← Chapters

သေမှာ သေချာပေါက်ပဲ

Vol. 44 Ch. 648

သေမှာ သေချာပေါက်ပဲ

Vol. 44 Ch. 648

“ ကောင်းပြီ… ငါနားလည်ပြီ…”

စကား ခဏပြောပြီးနောက် လင်းရီနှင့် လျန်ရူရွှယ်တို့ အထဲ ဝင်သွားခဲ့ကြသည်။

စစ်ကြောရေးသို့ ရောက်ရှိသည့် အချိန်တွင်တော့ အခန်းထဲ၌ မတ်တပ်ရပ်နေသည့် လူတို့ဖြင့် ပြည့်နှက်နေသည်။

၎င်းတို့ထဲတွင် သံအမတ်၊ ဘရောင်းနှင့် စီမံခန့်ခွဲရေး ခေါင်းဆောင် ရိုလန်တို့လည်း ရောက်ရှိနေကြ၏။

သံအမတ်နောက်တွင်တော့ သက်တော်စောင့် နှစ်ဦးမှာ ရဲရင့်သည့် အရှိန်အဝါတို့ဖြင့် မတ်တပ်ရပ် စောင့်ကြပ်နေကြသည်။

၎င်းတို့အပြင် လင်းရီ တစ်ခါမှ မမြင်ဖူးသည့် လူစိမ်း လေးယောက်လည်း ရှိနေသေး၏။

ထိုသူများကတော့ ဘရန်ဒွန်နှင့် ကျန်သူများ၏ မိသားစုဝင်များဖြစ်ကြပြီး ကျန်သူများကတော့ ၎င်းတို့ငှားထားသည့် ရှေ့နေများ ဖြစ်ရပေမည်။

အခြားတစ်ဖက်တွင်တော့ ဘရန်ဒွန်နှင့် သူ့သူငယ်ချင်းများမှာ ပြတင်းပေါက် မှန်တစ်ဖက်၌ သော့ခတ်ခံထားရလေသည်။

အကျဉ်းသားဝတ်စုံနှင့် လက်ထိပ်များ ဝတ်ဆင်ထားရသော်လည်း လင်းရီကို အလေးမထားသည့်အလား စပ်ဖြီးဖြီးပင် လုပ်ပြနေကြ၏။

ဤနေရာရှိ မည်သူကမျှ ၎င်းတို့အား အမိန့်ချပိုင်ခွင့်မရှိဘူးဆိုတာကို သူတို့ တထစ်ချ ယုံကြည်ကြလေသည်။

“ တံခါးဖွင့်… အပြင်ဘက်ကနေ စကားပြောရတာ အဆင်မပြေဘူး..” လင်းရီ တည်ငြိမ်စွာ ဆိုလိုက်၏။

“ ဒါက ….”

ထောင်မှူး အနည်းငယ် တုံံ့ဆိုင်းသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ယင်းက စည်းမျဉ်းချိုးဖောက်နေသောကြောင့်ပင်။ သို့သော်လည်း လင်းရီ၏ အနေအထားမှာ ထူးခြားနေသောကြောင့် ဘာလုပ်ရမှန်းမသိ ကြောင်ပျောက်နေလေသည်။

“ သူ့စကားကို နားထောင်မနေနဲ့… ဒီတိုင်းထားလိုက်…” လျန်ရူရွှယ်ပြောလိုက်၏။

သူမ လင်းရီ၏ စရိုက်ကို ကောင်းမွန်စွာ နားလည်ပေသည်။ တံခါးဖွင့်ပြီးသည်နှင့် ထိုသုံးယောက်မှာ အသက်အာမခံချက် ရှိလိမ့်မည် မဟုတ်ချေ။

လျန်ရူရွှယ် ဘရန်ဒွန်တို့ သုံးယောက်ကို ခံစားချက်ကင်းမဲ့စွာဖြင့် အေးစက်စွာ စိုက်ကြည့်လိုက်၏။

‘ ဒီကောင်တွေကတော့ သေလမ်းရှာနေတာပဲ… တခြားလူတွေကို အပြစ်ပြုလို့ ရပါလျက်နဲ့ လင်းရီကိုမှ သွားပြီး စော်ကားရတယ်လို့…’

‘ ဒီကောင်တွေက သေမှ ကျေနပ်နိုင်မှာလား မသိဘူး…’

လင်းရီ တံခါးဖွင့်ရန် ဆက်လက်တောင်းဆိုမနေတော့ပဲ ထိုအစား ဘရန်ဒွန်တို့ သုံးယောက်ကို ကြည့်လိုက်၏။

“ မင်းတို့ကောင်တွေက တကယ့်ကို ဇွဲကောင်းတဲ့ ကောင်တွေပဲ… ငါ့ဆိုင်ကိုတောင်မှ မီးရှို့ဝံ့နေကြတယ်…”

ဘရန်ဒွန် ပခုံးတွန့်လိုက်ပြီး “ မင်း ကံကောင်းသွားတာပေါ့… အဲ့ သူတောင်းစား နှစ်ယောက်ကြောင့်သာ မဟုတ်ရင် မင်းဆိုင် ခုချိန် ပြာကျနေလောက်ပြီ…. တကယ်လို့ နောက်တစ်ကြိမ် အခွင့်အရေးရှိလို့ကတော့ ဒီထက်မြန်မြန် လှုပ်ရှားပြမယ်…”

“ မင်း သိမှာတော့ မဟုတ်ဘူး… မနေ့တုန်းကပဲ အဲ့အဘွားကြီး ဆုံးသွားပြီ…ဆေးရုံကို အချိန်မမှီလိုက်ဘူး…”

“ ဆုံး… ဆုံးသွားပြီ…”

အဆိုပါ သတင်းကို ကြားတော့ လျန်ရူရွှယ်မှလွဲ၍ စစ်ကြောရေးခန်းထဲရှိ လူတိုင်း ကြက်သေသေသွားကြလေသည်။ လေထုမှာလည်း ရုတ်ချည်း အုံ့မှိုင်လာတော့၏။

“ မင်း လုပ်ကြံပြီး ပြောနေတာ…” ဘရန်ဒွန် အကြောက်အလန့်ကင်းစွာ ပြောလိုက်ပြီး “ ဘာလဲ...မင်းက ခြိမ်းခြောက် ငွေညစ်ချင်နေတာလား…”

“ ငါက ဘာလို့ လိမ်ရမှာ…”

“ ဟားဟား… အဲ့တော့လည်း ဘာဖြစ်တုန်းကွာ...သူတောင်းစား တစ်ယောက်သေသွားတာများ… ဘာကြီးကျယ်တာ မှတ်လို့…” ဘရန်ဒွန် ရယ်သွမ်းလိုက်ပြီး “ ပိုက်ဆံလေး နည်းနည်းလောက်ပေးလိုက်တာနဲ့ အဲ့ကိစ္စက အဆင်ပြေသွားပြီ… ဟားဟား… ဒါပေမယ့် မင်းတစ်ခုတော့ မှတ်ထားလိုက်… ငါတို့က အမေရိကန် နိုင်ငံသားတွေ… မင်းတို့ကောင်တွေမှာ အမိန့်ချပိုင်ခွင့် မရှိဘူး…”

ဘရန်ဒွန်၏ ဖခင်နှင့် သူ့ဘေးရှိ လူနှစ်ယောက်လည်း နှာခေါင်းရှုံ့လိုက်ကြ၏။

ဒီဟွာရှန့်တွေက တော်တော်လေး တုံးအကြတာပဲ….

ဝှစ်…. ဘန်း

ထိုအချိန် ကျယ်လောင်သည့် ဆူညံသံ တစ်ခုက လူတိုင်းကို ရှော့ခ်ရသွားစေသည်။ လင်းရီ တံခါးကို ပိတ်ကန်ကြီး အထဲသို့ ဝင်ရောက်သွားခဲ့၏။

၎င်းကို မြင်တွေ့လိုက်ရသည့် ထောင်မှူးမှာ ပါးစပ်ဟောင်းလောင်းနှင့် ဖြစ်သွားခဲ့‌တော့သည်။

'ဒါက အသစ်တပ်ထားတဲ့ သံမဏိစစ်စစ်လေ… ကန်လိုက်တာနဲ့ ဒီတိုင်း လွင့်ထွက်သွားတယ်တဲ့လား….

ဒီလူက နည်းနည်းလေး သန်မာလွန်းမနေဘူးလား…'

“ လင်းရီ… နင် မဆင်မခြင် မလုပ်နဲ့…” လျန်ရူရွှယ် လှမ်းအော်လိုက်၏။

“ ပိတ်ထားစမ်း..!”

အအော်ခံလိုက်ရသည့် အတွက် လျန်ရူရွှယ် ကြက်သေသေသွားခဲ့၏။

ဘရန်ဒွန်နှင့် ကျန်သူများလည်း လင်းရီဝင်ရောက်လာသည်ကိုမြင်တော့ ကြောက်ဒူတုန်သွားခဲ့ကြသည်။

'မာမီရေ.. ဒါ ဘာကောင်ကြီးတုန်း… သံမဏိတံခါးကို ဒီတိုင်း ကန်ထုတ်ပြီး ဝင်လာခဲ့တယ်တဲ့လား….'

“ မင်း… မင်း ဘာလုပ်မလို့တုန်း…”

လင်းရီ သူ့ထံ လာနေသည်ကို မြင်တော့ ဘရန်ဒွန် ကြောက်သေးပန်းလု နီးပါး ဖြစ်သွားခဲ့၏။

ဝှစ်….

လင်းရီ အပိုစကားတို့ မဆိုပဲ ခြေထောက်ကို မြှောက်၌ ဘရန်ဒွန်၏ ရင်ဘက်ကို ဆောင့်ကန်လိုက်သည်။

အားးး

စစ်ကြောရေးခန်းတစ်ခုလုံး နာကျင်စွာ အော်ညဉ်းသံဖြင့် ပြည့်ကျပ်သွားပြီး ဘရန်ဒွန် ကြမ်းပြင်တွင်လှိမ့်ကာ အော်ဟစ်နေလေသည်။ သူ၏ အရိုးများအားလုံး ကျိုးအက်သွားသည့်နှယ် ခံစားလိုက်ရ၏။

“ မင်း ငါ့သားကို ဘယ်လိုတောင် ထိဝံ့တာလဲကွ…”

ပြောလိုက်သူကတော့ စိုက်ကြည့်ပြီး နှာတရှူးရှူး ဖြစ်နေသည့် ဘရန်ဒွန်၏ ဖခင်ပင်။

လင်းရီ ခေါင်းတစ်ချက်ငဲ့၍ ဘရန်ဒွန်၏ အဖေကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး “ ခင်များ နောက်တစ်ခွန်းထပ်ထွက်ရင် ကျုပ်ခင်များကို လာရိုက်မယ်…”

“ အဖေ… ကယ်ပါဦး… ဒီကောင် သားတို့ကို သတ်တော့မယ်…” လူးဝစ် ထောင့်တစ်နေရာတွင် ကုပ်နေရင်း အော်ပြောလိုက်၏။ မျက်နှာမှာတော့ ကြောက်လန့်မှုကြောင့် သွေးဆုတ်ဖြူလျော်နေလေသည်။

လင်းရီ၏ ခွန်အားကို သူကောင်းကောင်းသိ၏။ လင်းရီသာ တကယ်လုပ်ပါက သူတစ်ချက်တည်းနှင့် ပွဲပြတ်သွားနိုင်သည်။

“ ရပ်လိုက်…”

ထိုစဉ် လူးဝစ်၏ အဖေမှ ဟန့်တားလိုက်ပြီး

“ ဆာ .. ကျေးဇူးပြုပြီး ဥပဒေကို လိုက်နာပေးပါ… မင်းမှာ ကျုပ်သားကို ထိပိုင်ခွင့်မရှိဘူး…”

လင်းရီ မျက်ခုံးပင့်လိုက်ပြီး လူးဝစ်၏ အဖေကို ကြည့်လိုက်၏။ “ မင်းက…. မကျေနပ်ဘူးလား…”

“ ကျေးဇူးပြုပြီး အပြင်ထွက်လိုက်ပါ… မဟုတ်ရင်တော့ ကျုပ် အားသုံးရလိမ့်မယ်…”

လင်းရီ တုံ့ပြန်ခြင်းမရှိ၊ လူး၀စ်၏ ဆံပင်ကို လျင်မြန်စွာ စောင့်ဆွဲလိုက်ပြီး စားပွဲနှင့် ကြမ်းတမ်းစွာ အပ်ပေးလိုက်သည်။

အား…..

အော်ဟစ်သံမှာ ထပ်မံ ပေါ်ထွက်လာပြန်သည်။ ထို့ပြင် ရောက်နေကြသည့်လူတိုင်း အရိုးကွဲအက်သံကို ရှင်းလင်းစွာ ကြားလိုက်ရ၏။

လျန်ရူရွှယ် ဆံပင်အဖျားလေးများ ထောင်ထသွားသည်အထိ ထိတ်လန့်သွားတော့သည်။ ယခုအချိန်တွင်တော့ မည်သူကမျှ လင်းရီကို တားမြစ်နိုင်လိမ့်မည် မဟုတ်တော့ချေ။

လူးဝစ်ခေါင်းတစ်ခုလုံး သွေးသံ သရဲရဲနှင့် ဖြစ်နေပြီး နီရဲသည့် သွေးတို့က တစက်စက်စီးကျနေသည်။ သူ၏ ခေါင်းကို ဆုပ်ကိုင်ရင်း စစ်ကြောရေးခန်းထဲ၌ အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်နေတော့၏။

လင်းရီ၏ မရဏ အကြည့်များက အခြားသူများထံ ထူးမခြားနားစွာ ကျရောက်သွားခဲ့၏။

“ တံခါးပေါက်ကနေ ဝင်လာရဲတဲ့သူတိုင်း သူ့အဖော်ဖြစ်စေရမယ်လို့ အာမခံတယ်…”

ပြောပြီးနောက် လင်းရီ ထိုသုံးကောင်ထံ သူ မျိုးသိပ်ထားသည့် ဒေါသများကို သွန်ချတော့၏။

ဖြောင်း

အူး

အူး

အား

“ မစ္စတာဘရောင်း… ရှင် ဒီတိုင်း ရပ်ကြည့်နေတော့မှာလား….” ရိုလန်၏ အမူအရာမှာ ရှော့ခ်ရနေပြီး မြင်နေရသည့် မြင်ကွင်းကိုပင် မယုံကြည်နိုင် ဖြစ်နေလေသည်။

သူမ၏ အမြင်တွင်တော့ သံရုံးခေါင်းဆောင်တစ်ဦး အနေဖြင့် ဘရောင်းမှာ ဤဖြစ်ရပ်ကို တားမြစ်ရန် တာဝန်ရှိ၏။

ဘရောင်း ခေတ္တ တုံ့ဆိုင်းသွားခဲ့ပြီး “ အဲ့တာဆို မင်းသွားပြီးတော့ သူနဲ့ အကျိုးအကြောင်း ဆွေးနွေးကြည့်လေ…”

“ ဒါက…”

ရိုလန် ချီတုံချတုံ ဖြစ်သွားခဲ့ပြီး “ ကျွန်မသွားရင် ကျွန်မပါ သေအောင် ရိုက်ခံရမှာပေါ့…”

“ အဲ့လိုဆို ငါသွားလည်း အတူတူပဲ မဟုတ်ဘူးလား…”

လျန်ရူရွှယ်မှာ အဆိုပါ နိုင်ငံခြားသားများကို အရေးစိုက်နေခြင်း မရှိတော့ပဲ သူမဘေးရှိ ထောင်မှူးကို အကြည့်တစ်ချက်ပေးလိုက်ပြီး တံခါးရှေ့ သွားရောက်စောင့်ကြပ်ရန် အချက်ပေးလိုက်သည်။

ယခုလို အခြေအနေထိ ရောက်လာမှတော့ မည်သူကမျှ လင်းရီကို ရပ်တန့်ရန် မဖြစ်နိုင်တော့ချေ။

သူတို့တတ်နိုင်သည်ကား အကျိုးသက်ရောက်မှုများကို တတ်နိုင်သမျှ လျှော့ချရန်ပင်။

“ ကျေး… ကျေးဇူးပြုပြီး သက်ညှာပေးပါ.. ငါတို့ မှားသွားပါတယ်ကွာ…. မလုပ်ပါနဲ့တော့….တောင်းပန်ပါတယ်.....”

ဇက်ချ် နှင့် လူးဝစ်တို့ နှစ်ယောက်လုံး ဒူးထောက် အရှုံးပေးလိုက်ကြတော့၏။

သူတို့၏ အထောက်အထားမှာ ပြစ်ဒဏ်ချမှတ်ခံရခြင်းမှ ကာကွယ်ပေးထားပါသော်လည်း အနှီလူသား၏ ရှေ့မှောက်တွင်တော့ ထို အထောက်အထားတို့ကား အသုံးမဝင် ဖြစ်ရချေပြီ။ မည်သူကမျှ မဟန့်တားဘူးဆိုပါက ဤနေရာကား သူတို့၏ သင်္ချိုင်းမြေ ဖြစ်သွားပေလိမ့်မည်။

“ မင်းတို့ ခွေးသားတွေ တောင်းပန်တိုင်းသာ အလုပ်ဖြစ်မယ်ဆိုရင် ငါဒီတောင် ရောက်လာမနေဘူး…”

"ဘာလဲ....မင်းတို့က သူတောင်းစား ဆိုတာနဲ့ပဲ လူလို့ မမြင်တော့တာလား....အဲ့လိုလူတွေက မင်းတို့အတွက် သူတောင်းစား ဆိုပေမယ့် သူတို့ မိသားစု၀င်တွေ အတွက်တော့ တန်ဖိုးထား မြတ်နိုးရတဲ့သူတွေကွ... ခွေးမသားတွေရ...."

လင်းရီ ခြေထောက်ပင့်မြောက်၍ ဇက်ချ်၏ ဦးခေါင်းတည့်တည့်ကို ပြင်းထန်စွာ ကန်ကျောက်လိုက်၏။

ထိုအခိုက်အတန့်တွင်တော့ ဇက်ချ် မူးဝေသွားခဲ့ပြီး ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲတော့မည့်နှယ် ခံစားနေရလေသည်။

အသံထွက်ရန်ပင် အားအင်ချည့်နဲ့သွားခဲ့ပြီး အဆိုပါ နာကျင်မှုများမှ ကင်းဝေးစေရန် ကမ္ဘာကြီးမှ ချက်ချင်းလက်ငင်း ပျောက်ကွယ်သွားချင်သည့် ခံစားချက်များသာ ဖြစ်ပေါ်နေတော့၏။

ဇက်ချ်၏ သနားစဖွယ် အခြေအနေကို မြင်တော့ ဘရန်ဒွန် နံရံ၌ ကပ်နေပြီး လက်နှစ်ဖက်ဖြင့် ကာထားကာ ကြင်ငယ်ရေစီးကြောင်းတို့ စီးကျလာခဲ့လေသည်။

“ လကြောက်တစ်အုပ်ပဲ… ”

လင်းရီ ဖုန်များကို ခါခပ်ပြီး အထဲမှ ထွက်လာခဲ့ကာ လူတိုင်းကို ဝေ့ကြည့်လိုက်၏။

အပြင်တွင် ရပ်နေကြသည့် လူတိုင်း လင်းရီ၏ အကြည့်ကို မြင်တော့ မရင်ဆိုင်ဝံ့သည့်အလား ရှောင်လွဲသွားကြလေသည်။

အနှီ ရူးသွပ်နေသည့် ဟွာရှန့်က သူတို့ဘက် ဦးလှည့်လာမည်အား စိုးရိမ်နေကြ၏။

လင်းရီ ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် ရှေ့နေကို ကြည့်လိုက်ပြီး တည်ငြိမ်သည့် လေသံဖြင့် “ ခင်များက သူတို့ကို ကာကွယ်ပေးမယ့် ရှေ့နေလား…”

“ ငါ… ငါက…..”

“ ဒါဆို ကျုပ်မေးစမ်းမယ်… ဒီအမှု ဘယ်လိုမျိုး ဆုံးဖြတ်ပေးခံရမယ် ထင်လဲ…”

ရှေ့နေမှ သုံးလေးကြိမ်ခန့် ချောင်းဟန့်လိုက်ပြီး “အဟမ်း... ကျုပ်ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ… ကျုပ်က ဒီအမှုကို တာဝန်ယူထားတဲ့ ရှေ့နေ အိုဝမ်ပါ… သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ အရဆိုရင် ဒီအမှုက ဟွာရှရဲ့ ဥပဒေမူဝါဒတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ချမှတ်ရမှာပါ….”

လင်းရီ ဘာမျှ ပြန်မပြောပဲ လျန်ရူရွှယ်ကို ကြည့်ကာ “ ဒီအမှုက ဟွာရှမှာ ခုံရုံးဆုံးဖြတ်ပိုင်ခွင့်ရှိလောက်လား…”

“ သေတော့ မသေချာဘူး…. ဒါပေမယ့် သီအိုရီအရဆိုရင်တော့ ဖြစ်နိုင်ပါတယ်… ငါအကောင်းဆုံး ဖြစ်အောင် ကြိုးစားပေးမယ်…”

လင်းရီ၏ အကြည့်မှာ ဘရန်ဒွန်တို့၏ ဆွေမျိုးများအပေါ် ဖြတ်သန်းသွားပြီး “ ဒီအမှုကို ဘယ်မှာ စုံစမ်းမယ်… ဘယ်နေရာမှာ ခုံရုံးတင်မလဲဆိုတာ ငါမသိဘူး… ဒါပေမယ့် တစ်ခုတော့ သိအောင် မှတ်သွားကြ… တကယ်လို့ ရုံးတော်က သူတို့‌ကို သေဒဏ်မချမှတ်ဘူးဆိုရင်တောင် ငါ့ဘက်က လူငှားပြီး ‌သတ်ခိုင်းမှာပဲ… ဆိုတော့ သူတို့ကြိုက်လောက်မယ့် အုတ်ဂူ ဒီဇိုင်းလေးတွေ ကြိုရှာထားကြ..”

All Chapters