ခြေတစ်လှမ်းအလို
Vol. 44 Ch. 646
“ ဒါပေမယ့် ငါစိုးရိမ်တာ ဆူဆူညံညံတွေ လုပ်မိမှာစိုးလို့ဟ…” လူးဝစ်ပြောလိုက်ပြီး “ ဒီနားတစ်ဝိုက်မှာ အိမ်တွေလည်း အများကြီးပဲ … တကယ်လို့ အကုန်လုံးသာ မီးစွဲသွားမယ်ဆိုရင် ငါတို့ကောင်တွေ ပျားအကြီးကြီး တုပ်ပြီ….”
“ ကြောက်မနေစမ်းနဲ့…” ဘရန်ဒွန် ပြောလိုက်ပြီး “ ငါတို့ မီးရှို့ပြီးတာနဲ့ ဒီနားတစ်ဝိုက်ကို စောင့်ကြည့်ထားလိုက်မယ်… တကယ်လို့ မီးတောက်တွေ ပိုကြီးလာပြီဆိုရင် ရဲကို ဖုန်းဆက်လိုက်မယ်လေ… အမေရိကားမှာ ငါလုပ်နေကျ အကွက်တွေ… ကျွမ်းပါတယ်ဟ…”
“ ပြီးရော… အဲ့တာဆိုလည်း ချကွာ…”
၎င်းတို့၏ စိတ်ကို ပိုင်းဖြတ်ပြီးနောက် သုံးယောက်လုံး တန်ဆာပလာ ကိုယ်စီနှင့် ဆိုင်ဝင်ဝသို့ လမ်းလျှောက်လာခဲ့ကြ၏။
ပြတင်းပေါက်တံခါးကို ဖျက်စီးပြီးနောက် တစ်ယောက်ပြီး တစ်ယောက် အထဲသို့ ဝင်ကာ ဆိုင်၏ နေရာထောင့်စွန်းတိုင်းကို ဓာတ်ဆီဖြင့် ပက်ဖြန်းလိုက်ကြသည်။
“ အိုကေ… ပြီးသွားပြီ….” ဘရန်ဒွန် ကျေနပ်အားရမှုအပြည့်ဖြင့် ပြောလိုက်၏။ သူ၏ စိတ်ထဲတွင်တော့ လင်းရီ၏ ကူကယ်ရာမဲ့နေသည့် အသွင်ကိုပင် မြင်ယောင်နေမိလေသည်။
ဓာတ်ဆီများ ပက်ဖြန်းပြီးနောက် သုံးယောက်လုံး ဆိုင်အပြင်သို့ ခုန်ထွက်လာခဲ့ကြ၏။
ယခု ကျန်တော့သည်ကား မီးစသေးသေးလေးပင်။ ပြီးသည်နှင့် ၎င်းတို့၏ စစ်ဆင်ရေးမှာ ပြီးပြည့်စုံသည်ဟု ဆို၍ရလေသည်။
“ ဘယ်သူတွေလဲ…!”
လူခြေတိတ်သည့် ညတွင် ရုတ်ချည်း အော်ဟစ်သံက သုံးယောက်လုံးကို လန့်ဖျပ်သွားစေသည်။
တစ်စုံတစ်ယောက်မှ သူတို့ကို မိသွားပြီဟုထင်ကာ နားရွက်များပင် ပူထူသွားကြတော့၏။ မဝံ့မရဲဖြင့် နောက်လှည့်ကြည့်လိုက်သောအခါ ကံကောင်းထောက်မစွာဖြင့် အဘွားကြီးတစ်ယောက်နှင့် ကလေးတစ်ယောက် ဖြစ်နေကြောင်း မြင်တွေ့လိုက်ရ၏။ ထို့ပြင် ၎င်းတို့၏ အဝတ်အစားများမှာလည်း စုတ်ပြတ်သပ်နေကာ သူဖုန်းစားများနှင့်ပင် တူနေတော့သည်။ အဆိုပါ နှစ်ယောက်ကို ကိုင်တွယ်ရန်မှာ ခက်ခဲလိမ့်မည် မဟုတ်ချေ။
“ ကိုယ့်လမ်းကိုယ် သွားစမ်း အဘွားကြီး… ဒါခင်များ ကိစ္စမဟုတ်ဘူး…”
ဘရန်ဒွန်၏ အကြံအစည်ကတော့ ရိုးရှင်း၏။ သူ ဤလူနှစ်ယောက်ကို မောင်းထုတ်၍ အခွင့်အရေးရှာပြီး မီးမြိုက်ပေမည်။
သို့သော်လည်း သူတို့ မသိသည်က အနှီ မြေးအဘွား နှစ်ယောက်နှင့် လင်းရီတို့ကြားရှိ ဆက်ဆံရေးပင်။
လင်းရီနှင့် ကျီချင်းရန်တို့က သူတို့ မြေးအဘွား နှစ်ဦးကို လူနှင့် တူအောင် ဆက်ဆံပေးခဲ့သူဖြစ်၏။ သူမတို့ အဘယ်ကဲ့သို့ စိတ်ဓာတ်မျိုးဖြင့် အလွယ်တကူ ထွက်ခွာသွားရမည်နည်း။
“ ခင်များကြီးတို့ သူခိုးတွေ… ထွက်သွားဖို့ မစဉ်းစားနဲ့…”
ဝမ်တုန်းတုန်း တဟုန်ထိုး ပြေးဝင်လာခဲ့ပြီး ဘရန်ဒွန်ကို အားပါးတရ ဖက်တွယ်သွားကာ “ ဒီမှာ သူခိုးဗျို့….. “
“ သူခိုး… “
ကျယ်လောင်သည့် အော်သံမှာ ကျိန်းရန်လမ်း တစ်ခုလုံးသို့ ပျံ့လွင့်သွားခဲ့လေသည်။
ဘရန်ဒွန်နှင့် ကျန်နှစ်ယောက်လုံး ကြက်သီးမွေးညင်းတို့ ထောင်ထသည်အထိ ထိတ်လန့်သွားခဲ့ကြတော့သည်။ အကယ်၍ ၎င်းတို့ကိုသာ ဖမ်းမိသွားပါက အဆုံးသတ်ပြီဖြစ်၏။
“ ငိုးမ သူတောင်းစားလေး… လွှတ်စမ်း…”
ဘရန်ဒွန် ဝမ်တုန်းတုန်း၏ ကျောကို အားပါးတရ ထုနှက်လိုက်၏။ ထို့နောက် ခေါင်းကို ဆွဲကာ နောက်သို့ လွင့်ထွက်သွားအောင် ထိုးနှက်လိုက်သည်။
ဝမ်တုန်းတုန်း နာကျင်စွာ အော်ညဉ်းလိုက်ပြီး သူ၏ အမြင်တို့ ဝေဝါးသွားခဲ့တော့၏။ သို့သော်လည်း ပြန်ထ၍ ဘရန်ဒွန်၏ ခြေထောက်များကို မလွှတ်တမ်း ဖမ်းချုပ်ထားသည်။
အခြေအနေ မဟန်သည်ကို မြင်တော့ အမယ်အိုကြီးလည်း တုန်ယင်စွာ ပြေးရောက်လာပြီး ဘရန်ဒွန်၏ အဝတ်အစားတို့ကို ဆွဲလျက် ဝမ်တုန်းတုန်း နှင့်အတူ ဟစ်အော်လိုက်၏။
“ ဒီမှာ ပစ္စည်းတွေ ခိုးနေပါတယ်….”
“ သူခိုး မိထားပါတယ်ဗျို့….”
နှစ်ယောက်သား အော်ဟစ်လိုက်သောအခါ အနီးဝန်းကျင်ရှိ နေအိမ်မီးများ လင်းလာလေသည်။
အဆိုပါ မြင်ကွင်းကိုမြင်တော့ သုံးယောက်သား ချွေးအေးများ ရွှဲနစ်သည်အထိ ထိတ်လန့်သွားကြတော့၏။
“ သေစမ်းကွာ… လွှတ်စမ်း သူတောင်းစားလေး…”
ဇက်ချ် ဝမ်တုန်းတုန်း၏ ခန္ဓာကိုယ်ကို အကြင်နာကင်းမဲ့စွာဖြင့် ဆောင့်ကန်လိုက်၏။
အော်မြည်သံနှင့်အတူ ဝမ်တုန်းတုန် အနောက်သို့ လွင့်စင်သွားခဲ့လေသည်။
အခြားတစ်ဖက်တွင်ရှိ လူးဝစ်လည်း တည်ငြိမ်စွာ ရပ်ကြည့်မနေချေ။ အမယ်အိုကြီးကို ဆွဲရမ်းလိုက်ပြီး မြေပြင်သို့ ကန်ထုတ်လိုက်၏။
“ ဟျောင့်တွေ လစ်စို့… ခု မသွားရင် တစ်ယောက်ယောက် ရောက်လာတော့မှာ….အဲ့အချိန်ကျ တစ်ယောက်မှ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး…”
ဇက်ချ် အလျင်လိုနေသည့် လေသံဖြင့် ပြောလိုက်၏။
“ သေစမ်းကွာ…”
ဘရန်ဒွန် အနည်းငယ် တုံ့ဆိုင်းနေမိ၏။ သူ အချိန်အကြာကြီး ပြင်ဆင်ထားသည့် အစီအစဉ်မှာ အနှီ သူဖုန်းစား နှစ်ယောက်ကြောင့် ပျက်စီးသွားလိမ့်မည်လို့ ထင်မထားချေ။
“ သွားစို့….”
သုံးယောက်သား ဆိုင်ရှေ့၌ ရပ်မနေတော့ပဲ အဝေးသို့ လျင်မြန်စွာ ထွက်ခွာသွားကြသည်။
ထိုအချိန်တွင်ပဲ ဆူဆူညံညံအသံများကြား၍ အပြင်သို့ ပခုံးပေါ်တွင် ကုတ်အင်္ကျီခြုံထားသည့် လူတစ်ယောက် ရောက်လာခဲ့လေသည်။
“ ဘွားဘွား…”
“ ဘွားဘွား…”
ဝမ်တုန်းတုန်း မြေပြင်မှ ကုန်းရုန်းထပြီး သူ့အဘွားဘေးသို့ ပြေးသွားခဲ့၏။ သို့သော်လည်း သူ အသံတို့ ပြာမတက် အော်ဟစ်စေကာမူ သူ့အဘွားမှာ တုံ့ပြန်မလာတော့ချေ။
ထို့ပြင် သူမနှုတ်ခမ်း ထောင့်စွန်းများတွင်လည်း သွေးတို့ ယိုစီးကျနေလေသည်။
အတွေ့အကြုံ နုနယ်သေးသည့် ဝမ်တုန်းတုန်းမှာ ကြောက်ကြောက်လန့်လန့်နှင့် မျက်နှာတို့ ဖြူလျော်နေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေကာ ဆက်တိုက်သာ အော်ဟစ် ငွေကြွေးနေတော့၏။..
“ တစ်ယောက်ယောက်လောက်…. ကျေးဇူးပြုပြီး သားရဲ့ အဖွားကို ကယ်ပေးကြပါ…”
ကြင်နာတတ်သည့် လူတစ်ချို့မှာ တိုက်ခန်းအပေါ်ထပ်မှ ဆင်းလာပြီး မြေးအဘွားနှစ်ယောက်နား ဝန်းရံလိုက်ကြ၏။ ၎င်းတို့လည်း စိုးရိမ်နေကြလေသည်။
“ ရပ်ကြည့်နေတာ တော်လိုက်ကြတော့… အဘွားကြီးက ဒီအခြေအနေတောင် ရောက်နေပြီ…. ငါတို့ ဆေးရုံကို မြန်မြန်ပို့ပေးမှ ဖြစ်မှာ…”
“ ဒီနားဆို ဟွာရှန်း ဆေးရုံနဲ့ နီးတယ်…. အဲ့ကိုပဲ ပို့ကြရအောင်…” သက်လတ်ပိုင်း အမျိုးတစ်ဦးမှ ပြောလိုက်ပြီး “ ဘယ်သူ့မှာ ကားရှိလဲဝေ့...”
ထိုအခိုက်အတန့်တွင် အားကောင်းမောင်းသန် ယောက်ျားကြီး တစ်ဦး နောက်မှ တွန်းထွက်လာပြီး “ လာ ကျုပ်ကားပေါ်တက်… အချိန် ဆက်မဖြုန်းနဲ့တော့…”
ထို့နောက် လူတိုင်း အမယ်အိုကြီးကို ကားထံ သယ်ဆောင်လိုက်ကြပြီး ဟွာရှန်းဆေးရုံသို့ ဦးတည်လိုက်ကြသည်။
………….
နံနက်ခင်း သုံးနာရီ။
ကျိုးဟိုင်ကဲ့သို့ အိပ်စက်လေ့ မရှိသည့် မြို့ကြီးမှာ အရုဏ်ဦး၏ အငွေ့အသက်ကို ခြုံလွှမ်းရင်း ၎င်း၏ တိတ်ဆိတ်သည့် ဘက်ခြမ်းကို လှစ်ဟာပြထားလေသည်။
ကလင် ကလင် ကလင်
နှစ်ခြိုက်စွာ အိပ်မောကျနေသည့် လင်းရီမှာ ရုတ်တရက် ဖုန်းမြည်သံကြောင့် လန့်နိုးလာခဲ့၏။
“ ငါချီးပဲကွာ….”
လင်းရီ စောင်ကို ဖယ်ရင်း ကျိန်ဆဲလိုက်ပြီး “ ဘယ်မျောက်မသားက ဒီအချိန်ကြီး ဖုန်းဆက်လာတာတုန်းကွ…”
ကုတင်ဘေးရှိ ဖုန်းကို ကုန်းရုန်းယူရင်း အပြီဆဲတော့မည့် အချိန်တွင် ခေါ်ဆိုလာသူမှာ ချောင်ရှင်းဖြစ်ကြောင်း မြင်တွေ့လိုက်ရ၏။
ဟမ်…
လင်းရီ စိတ်ထဲတွင် ရေရွတ်လိုက်ရင်း ‘ ဒီကောင်မလေးက ဒီအချိန်ကြီး ဘာလုပ်ဖို့ ဖုန်းခေါ်လာတာပါလိမ့်…”
“ အေး ရှင်းရှင်း … ဘာကိစ္စလဲ…”
“ အစ်ကိုရီ ..၈၉ ကျိန်းရန်လမ်းက စားသောက်ဆိုင်က အစ်ကိုရီရဲ့ ဆိုင်လား…. ဝမ်တုန်းတုန်းလို့ ခေါ်တဲ့ ကလေးကိုကော သိလား…”
‘ဟမ်..’
ချောင်ရှင်း၏ အစဉ်လိုက် မေးခွန်းများက လင်းရီကို ရှုပ်ထွေးသွားစေခဲ့၏။
ရှင်းရှင်းက အဲ့တာတွေ မေးပြီး ဘာလဲလုပ်မှာ….
“ အေး.. သိတယ်.. ဘာလို့….”
“ တုန်းတုန်းရဲ့ အဘွား တစ်ခုခု ဖြစ်လို့ ခု အရေးပေါ် ဌာန ရောက်နေတယ်… ညီမ မိသားစုဝင်တွေ ဘယ်မှာလဲ မေးတော့ သူက အစ်ကိုရီနဲ့ သိတယ်ဆိုလို့ အတည်ပြုရအောင် ဖုန်းဆက်လိုက်တာ…”
“ တစ်ခုခု ဖြစ်သွားလို့လား…”
လင်းရီ ပူပန်သွားခဲ့ပြီး အိပ်ချင်နေသည့် စိတ်တို့ပင် ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားတော့၏။
ဘာဖြစ်တာပါလိမ့်…
“ အကြို စစ်ဆေးကြည့်တာတော့ သူမက ရိုက်နှက်ခံထားရတာ… ခု ခေါင်းဆောင်သမားတော်လီလည်း ကျွန်မဘေးမှာ ရှိတယ်…. ခဏနေကျရင် ICU(အထူးကြပ်မတ်ဆောင်) ကို ပို့တော့မှာ…”
“ အဲ့လောက်တောင် စိုးရိမ်ရတာလား…”
“ အွန်း… မြင်ရတာတော့ အခြေအနေ မဟန်ဘူး…”
“ အိုကေ.. ငါခုပဲ လာနေပြီ…”
ဖုန်းချပြီးနောက် လင်းရီ မြင်သည့် အဝတ်အစား ကောက်ဝတ်ကာ အခန်းပြင်သို့ အရေးတကြီး ပြေးထွက်လာလေသည်။
အပြင်ဘက်မှ အသံများကို ကြားတော့ ကျီချင်းရန်လည်း အိပ်ချင်မူးတူးဖြင့် ထလာခဲ့၏။ လင်းရီ အပြင်အဝတ်အစားများ ဝတ်ထားသည်ကို မြင်တော့ သူမ အံ့အားသင့်သွားခဲ့သည်။
“ နင်အပြင်သွားမလို့လား… ဒီအချိန်ကြီးကျမှဟယ်... ကုမ္ပဏီမှာ တစ်ခုခု အရေးကြီးတာ ဖြစ်လို့လား…”
“ တုန်းတုန်းဖြစ်နေတာ… ခု သူ့အဘွား ဆေးရုံရောက်နေတယ်….”
“ ဆေးရုံရောက်နေတယ်….”
အဆိုပါ သတင်းကို ကြားတော့ ကျီချင်းရန်၏ ဦးနှောက်မှ တစ်စက္ကန့်အတွင်း ဖြစ်နိုင်ချေပေါင်းများစွာ ထွက်လာခဲ့ပြီး ပူပန်သွားခဲ့တော့၏။
“ ခဏ … ငါလည်း နင်နဲ့လိုက်ခဲ့မယ်…”
“ အင်း.. မြန်မြန်လေး… အခြေအနေတွေက သိပ်မကောင်းဘူး…”
“ အွန်း…”
လင်းရီ ဗီလာထဲမှ ထွက်ပြီး ကားစက်နှိုးထားလိုက်၏။
တစ်ချိန်တည်းတွင် ကျီချင်းရန်လည်း ဂျင်းဘောင်းဘီ၊ Nike တီရှပ်နှင့် သာမန် လေကာ တစ်ထပ် ဝတ်ကာ လင်းရီနှင့်အတူ ဆေးရုံသို့ ဦးတည်လိုက်လေသည်။
လမ်းတွင် ကျီချင်းရန် အခြေအနေကို အကြမ်းဖျင်း နားလည်သွားခဲ့ပြီး သူမ၏ အမူအရာမှာ ပို၍ပင် စိုးရိမ်လာခဲ့တော့၏။
သို့သော်လည်း ဖြစ်ပျက်ခဲ့သည့် အသေးစိတ်ကိုတော့ ဆေးရုံရောက်မှသာ သိရှိနိုင်ပေမည်။
လမ်းတစ်လျှောက်တွင်တော့ လင်းရီ မီးနီပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ပြီး မိနစ်နှစ်ဆယ်အတွင်း ဆေးရုံသို့ ရောက်ရှိလာခဲ့၏။
သူရောက်ရောက်ချင်းပဲ ချောင်ရှင်းထံ ဖုန်းဆက်လိုက်သည်။
“ မင်းခု ဘယ်ရောက်နေတာ…”
“ ICU အဝင်ဝမှာ… အစ်ကိုရီ ရင်ခေါင်းစစ်ဆေးတဲ့ စင်တာဘေးနားက ခြောက်ခုမြောက် ဓာတ်လှေကားကို စီးပြီးထွက်လာတာနဲ့ ညီမတို့ကို မြင်ပြီ….”
“ အိုကေ…”
နှစ်ယောက်သား ဓာတ်လှေကားထဲသို့ ဝင်ကာ လေးထပ်မြောက်သို့ ဦးတည်လိုက်ကြသည်။
ဓာတ်လှေကား တံခါးပွင့်ပွင့်ချင်းပဲ လူနာမိသားစုဝင်များ၏ ညိုးမှိုင်သောကနေသည့် ပုံရိပ်များကို မြင်တွေ့လိုက်ရ၏။
“ မကြီး…”
ကျီချင်းရန်ကို မြင်တော့ ဝမ်တုန်းတုန်း ချက်ချင်းပြေးလာကာ တင်းကြပ်စွာဖက်၍ မရပ်မနား ငိုကြွေးတော့၏။
ဘေးတွင်ရပ်နေသည့် ချောင်ရှင်းလည်း ထိုမြင်ကွင်းကိုကြည့်ရင်း စိတ်မကောင်း ဖြစ်နေရှာသည်။
ကျီချင်းရန်လည်း ဝမ်တုန်းတုန်းကို ညင်သာစွာ ပွေ့ဖက်လိုက်ရင်း “ မကြောက်နဲ့နော်… မမဒီရောက်နေပြီ… ဘာဖြစ်တာလဲ ပြောပြ….”
ဝမ်တုန်းတုန်း မျက်ရည်များကို အင်္ကျီလက်ဖြင့် သုတ်လိုက်ပြီး ရှိုက်တငင်ငင်ဖြင့် “ အဘွားနဲ့ သားတို့ ပထမ တစ်ခေါက် ကတ္တူတွေ သွားပို့ပြီးတော့ နောက်တစ်ခေါက် ဆိုင်ကို ပြန်လာခဲ့တာ.. အဲ့အချိန် လူသုံးယောက်က မကြီးတို့ဆိုင်ကို ဖောက်ဝင်နေကြတယ်… သားတို့လည်း သူခိုးတွေ ထင်ပြီး အဘွားနဲ့တူတူ ဝင်တားလိုက်တော့ အဲ့လူတွေက သားကို အကြမ်းကြီးကန်ပြီး အဘွားကိုလည်း ကိုက်ပေါက်ကြတယ်.. ပြီးတော့ ထွက်ပြေးသွားရော…”
“ ငါတို့ဆိုင် အဖောက်ခံရတာလား…”
လင်းရီနှင့် ကျီချင်းရန်တို့ အံ့အားသင့်သွားခဲ့ကြ၏။
ညသန်းခေါင်တွင် လင်းရီနှင့် ကျီချင်းရန့်တို့မှအပ ဆိုင်ထဲသို့ ဝင်ရောက်သူတိုင်းကို ပိုင်နက်ကျူးကျော်သူများ အဖြစ် သတ်မှတ်၍ ရလေသည်။
သို့သော်လည်း ကျိုးဟိုင်ရှိ လုံခြုံရေးမှာ အင်မတန်တင်းကြပ်သောကြောင့် ထိုသို့သော ကိစ္စရပ်များ ဖြစ်ပွားသည်ကား အင်မတန်ရှားပါးလွန်းလှ၏။
“ သူတို့ ဘယ်လိုပုံစံရှိလဲ ရှိတာ မှတ်မိလား…” လင်းရီ မေးလိုက်သည်။
“ သူတို့က မျက်နှာဖုံးတွေနဲ့ဆိုတော့ ဘယ်သူတွေမှန်း သားလည်း သေချာမသိဘူး…” ဝမ်တုန်းတုန်း နှာတရှုံ့ရှုံ့ဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် အရပ်အရှည်ကြီးတွေနဲ့ လေသံကလည်း နိုင်ငံခြားသားတွေနဲ့ တူတယ်…”
“ နိုင်ငံခြားသားတွေလား…”
လင်းရီ ရင်ထိတ်သွားခဲ့၏။ ဘယ်သူလဲဆိုတာကို သူ အကြမ်းဖျင်း ခန့်မှန်းလို့ ရနေချေပြီ။
လင်းရီ ကျီချင်းရန်ကို အကြည့်တစ်ချက်ပေးလိုက်ပြီး “ မင်း တုန်းတုန်းကို အဖော်လုပ်ပေးလိုက်… ငါ အဘွားကို တစ်ချက် သွားကြည့်လိုက်ဦးမယ်….”
“ အွန်း… ငါနဲ့ ထားခဲ့လိုက်…”
လင်းရီနှင့် ချောင်ရှင်းတို့ ဘေးတွင် ရပ်လိုက်ကြပြီး “ သူတို့ကို ဘယ်သူလဲ လာပို့တာ.. ဘာတွေ အတိအကျ ဖြစ်ပျက်သွားခဲ့တာ…”
“ သက်လတ်ပိုင်း လူပဲ… သူ ပြောတာတော့ ကလေး ငိုပြီး အကူအညီတောင်းနေလို့ ဆေးရုံခေါ်ခဲ့လိုက်တာတဲ့… ပြီးတော့ အစ်ကိုရီရဲ့ ဆိုင်ထဲကနေ ဓာတ်ဆီနံ့တွေကော ရတယ်ဆိုပဲ… ညီမအထင် သူခိုးတွေကတော့ ဓာတ်ဆီနဲ့ ပက်နေမှာ မဟုတ်လောက်ဘူး…”
လင်းရီ ခေါင်းညိမ့်လိုက်၏။ သဲလွန်စများအရတော့ ဘရန်ဒွန်နှင့် သူ့အပေါင်းအပါများ ဖြစ်ဖို့ရာ သေချာနေလေသည်။
သို့နှင့် လင်းရီ လျန်ရူရွှယ်ထံ ဖုန်းခေါ်လိုက်၏။
အစပိုင်း နှစ်ခေါက်တွင် မည်သူမျှ ဖုန်းမကိုင်သောကြောင့် လင်းရီ တတိယတစ်ကြိမ်မြောက် ထပ်ခေါ်လိုက်သည့် အချိန်တွင်တော့ “ ဘာကိစ္စလဲ…”
တစ်ဖက်သူမှာ အိပ်ကောင်းခြင်း အိပ်နေပုံပင်။
“ မင်းရဲ့ လူတွေကို ဘရန်ဒွန် ၊ ဇက်ချ်နဲ့ လူးဝစ်ကို ဖမ်းဖို့ပြောလိုက်.. သူတို့ကို ကျိုးဟိုင်ကနေ ဘယ်မှ ထွက်မသွားစေနဲ့…”
“ နင်က သူတို့သုံးယောက်ကို ဖမ်းချင်နေတာလား…”
အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသည့် လျန်ရူရွှယ်မှာ လင်းရီ၏ စကားလုံးများကို ကြားတော့ ပို၍ပင် ရှုပ်ထွေးသွားခဲ့၏။
“ ခု ဘာမှ ပြန်မမေးနဲ့ဦး… ငါပြောတဲ့အတိုင်းလုပ်လိုက်…”
“ အိုကေ.. ငါခု လုပ်လိုက်မယ်….”
ဇာတ်လမ်းကို မသိပါသော်လည်း တစ်ခုခု ကြီးကြီးမားမား ဖြစ်ပျက်သွားကြောင်းကိုတော့ ခံစားမိလေသည်။
မဟုတ်ပါက သူမကို ထိုကဲ့သို့သော စိတ်မရှည်သည့် လေသံဖြင့် ပြောလိမ့်မည် မဟုတ်ချေ။
သူမ တတ်နိုင်သည်ကား လင်းရီကို ကူညီ၍ နိုင်ငံခြားသား သုံးယောက်ကို ဖမ်းဆီးထားပေးရန်ပင်။
ဖုန်းချပြီးနောက် လင်းရီ ချောင်ရှင်းကို ကြည့်လိုက်၏။
“ အဘွားဘယ်လိုနေသေးလဲ… ဒဏ်ရာ အခြေအနေ အရမ်းဆိုးလား..”
လင်းရီ၏ မေးခွန်းက နောက်ထပ် အဓိပ္ပာယ်မျိုး ပေါက်နေလေသည်။
‘သူမ အသက်ရှင်နိုင်ပါ့မလား….’
အကယ်၍ အခြားသူတစ်ဦးဆိုလျှင်တော့ လင်းရီ ထိုသို့ မေးလိမ့်မည် မဟုတ်သော်လည်း အမယ်အိုကြီးမှာ အရိုးတို့ ကျွတ်ဆတ်နေပြီး ထိုမျှ ပြင်းထန်သည့် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပမ်းမှုဒဏ်ကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။
ဂရုမစိုက်မိလိုက်သည့် မတော်တဆ ဖြစ်ရပ်တိုင်းကပင် အသက်အန္တရာယ်ကို ထိခိုက်နိုင်သည်အထိ ရောက်ရှိသွားစေနိုင်သည်။
“ အခြေအနေကတော့ သိပ်မကောင်းဘူး…ဒါရိုက်တာလီ လူနာကို စစ်ဆေးကြည့်ပြီးတော့ လူနာရဲ့ နှလုံးရောဂါက အန္တရာယ်ရှိတဲ့ အဆင့် ၂ ကို ရောက်နေပြီ… နောက်ပြီးတော့ ပြင်ပထိခိုက်မှုတွေကြောင့် ဦးနှောက်ထဲ သွေးယိုစီးမှုတွေလည်း ရှိနေတယ်… ခု အချိန် အခြေအနေတွေ ယာယီတည်ငြိမ်သွားပြီး သက်ဆိုင်တဲ့ ခွဲစိတ်မှုတွေ လုပ်နိုင်ဖို့ပဲ ဆုတောင်းရတော့မှာ….”
လင်းရီ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီး “ ငါ့ဖို့ အဝတ်တစ်စုံ ရှာသွားပေး.. ငါ ခု အဘွားကို သွားကြည့်ချင်တယ်…”
“ ညီမနောက်လိုက်ခဲ့… အထဲမှာ လဲလို့လည်း ရတယ်…”
ဆေးရုံ၏ စည်းမျဉ်းစည်းကမ်းများအရ ICU ဌာနမှ မဟုတ်ပါက အထဲသို့ ဝင်ခွင့် မရှိချေ။ သို့သော်လည်း လင်းရီနှင့် လီချူးဟန်ကဲ့သို့ ဒိတ်ဒိတ်ကျဲကြီးများကတော့ စိတ်ဆန္ဒရှိသလို ဝင်ထွက်သွားလာနိုင်လေသည်။
လင်းရီ နှုတ်ထွက်သွားသည်မှာ ကြာပြီးဖြစ်သော်လည်း ဆင်ပိန် ကျွဲလောက်ရှိသေးသည့် သဘောအရ လွှမ်းမိုးမှု တစ်ချို့တော့ ကျန်ရှိနေဆဲပင်။
သူ အထဲရောက်တော့ လူတိုင်းက သူ့ကို အရိုအသေပေး၍ ဒါရိုက်တာလင်းဟု ယဉ်ကျေးစွာ ခေါ်နေကြ၏။
နှစ်ယောက်သား ယူနီဖောင်းလဲပြီး ICU ထဲသို့ ဝင်ရန် ဟန်ပြင်လိုက်ကြသည်။
သူ အဝတ်အစားများလဲပြီးနောက် ICU ထဲမှ ထွက်လာသည့် လီချူးဟန်နှင့် လမ်းတွင် သွားဆုံလေသည်။
သူမ လမ်းလျှောက်ရင်း လူနာကို ကုသရမည့် အစီအစဉ်များကို ညွှန်းကြားနေပြီး “ လင်းရီ.. နင်ရောက်လာပြီလား…”
လီချူးဟန်ကို မြင်တော့ လင်းရီ ခပ်သွက်သွက် လျှောက်လိုက်ကာ “ အခြေအနေ ဘယ်လိုရှိလဲ… ပြန်ကောင်းနိုင်လောက်လား…”
လီချင်းဟန် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး “ ငါ စွမ်းသလောက်တော့ လုပ်ပြီးသွားပြီ.. တကယ်လို့ လူနာသာ ဒီတစ်ည အသက်ရှင်နိုင်ဦးမယ်ဆိုရင် ပြန်သက်သာလာဖို့ မျှော်လင့်ချက်ရှိသေးတယ်… ဒါပေမယ့် မရှင်နိုင်ဘူးဆိုရင်တော့ … အဆုံးသတ်ပြီ…. “
“ ငါ့ကို ခေါ်သွားပေး…”
လင်းရီ၏ ဆေးအတွေ့အကြုံများမှာ ဆရာအဆင့်သို့ ရောက်ရှိနေပြီး ယင်းကျွမ်းကျင်မှုက အထူးကြပ်မတ်ဆောင်၌ပင် လုပ်ပိုင်ခွင့် အတင့်အသင့် ရှိလေသည်။
လီချူးဟန် လက်မြောက်လိုက်တိုင်း သူမစွမ်းနိုင်ဟု မဆိုလိုချေ။ ထို့ကြောင့် အလျင်အမြန် သွားရောက်၍ ပြန်လည် ကုသရမည့် နည်းလမ်းကို အဖြေရှာရမည် ဖြစ်၏။ ထို့ပြင် စနစ်မှ ချီးမြင့်ထားသည့် ကံကောင်းခြင်းကတ် အသုံးပြုရန် ကြာချိန် ဆယ်မိနစ်လည်း ကျန်ရှိနေသေးသည်။ ယင်းက မှော်ဆန်သည့် ရလဒ်များ မထွက်ပေါ်လာဟု မနိုင်ချေ။
“ သွားစို့…”
လီချူးဟန်၏ ဦးဆောင်မှုအောက်တွင် အုပ်စုမှာ အထူးကြပ်မတ်ဆောင်သို့ ပြန်ရောက်လာခဲ့ပြီး အတွင်းဘက်ကျဆုံး ကုတင်တစ်လုံးတွင်တော့ ဆရာဝန်နှင့် နာ့စ်များ ဝိုင်းရံနေကြလေသည်။
လီချူးဟန် လက်ညိုးညွှန်လိုက်ပြီး “ အဲ့ကုတင်ပဲ…”
“ အိုကေ…”
နေရာအတိအကျကိုသိတော့ လင်းရီ သူလမ်းလျှောက်သည့် အရှိန်ကို တင်လိုက်၏။
တီ… တီ.. တီ.. တီ…
ထိုအချိန်တွင်ပဲ အသံတစ်သံ ထွက်ပေါ်လာကာ လင်းရီ၏ ခန္ဓာကိုယ်ကို နေရာတွင် ရုတ်ချည်း အေးခဲသွားစေတော့၏။
သူ၏ စိတ်မှာ ဗလာကျင်းသွားကာ အသက်ရှူနှုန်းများလည်း မြန်ဆန်လာသည်။ စိတ်ထဲတွင် အဆိုပါ တတီတီ မြည်သံကပဲ ပဲ့တင်ထပ်နေတော့၏။
ယင်းအသံကို ကြားတော့ လီချူးဟန်နှင့် ချောင်ရှင်းတို့လည်း ကြက်သေသေသွားကြသည်။
ကျွမ်းကျင် ဆရာဝန်များကို မဆိုထားဘိ၊ သာမန်လူများပင် ယင်းအသံက ဘာကိုဆိုလိုလဲဆိုတာ သဘောပေါက်ကြသည်။
လူနာကား မျှော်လင့်ချက်ကင်းမဲ့သွားချေပြီ။
ဝန်းရံနေကြသည့် နာ့စ်များနှင့် ဒေါက်တာများလည်း ကူကယ်ရာမဲ့စွာဖြင့် လီချူးဟန်ကို ကြည့်လိုက်ကြ၏။ ၎င်းတို့၏ အကြည့်များက လူနာမှာ သေခါနီးနေပြီဟု ပြောလို့နေသယောင်ယောင်။
လင်းရီ အခြားလူနာများကိုပင် ဂရုမစိုက်နိုင်တော့ပဲ တဟုန်ထိုး ပြေးလိုက်တော့၏။
EKG လိုင်းမှာ တစ်ဖြောင့်တည်း သွားနေပြီး အမယ်အိုကြီး၏ အသားအရေမှာ ဖျော့တော့နေကာ မျက်လုံးတို့လည်း မှိတ်သွားခဲ့လေပြီ။
သူမကား ဤလူ့လောကကြီးမှ အပြီးတိုင် ထွက်ခွာသွားခဲ့တော့၏။
လင်းရီ၏ ခြေထောက်များအောက်တွင် ပေါင်တစ်သောင်း အလေးအိတ်များ ချိတ်ဆွဲထားသည့် အလား ခြေလှမ်းတိုင်းက အင်မတန်ခက်ခဲနေတော့၏။
သူ ခြေတစ်လှမ်းနောက်ကျသွားခဲ့သည်။
အကယ်၍ သူသာ သည့်ထက်ပို၍ စောလာနိုင်ခဲ့မည်ဆိုပါက ရလဒ်မှာ ပြောင်းလဲချင် ပြောင်းလဲသွားနိုင်လေသည်။
အမယ်အိုကြီး ရှေ့သို့ လျှောက်လာခဲ့ရင်း လင်းရီ သူမ၏ ဂုတ်ကို ကိုင်ကြည့်လိုက်၏။ အပူချိန်ကား မရှိတော့။
မျက်လုံးတို့အား ဖွင့်ကြည့်ပါသော်လည်း တိမ်တို့ လွှမ်းနေလေပြီ။
သို့သော်လည်း နှုတ်ခမ်းလေးများကတော့ ပြုံးလို့နေသယောင် အပေါ်သို့ တွန့်ကွေးနေသည်။
လင်းရီ၏ စိတ်မှာ ချုံးချုံးကျ ပြိုလဲလုနီးပါး ဖြစ်သွားခဲ့၏။ သူမ၏ နောက်ဆုံးသော ခွန်အားများက ထိုအပြုံးလေးအတွက် အသက်စွန့်သွားခဲ့ဟန်ပင်။
ဤလူ့လောကကြီးမှ ထွက်ခွာနိုင်ပြီဖြစ်သောကြောင့် ပြုံးလိုက်သည်လော။
သို့မဟုတ်
နာကျင်မှုများမှ ကင်းဝေးသွားသောကြောင့် သူမ ပြုံးလိုက်ပါသည်လော။
လင်းရီ ထိုင်ချလိုက်ပြီး အေးစက်နေသည့် အမယ်အိုကြီး၏ လက်ဖဝါးတို့ကို ဆုပ်ကိုင်ကာ
“ အဘွား အစောကြီးကတည်းကနေ ဒီလိုနေ့မျိုးကို စောင့်နေတာမလား……”
“ အမှန်အတိုင်း ပြောရရင်… လူ့လောကကြီးက ခါးသီးလွန်းတယ်… ထပ်မလာပါနဲ့တော့…….”