ဂုရု ဟော်ယွမ်ယွမ်
Vol. 44 Ch. 649
“ မင်း ဘာစကား ပြောတာတုန်းကွ…”
ဘရန်ဒွန်၏ ဖခင်မှ ဒေါသတကြီးနှင့် မာန်ဖီလိုက်ပြီး “ ဒါ ခြိမ်းခြောက်မှုပဲ… မင်းက လူသတ်မယ်ဆိုပြီး ပေါ်တင် ခြိမ်းခြောက်နေတာ…”
လင်းရီ ငြင်းဆိုခြင်း မရှိ ခေါင်းညိမ့်လိုက်သည်။
“ အဲ့လိုတွေးလည်း ရတယ်…တကယ်လို့ သူတို့သာ ဟွာရှမှာ အမိန့်ချခံရမယ်ဆိုရင် သေချာပေါက် သေဒဏ်ပေးခံရမှာပဲ… ဒါပေမယ့် မထင်မှတ်ထားပဲ အမေရိကန်ကို ပြန်ရောက်ခဲ့မယ်ဆိုရင်တောင်မှ သူတို့ သုံးယောက်လုံး အသက်ရှင်ဖို့ မစဉ်းစားနဲ့… အမေရိကားမှာ လူတစ်ယောက်ကို ဈေးကွက်ဘယ်လောက်ပေါက်လဲ မသိပေမယ့် တစ်မီလီယမ်ယွမ်ဆို ကောင်းကောင်းလုံလောက်ပြီ ထင်တာပဲ… ဒါကြောင့်မို့ မင်းတို့ကောင်တွေ ကြိုပြီး စိတ်ပြင်ဆင်ထားဖို့ ပြောနေတာ…”
“ မင်းလုပ်ရဲရင် ငါတို့ရဲ့ တရားဥပဒေက မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး….”
လင်းရီ ပခုံးတွန့်လိုက်ပြီး “ ရတယ်လေ… မင်းတို့ကောင်တွေ သက်သေရှာနိုင်ရင်ပေါ့… ဒါမှ မဟုတ်.. ငါ့ထက် ပိုချမ်းသာမယ် ဆိုရင်ပေါ့….”
သို့နှင့် လင်းရီ စစ်ကြောရေးခန်းထဲမှ ထွက်ခွာသွားခဲ့၏။ လျန်ရူရွှယ် ဘရောင်း၏ နားထဲသို့ စကားတစ်ချို့ တီးတိုးပြောလိုက်ပြီး လင်းရီနောက်မှ လိုက်လာခဲ့လေသည်။
သို့သော်လည်း အစမှ အဆုံးထိတိုင်အောင် လင်းရီ အဘယ်ကြောင့် ထိုမျှဒေါသထွက်နေရလဲဆိုတာကို သူမ နားမလည်နိုင် ဖြစ်နေလေသည်။
သူမစိတ်ထဲတွင်တော့ လျန်ရူရွှယ်မှလွဲ၍ သူ့ကို ရူးသွပ်သွားအောင် မည်သူကမျှ မပြုလုပ်နိုင်ချေ။
ထိန်းသိမ်းရေးစင်တာထဲမှ ထွက်လာခဲ့ပြီးနောက် လျန်ရူရွှယ် လင်းရီ ဘေးနား ရပ်တန့်လိုက်ပြီး “နင် ဒီလို လုပ်ချင်နေတာ သေချာပြီလား…”
“ အင်း…. ညှိနှိုင်းနေစရာ ဘာအကြောင်းမှ မရှိဘူး…”
“ နင်အဲ့လောက် အလောမကြီးစမ်းနဲ့… ငါ ဒီ အမှုကို ဟွာရှမှာ စီရင်နိုင်အောင် ကြိုးစားပေးမယ်…”
“ ဘယ်နေရာမှာ စီရင်ချက်ချတယ်ဆိုတာက အရေးမကြီးဘူး… ငါ ပိုက်ဆံသုံးခြင်း မသုံးခြင်းကပဲ ခြားနားသွားမှာ….”
“ အေးပါ...စိတ်အေးအေးထားဦးလို့…” လျန်ရူရွှယ် ဖြောင်းဖြလိုက်ပြီး “ နင့်ရဲ့ စီးပွားရေးလုပ်ငန်းတွေက မြင့်တက်နေဆဲ ကာလမှာပဲ ရှိသေးတာနော်… တကယ်လို့ မကောင်းသတင်းတွေ ထွက်လာမယ်ဆိုရင် ကုမ္ပဏီအတွက် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်…”
“ အဆင်ပြေပါတယ်…. ငါ ခင်းတဲ့ဇာတ် ငါ နိုင်အောင်ကမှာပါ…”
လျန်ရူရွှယ် ကူကယ်ရာမဲ့စွာဖြင့် သူမခေါင်းကို ခါရမ်းလိုက်၏။
သူမ ဘာလို့ ဒီလို ခေါင်းမာတဲ့ ယောက်ျားမျိုးနဲ့ လာဆုံရပါလိမ့်….
သူက မီးပုံထဲတိုးမယ့် ပိုးဖလံလိုပဲ….
“ ကောင်းပြီလေ… ဒီကိစ္စက ပြီးသွားပြီဆိုတော့ ငါပြန်နှင့်တော့မယ်….” လျန်ရူရွှယ် ပြောလိုက်ပြီး “ ဒါပေမယ့် နင် တဇွတ်ထိုးလျှောက်မလုပ်ပါဘူးလို့တော့ ငါ့ကို ကတိပေး…”
“ မင်းဘာလို့ အဲ့လောက်ထိ စိတ်ရှုပ်ဖို့ ကောင်းနေတာ… မင်း အန်တီ လာနေလို့လား… ဘာလို့ ဒီနေ့ကျမှ အဲ့လောက်ထိ အမိန့်တွေ များနေတာ….”
“ နင်ပဲ အန်တီလာနေတာလေ… ငါလုပ်သမျှက နင်ကောင်းစားဖို့ အတွက်ချည်းပဲ…” လျန်ရူရွှယ် ကျားရဲမလေးကဲ့သို့ ပြောလိုက်ရင်း “ အဲ့တာတောင် နင်က ငါ့ရဲ့ စိတ်စေတနာတွေကို လာစော်ကားနေတယ်ပေါ့…”
“ ကောင်းပြီ…. ငါ့အချိန်တွေကို လာဖြုန်းမနေနဲ့တော့…” လင်းရီ စိတ်မရှည်စွာ ပြောလိုက်ပြီး “ တကယ်လို့ မင်း ဒီကိစ္စ ကိုင်တွယ်နိုင်မယ် ဆိုရင် လုပ်လိုက်…. မကိုင်တွယ်နိုင်ဘူးဆိုရင်တော့ ငါ့နည်း ငါ့ဟန်နဲ့ ဖြေရှင်းမယ်…”
လင်းရီ လျန်ရူရွှယ်နှင့် ဆက်လက်လေကုန်ခံမနေတော့ပဲ ကားထဲသို့ ဝင်ကာ စက်နှိုးပြီး မောင်းထွက်သွားလေသည်။
“ ဟွန့်… ငါ့ကိုများ စိတ်ရှုပ်ဖို့ကောင်းတယ်လေး ဘာလေးနဲ့…. ဘာတဲ့.. သူ့အချိန်တွေကို လာဖြုန်းနေတယ်….” လျန်ရူရွှယ် ဒေါသထွက်စွာဖြင့် ခြေဆောင့်ရင်း ကျန်နေခဲ့ပြီး “ ဟွန့်...ဟော့ဒီကလည်း ပုံမှန်ဆို သူများကိစ္စ လိုက်ပြီး ဂရုစိုက်ပေးမနေပါဘူးနော်….”
ထိန်းသိမ်းရေး စင်တာမှ ထွက်လာခဲ့ပြီးနောက် လင်းရီ ကျိုကျုံးဗီလာသို့ ပြန်လာခဲ့၏။
“ အခြေနေ ဘယ်လိုလဲ…” ကျီချင်းရန် မေးလိုက်၏။
“ ဘာမှ မစိုးရိမ်နဲ့တော့… ခု ပြီးသွားပြီ….” လင်းရီ ပြောလိုက်ပြီး “ ဒါနဲ့ တုန်းတုန်းကော…”
“ သူ အပေါ်ထပ်မှာ အိပ်ပျော်သွားပြီ…”
ကျီချင်းရန် အသေးစိတ်ကို မေးမနေတော့ချေ။ အဘယ်ကြောင့် ဆိုသော် လင်းရီမှာ စိတ်ချယုံကြည်ရသောကြောင့်ဖြစ်၏။
လင်းရီမှ 'ပြီးပြီ' ဆိုသောကြောင့် သူမ ထိုကိစ္စကို ဆက်လက်စိတ်ပူနေရန် မလိုတော့ချေ။
“ အစ်မကျီ… တုန်းတုန်းရဲ့ ကိစ္စကို ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ…” ဟော်ယွမ်ယွမ် မေးလိုက်၏။
“ လက်ရှိ အခြေအနေအရဆိုရင်တော့ ငါတို့ သူ့ကို ကတ္ထူတွေ လိုက်ကောက်ခိုင်းနေလို့ မရတော့ဘူး…” ကျီချင်းရန် ပြောလိုက်ပြီး “ ငါသူ့ကို ကျောင်းအရင် တက်ခိုင်းလိုက်မယ်… ဘာပဲ ဆိုဆို သူကျောင်းတော့ တက်နိုင်သေးတယ်လေ…”
ဟော်ယွမ်ယွမ် မယုတ်မလွန် ခေါင်းညိမ့်လိုက်ပြီး “ ဒါပေါ့… သူ ကျောင်း တက်ရမယ်… ဒါပေမယ့် သူ့ရဲ့ နေဖို့ထိုင်ဖို့ ကျတော့ကော… အစ်မတို့ နှစ်ယောက်က လက်ထပ်ရသေးတာလည်း မဟုတ်ဘူးလေ… ပြီးတော့ နှစ်ယောက်လုံးက ကျိုကျုံးဗီလာမှာလဲ တစ်ချိန်လုံး နေနိုင်တာလည်း မဟုတ်… နန်နီတစ်ယောက်လည်း ခေါ်မယ်ဆိုလည်း ဘယ်လောက်မှ မကျဘူးဆိုရင်တောင် အစ်မတို့ရဲ့ နေ့စဉ်ဘဝအပေါ်ကို အကျိုးသက်ရောက်မှု ရှိနေသေးတုန်းပဲ….”
ဟော်ယွမ်ယွမ်၏ စကားလုံးများမှာ အနည်းငယ် အေးစက်နေသော်လည်း ယင်းက စစ်မှန်သည့် ပြဿနာတစ်ရပ်ပင်။
သူမ တုန်းတုန်း ယခုလို ဖြစ်သွားခဲ့သည်ကို ကရုဏာ သက်မိသော်လည်း သူမ ပို၍ အလေးသည်ကား လင်းရီနှင့် ကျီချင်းရန်တို့ပင်။
လက်မထပ်ရသေးသည့် စုံတွဲနှစ်ယောက်က ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရန်မှာ အမှန်ပင် မသင့်တော်လှချေ။
ကျီချင်းရန်လည်း ယင်းက သူမနှင့် လင်းရီတို့ ရင်ဆိုင်ရမည့် ပြဿနာတစ်ရပ်ဖြစ်ကြောင်း နားလည်ပေသည်။
“ ငါစဉ်းစား ပြီးသွားပြီ….” လင်းရီ ပြောလိုက်ပြီး “ သူက ခုဆို တစ်ကောင်ကြွက်ဖြစ်သွားပြီ…ဆိုတော့ မနက်ဖြန် သူ့အဘွားကို မြုပ်နှံပြီးတာနဲ့ သူ့ကို ကျိုးဟိုင်မှာ ခဏလောက် လိုက်လျှောက်လည်ပေးပြီး ငါ့အမေဆီ ပို့ပေးလိုက်မယ်… ဂေဟာမှာက သူ့လို ကလေးတွေ အများကြီးရှိတော့ အထီးကျန်မှာ မဟုတ်တော့ဘူး…”
“ အွန်း… အကြံကောင်းပဲ…” ဟော်ယွမ်ယွမ် ခေါင်းတညိမ့်ညိမ့်ဖြင့် ပြောလိုက်၏။
ကျီချင်းရန်လည်း ငြင်းဆိုရန် အကြောင်းမရှိချေ။
‘ မေမေဝမ်က ကြင်နာတတ်တဲ့သူ တစ်ယောက်ဆိုတော့ တုန်းတုန်းကို စိတ်ချလက်ချနဲ့ အပ်ထားလို့ရတယ်…’
“ ကောင်းပြီ.. ခု ဒီကိစ္စက ဖြေရှင်းပြီးသွားပြီဆိုတော့ ကျန်တာက ကလေးရဲ့ စိတ်ကို ပြင်ဆင်ထားခိုင်းဖို့ပဲ ကျန်တယ်….” ဟော်ယွမ်ယွမ် ပြောလိုက်၏။
“ ဒါပေမယ့် ငါကြောက်တာက ကလေး စိတ်ထဲ တစ်ခုခု ဖြစ်သွားမှာဆိုးတာ…”
“ ကလေးက ငယ်ငယ်လေးနဲ့ ရင့်လည်း မရင့်ကျက်သေးဘူး… ဒါပေမယ့် ဒီလို ကိစ္စရပ်တွေနဲ့ ကြုံတွေ့လာပြီဆိုတော့ သူ့ဘဝတစ်လျှောက်လုံး အရိပ်မည်းကြီး ကျန်နေရစ်ခဲ့မှာကိုပဲ စိုးရိမ်မိတာ….”
“ မလိုပါဘူးကွာ… တုန်းတုန်းက မင်းထင်သလောက်လည်း မပျော့ညံ့ပါဘူး…”
“ သူ့အဖေကလည်း ဆုံးသွားခဲ့ပြီ…ပြီးတော့ သူ့အမေကလည်း စိတ်ဖောက်သွားပြီး ဘယ်ဆီနေမှန်းလဲ မသိ… အဲ့လို ဖြစ်သွားတာတောင် ပုံမှန်အတိုင်း နေနိုင်သေးတာပဲ မဟုတ်ဘူးလား… ဒါကြောင့်မို့ ဘာမှစိတ်ပူမနေနဲ့… အချိန်က တဖြည်းဖြည်းနဲ့ ကုစားသွားပေးလိမ့်မယ်….”
ဟော်ယွမ်ယွမ်လည်း ကျီချင်းရန်၏ လက်မောင်းကို ဖက်တွယ်လိုက်ပြီး ဖြောင်းဖြလိုက်၏။
“ အစ်မကျီကိုက အတွေးလွန်နေတာ… ဒီကာလ အတောအတွင်း အစ်မကျီဘက်က လုံလောက်အောင် ကောင်းပေးပြီးပြီကိုပဲ… ဘယ်သူကကော ဒီလိုမျိုး ဖြစ်စေချင်မှာ….”
“ ငါသိတယ်..ဒါပေမယ့် အဖြစ်အပျက်တွေက အရမ်း ရုတ်တရက်ဆန်လွန်းတော့ လက်ခံဖို့ရာ နည်းနည်းခက်ခဲနေတာ…” ကျီချင်းရန် သက်ပြင်းချလိုက်ပြီး “ မနေ့ညကပဲ သူအန်တီ့ကို ဆေးရုံခေါ်ပြီး ခွဲစိတ်ပေးမယ် လုပ်နေတာ… ကောင်းတဲ့နေ့ရက်လေးတွေက ခုမှ စတာကို ဒီလိုမျိုးကြီး ဖြစ်ပျက်သွားရတယ်လို့….”
“ ဘယ်သူကမှလည်း အဲ့လိုမျိုး မဖြစ်စေချင်ပါဘူး အစ်မကျီရယ်…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ မနက်ဖြန် ဘာဖြစ်မလဲဆိုတာ ဘယ်သူကမှ ကြိုမသိနိုင်ဘူးလေ… အနည်းဆုံးတော့ အဘွားရဲ့ နောက်ဆုံးအချိန်လေးမှာ အစ်မတို့နဲ့ ဆုံသွားခဲ့တယ်မလား.. ပြီးတော့ နောက်ဆို သူ့မြေးလေးကလည်း အိမ်ခြေယာမဲ့ တစ်ယောက် မဟုတ်တော့ဘူးလေ…. အဘွားက ကောင်းကင်ဘုံကနေပြီး ပျော်နေမှာပါ…”
ဟော်ယွမ်ယွမ်၏ စကားလုံးများက လင်းရီကို အမယ်အိုကြီး၏ သူမ မသေခင် အမူအရာအား ပြန်လည်မြင်ယောင်မိသွားစေသည်။ သူမက ပြုံးနေခဲ့၏။
တုန်းတုန်းအား သူတို့လက်ထဲ ထားခဲ့ရ၍ စိတ်ချလက်ချဖြစ်နေသောကြောင့် ပြုံးလိုက်ဟန်တူသည်။
ထိုညတွင်တော့ ဟော်ယွမ်ယွမ်လည်း ကျီချင်းရန်နှင့် တစ်ခန်းတည်း အတူအိပ်၏။
“ ဘော့စ်… စိတ်တော့ မကောင်းဘူးနော်.. ကျွန်မက ဒီနေ့ အစ်မကျီနဲ့ တူတူအိပ်မှာ….” ဟော်ယွမ်ယွမ် ဘဝင်ခိုက်နေသည့် လေသံဖြင့် ပြောလိုက်၏။
“ ဘာတွေ ပြောနေတာ… ငါတို့ ပုံမှန်ဆိုလည်း အခန်းခွဲအိပ်တာပဲ…” ကျီချင်းရန်ပြောလိုက်ပြီး “ သူများတွေလိုမျိုး ချစ်သူတွေ ဖြစ်တာနဲ့ အတူနေကြတာမျိုး မဟုတ်ဘူး…”
“ မဖြစ်နိုင်တာ…” ဟော်ယွမ်ယွမ် လင်းရီကို အထင်တသေး ကြည့်လိုက်ပြီး “ ကျွန်မနဲ့ အတူရှိနေတုန်းကကျတော့ အရမ်းတွေ တော်နေတာ မဟုတ်ဘူးလား… ဒီလောက်ကြာပြီးတောင်မှ အစ်မကျီရဲ့ ကုတင်ပေါ် မတက်နိုင်သေးဘူးဆိုတော့ ဘယ်လောက်တောင် ရှက်ဖို့ ကောင်းလိုက်လဲ…”
“ အဲ့ကိစ္စ ငါ့ကို အပြစ်တင်လို့ မရဘူးလေ…”
“ သေချာပေါက် တင်ရမှာပေါ့… ယောက်ျားကြီး တစ်ယောက်ဖြစ်ပြီးတော့မှ ဘာလို့ အဲ့လောက်ထိ သူရဲဘောကြောင်နေတာ…”
“ မင်းအစ်မကျီက ဘယ်လိုလူစားမျိုးလဲ မင်းမသိဘူးလား… တကယ်လို့ သူမက သဘောမတူဘူးဆို ငါက ဘာတတ်နိုင်မှာ…”
ဟော်ယွမ်ယွမ် မျက်လုံးလှန်လိုက်ပြီး သူမ၏ အကြည့်တို့မှာ ပို၍ပင် အထင်တသေး ဖြစ်လာခဲ့၏။
“ တကယ်လို့ အစ်မကျီက သဘောမတူဘူးဆိုတာနဲ့ပဲ ရှင်က လက်လျော့လိုက်တယ်ပေါ့လေ… တကယ်လို့ အတင်း အဓမ္မလုပ်ရင်တောင် အစ်မကျီက ရှင့်ကို တရားစွဲမှာ မို့လို့လား… တကယ်လို့ စွဲခဲ့မယ်ဆိုရင်တောင် ဘာမှ ကြောက်နေစရာမလိုဘူး.. လင်းယွမ်အုပ်စုရဲ့ အနေအထားက ချောင်ရန်အုပ်စုထက် အသာကြီးပဲ…ဆိုတော့ တရားစွဲလည်း နိုင်မှာ မဟုတ်ဘူး… ပူမနေနဲ့… ရဲရဲသာလုပ်.. ဘာတွေ ကြောက်နေတာ…”
လင်းရီ ဆွံ့အသွားခဲ့တော့၏။
ငါလခွမ်း မင်းက ဆရာကြီးပဲ…
“ အဲ့လိုတွေ မြှောက်ပေးနေ…ငါနင့်ကို လုပ်မိတော့မယ်…” ကျီချင်းရန် ဟော်ယွမ်ယွမ်၏ ခါးကို ဆွဲစိတ်လိုက်ပြီး “ နင်နောက်တစ်ခွန်း ထပ်ပြောရဲရင် နင့်ကို သေအောင် လည်ပင်းညစ်သတ်ပစ်မယ် ကြားလား..”
“ အိုက်ယား… သူများက စတာကို…”
“ ဒါပေမယ့် သူတကယ်ကြီး အဲ့လိုလုပ်လည်း ရတာပဲလေ….”
ဟော်ယွမ်ယွမ် “…..”
ဘော့စ်က အရမ်း အံ့ဩဖို့ကောင်းတာပဲ….