလွန်အင်မတန်မှ အရွယ်အစား ကြီးမားလွန်းလှသောကြောင့် တစ်ကြိမ်ပြီးတစ်ကြိမ် အဝင်အထွက်လုပ်ကာ အားအင်များ ပြန်လည်ဖြည့်တင်းရန်လိုအပ်ပေသည်။ ထို့ကြောင့်လည်း ချီဝါးမျိုဂိုဏ်းမှ ဂိုဏ်းသားအချို့ ထို အာကာသကောင်းကင်ကြီးထဲ၌ ရှိနေသည်မှာ မထူးဆန်းပေ။
" ထာဝရကြယ်ထိပ်ဆုံးအဆင့် ဟုတ်လား " ဝမ်ပေါင်လဲ့မှာ မပွင့်တပွင့်ပြုံးကာ ကျန်ရှိနေသေးသည့် ကျင့်ကြံသူများ၏ နောက်သို့ ပြေးလိုက်သွားရန် ပြင်လိုက်ပါသော်လည်း သူ၏ ဆရာ မီးတောက်ခေါင်းဆောင်ကြီးမှာ အချိန်အကြာကြီး ထပ်၍ တောင့်ခံထားနိုင်မည့်ပုံ မပေါ်တော့ပေ။ မီးတောက်ခေါင်းဆောင်ကြီးမှာ အစွမ်းထက်ပါသော်လည်း ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူ ဆယ်ယောက်ကျော်၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံနေရသည်ဖြစ်ရာ အခက်တွေ့လာရပြီ ဖြစ်သည်။ သူ နတ်နွားကြီးနှင့်အတူ ထုတ်လွှတ်ထားခဲ့သည့် ဧရာမလက်ကြီးမှာလည်း ကြေမွပျက်စီးသွားတော့မည့်ပုံ ပေါက်နေ၏။
လက်ရှိတွင် သူသည်... သူ၏ စွမ်းအားအကုန်လုံးကို ထုတ်သုံးထားခြင်းတော့ မဟုတ်ပေ။ မီးတောက်ကြယ်စင်စုထဲ၌ သူ၏ စွမ်းအားစုစုပေါင်း၏ သုံးဆယ်ရာခိုင်နှုန်းခန့် ကျန်ရစ်နေခဲ့၏။ သူသည် ထို ကြယ်စင်စုထဲရှိ သူ၏ တပည့်များနှင့် သစ်ပင်ပန်းမန်များကို ဖန်တီးထားခဲ့သည် မဟုတ်ပါလော။
သို့သော် ယခုတွင် သူ၏ စွမ်းအားမှာ လုံလောက်မှုမရှိတော့သဖြင့် မီးတောက်ခေါင်းဆောင်ကြီးနှင့် သူ၏ အောက်ရှိ နတ်နွားကြီးတို့မှာ မျက်စိပေကလတ်ပေကလတ် ဖြစ်နေကြ၏။ ထို့နောက် မီးတောက်ခေါင်းဆောင်ကြီးမှာ ရုတ်တရက်ဆိုသလို ခေါင်းမော့လာပြီး သူ၏ ရန်သူများကို သူနှင့်အတူ သေရွာသို့ ခေါ်သွားမည့် မျက်နှာအမူအရာဖြင့် အော်ပြောလိုက်တော့သည်။
" မင်းတို့တွေက အုပ်စုဖွဲ့ပြီး ငါ့ကို အနိုင်ကျင့်ရဲတယ်ပေါ့။ ကောင်းပြီလေ။ ကြည့်ရတာ မင်းတို့တွေ ငါ နှစ်တစ်သောင်းကျော် ထိန်းသိမ်းထားတဲ့ ကျိန်စာကို မြည်းကြည့်ချင်နေပြီ ထင်တယ် "
" ငါ့ကို သေရမှာ ကြောက်တဲ့လူစားမျိုးလို့များ ထင်နေတာလား။ ငါက ဘာကိုမှမကြောက်ဘူးကွ။ မင်းတို့တွေကမှ မြည်းစမ်းကြည့်ချင်နေမှတော့ ငါကလည်း ငါ ဘာကောင်လဲဆိုတာ ပြရတာပေါ့ " မီးတောက်ခေါင်းဆောင်ကြီး၏ အော်ဟစ်သံများမှာ မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေသည်။ ထို့ကြောင့် အတူတကွ ပူးပေါင်းကာ သူ့အား ဖိနှိပ်ချုပ်တည်းထားကြသည့် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများမှာ ခေါင်းခဲသွားကြပြီး သူတို့၏ စွမ်းအားများကို ပြန်လည်ထိန်းချုပ်လိုက်ရ၏။
မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုအချက်အား သတိထားမိလိုက်သည်နှင့် ပို၍ပင် မောက်မာဝင့်ကြွားလာ၏။ သူ၏ အော်ဟစ်သံများမှာလည်း ပိုမို ကျယ်လောင်လာသည်။
" ငါ ငါ့ရဲ့စွမ်းအားတွေကို ထုတ်လွှတ်လိုက်တဲ့ အချိန်ကျရင် မင်းတို့တင် မကဘူး ဒီ ဘေးနားတစ်ဝိုက်မှာ ရှိနေတဲ့ အင်အားကြီးအဖွဲ့အစည်းတွေ အကုန်လုံး ဘဝပျက်သွားမှာနော်။ ငါ မင်းတို့ကို ကြောက်နေလိမ့်မယ်လို့ ထင်နေတာလား။ တောက်ကွာ။ ငါ့ကိုယ်ငါ ဖောက်ခွဲပစ်တော့မယ် " မီးတောက်ခေါင်းဆောင်ကြီး ထိုသို့အော်ဟစ်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ ကျိန်စာအငွေ့အသက်များ ချက်ချင်းဆိုသလိုပေါ်ပေါက်လာ၏။ ထိုအခါ မိုးကောင်းကင်ကြီးမှာ အရောင်ပြောင်းသွားသလို လေပြင်းများ စတင်တိုက်ခတ်လာပြီး စကြဝဠာကြီးထဲ၌ ထစ်ချုန်းသံများ ထွက်ပေါ်လာတော့သည်။
ထို့ကြောင့် အတူတကွ ပူးပေါင်းကာ မီးတောက်ခေါင်းဆောင်ကြီးအား ဖိနှိပ်ချုပ်တည်းထားကြသည့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးများမှာ ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။ ဘေးနားတစ်ဝိုက်ရှိ အင်အားကြီးအဖွဲ့အစည်းများထဲမှ ကျင့်ကြံသူများမှာလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ဝမ်ပေါင်လဲ့မှာလည်း အံ့သြတုန်လှုပ်နေရပြီ ဖြစ်သည်။ သူသည် သူ၏ ဆရာမှာ သူ့ကိုယ်သူ အမှန်တကယ် ဖောက်ခွဲပစ်တော့မည်လောဟု တွေးမိလိုက်၏။
ထိုကဲ့သို့ မီးတောက်ခေါင်းဆောင်ကြီး၏ ကျိန်စာအငွေ့အသက်များ စုဝေးလာပြီး အာကာသကောင်းကင်ကြီးထဲ၌ ထစ်ချုန်းသံများ ပဲ့တင်ထပ်နေစဉ် မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အထက်မှ ချောင်းဟန့်သံတစ်သံ ထွက်ပေါ်လာသည်။
" မီးတောက်။ တော်လောက်ပြီ။ မင်း နှစ်တစ်သောင်းကျော် ထိန်းသိမ်းထားရတဲ့ ကျိန်စာကို ပြန်သိမ်းလိုက်တော့။ ဘာမှ မဟုတ်တဲ့ ကိစ္စလေးကို ရေးကြီးခွင်ကျယ် လုပ်မနေနဲ့ "
ထို စကားသံကြီးထွက်ပေါ်လာသည်နှင့် မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အထက်ရှိ ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်လာသည်။ ထို့နောက် ခြုံလွှာတစ်ခုအား ဖယ်ရှားလိုက်သကဲ့သို့ ဖြစ်သွားသောကြောင့် ထို ဟင်းလင်းပြင်ကြီးထဲ၌ ရှိနေသည့်အရာများကို မြင်လိုက်ရ၏...
စစ်သင်္ဘော အစင်းရေ တစ်သိန်းဝန်းကျင်ခန့်မှာ မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အထက်ရှိ ဟင်းလင်းပြင်ကြီးထဲတွင် ပြွတ်သိပ်နေကြခြင်း ဖြစ်သည်။
ထို စစ်သင်္ဘောကြီးများမှာ အခြား အင်အားကြီးအဖွဲ့အစည်းများ၏ စစ်သင်္ဘောကြီးများနှင့် လုံးဝမတူကြပေ။ ၎င်းတို့မှာ ရွှေရောင် နွားချေးပိုးကြီးများ ဖြစ်ကြ၏။ အဝေးမှကြည့်လိုက်ပါက ပင်လယ်ကြီးတစ်စင်းကဲ့သို့ ဖြစ်နေသည့် ရွှေရောင် နွားချေးပိုးကြီးများမှာ အရာအားလုံးအား ဖုံးလွှမ်းထားသည်ကို မြင်လိုက်ရမည်ဖြစ်သည်။
" အဆုံးမဲ့မျိုးနွယ်စုပါလား "
ထိုအခါ အင်အားကြီးအဖွဲ့အစည်းများဆီမှ တအံ့တသြဖြစ်နေသည့် စကားသံများ ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့မှာလည်း ထို ရွှေရောင် နွားချေးပိုးကြီးများအား ချက်ချင်း မျက်မှန်းတန်းမိလိုက်သည်။ သူတို့မှာ... အမှန်တကယ်ပင် အဆုံးမဲ့မျိုးနွယ်စု ဖြစ်ပေသည်။
ထို ရွှေရောင် နွားချေးပိုးကြီးများမှာ သူ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်၌ မြင်ခဲ့ရသည့် နွားချေးပိုးကြီးနှင့် တထေရာတည်း တူပါသော်လည်း ၎င်းတို့၏ အငွေ့အသက်များမှာ ကွဲပြားခြားနားနေ၏။ ဤ ရွှေရောင် နွားချေးပိုး တစ်ကောင်ချင်းစီတိုင်း၏ အငွေ့အသက်များမှာ သူ၏ နှလုံးသားကို တုန်ရီသွားအောင် လုပ်နိုင်စွမ်းရှိနေသည်။ သူ့အား ကြောက်ရွံ့တုန်လှုပ်သွားစေပြီး သူ၏ မျက်လုံးများကိုပင် နာကျင်ကိုက်ခဲသွားစေသည့်အရာမှာ ထို ရွှေရောင် နွားချေးပိုးကြီးများ၏ အထက်၌ ရစ်ဝဲနေသော ရွှေရောင်လူရိပ်သုံးခု ဖြစ်ပေသည်။
ထို လူရိပ်သုံးခုမှာ ရွှေရောင်အလင်းရောင်များ၏ ဖုံးလွှမ်းခြင်းကို ခံထားရသဖြင့် သူတို့၏ မျက်နှာများကို မမြင်နိုင်ပေ။ မှုန်ဝါးဝါးဖြစ်နေသည့် သူတို့၏ အရိပ်များကိုသာ မြင်နိုင်ပေသည်။ သူတို့၏ ခန္ဓာကိုယ်များထဲမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများမှာလည်း စကြဝဠာကြီး တစ်ခုလုံးပေါ်တွင် အကျိုးသက်ရောက်မှုရှိနေသကဲ့သို့ပင်။
သို့သော် သေသေချာချာ ကြည့်လိုက်မည်ဆိုပါက သူတို့သုံးယောက်စလုံးမှာ ရွှေရောင်အလင်းရောင်များဖြင့် တောက်ပနေကြသည့်တိုင်အောင် ရှေ့ဆုံးတွင်ရှိနေသည့် လူတစ်ယောက်သာလျှင် ထို အလင်းရောင်များ၏ ရင်းမြစ် ဖြစ်နေသည်ကို မြင်လိုက်ရမည်ဖြစ်သည်။ အခြားနှစ်ယောက်မှာ သူ့ထက် အနည်းငယ်ခန့် ပို၍ အရောင်မှေးမှိန်နေ၏။ ယခုတွင် ထို အလင်းရောင်များမှာ သူတို့သုံးယောက်စလုံးအား လွှမ်းခြုံထားသောကြောင့်သာ ကွဲပြားခြားနားမှု မရှိသည့်ပုံ ပေါက်နေခြင်းဖြစ်သည်။
စွမ်းအင်လှိုင်းများမှာလည်း ထိုနည်းတူပင်။ ရှေ့ဆုံးတွင် ရှိနေသည့်လူကြီး၏ စွမ်းအင်လှိုင်းများမှာ ကြောက်မက်ဖွယ်ရာ ကောင်းနေ၏။ ၎င်းတို့မှာ သဘာဝ စည်းမျဉ်းဥပဒေသများကို ဖျက်ဆီးကာ ပြောင်းလဲပစ်နိုင်စွမ်းရှိပြီး အချိန်နှင့်အာကာသအပေါ် အကျိုးသက်ရောက်နိုင်စွမ်း ရှိနေရုံသာမက ဤ စကြဝဠာကြီးထဲရှိ အင်အားကြီးအဖွဲ့အစည်းများ အားလုံးကိုပင် ဖိနှိပ်ချုပ်တည်းထားနိုင်စွမ်း ရှိနေသည့်ပုံပင်။ သူနှင့်ယှဉ်လိုက်ပါက ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများမှာ မွေးကင်းစအရွယ် ကလေးများနှင့်သာ တူနေမည်ဖြစ်သည်။
အခြားနှစ်ယောက်မှာမူ သူ့ထက် သိသိသာသာပို၍ အားနည်း၏။ သို့ဖြစ်ရာ သူတို့၏ အဆင့်အတန်းများမှာ မတူလောက်ပေ။
ထိုသုံးယောက် ပေါ်ပေါက်လာသည်နှင့် အတူတကွပူးပေါင်းကာ မီးတောက်ခေါင်းဆောင်ကြီးအား ဖိနှိပ်ချုပ်တည်းခဲ့ကြသည့် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများမှာ နောက်သို့ ချက်ချင်း ဆုတ်ခွာသွားကြပြီး တစ်ပြိုင်နက်တည်း ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။
" မင်္ဂလာပါ နတ်ဧကရာဇ်ကြီး ခင်ဗျား။ ဂါရဝပြုပါတယ်။ ဘယ်လက်ရုံး အလင်းဘုရင်နဲ့ ညာလက်ရုံး အလင်းဘုရင်တို့ကိုလည်း ဂါရဝပြုပါတယ် "
" နတ်ဧကရာဇ်ကြီး " ထို အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ အသိစိတ်မှာ ဗြောင်းဆန်သွား၏။ တစ်ချိန်တည်းမှာပင် သူသည် နှလုံးသားတစ်ခုလုံး အပြင်းအထန် တုန်ရီသွားရသည်။ ချီဝါးမျိုးဂိုဏ်းထဲမှ ကျန်ရှိနေသေးသည့် ဂိုဏ်းသားများကို သတ်ဖြတ်ရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် သူသည် နောက်သို့ ချက်ချင်းဆုတ်ခွာလာပြီး နတ်နွားကြီး၏ ကျောကုန်းပေါ်သို့ ပြန်တက်သွားလိုက်၏။ သူ၏ နှလုံးသားထဲတွင်မူ ကြောက်စိတ်များ ပြည့်နှက်နေဆဲပင်။
တစ်ချိန်တည်းမှာပင် သူသည် ရွှေရောင် နွားချေးပိုးကြီးများ၏ ကြားရှိ အစိမ်းရောင်မီးခိုးတန်းများ အောက်သို့ အဆက်မပြတ် မျောလွင့်သွားနေပြီး အောက်ဘက်ရှိ မီးခိုးရောင်အာကာသကောင်းကင်ကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားနေသည်ကိုလည်း မြင်လိုက်ရသေးသည်။
ယခုလို ဖြစ်နေသည်မှာ အချိန်အတော်အတန်ကြာမြင့်နေလောက်ပြီ ဖြစ်သည်။ အဆုံးမဲ့မျိုးနွယ်စုမှာ ထိုမြင်ကွင်းအား မည်သူမှ မမြင်ရအောင် ဖုံးကွယ်ထားခဲ့ပါသော်လည်း သူ၏ ဆရာ မီးတောက်ခေါင်းဆောင်ကြီး၏ ကျိန်စာကြောင့် သူတို့မှာ ဤ အရှုပ်ထုပ်ကြီးထဲ၌ ဝင်ပါရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။
" အခုလိုဖြစ်လာအောင် ဆရာက တမင်သက်သက် ဟန်ဆောင်နေခဲ့တာများလား " ဝမ်ပေါင်လဲ့တစ်ယောက် အံ့သြတုန်လှုပ်နေစဉ် မီးတောက်ခေါင်းဆောင်ကြီး၏ မျက်ဝန်းများမှာ ဖျတ်ခနဲ အရောင်လက်သွား၏။ ထို့နောက် သူသည် သူ့အား ရန်စသည့် မည်သူ့ကိုမဆို သူသေကိုယ်သေ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည့် မျက်နှာအမူအရာဖြင့် နှာမှုတ်ကာ ဆိုလိုက်၏။
" နတ်ဧကရာဇ်ရွှမ်ဟွား။ ကျုပ် ခင်ဗျားရဲ့ မျက်နှာကို ထောက်ပြီးတော့ ကျုပ် နှစ်တစ်သောင်းကျော် ထိန်းသိမ်းထားခဲ့ရတဲ့ ကျိန်စာကို ထုတ်မသုံးတော့ဘူး။ ဒါပေမဲ့ ချီဝါးမျိုဂိုဏ်းကတော့ ဒီနေရာကနေ ထွက်သွားဖို့လိုလိမ့်မယ်။ ကျုပ် သူတို့ကို မြင်နေရရင် ဒေါသ အလိုလို ထွက်လာမှာ "
မီးတောက်ခေါင်းဆောင်ကြီး၏ နောက်တွင်ရှိနေသည့် ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ ဇောချွေးများပြန်သွား၏။ သူသည် သူ၏ ဆရာမှာ အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ်သည့် လူတစ်ယောက်ဖြစ်သည်ဟု စိတ်ထဲတွင် တွေးမိလိုက်သည်။ သူသည် ကြယ်နယ်မြေအဆင့်တွင်သာ ရှိနေသေးပါသော်လည်း နတ်ဧကရာဇ်ကြီးအား ယခုလိုလေသံဖြင့် ပြောဆိုဆက်ဆံရဲနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူ၏ ဆရာမှာ သူ့အား အမှန်အတိုင်းပြောခဲ့ခြင်း ဖြစ်ရပေမည်။ သူ့ဆီတွင် နတ်ဧကရာဇ်ကြီးကဲ့သို့သော စကြဝဠာအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် သူနှင့်အတူ သေရွာသို့ခေါ်သွားနိုင်သည့် စွမ်းရည်တစ်ခု အမှန်တကယ် ရှိနေလောက်ပေသည်။
ခပ်လှမ်းလှမ်းတွင်ရှိနေသည့် နတ်ဧကရာဇ်ရွှမ်ဟွားမှာ ထိုစကားများကို ကြားလိုက်ရသောအခါ အသာအယာ ခေါင်းယမ်းလိုက်၏။ သူသည်လည်း စိတ်ရှုပ်နေရပြီ ဖြစ်သည်။ ယခုအကြိမ်တွင် သူသည် အဆုံးမဲ့မျိုးနွယ်စု၏ အစီအစဉ်အား တာဝန်ယူထားရသူ ဖြစ်သည်။ အမှန်တွင် မီးတောက်ခေါင်းဆောင်ကြီး ရောက်မလာခင်ကတည်းက သူသည် ဤ မန္တန်အစီအရင်ကြီးအား ထိန်းချုပ်ထားခဲ့ခြင်းဖြစ်၏။ သူ လူအများ၏ ရှေ့၌ ရုပ်လုံးထွက်ပြခြင်း ရှိမရှိမှာ သူ၏ စိတ်အနေအထားပေါ်တွင် မူတည်ပေသည်။ သို့သော် မီးတောက်ခေါင်းဆောင်ကြီး ရောက်ရှိလာသည်ကို မြင်လိုက်ရသည်နှင့် သူသည် ခေါင်းခဲသွားရပြီး ရုပ်လုံးထွက်မပြရန် ဆုံးဖြတ်ခဲ့၏။
သို့သော်လည်း သူသည် မီးတောက်ခေါင်းဆောင်ကြီးမှာ ယခုလို စိတ်ဆတ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူသည် သူ၏ ကျိန်စာစွမ်းအားများကိုပင် အနည်းငယ်ခန့် ထုတ်လွှတ်ခဲ့သည် မဟုတ်ပါလော။ အကယ်၍ မီးတောက်ခေါင်းဆောင်ကြီးသာ ကမူးရှူးထိုးနှင့် သူ၏ ကျိန်စာအား အပြည့်အဝ ထုတ်သုံးလိုက်မည်ဆိုပါက သူသည်လည်း အနီးအနားတွင် ရှိနေသည်ဖြစ်ရာ ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်ပေသည်။
ထို့အပြင် သူသည် ထို ကျိန်စာ၏ စွမ်းအားများကြောင့် သူ အသက်ပျောက်သွားနိုင်ခြေ ရှိမရှိကိုလည်း အတိအကျမသိပေ။
မီးတောက်ခေါင်းဆောင်ကြီး၏ ကျိန်စာမှာ အလွန်အင်မတန်မှ ထူးဆန်းပြီး ပြင်းထန်လွန်းပေသည်။ သို့ဖြစ်ရာ သူသည် ရုပ်လုံးထွက်ပြကာ သူတို့၏ တိုက်ပွဲကြီးအား တားဆီးရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ တစ်ချိန်တည်းမှာပင် သူသည် ချီဝါးမျိုဂိုဏ်းကြောင့် အလွန်အင်မတန်မှ မကျေမချမ်းဖြစ်သွားရ၏။
" မင်းတို့ကောင်တွေ တခြား လုပ်စရာမရှိကြဘူးလားကွာ။ ဒီအရူးကောင် မီးတောက်ကိုမှ သွားပြီးတော့ ရန်စရတယ်လို့ "
" သူ မင်းတို့ရဲ့ဂိုဏ်းကို အငြိုးထားမှန်း မင်းတို့တွေ သိထားပြီးသားပဲလေ။ အဲတာကို ဘာလို့ ပြန်ပြီးတော့ ရန်တုံ့ပြန်ခဲ့ရတာလဲကွ။ သူ မင်းတို့ကို နည်းနည်းပါးပါး ဆူတာငေါက်တာလောက်က ခေါင်းငုံ့ခံလိုက်ပေါ့။ ထွက်သွားလို့ပြောရင်လည်း ထွက်သွားလိုက်ပေါ့။ ဘာကိစ္စနဲ့ ပြဿနာရှာရတာလဲ "
နတ်ဧကရာဇ်ရွှမ်ဟွားမှာ ထိုသို့ တွေးလိုက်ပြီးနောက် တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် အမိန့်ပေးလိုက်၏။
" ချီဝါးမျိုဂိုဏ်း။ အခုချက်ချင်းထွက်သွားတော့ "
သူ ထိုသို့အမိန့်ပေးလိုက်သည်နှင့် ချီဝါးမျိုဂိုဏ်းမှ အဘိုးကြီးမှာ မျက်နှာအမူအရာ သုန်မှုန်နေရာမှ စိတ်အေးသွားပြီး သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် ချက်ချင်း ခေါင်းညိတ်ပြလိုက်ပြီး ကျန်ရှိနေသေးသည့် ဂိုဏ်းသားများကို ခေါ်ကာ အလျင်အမြန် ထွက်ခွာသွားတော့သည်။ သူသည် မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲမှ ပြန်ရောက်မလာသေးသည့် ဂိုဏ်းသားများကိုပင် ဂရုစိုက်နေခြင်းမရှိတော့ပေ။
သူတို့ ထွက်ခွာသွားသောအခါမှ နတ်ဧကရာဇ်ရွှမ်ဟွားမှာ မီးတောက်ခေါင်းဆောင်ကြီးအား အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။ ထို့နောက် သူသည် သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သဖြင့် သူ၏ ဘေးပတ်ဝန်းကျင် တစ်ခုလုံးမှာ တွန့်လိမ်ပုံပျက်သွား၏။ ထို့နောက် ခြုံလွှာကြီးတစ်ခု ပြန်လည်ပေါ်ပေါက်လာသည့်အလား အရာအားလုံးကို ပြန်၍ လွှမ်းခြုံသွားတော့သည်။
ထိုအချိန်တွင် မီးတောက်ခေါင်းဆောင်ကြီးမှာ မျက်လုံးများ မှေးသွားပြီး သူ၏ နောက်တွင် ရှိနေသည့် ဝမ်ပေါင်လဲ့ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်၏။
" မင်း မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးနဲ့ တွေ့တဲ့အချိန်ကျရင် သူ ငါ့အပေါ် အကြွေးတစ်ခု တင်သွားပြီလို့ ပြောလိုက်ဦး။ ငါ သူ့အတွက် အဆုံးမဲ့မျိုးနွယ်စုရဲ့ အစီအစဉ်နဲ့ ဒီကို ရောက်လာတဲ့ နတ်ဧကရာဇ်ကြီးက ဘယ်သူလဲဆိုတာကို ဖော်ထုတ်ပေးခဲ့တာ “