သူတို့ ထွက်ပြေးလို့ လွတ်မှာ မဟုတ်ဘူး..
Vol. 44 Ch. 647
“ ရီ… ခု ဘာဆက်လုပ်ကြမလဲ…”
လီချူးဟန် လင်းရီ ဘေးတွင် ရပ်ရင်း အသံတိုးတိုးဖြင့် မေးလိုက်၏။
လင်းရီမှာ လူသား ကမ္ဘာကြီး၏ မတည်မြဲသည့် သဘောတရားကို နားလည်သဘောပေါက်ထားပြီး လီချူးဟန်မှ သူမ၏ ဆရာဝန် သက်တမ်းတစ်လျှောက်တွင် သေဆုံးမှုပေါင်းများစွာနှင့် ထိတွေ့ဆက်ဆံဖူးသောကြောင့် လင်းရီထက်ပင် ပို၍ တည်ငြိမ်နေသေးသည်။
“ ပုံမှန်အတိုင်းပဲ ဆက်လုပ်ကြတာပေါ့… ဈာပနာကိုတော့ ငါပဲ နောက်မှ စီစဉ်လိုက်မယ်….”
“ ကလေးကို နောက်ဆုံး တစ်ခေါက်လောက် ကြည့်ခိုင်းဦးမလား…”
အတန်ကြာအောင် တိတ်ဆိတ်နေပြီးနောက် လင်းရီ ခေါင်းညိမ့်လိုက်၏။ “ ကလေးကို ပေးကြည့်လိုက်ပါ…”
“ ကောင်းပြီလေ… ငါ လူနာအလောင်းကို ထုတ်သွားပေးဖို့ နာ့စ်တွေကို ပြောလိုက်မယ်…”
လင်းရီ နေရာဖယ်ပေးလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် နောက်ထပ် သုံးလေးကြိမ်ခန့် အသက်ပြင်းပြင်း ရှူလိုက်၏။
နာ့စ်များမှ အမယ်အိုကြီး၏ ရုပ်အလောင်းကို တွန်းထုတ်လာခဲ့ပြီး လင်းရီနှင့် လီချူးဟန်ကတော့ နောက်မှ လိုက်လာခဲ့လေသည်။
လင်းရီ ထွက်လာသည်ကိုမြင်တော့ ကျီချင်းရန်နှင့် ဝမ်တုန်းတုန်းတို့ ချက်ချင်းလက်ငင်း ရောက်လာခဲ့ကြ၏။
“ အဘွားဘယ်လိုနေသေးလဲ… “
လူတိုင်း ဘာမျှ မပြောကြချေ။ လင်းရီ စကားပြောမည်ကို စောင့်ဆိုင်းနေကြလေသည်။
“ အဘွား..… မရှိတော့ဘူး…”
ထိုမျှ ရိုးရှင်းသည့် စာတစ်ကြောင်းက ယခုတစ်ကြိမ်တွင်တော့ ကျီချင်းရန်နှင့် ဝမ်တုန်းတုန်းတို့အတွက်တော့ နွေခေါင်ခေါင် မိုးကြိုးကြီး ပစ်ချလိုက်သည်နှယ်ပင်။
“ မ… မရှိတော့ဘူးလား….”
“ အင်း… အခြေအနေက ငါတို့ ထင်ထားတာထက်ကို ဆိုးရွားနေတယ်… စိတ်မကောင်းပါဘူး…”
“ ဘွားဘွား……”
ဝမ်တုန်းတုန်း မျက်ရည်တို့ ညင်သာစွာ စီးကျလာခဲ့၏။
သူ့အဘွားအား ဖုံးအုပ်ထားသည့် စောင်ကို ဖယ်ရှားရင်း မျက်ရည်များက ချုပ်ထိန်းမရနိုင်အောင် စီးကျလာခဲ့လေသည်။
မြင်တွေ့လိုက်ရသည်ကား အသက်မဲ့နေသည့် သူ၏ တစ်ဦးတည်းသော သွေးချင်းဆွေမျိုးပင်။ သူ မည်မျှ ကြိုးစားအော်ခေါ်စေကာမူ ထိုသူက မကြားသိနိုင်တော့။ သူမည်မျှ ငိုကြွေးနေစေကာမူ ယခင်ကကဲ့သို့ အသားမာ တည်နေသည့် လက်တို့ဖြင့် မျက်ရည်တို့အား ဖယ်ရှားပေးမည့် လက်တစ်စုံကား မရှိတော့။
“ တုန်းတုန်း ရပြီ… မငိုနဲ့တော့…” ကျီချင်းရန် ဝမ်တုန်းတုန်းကို နောက်သို့ ဆွဲခေါ်လိုက်၏။
ကလေးကား ငယ်ရွယ်သေး၏။ အကယ်၍ ယခုလို ဆက်တိုက်ငွေကြွေးနေမည်ဆိုပါက ခန္ဓာကိုယ် တစ်ခုခု ထိခိုက်သွားနိုင်လေသည်။
“ အလောင်းကို လူသေရုံဆီ ပို့လိုက်… တကယ်လို့ တခြား ဆွေမျိုးတွေ မရောက်လာတော့ဘူးဆိုရင် မနက်ဖြန် သဂြိုဟ်လိုက်တော့…”
လီချူးဟန်ပြောလိုက်၏။
“ ကျန်တာကိုတော့ ငါပဲ ဆက်စီစဉ်လိုက်မယ်.. ဆေးရုံ ကိစ္စတွေကိုတော့ ကူညီပေးဖို့ မင်းကို ဒုက္ခပေးရပြန်ဦးမယ်…”
“ ရပါတယ်…”
လီချူးဟန် ရုပ်အလောင်းကို အဝေးသို့ တွန်းထုတ်သွားခိုင်းလိုက်၏။ ဝမ်တုန်းတုန်းမှာ တအီအီ ငိုကြွေးနေပြီး ထွက်ခွာဖို့ရာ ငြင်းဆန်နေလေသည်။
“ ပြန်ကြစို့ မနက်ဖြန်လည်း ထပ်တွေ့လို့ ရသေးတာကိုပဲ…”
ကျီချင်းရန် ဝမ်တုန်းတုန်းကို ချော့၍ ကျိုကျုံးဗီလာသို့ ခေါ်လာခဲ့လိုက်သည်။
သို့သော်လည်း တုန်းတန်းမှာ သူမကို ဖက်၍ ဆက်လက်ငိုကြွေးနေလေသည်။
အတိတ်တွင်တုန်းက လင်းရီ မိဘမဲ့ တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရချိန်တွင် သူမ ထွေထူး သိပ်မခံစားခဲ့ရချေ။ သူ၏ မိသားစု နောက်ခံမှာ အနည်းငယ် သနားဖို့ကောင်းသည်ဟုသာ ခံစားခဲ့ရ၏။
သို့သော်လည်း ယခု ဝမ်တုန်းတုန်းကို မြင်တော့မှ တစ်ကောင်ကြွက် ဖြစ်ရခြင်းက မည်မျှ ၀မ်းနည်းဖို့ကောင်းကြောင်းကို သတိပြုမိသွားခဲ့သည်။
လူဦးရေ 1.4 ဘီလီယမ်နှင့် 9.6 မီလီယမ် စတုရန်း ကီလိုမီတာ ရှိသည့်တိုင်အောင် နွေးထွေးသည့် ရင်ခွင်တစ်ခု သို့မဟုတ် နေရာတစ်နေရာအား ရှာမတွေ့နိုင်တော့ချေ။
အဆုံးတွင်တော့ ဝမ်တုန်းတုန်း ကျီချင်းရန် လက်မောင်းထဲတွင် ငွေကြွေးရင်းဖြင့် ပင်ပန်းသွားကာ အိပ်မောကျသွားလေသည်။
လင်းရီ သူ့ကို အခန်းထဲသို့ ခေါ်သွားခဲ့ပြီး ဧည့်ခန်းထဲသို့ ပြန်လာခဲ့လိုက်၏။
ကျီချင်းရန် ဆိုဖာပေါ်တွင်ထိုင်နေရင်း နွမ်းနယ်နေကာ သူမ၏ မျက်လုံးတို့မှာလည်း ဝမ်းနည်းမှုကြောင့် နီရဲနေလေသည်။
“ ကောင်းတဲ့ နေ့ရက်လေးတွေက ခုမှ စတာကို ဘာလို့ ဒီလိုမျိုး ဖြစ်လာရတာလဲတဲ့.. အရမ်း မတရားဘူး…”
“ ပုံမှန်ဆို ဒီလိုကိစ္စမျိုးက ဖြစ်စရာအကြောင်းမရှိဘူး… ခုဖြစ်သွားတာက လူလုပ်တာကြောင့်ပဲ…”
“ လူလုပ်တယ်….”
လင်းရီ ကျီချင်းရန်ကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။
“သူတို့ တကယ်ကြီး အဲ့လိုလုပ်တယ်ပေါ့လေ…. ဘယ်လောက်တောင် ရွံဖို့ကောင်းလိုက်လဲ..”
“ မပူနဲ့… အဲ့ကောင်တွေ ပြေးလို့မလွတ်စေရဘူး.. ငါကိုင်တွယ်လိုက်မယ်…”
“ ငါတို့ ပြင်းပြင်းထန်ထန် ကိုင်တွယ်မှဖြစ်မှာ…. အဘွားအတွက် တရားမျှတမှုရအောင် ယူပေးရမယ်..”
“ အင်း… ငါဘာလုပ်ရမလဲ သိပါတယ်…”
လင်းရီ သူမ ပခုံးကို ပုတ်လိုက်ပြီး “ သွားတော့ အပေါ်တက်ပြီး နားလိုက်တော့… ပြီးတော့ တုန်းတုန်းကိုလည်း စောင့်ကြည့်ထားဦး… ငါ ကျန်တဲ့ ကိစ္စလေးတွေ သွားလုပ်လိုက်ဦးမယ်…”
“ အွန်း…”
လင်းရီ ဖုန်းထုတ်လိုက်ပြီး ခြံအပြင်ဘက်သို့ ထွက်လာခဲ့လိုက်၏။
ထိုအချိန်တွင် ကောင်းကင်မှာ အနည်းငယ် တောက်ပလာပြီး အာရုဏ်ဦး၏ နေ့အလင်းရောင်မှာ ကမ္ဘာမြေသို့ ရောက်ရှိလာလေပြီ။
ကံဆိုးစွာဖြင့် မင်္ဂလာရှိသည့် နေ့သစ်တစ်နေ့တော့ မဟုတ်ခဲ့ချေ။
ကလင် ကလင် ကလင်…
ထိုစဉ် လင်းရီဖုန်းသံ မြည်လာခဲ့၏။ လျန်ရူရွှယ်ထံမှပင်။
“ နိုင်ငံခြားကျောင်းသား သုံးယောက်ကို ထိန်းသိမ်းပြီးသွားပြီ…. သူတို့အားလုံး ထိန်းသိမ်းရေး စင်တာမယ်… နင်ဘယ်တော့လောက် လာခဲ့မလဲ…”
“ ငါ တခြား ကိစ္စ လုပ်စရာ ရှိသေးလို့… သူတို့ကို ထိန်းထားဖို့ ပြောပေးဦး…. နေ့လည်ကျရင် လာခဲ့မယ်…”
“ ပြီးတာပဲလေ… နင် ရောက်လာတဲ့အချိန်ကျရင် ဖုန်းတစ်ချက်ဆက်လိုက်…”
ရိုးရှင်းသည့် စကားအနည်းငယ် ပြောပြီးနောက် လင်းရီ ဖုန်းချကာ ဈာပနာအတွက် လိုအပ်သည်များကို ပြင်ဆင်လေသည်။
သူ အမယ်အိုကြီးအတွက် သင်္ချိုင်း ကောင်းကောင်းတစ်ခုပင် သေချာရွေးပေးလိုက်သေး၏။
အသက်ရှင်စဉ်က ကောင်းမွန်စွာ မနေနိုင်ခဲ့သော်လည်း ကောင်းမွန်စွာ အနားယူနိုင်မည့် နေရာတစ်ခုကိုတော့ ရှာဖွေပေးရပေမည်။
ခေတ္တအိပ်စက်ပြီးနောက် ဝမ်တုန်းတုန်း နိုးလာခဲ့၏။
ဝမ်းနည်းမှုများကတော့ ပြည့်နှက်နေဆဲပင်။
လင်းရီ၏ စီမံမှုအောက်တွင် သုံးယောက်သား ဈာပနာသို့ ရောက်လာပြီး ကျန်ရစ်သည့် ရုပ်ခန္ဓာကို နှုတ်ဆက်စကား ဆိုလိုက်၏။
ဆိုင်ရှိ အဘွားဆုံးသည့် သတင်းကိုကြားတော့ ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်လည်း အပြေးအလွှား ရောက်ရှိလာပြီး နောက်ဆုံး ခရီးကို နှုတ်ဆက်ကြလေသည်။
သဂြိုဟ်မီးရှို့နေစဉ်အတွင်း ဝမ်တုန်းတုန်းမှာ ငိုကြွေးလွန်း၍ မရေမတွက်နိုင်အောင် မေ့မျောသွားခဲ့၏။ ကျီချင်းရန်သာ ဘေးမှ နှစ်သိမ့်ပေးနေခြင်း မရှိပါက ကလေး၏ စိတ်အခြေအနေမှာ လုံး၀ ပြိုလဲသွားနိုင်လေသည်။
“ ယွမ်ယွမ် … တုန်းတုန်းနဲ့ မင်းရဲ့ အစ်မကျီကို ကျိုကျုံးဗီလာဆီ ခေါ်သွားလိုက်… ချီကြီး…မင်းက ကုမ္ပဏီကို ပြန်တော့…” ဈာပနာမှ ထွက်လာပြီးနောက် လင်းရီ ညွှန်ကြားချက်ပေးလိုက်ပြီး “ ငါ တခြား ကိုင်တွယ်စရာ ကိစ္စလေးတွေ ရှိသေးလို့… ပြီးမှပဲ မင်းကို လာရှာတော့မယ်…”
“ ဟုတ်ကဲ့ ဂရုစိုက်ပါဘော့စ်… လိုအပ်ရင် ခေါ်လိုက်ပါ…”
“ အင်း…”
ထို့နောက် လင်းရီ မောင်းထွက်သွားခဲ့၏။
လမ်းတွင် သူ လျန်ရူရွှယ်ထံ ဖုန်းဆက်လိုက်သည်။
“ ငါခု ထိန်းသိမ်းရေး စင်တာကို လာနေပြီ… မင်းခု အားလား…”
“ ခဏ … ငါ အစည်းအဝေး ရှိသေးလို့… ခဏမှ အတူသွားကြမယ်လေ…” လျန်ရူရွှယ် လေသံ အုပ်အုပ်ဖြင့် ပြောလိုက်၏။
“ မင်းကို စောင့်နေဖို့ အချိန်မရှိဘူး… ဖုန်းအရင်ချလိုက်တော့မယ်….”
“ နင် ခဏလေး… “ လျန်ရူရွှယ် ခါးသီးစွာ ပြောလိုက်ပြီး “ ငါ အစည်းအဝေး မတက်တော့ဘူး… ခု လာနေပြီ… တံခါးပေါက်မှာ စောင့်နေ…”
“ အင်း….”
နာရီဝက်ကြာပြီးနောက် လင်းရီ ထိန်းသိမ်းရေး စင်တာသို့ ရောက်ရှိလာပြီး လျန်ရူရွှယ်မူကား အပေါက်ဝ၌ ကြိုတင်ရပ်စောင့်လို့ နေလေသည်။
“ အားလုံး အထဲမှာ ရှိတယ်… ပြီးတော့ နင် စိတ်ကို ခဏလေး အေးအေးထားပြီး ငါပြောတာ နားထောင်ဦး…” လျန်ရူရွှယ် ပြောလိုက်ပြီး “ သူတို့က နင့်ကို လက်စားချေချင်တာဆိုပေမယ့် ကံကောင်းချင်တော့ မအောင်မြင်သွားဘူးလေ… တအားကြီးပဲ ဒေါသထွက်မနေနဲ့…”
“ လူကဖြင့် သေသွားပြီ… အဲ့တာတောင် သက်ညှာပေးရဦးမှာလား…”
“ ဟင်…”
လျန်ရူရွှယ် ကြက်သေသေသွားခဲ့ပြီး “ နင်ဘာတွေပြောနေတာလဲ… ဘယ်သူက သေသွားခဲ့တာလဲ… ဘာတွေ ဖြစ်သွားခဲ့လို့လဲ…”
“ မင်း ဘာမှ မသိသေးဘူးမလား…”
“ ငါသိတယ် … သူတို့ ပြဿနာ သွားရှာတုန်းက လမ်းသန့်ရှင်းရေး လုပ်တဲ့ မြေးအဘွား နှစ်ယောက်နဲ့ တွေ့ခဲ့တယ်လေ… အဲ့နောက် သူတို့ ထွက်ပြေးသွားခဲ့တယ်... မဟုတ်ဘူးလား…”
“ အင်း… ဒါပေမယ့် အမယ်အိုကြီးက ဦးခေါင်းခွံ သွေးယိုစီးမှု ဖြစ်သွားပြီးတော့ ICU ဌာနရောက်ပြီး တစ်နာရီကြာတော့ ဆုံးသွားခဲ့ပြီ… အဲ့ကိစ္စ ငါတို့ ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲ…”
လျန်ရူရွှယ် မျက်မှောင်ကြုတ်သွားခဲ့၏။
အကယ်၍ သာမန် မီးရှို့မှုဆိုပါက ထိန်းသိမ်းပြီး ဒဏ်ကြေးတပ်ရုံမျှနှင့် ပြီးဆုံးသွားပေလိမ့်မည်။
သို့သော်လည်း ယခု ကိစ္စမှာ လူသတ်မှု မြောက်နေသည့် အတွက် ပိုလို့ပင် ရှုပ်ထွေးလာခဲ့ချေပြီ။
ထို့ပြင် ၎င်းတို့ကား အမေရိကန်ကျောင်းသားများဖြစ်၏။ ဟွာရှမှ ခုံရုံးတင် ဆုံးဖြတ်ပိုင်ခွင့် ရှိမရှိ မပြောတတ်ချေ။
အချုပ်အားဖြင့် ဆိုရသော် ယခု ပြဿနာက တော်တော်လေးကို ရှုပ်ထွေးနေပြီဖြစ်၏။
လင်းရီ လျန်ရူရွှယ်ကို လျစ်လျူရှုလိုက်ပြီး ထိန်းသိမ်းရေး စင်တာထဲသို့ တန်းမတ်စွာ ဝင်ရောက်သွားခဲ့သည်။
လင်းရီနှင့် လျန်ရူရွှယ်တို့ ရောက်လာသည်ကို မြင်တော့ တာဝန်ကျအစောင့်မှာ မတ်တပ်ရပ် အလေးပြုလိုက်ပြီး “မြို့တော်ဝန်လျန်… မစ္စတာလင်း… လူတိုင်း အထဲမှာ ရောက်နေပါပြီ…”
လျန်ရူရွှယ် ခေါင်းညိမ့်လိုက်ပြီး “ ဒီမှာ အားလုံး အဆင်ပြေတယ်မလား…”
“ သံရုံးက လူတွေ … သံသယရှိသူတွေရဲ့ အုပ်ထိန်းသူတွေနဲ့ သူတို့ ငှားထားတဲ့ ရှေ့နေတွေအကုန်လုံး ဒီရောက်နေပါပြီ… တကယ်လို့ ဒီကိစ္စကို စတင်ဖြေရှင်းမယ်ဆိုရင်တော့ အရမ်းကို ရှုပ်ထွေးလာမှာကို စိုးရွံ့မိပါတယ်…”