← Chapters

ချစ်ခြင်းမေတ္တာနဲ့ စားစရာတွေက သင့်ကို ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်ဘူး

Vol. 44 Ch. 650

ချစ်ခြင်းမေတ္တာနဲ့ စားစရာတွေက သင့်ကို ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်ဘူး

Vol. 44 Ch. 650

ဟော်ယွမ်ယွမ် ပေါက်တတ်ကရများ ထပ်ပြောမည်ကို ကာကွယ်သည့် အနေဖြင့် ကျီချင်းရန် သူမကို အခန်းထဲသို့ ပါးစပ်ပိတ်ပြီး ဆွဲခေါ်သွားခဲ့လေသည်။

လင်းရီလည်း ဧည့်ခန်းထဲသို့‌ ဝင်လာခဲ့၏။

ထိုညတွင် ညစာစားပြီးနောက် ဝမ်တုန်းတုန်း သူ၏ အခန်းထဲတွင် ပုန်းနေကာ ပြန်ထွက်မလာတော့ချေ။

အဆိုပါ အပြုအမူကို လင်းရီ နားလည်ပေးနိုင်လေသည်။ မိမိ၏ မိသားစုဝင်တစ်ဦး ဆုံးရှုံးလိုက်ရသည့် ခံစားချက်ကို လက်ခံနိုင်ဖို့ရာက အင်မတန်ခဲယ‌ဥ်းလှသည်။ နေသားကျစေရန် အချိန်တစ်ချို့လောက်တော့ လိုအပ်လေသည်။

ထိုအကြောင်း စဉ်းစားမိတော့ လင်းရီ သူအတော်လေး ကံကောင်းသည်ဟု ခံစားလိုက်ရ၏။ သူ၏ မိဘနှစ်ပါးမှာ သူပင် မသိလိုက်သည့် အချိန်တွင် ဆုံးပါးသွားခဲ့လေသည်။

ထို့ကြောင့် သူ သေဆုံး၍ မြေအောက်လောကသို့ ရောက်သည့် အချိန်၌ ကြုံတုန်းကြုံခိုက် ယမမင်းကြီးအား အကြံတစ်ခု ပေးရန် ကြိတ်၍ ဆုံးဖြတ်ထားလိုက်၏။

အကယ်၍ တစ်စုံတစ်ယောက်ကများ အနာဂတ်တွင် မိဘမဲ့ ဖြစ်လာမည်ဖြစ်ပါက သူတို့၏ မိသားစုဝင်များကို တတ်နိုင်သမျှ မြန်မြန်ခေါ်သွားသည်က အကောင်းဆုံးပင်။

“ ကိုကြီး…”

လင်းရီကို မြင်တော့ ဝမ်တုန်းတုန်း တိတ်ဆိတ်စွာ ဆိုလိုက်ပြီး “ သား ကိုကြီးတို့ကို နှောင့်ယှက်ပေးသလို ဖြစ်သွားလား… အဲ့လိုဆို သားမနက်ဖြန် ဒီက ထွက်သွားပေးပါ့မယ်…”

“ မဖြစ်ပါဘူးကွာ...ငါ့အိမ်မှာ အခန်းတွေ ဒီလောက်များတာကို အနှောင့်အယှက်မဖြစ်ပါဘူးဟ…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် မင်းမကြီးကတော့ သူ့ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေရှိတော့ မင်းကို စောင့်ရှောက်ပေးဖို့ အချိန်ရှိမှာ မဟုတ်ဘူး… နောင်ကျရင် မင်း ငါ့အမေနဲ့ နေရမယ်….”

“ တော်ပြီ.. သား သူများတွေကို ဆက်ပြီး ဒုက္ခပေးဖို့ မသင့်တော့ဘူး… ပုလင်းတွေ လိုက်ကောက်ပြီးတော့လည်း ထမင်းစားလို့ ရပါသေးတယ်…”

လင်းရီ ဝမ်တုန်းတုန်း၏ ခေါင်းကို ပုတ်လိုက်ပြီး “ မင်းမှားနေပြီ… သူမက ငါ့ အမေရင်း မဟုတ်ဘူး.. မွေးစားအမေ…”

“ မွေးစား အမေ….”

“ အင်း...ငါလည်း မိဘမဲ့ပဲလေ…” လင်းရီ ပြုံးလိုက်ပြီး “ ငါက ဂေဟာမှာ ကြီးပြင်းလာခဲ့တာ… မိသားစု နောက်ခံအရဆို မင်းထက်တောင် ဆိုးသေး.. ငါ့မိဘတွေ ဘယ်သူမှန်းလည်း မသိဘူး.. ငါ့ဆွေမျိုးတွေ ဘယ်နှစ်ယောက်ရှိမှန်းလဲ ငါမသိဘူး… မင်းပြောကြည့် အဲ့ဒါကြီးက စောက်ရမ်း မဆိုးဘူးလား…”

“ ကိုကြီးလည်း မိဘမဲ့ပဲလား… ဒါပေမယ့် သားတော့ ကိုကြီးက အရမ်း စွမ်းအားကြီးတယ်လို့ ထင်တယ်…”

“ အမှန်ပဲ… တကယ်လို့ မင်းက စွမ်းအားကြီးတဲ့သူတစ်ယောက် ဖြစ်ချင်ရင် အရင်ဆုံး မိဘမဲ့ ဖြစ်နေဖို့လိုတယ်….” လင်းရီ ပြောလိုက်၏။

“ တ… တကယ်ကြီးလား…”

“ ဒါပေါ့ကွ…” လင်းရီ ပြောလိုက်ပြီး “ မင်း အွန်လိုင်း ဝတ္ထုတွေထဲ ရှာကြည့်လိုက်လေ.. ဘယ် အဓိက အမျိုးသား ဇာတ်ဆောင်ရဲ့ မိဘတွေက ကျန်းမာတာ မင်းမြင်ဖူးလဲ… တကယ်လို့ အကောင်းအတိုင်းကြီး ရှိနေတယ်ဆိုရင်တော့ သေချာပြီ အဲ့ကောင် ဗီလိန်…”

“ သား ကိုကြီးပြောတဲ့ ဝတ္ထုတွေတော့ မဖတ်ဖူးဘူး… ဒါပေမယ့် ကိုကြီးပြောတာတွေကတော့ မှန်သလိုပဲ…”

“ မဆိုးဘူး မဆိုးဘူး… မင်းက ဒီသဘောတရားကို နားလည်နိုင်တယ်ဆိုတော့ ခြေတစ်လှမ်းအောင်မြင်နေပြီလို့ ပြောလို့ရတယ်…”

“ ကိုကြီး… တကယ်လို့ သား အန်တီနဲ့နေမယ်ဆိုရင် ကျောင်းကော တက်ရမှာလားဟင်…”

“ ဒါပေါ့ကွ…” လင်းရီ ပြေလိုက်ပြီး “ဂေဟာက ကလေးတွေကို ကျောင်းတက်ဖို့ မင်းကိုကြီးပဲ ထောက်ပံ့တာလေ… သူတို့ အဲ့မှာ စာ ကောင်းကောင်းသင်လို့ရတယ်… တစ်ခုဆိုးတာက စာမကြိုးစားရင် အရိုက်ခံရတာပဲ….”

“ ဒါဆို သား စာကြိုးစားမယ်…”

“ အင်း.. မဆိုးဘူး မဆိုးဘူး…”လင်းရီ ဝမ်တုန်းတုန်း၏ ပခုံးကို ပုတ်လိုက်ပြီး “ မင်းမှာ မိဘတွေ မရှိတော့တဲ့ အားသာချက် ရှိနေပြီးသား.. မင်းသာ စာကြိုးစားနေသရွေ့ အနာဂတ်ကျရင် ငါ့ထက်ပိုပြီး အံ့အားသင့်ဖို့ကောင်းတဲ့သူ ဖြစ်လာနိုင်တယ်….”

“ ဟုတ် ကိုကြီး…”

“ ကောင်းပြီ..စောစောအိပ်တော့… ငါတို့ မနက်ဖြန်ကျ လုပ်စရာရှိသေးတယ်….”

“ ဟုတ်…”

နောက်တစ်နေ့ နံနက်တွင်တော့ ဟော်ယွမ်ယွမ်မှာ စောစီးထလာ၍ သူ့အခန်းရှေ့ တံခါးလာခေါက်လေသည်။

“ ဘာလို့ တံခါးလာခေါက်နေတာတုန်းကွ.…ခုမှ ဘယ်ချိန် ရှိသေးလို့…”

အိမ်တွင် လူအနည်းငယ်သာရှိပြီး ကျီချင်းရန်ကတော့ သူ့အခန်းတံခါး လာခေါက်ဖို့ရာ မဖြစ်နိုင်ချေ။ ဝမ်တုန်းတုန်းကိုတော့ ထည့်တွက်နေစရာတောင် မလိုအပ်ပေ။

ထို့ကြောင့် ဟော်ယွမ်ယွမ်မှ တစ်ပါး မည်သူက ထိုသို့ လုပ်လိမ့်မည်နည်း။

သူပဲ အဲ့လို လုပ်ရဲတဲ့ သတ္တိရှိမယ်…

“ ဘော့စ်.. ထ ထ… ကျွန်မကို ဥထမင်းကြော်ကြော်ပေး… ဘော့စ်ရဲ့ ဥထမင်းကြော်လေး စားချင်လို့….”

“ မင်းမေလင်ငါ့ကို ဘော့စ်လို့ မင်းက မြင်သေးတယ်ပေါ့…” လင်းရီ အခန်းထဲမှ အော်ဆဲလိုက်ပြီး “ ငါ့နား လစာလည်း ယူပြီး မင်းကိုလည်း ဟင်းချက်ကျွေးရဦးမယ်ပေါ့…”

“ ဘော့စ်… ကျွန်မက ရှင့်ရဲ့ ဝန်ထမ်းနော်… ရှင်သုံးနေတဲ့ တစ်ပဲ နှစ်ပဲ ကအစ ကျွန်မ ရှာထားပေးတာ… ရှင့်ကို ချက်ပေးဖို့ တောင်းဆိုနေတာ ဘာများမှားနေလို့လဲ…”

လင်းရီ “ ….. “

သူ ပြောစရာ စကား ကင်းမဲ့သွားတော့၏။

“ မိုက်တယ်.. စောက်ရမ်းမိုက်တယ်… မင်းက လောဂျစ်ကျကျပြောတဲ့နေရာမှာတော့ ဂျီးနီးယပ်စ်ပဲ…”

အိပ်ရာမှ ထ၍ လင်းရီ မီးဖိုချောင်ထဲသို့ ဝင်သွားကာ ရိုးရှင်းသည့် ဟင်းတစ်ချို့ ပြုလုပ်လိုက်လေသည်။

ယွမ်ယွမ်မှ အထူးတလှယ် တောင်းဆိုသောကြောင့် မဟုတ်ပဲ သူ တခြား လုပ်စရာများ ရှိသောကြောင့် ထရမည့် အတူတူ ချက်ပြတ်လိုက်ခြင်းပင်။

ထမင်းစား စားပွဲတွင်တော့ ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်မှ ဝမ်တုန်းတုန်း ထမင်းကောင်းကောင်းစားနေသည်ကို မြင်တော့ စိတ်သက်သာရာ ရသွားခဲ့သည်။

တုန်းတုန်းရဲ့ စိတ်အခြေအနေက တိုးတက်လာပြီနဲ့ တူတယ်…

နံနက်စာ စားပြီးနောက် လင်းရီ အမယ်အိုကြီး၏ ပြာများကို အုတ်ဂူထံ ယူသွားလိုက်လေသည်။

ယင်းက နောက်ဆုံးလိုအပ်သည့် ခြေလှမ်းတစ်ခုပင်။

ဟော်ယွမ်ယွမ်မှ သူမ၏ ဝမ်းနည်းမှုကို ဖော်ပြရန် လီလီပန်းတစ်စည်းကို အုတ်ဂူရှေ့၌ ချလိုက်၏။

ကျီချင်းရန်လည်း ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်လိုက်ပြီး သူမ အိတ်ထဲမှ ဝမ်တုန်းတုန်းပေးသည့် ချိုချဉ်လေးကို ထုတ်ကာ အုတ်ဂူရှေ့၌ ချလိုက်သည်။

အဆိုပါ သကြားလုံးကို ကျီချင်းရန် လက်ခံပြီးနောက် မစားရက်ပဲ အမှတ်တရအနေဖြင့် သိမ်းထားချင်ခဲ့၏။

သို့သော်လည်း ယခုလိုအဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားသည့် အတွက် အဆုံးတွင် အမယ်အိုကြီးထံ၌သာ ချန်ထားရစ်ခဲ့ရန် ဆုံးဖြတ်လိုက်လေသည်။

“ အဘွား… တမလွန်မှာ စိတ်ချလက်ချသာနေပါ.. ကျွန်မ တုန်းတုန်းကို သေချာ စောင့်ရှောက်ပေးပါ့မယ်…”

လင်းရီ ကျီချင်းရန်ကို ပြုံးလျက်ကြည့်လိုက်၏။ သူမမှာ အမြဲတမ်း သံယောဇဉ်ကြီးပြီး ကြင်နာတတ်သည့် မိန်းကလေးပင်။

နောက်တစ်စက္ကန့်တွင်တော့ လင်းရီ၏ အမူအရာမှာ ရုတ်ချည်း အေးခဲသွားတော့၏။

အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်ထဲတွင် စနစ်မှ အသိပေးသံ မြည်ဟီးလာသောကြောင့်ပင်။

[ချစ်ခြင်းမေတ္တာနဲ့ စားစရာတွေက သင့်ကို ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်ဘူး… ]

[အထူးမစ်ရှင် : ပြီးမြောက်သွားပါပြီ }

[ဆုလဒ် : အတွေ့အကြုံမှတ် လေးသိန်း ]

[အလုပ်ပြီးမြောက်နှုန်း : ၁၀၀ ရာခိုင်နှုန်း ]

[ဆုလဒ် : သန့်စင်ခြင်း အနှစ်သာရ ( အစားအသောက်) ]

‘ ငါ မစ်ရှင် ပြီးသွားတာလားဟ….’

ယခုလို အချိန်မျိုးတွင် မစ်ရှင် ပြီးမြောက်သွားလိမ့်မည်လို့ လင်းရီမှ မျှော်လင့်မထားချေ။

ထို့ပြင် အန္တိမ ဆုလဒ်အတွက် အတွေ့အကြုံမှတ် လေးသိန်းများတောင် ရလိုက်သေးသည်။

‘ စနစ် ..သန့်စင်ခြင်း အနှစ်သာရက ဘာကြီးလဲ…’ လင်းရီ မေးလိုက်ပြီး ‘ တကယ်လို့ ငါ့ရှေ့မှာ ပေါင်မုန့်ရှိတယ်ဆိုရင် ငါက အဲ့တာကို စားစရာမလိုပဲနဲ့ တစ်ခါတည်း ခန္ဓာကိုယ်ထဲကို စွမ်းအင်အဖြစ် စုပ်ယူနိုင်မှာလား…အဲ့သဘောမျိုးလား…’

[ နီးစပ်သလောက်တော့ ရှိပါတယ် ]

‘ အဲ့လိုဆို ငါ ပါးစပ်ပါတာ အလကား ဖြစ်သွားမှာပေါ့ကွ….’

[စနစ်ရှင်က ပါးစပ်ကို အစားစားဖို့အတွက်ပဲ အသုံးပြုတတ်တာလား….]

‘ ငိုးပဲ … မင်းအဖြေက စောက်ရမ်းကောင်းတယ်..” လင်းရီ ပြောလိုက်ပြီး ‘ ဒါပေမယ့် အဲ့တာက အစားအသောက်အတွက်ပဲလား…’

[မှန်ပါတယ်.. စားလို့ရတဲ့အရာ မှန်သမျှ အကျိုးသက်ရောက်မှု ရှိပါတယ်.. ကိုယ်တိုင်ပဲ ဖြစ်ဖြစ်.. လွှဲပြောင်းတာပဲဖြစ်ဖြစ် အကျိုးသက်ရောက်မှုခြင်း အတူတူပါပဲ…]

“ ဟမ်… လွှဲပြောင်းတယ်ဆိုတာက ဘာပြောတာ…”

“ ဥပမာ… စနစ်ရှင်ရဲ့ ရှေ့မှာ သစ်အယ်သီး နှစ်လုံး ရှိတယ်ဆိုရင် စနစ်ရှင်က တစ်လုံးရဲ့ စွမ်းအင်ကို နောက်တစ်လုံးစီ လွှဲပြောင်းပေးလို့ရပါတယ်….လွှဲပြောင်းခံရတဲ့ အလုံးက စွမ်းအင်နှစ်ဆ ရှိမှာပါ…”

‘ ငါယိုး…’

လင်းရီ စိတ်ထဲတွင် ကျိန်ဆဲလိုက်ပြီး “ ဒီစွမ်းအင်က နည်းနည်းလေး အံ့အားသင့်ဖို့ ကောင်းလွန်းမနေဘူးလား…’

စနစ်မှာတော့ ယခင်အတိုင်း တိတ်ဆိတ်မြဲ တိတ်ဆိတ်ဆဲပင်။ သူ၏ စကားလုံးများက ရွှေထက်ပင် တန်ကြေး ရှိနေဟန်တူသည်။

စနစ်မှ ဆုလဒ်ရရှိပြီးသော်လည်း လင်းရီ အလုပ်အကိုင်အသစ် စတင်ရန် အလျင်မလိုသေးချေ။

မည်သို့ပင်ဆိုစေ ယခု ကိစ္စများအား ကိုင်တွယ်ပြီးမှ အသက်သွင်းလျှင်လည်း အတူတူ ဖြစ်သောကြောင့် စော၍ အသက်သွင်းစရာ မလိုအပ်ပေ။

“ တုန်းတုန်း ပြန်ကြရအောင်…” ကျီချင်းရန်မှ တုန်းတုန်း၏ ဦးခေါင်းကို ကိုင်လိုက်ပြီး “ မမက ဒီနေ့ တုန်းတုန်းကို ကစားဖို့ ခေါ်သွားပေးမယ်… ဘယ်သွားချင်လဲပြော…”

“ သားမကစားချင်ဘူး…သား အန်တီ့ဆီပဲ သွားမှာ…”

“ အန်တီ.. ဘယ်က အန်တီလဲ…” ကျီချင်းရန် ဇဝေဇဝါ ဖြစ်စွာဖြင့် ပြောလိုက်၏။

“ ငါ့အမေလေ..” လင်းရီ ပြောလိုက်ပြီး “ မနေ့ညတုန်းက ငါ သူ့ကို ပြောပြလိုက်တာ…”

ကျီချင်းရန် အဆုံးတွင် နားလည်သွားခဲ့သည်။ သူမ အဆိုပါ ကိစ္စကို မည်သို့ ရှင်းပြရမလဲဆိုတာ စဉ်းစားရကြနေသော်လည်း လင်းရီမှ သူမကို ကူညီ၍ ပြောပြပြီး ဖြစ်သောကြောင့် စိတ်သက်သာရာ ရသွားခဲ့လေသည်။

သူမကိုယ်တိုင်ပင် မသိလိုက်ပဲ အပြုံးတစ်ခုက ကျီချင်းရန် ပါးထက်၌ ဖြစ်ပေါ်လာခဲ့၏။

လင်းရီက အရမ်းဂရုစိုက်တတ်တာပဲ… သူမ မလုပ်တတ်တဲ့ ကိစ္စတွေကိုဆို သူက မေးတောင် မမေးပဲ ဖြေရှင်းပေးသွားတာ…

“ ဒါပေါ့ သွားရမှာပေါ့.....ဒါပေမယ့် မမတို့ ကျိုးဟိုင်မှာ သုံးလေးရက်လောက် လျှောက်လည်ကြမယ်လေ… “

“ ဟင့်အင်း....ကိုကြီး ပြောတာ သားမှာက စွမ်းအားကြီးတဲ့ သူတစ်ယောက် ဖြစ်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေ ရှိထားပြီးပြီတဲ့… သားသာ စာကြိုးစားလိုက်တာနဲ့ စွမ်းအားကြီးတဲ့သူ ဖြစ်လာတော့မှာ… ဒါကြောင့်မို့ ခုပဲ ကျောင်းတက်ချင်ပြီ…” ဝမ်တုန်းတုန်း ပြောလိုက်၏။

“ လိုအပ်တဲ့ အရည်အချင်းတွေ…”

ဟော်ယွမ်ယွမ် လင်းရီကို ကြည့်လိုက်၏။

ကြည့်စမ်း… ဘော့စ်ကတော့ ယုံကို မယုံရဘူး… ကလေးကိုတောင် လှည့်စားထားတယ်….

ဒီကဖြင့် အိမ်ခြေရာမဲ့ ဖြစ်နေပါပြီ ဆိုနေမှ ဘာလိုအပ်တဲ့ အရည်အချင်းတွေရှိမှာ…

သူ့မှာ ဘာအရည်အချင်းမှ မရှိဘူး .. ဟုတ်ပြီလား…

“ အဲ့တာက သားမိဘတွေ မရှိတော့တာကို ပြောတာလေ….” ဝမ်တုန်းတုန်းမှ အပြစ်ကင်းစင်သည့် လေသံဖြင့် “ ကိုကြီးပြောတာ ကိုကြီးကလည်း မိဘမဲ့… သားကလည်း မိဘမဲ့…ဆိုတော့ သားကြိုးစားနေသရွေ့ ကိုကြီးလိုမျိုး စွမ်းအားကြီးတဲ့ သူဖြစ်လာနိုင်ပြီး မကြီးလို အရမ်းလှတဲ့ မိန်းမ ရနိုင်မယ်တဲ့….”

ဟော်ယွမ်ယွမ် ဝမ်တုန်းတုန်း၏ ခေါင်းကို ခပ်ဖွဖွ ပွတ်လိုက်ပြီး “ တုန်းတုန်း.... နင်အထင်လွဲနေပြီ… မမက သူ့ မိန်းမ မဟုတ်ဘူး…”

ဝမ်တုန်းတုန်း ကျီချင်းရန်ကို လက်ညိုးညွှန်လိုက်ပြီး “ သားပြောတာက ဒီရဲ့ အရမ်းလှတဲ့ မကြီးလေ…”

All Chapters