လှပတဲ့ အမှိုက်လေး
Vol. 44 Ch. 651
“ သေချာပြီလား…” ဟော်ယွမ်ယွမ် ခြိမ်းခြောက်သည့် လေသံဖြင့် မေးလိုက်၏။
“ အွန်း.. အွန်း.. သေချာတယ်…”
ဟော်ယွမ်ယွမ် “…… “
မြင်ကွင်းကား အင်မတန် ကိုးရို့ကားယား နိုင်လွန်းလှ၏။
ငါက မလှဘူးတဲ့လား….
“ ယွမ်ယွမ်… ငါမင်းကို ဝေဖန်တာတော့ မဟုတ်ဘူးနော်…” လင်းရီ ပြောလိုက်ပြီး “ တုန်းတုန်းက ငယ်သေးတယ်ဆိုပေမယ့် အမြင်တော့ မကန်းသေးဘူး… ဘာလို့ ကိုယ့်ဘာကို အရှက်ခွဲချင်နေရတာ…”
“ ကျွန်မက ဘယ်မှာ ကိုယ့်အရှက်ကို ခွဲနေလို့…ကျွန်မကို လိုက်ပိုးပန်းနေတဲ့လူတွေ တန်းစီလိုက်မယ်ဆိုရင် လမ်းတစ်ခုလုံးတောင် ပြည့်နှက်သွားနိုင်တယ်နော်….ကျွန်မကသာ ဒီတိုင်း ပြန်မကြိုက်လို့….“
“ဟားဟား.... ငါ မင်းကို မကြိုက်လို့ မနာလို ဖြစ်နေတာမလား…”
“ မဟုတ်ပါဘူး…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ရှင်က ဘာမှ မသိသေးတဲ့ ကလေးလေးရှိသေးတာ.. ကျွန်မက အဲ့လို ဆင်းရဲပြီး ကျိုးကြောင်းမသင့်တဲ့ ကလေးတွေကို မချစ်တတ်ဘူး…”
“ အဲ့တာဆို အဘိုးကြီး သွားရှာလေ… အဘိုးကြီးတွေက ရင့်ကျက်ပြီး တည်ငြိမ်တယ်.. သူတို့က မင်းကို လတိုင်း အနိမ့်ဆုံး လစာ ကမ်းလှမ်းပေးနိုင်တယ်… အဲ့လိုလူမျိုးတွေကမှ မင်းနဲ့ အံကိုက်….”
“ အစ်မကျီ… ကြည့်ဦး… သူ ညီမကို အဘိုးကြီးနဲ့ ပေးစားနေပြန်ပြီ….”
ကျီချင်းရန် ထိုနှစ်ယောက်အား ဆွံ့အစွာ ကြည့်လိုက်ပြီး “ နင်တို့ နှစ်ယောက် … ပိုပြီးတော့ ပုံမှန်လေး ပြုမူလို့ မရဘူးလား… လင်းယွမ်အုပ်စုက ကုမ္ပဏီကြီးနော်… နင်တို့ဒီလိုမျိုးတွေ ပေါ့ပြက်ပြက်လုပ်နေရင် အဆုံးသတ်သွားလိမ့်မယ်…”
“ ကောင်းပြီလေ… ကိုယ် ချင်းရန်စကား နားထောင်ပြီးတော့ သူ့ကို မျက်နှာသာ တစ်ချို့ ပေးလိုက်မယ်….”
“ နင်တို့နှစ်ယောက်က စကားထပ်ပြောစရာ အကြောင်းကို မရှိတော့ဘူး… “
ဟော်ယွမ်ယွမ်၏ အမူအရာမှာ ခါးသီးသွားခဲ့ပြီး “ အစ်မကျီတောင် ပြောင်းလဲသွားပြီပဲ…”
သုဿန်ထဲမှ ထွက်လာခဲ့ပြီးနောက် ကျီချင်းရန် သူမ၏ ဆံပင်ကို လက်ချောင်းလေးများဖြင့် ထိုးဖွလိုက်ကာ “ မွန်းလွဲပိုင်းကျရင် လမ်းခဏလောက် ထွက်လျှောက်ရအောင်… ငါတုန်တုန်ကို ပစ္စည်းနည်းနည်းပါးပါး ဝယ်ပေးပြီးမှ ရန်ချိန်ကို သွားကြမယ်လေ… ဘယ်လိုထင်လဲ…”
“ ငါကတော့ ဘယ်လိုပဲ လုပ်လုပ် အဆင်ပြေပြီးသား…”
“ မကြီး သားကို အဝတ်အစားတွေ အများကြီး ဝယ်ပေးပြီကိုပဲ…ထပ်ဝယ်ပေးစရာ မလိုတော့ပါဘူး… ခု သွားလို့ မရဘူးလား….”
“ တုန်းတုန်းက ခု သွားချင်နေလို့လား… အဲ့လောက်ကြီး လောစရာ မလိုပါဘူး… နောက်တစ်ရက်လောက်တော့ ဒီမှာ ထပ်နေလိုက်နော်…”
“ ဒါပေမယ့် သားက ခုပဲ သွားချင်ပြီ… ဒီမှာ ဆက်နေနေရင် ဘွားဘွားအကြောင်းပဲ တွေးနေမိမှာ…”
ကျီချင်းရန် လင်းရီကို တစ်ချက်ကြည့်လိုက်၏။ လင်းရီ ခေါင်းညိမ့်ပြလိုက်ပြီး “ ခုပဲ သွားကြတာပေါ့… မကြာခင် သူလည်း ပတ်ဝန်းကျင်အသစ်နဲ့ နေသားကျသွားမှာပါ….”
“ အွန်း.. အဲ့လိုဆို ငါ လေယာဉ်လက်မှတ် ဖြတ်လိုက်တော့မယ်…”
“ ဘော့စ် .. ရှင်က ခု သွားတော့မလို့လား…” ဟော်ယွမ်ယွမ် မေးလိုက်၏။
“ အင်း.. ဘာလဲဖြစ်လို့…”
“ ကျွန်မတို့ ရင်းနှီးမြုပ်နှံမယ့် ကုမ္ပဏီတွေကို စာရင်းလုပ်ထားတယ်… အဲ့ထဲက တစ်ခုက ရန်ချိန်မှာ…. ဘော့စ် အဆင်ပြေရင် လမ်းကြုံ ဝင်ကြည့်ခဲ့ပါလားလို့….”
လင်းရီ ခေတ္တတိတ်ဆိတ်သွားပြီး “ စောင့်ကြည့်တာပေါ့… တကယ်လို့ အချိန်လောက်တယ်ဆိုရင် တစ်ချက်သွားကြည့်လိုက်မယ်…”
“ ကောင်းပြီလေ… အဲ့တာဆို ကျွန်မ သူတို့ကို အရင်ဆုံး အသိပေးထားလိုက်မယ်….”
“ အင်း..စီစဉ်ထားလိုက်.. ဒါပေမယ့် သွားဖြစ်မသွားဖြစ်တော့ မသေချာဘူးနော်…”
အတိတ်တွင်တုန်းက လင်းရီ ရင်းနှီးမြုပ်နှံခြင်း ကဏ္ဍကို လျစ်လျူရှုထားပြီး ၎င်းတို့စိတ်တိုင်းကျ ပြုလုပ်ရန် ခွင့်ပြုထားလေသည်။ သို့သော်လည်း ယခု ရင်းနှီးမြုပ်နှံမည့် စီးပွားရေးမှာ လီတိုဂရပ်ဖီစက်နှင့် စပ်လျဉ်းနေသောကြောင့် သေချာပေါက် အာရုံစူးစိုက်ထားရပေမည်။
သို့တိုင်အောင် သူသွားဖြစ် မသွားဖြစ်ကတော့ မသေချာပေ။
ရိုးရှင်းသည့် ညွှန်ကြားချက်တစ်ချို့ ပေးပြီးနောက် ဟော်ယွမ်ယွမ် ကုမ္ပဏီသို့ ပြန်သွားခဲ့၏။
ကျီချင်းရန်ကတော့ လေယာဉ်ချိန် ရမရ တစ်ချက်စစ်ဆေးနေလေသည်။သို့သော်လည်း လေယာဉ် တစ်စင်းမှ မရှိတော့ချေ။
ထို့ကြောင့် လင်းရီ ချင်းဟန်ထံ ဖုန်းဆက်၍ ကိုယ်ပိုင်လေယာဉ်တစ်စင်း ငှားလိုက်၏။ မကြာမီ ပြင်ဆင်မှုတစ်ချို့ ပြုလုပ်ပြီးနောက် ရန်ချိန်သို့ ပျံသန်းလာခဲ့လေသည်။
မွန်းလွဲသုံးနာရီသို့ ရောက်သောအခါ သုံးယောက်သား လန်ထျန်းဂေဟာသို့ ရောက်ရှိလာပြီး ကလေးများကတော့ ဂေဟာရှေ့ ကွင်းပြင်ကျယ်ကြီးတွင် ဆော့ကစားနေကြလေသည်။
“ ကိုကြီးရီ….”
လင်းရီရောက်လာသည်ကို မြင်တော့ ကစားနေကြသည့် ကလေးများအားလုံး အပြေးရောက်လာကာ လင်းရီနှင့် ကျီချင်းရန်ကို ဝန်းရံလိုက်ကြလေသည်။
“ ယောင်းမ မင်ဂါပါ…”
‘ဟမ်…’
ကျီချင်းရန် ' မရီး ’ ဟူသော အသုံးအနှုန်းကြောင့် ကြက်သေသေသွားခဲ့၏။
အရင်တုန်းက မမလို့ ခေါ်နေကြတာပါ… ဘာလို့ ရုတ်တရက်ကြီး မရီးလို့ ခေါ်နေကြတာ….
ကျီချင်းရန် ထိုင်ချလိုက်ပြီး ဖောင်းဖောင်းကစ်ကစ်နှင့် ဝတုတ်နေသည့် ကလေးမလေး၏ ပါးကို ညင်သာစွာ ဖျစ်ညစ်လိုက်ပြီး “ ဘာလို့ မမ လို့ မခေါ်တော့တာ….”
“ မေမေပြောတယ်...ခုကစပြီး မမကို မရီး လို့ပဲ ခေါ်ရမယ်တဲ့.. မမလို့ ခေါ်လို့မရတော့ဘူး…”
“ အာ….”
ယင်းက မျက်နှာ အရေမထူသည့် ကျီချင်းရန်ကို မျက်နှာလေးများ နီရဲလာစေသည်။
“ ဘာလို့လဲဟင်... မရီးလို့ ခေါ်တာကို မကြိုက်လို့လား… မကြိုက်ရင် မမလို့ပဲ ပြန်ခေါ်မယ်လေ….”
“ မဟုတ်ပါဘူး…” ကျီချင်းရန် တုန်အိနေသည့် ပါးကို ပြုံးလျက် ဖျစ်ညစ်လိုက်ပြီး “ ကြိုက်ပါတယ်….”
လင်းရီ ရန်ချိန်သို့ မရောက်လာခင် မေမေဝမ်အား အခြေအနေကို အကြမ်းဖျင်း ရှင်းပြပြီး ဖြစ်သောကြောင့် သူတို့နှစ်ယောက် ရောက်လာမည်အား ကြိုသိနေကာ ကလေးများအား မရီးဟု ပြောင်းလဲခေါ်ဝေါ်ရန် ပြောကြားထားလေသည်။
ယင်းက သူမ၏ အထောက်အထားကို ပို၍ ခိုင်မြဲသွားစေသည်။
အနည်းငယ် ရှက်ရွံ့နေပါသော်လည်း ကျီချင်းရန် ပျော်ရွှင်နေဆဲပင်။
ရုတ်ချည်း သူမနှင့် လင်းရီတို့က ပွင့်ပွင့်လင်း တွဲနေကြသူများကဲ့သို့ ခံစားလိုက်ရ၏။
ဘယ်လောက်တောင် ကောင်းလိုက်လဲ….
ခြံထဲသို့ ရောက်လာပြီး မကြာမီ ဝမ်ချွေ့ပင်းနှင့် ကျောက်ချွမ်းဖု ဂေဟာထဲမှ ထွက်လာခဲ့ကြသည်။
“ ဒါက တုန်းတုန်းလား…”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး ပြံး၍ “ အဖေနဲ့ အမေကို နှုတ်ဆက်လိုက်လေ..”
ဝမ်တုန်းတုန်း အနည်းငယ် စိုးရွံ့စွာဖြင့် ကျီချင်းရန်နောက်သို့ ပြေးပုန်းလိုက်ပြီး ဝမ်ချွေ့ပင်းနှင့် ကျောက်ချွမ်းဖုကို မဝံ့မရဲလေး ချောင်းကြည့်လိုက်သည်။
“ရပါတယ်…ကလေးက ခုမှ ရောက်တာကို အဲ့လိုခေါ်ဖို့ဆိုတာ ခက်ခဲနေမှာပေါ့…”
ယခုလို ကိစ္စများကို ကိုင်တွယ်ရာ၌ ဝမ်ချွေ့ပင်းမှာ အထူးတလှယ် ကျွမ်းကျင်လှသည်။
ဧရာမ အဖြစ်အပျက်ကြီးနှင့် ကြုံတွေ့ပြီးနောက် အကျွမ်းတဝင်ဖြစ်စေရန် အချိန် တစ်ချို့လောက်တော့ ပေးရပေမည်။ ထို့ကြောင့် ယခုလို ပြုမူနေသည်က သာမန်ပင်။
“ သွားစို့.. အပြင်မှာပဲ ဒီတိုင်း ရပ်မနေကြနဲ့… အစားအသောက်တွေ အကုန်အဆင်သင့်ဖြစ်နေပြီ… စားကြစို့….” ဝမ်ချွေ့ပင်း ပြောလိုက်သည်။
“ ခဏလောက် စောင့်ပါဦးလား… ခနနေဆို နင်ယွဲ့လည်း ရောက်လာတော့မှာ….” ကျောက်ချွမ်ဖု ပြောလိုက်၏။
“ နင်ယွဲ့လည်း လာမှာလား…”
“ အဲ့ကောင်မလေးက အမြဲတမ်း အဲ့အတိုင်းပဲ မဟုတ်ဘူးလား… ရီလေး ဒီရောက်လာရင် သူလည်း ရောက်လာတယ်လေ…” ကျောက်ချွမ်ဖု အပြုံးလေးဖြင့် ပြောလိုက်၏။
“ အစ်ကိုရီ…. ယောင်းမလေး…”
ထိုအခိုက်အတန့်တွင် ကော်နင်ယွဲ့၏ အသံမှာ နောက်မှ ထွက်ပေါ်လာလေသည်။ သူမ သော့သော့လေး ပြေးလာပြီး ကျီချင်းရန် လက်မောင်းကို ဖက်တွယ်ကာ အပြုံးလေးဖြင့် “ ယောင်းမကတော့ လှပြီးရင်း လှနေတော့တာပဲ… ညီမတောင် မိန်းမသားချင်း အရမ်း မနာလို ဖြစ်လာပြီ…”
“ နင်လည်း နင့် အစ်ကိုအတိုင်းပဲ… လူတွေကို ဘယ်လို မြောက်ပြောရမလဲ ဆိုတာ အရမ်းသိ…”
“ ခစ်ခစ်… မဟုတ်ပါဘူး… ညီမက တကယ်မနာလို ဖြစ်နေတာ… ယောင်းမက လှရုံတင်မဟုတ်ဘူး.. ကိုယ်လုံးကိုယ်ပေါက်လည်း အရမ်းမိုက်… သွားရည်တောင် ကျလာပြီ…”
“ ဟော ကြည့် ခုဆို နင့်အစ်ကိုနဲ့ ပိုတောင် တူသွားပြီ…”
လင်းရီ “ …. “
“ သွားစို့… လူစုံပြီဆိုတော့ ထမင်းစားကြတာပေါ့…”ကျောက်ချွမ်ဖု ပြောလိုက်ပြီး “မင်းတို့ရဲ့ မေမေဝမ်က ဒီနေ့ မင်းတို့ လာမယ်မှန်းသိတော့ ရှယ်တွေ လက်စွမ်းပြထားတာနော်… ငါတောင် ဒီလိုမျိုး စားရခဲတယ်…”
“ ဟီးဟီး… သွားကြစို့…”
သုံးထပ်မြောက်သို့ ရောက်သောအခါ စားပွဲပေါ်တွင် ဟင်းပွဲ ဆယ်မျိုးခန့် ရှိနေကြောင်း မြင်တွေ့လိုက်ရသည်။ ပုစွန်၊ ဂဏန်း၊ ဝက်နံရိုး နှင့် အမဲသားဟင်းလျာများ ရှိနေပြီး သာမန်လူများ အမြင်တွင်တော့ ယင်းက အထူးစားတော်ပွဲကြီးပင်။
“ ယွဲ့ယွဲ့ .. နင်ခုတလော ဘာတွေလဲ လုပ်နေတာ…” ကျီချင်းရန် သာမန်လေသံဖြင့် မေးလိုက်၏။
“ ကျွန်မလား.. ဟီးဟီး… စထွင်မာလုပ်နေတာ…”
“ စထွင်မာ…”
လင်းရီနှင့် ကျီချင်းရန်တို့ အနည်းငယ် အံ့အားသင့်သွားခဲ့၏။
ဒီဟာမလေးက ငါနဲ့ စီးပွားပြိုင်ဘက် လုပ်တော့မလို့လားကွ…
“ အွန်း.. အဲ့အလုပ်က အရမ်း စိတ်ဝင်စားဖို့ကောင်းတာ.. ညဘက် အလုပ်တွေ ပြီးလို့ရှိရင် ခဏလောက် တိုက်ရိုက်ထုတ်လွင့်တယ်လေ… ခု လဝက်ပဲရှိသေးတာတောင် ယွမ် နှစ်ထောင်ရနေပြီ ...ဆိုတော့ ပိုပြီးသာ ကြိုးစားလုပ်ရင် အဓိကအလုပ်ထက်တောင် ပိုပြီး ဝင်ငွေကောင်းသွားဦးမယ်…”
“ ဒါပေမယ့် အဲ့အလုပ်က ရေရှည်အတွက်ကျတော့ ဘယ်ကောင်းမှာ… “
“ နင့်အစ်ကိုရဲ့ ကုမ္ပဏီ .. ဒါမှမဟုတ်.. ငါ့ကုမ္ပဏီ လာခဲ့ပါလား… ငါတို့ နင့်ကို ဆိုးဆိုးရွားရွားကြီး မဆက်ဆံပါဘူးဟ…”
ကော်နင်ယွဲ့ ရယ်မောလိုက်ပြီး “ ယောင်းမနဲ့ အစ်ကိုက ကောင်းကောင်းဆက်ဆံပေးမယ်ဆိုတာတော့ သိတာပေါ့… ဒါပေမယ့် တကယ်လို့ ကုမ္ပဏီ ဝန်ထမ်းသာ ကြီးမြတ်တဲ့ ဥက္ကဌလင်းရဲ့ ညီမလေးက ထမင်းစားဖို့ ကုမ္ပဏီမှာ အလုပ်လုပ်ရနေတယ်ဆိုရင် အစ်ကို့ကို မျက်နှာ မပျက်သွားစေဘူးလား…”
“ ဒီကလေးမလေး ကတော့… အသက်လည်းကြီးလှပြီကို အရှက်တရားလေးများ ရှိပါဦးဟဲ့…” ဝမ်ချွေ့ပင်း ဟာသနှော၍ ဆူလိုက်ပြီး “ နင့်အစ်ကိုနဲ့ ယောင်းမလေးရဲ့ ပိုက်ဆံတွေကလည်း လေထဲကနေ ရောက်မလာဘူးဆိုတာ သိရဲ့လား…”
“ ခုလည်း ဂေဟာကို အစ်ကိုကပဲ ထောက်ပံ့ပေးထားတာ မဟုတ်ဘူးလား.. သမီးလည်း ဂေဟာကပဲလေ… ဒီတော့ ထောက်ပံ့ပေးရမှာပေါ့လို့..”
“ အဲ့လို ရှက်ဖို့ ကောင်းတဲ့ စကားတွေ မပြောစမ်းနဲ့… နင့်အစ်ကိုလည်း ဒီလိုညီမမျိုးပိုင်ဆိုင်ထားတာ ရှေးဘဝက ဘယ်လောက်တောင် ကံဆိုးခဲ့လို့လဲ မသိ…”
“ မေမေဝမ်ပြောတာကို သမီးလည်း ထောက်ခံတယ်….”
“ သမီး.. မေမေနင့်ကို ကြုံတုန်း တစ်ခါတည်းပြောလိုက်မယ်.. နင့်အစ်ကိုက ချမ်းသာနေတယ်ဆိုရင်တောင်မှ နင်အလုပ်ကြိုးစားရမှာပဲ.. မဟုတ်ရင် အသုံးမဝင်တဲ့ အမှိုက် ဖြစ်သွားလိမ့်မယ်…”
“ဟီးဟီ... လှပတဲ့ အမှိုက်လေး ဖြစ်ရတာ ကောင်းတယ်လေ…” ကော်နင်ယွဲ့ အရှက်ကင်းမဲ့စွာ ဆိုလိုက်ပြီး “ သမီးငယ်ငယ်တုန်းက မေမေတို့ပဲ ထက်မြက်တဲ့သူ ဖြစ်အောင် သင်ယူဖို့ ပြောခဲ့တာ မဟုတ်ဘူးလား… အဲ့တာမှ ကြီးလာရင် သူများ လက်အောက်ခံ မဖြစ်မှာလေ… ခု သမီး သဘောပေါက်သွားပြီ… သမီးသာ အသုံးမဝင်ဘူးဆိုရင် ဘယ်သူကမှလည်း သမီးကို အသုံးချချင်ကြမှာမဟုတ်ဘူး….အဲ့လိုဆို သူများ လက်အောက်ခံလည်း မဖြစ်တော့ဘူး....”
သို့နှင့် ကော်နင်ယွဲ့ လင်းရီကိုကြည့်လိုက်ပြီး “ ဟုတ်တယ်မလား ကိုကြီး… ကိုကြီးက သမီးကို လှပတဲ့ အမှိုက်လေး ဖြစ်ခွင့်ပေးမှာနော…”
“ ငါစီးတဲ့ဖိနပ် မင်းမျက်နှာပေါ် ရောက်ချင်ရင် ဆက်ပြော….”
“ မေမေ .. ကိုကြီးကို ပြောဦး.. သူ သမီးကို ရိုက်တော့မယ်….”
“ ရိုက်ပါလေ့စေပေါ့… “ ဝမ်ချွေ့ပင်း ပြောလိုက်ပြီး “ နင်တို့ နှစ်ယောက် ဒီက ထွက်သွားတာ အတူတူပဲ… ဒါပေမယ့် နင့်ကိုကြီးကို ကြည့်လိုက်စမ်း… သူ ငါ့အတွက် ချွေးမလေး ခေါ်လာခဲ့ပေးတယ်.. နင်ကကော ဘယ်အချိန်မှ သားမက် ခေါ်လာခဲ့ပေးမှာ…”
“ သမီးမှာလည်း ကောင်လေးရှိပါတယ်နော်…နောက်ကျ မေမေတို့ တွေ့ရအောင်လို့ ခေါ်ခဲ့ပေးမယ်…”
“ ဟင် … နင်ဘယ်အချိန်တုန်းက ကောင်လေး ရသွားတာ… ငါတို့လည်း မသိလိုက်ရပါလား…” ဝမ်ချွေ့ပင်းနှင့် ကျောက်ချွမ်းဖုတို့ ရှော့ခ်ရသွားခဲ့ကြ၏။
လင်းရီနှင့် နှိုင်းယှဉ်မည်ဆိုပါက လင်မယားနှစ်ယောက်လုံးမှာ ကော်နင်ယွဲ့ကို ပိုပြီး ဂရုစိုက်ကြလေသည်။
မည်သို့ပင်ဆိုစေ သူမက မိန်းကလေးဖြစ်၏။ အကယ်၍ မကောင်းသည့် သူတစ်ဦးနှင့် အိမ်ထောင်ကျသွားခဲ့သည် ရှိသော် တစ်ဘဝလုံး နစ်နာသွားနိုင်လေသည်။
“ သမီး အလုပ်မှာ သူနဲ့ ဆုံခဲ့တာ… သူ့မိသားစုလည်း တော်တော်လေး ချမ်းသာတယ်..”
“ ရှောင်ယွဲ့.. နင် သူ့ကို မေမေတို့ အခြေအနေအကြောင်း ပြောပြပြီးပြီလား…” ဝမ်ချွေ့ပင်း မေးလိုက်ပြီး “ နင် တစ်ခုတော့ နားလည်ထားရမယ်.. ဂေဟာက ကြွယ်ဝနေတယ်ဆိုပေမယ့် အကုန်လုံးက နင့်အစ်ကို ပိုက်ဆံတွေချည်းပဲနော်… သူတို့ကို သေချာလေး ရှင်းပြထားမှရမှာ…”
“ နင့်အမေပြောတာ မှန်တယ်…” ကျောင်ချွမ်ဖု ထပ်ပေါင်း ပြောလိုက်ပြီး “ ရုပ်ချောပြီး ချမ်းသာတဲ့ကောင်တွေကို ရှာမနေနဲ့.. အဲ့ကောင်တွေက ဘာမှ မှီခိုလို့ ရတဲ့ကောင်တွေမဟုတ်ဘူး… တကယ်လို့ အိမ်ထောင်ဖက်ရှာမယ်ဆို တာဝန်ကျေပွန်ပြီး ကိုယ့်အပေါ် ကောင်းကောင်းဆက်ဆံပေးမယ့်သူကိုပဲ ရွေး…”
“ အန်ကယ်ပြောတာ မှန်တယ်…” ကျီချင်းရန် ထောက်ခံပြောဆိုလိုက်၏။
“ တော် ဘာမဟုတ်တာတွေ လျှောက်ပြောနေတာ… “ ဝမ်ချွေ့ပင်း စောဒကတက်လိုက်ပြီး “ ကျွန်မသားလေးကလည်း ရုပ်ချောပြီး ချမ်းသာနေတာပဲ မဟုတ်ဘူးလား.. ချွေးမလေးကိုလည်း ကောင်းကောင်း ဆက်ဆံနေတာပဲလေ…”
“ ရီလေးကတော့ ခြွင်းချက်ပေါ့ကွာ.. မင်းကလည်း.. ငါပြောတာ အားလုံးခြုံငုံပြီး ပြောလိုက်တာပါဟ…”
“ အင်း.. အဲ့လိုဆို မှန်တယ်…”
“ မပူပါနဲ့… သမီး တစ်ဖက်သူတွေကို ပြောပြပြီးသွားပြီ… ကိုယ့်ကိုယ်ကို ကာကွယ်မှာမို့လို့ ဘာမှ စိတ်ပူမနေကြနဲ့.. မဟုတ်လည်း မေမေတို့ အကဲခတ်ကြည့်လို့ရအောင် သူ့ကို ဒီခေါ်လာလိုက်မယ်လေ….”
“ နင့်ကိုကြီးနဲ့ ယောင်းမကို ကိုင်တွယ်ခိုင်းလိုက်…. သူတို့ အကဲခတ်တာက ပိုကောင်းလိမ့်မယ်…”
“ ရတယ်လေ….”
မိသားစုမှာ ညရောက်သည်အထိ ပျော်ရွှင်စွာဖြင့် စားသောက်ရင်း စကားဝိုင်းဖွဲ့ခဲ့ကြလေသည်။
သို့သော်လည်း သူတို့ ထွက်သွားသည့်အချိန်တွင်တော့ လင်းရီနှင့် ကျီချင်းရန်မှာ ဝမ်တုန်းတုန်းကို ဂေဟာ၌ ချန်ထားရစ်ခဲ့၏။
ယခုအချိန်မှစ၍ သူ ဤဂေဟာ၌ နေထိုင်ရမည်။ သူတို့ မခွဲရက်သည့် အပြင် ဝမ်တုန်းတုန်းကိုယ်၌က နေသားကျဦးမည် မဟုတ်သော်လည်း အကုန်လုံးက အမှန်တရားကို လက်ခံရမည်ဖြစ်၏။
လူသားတို့ မစွမ်းဆောင်နိုင်သည့် အချို့ကိစ္စများလည်း ရှိသေးလေသည်။
“ကိုကြီး … ကိုကြီးနဲ့ ယောင်းမက ဒီကို လာဖို့ဆိုတာလည်း လွယ်တာမဟုတ်ဘူးလေ… ဒီမှာကြာကြာနေပြီး ဟိုဟိုဒီဒီ လျှောက်လည်ကြပါဦးလား…” ဂေဟာမှ ထွက်လာပြီးနောက် ကော်နင်ယွဲ့မှ ပြောလိုက်သည်။
“ ငါကတော့ ကိစ္စမရှိဘူး… ဒါပေမယ့် မင်းရဲ့ ယောင်းမမှာက လုပ်စရာတွေအများကြီးပဲ… အဆင်ပြေမပြေ သူ့ကိုသာ မေးကြည့်လိုက်…”
ကော်နင်ယွဲ့ ကျီချင်းရန်၏ လက်မောင်းကို ဖက်လိုက်ပြီး “ ယောင်းမ… နင်က အမြဲတမ်း အလုပ်များနေတယ်ဆိုတာ သိတယ်..ဒါပေမယ့် ဒီမှာ နောက်တစ်ရက်လောက် နေသွားပါဦးလား… မနက်ဖြန်ကျ ဈေးဝယ်ထွက်ကြမယ်လေ…. ပြီးရင် ညကျ ညစာစားရင်း ကိုကြီးတို့ အကဲခေတ်ဖို့
ကောင်လေးကိုလည်း ခေါ်လာခဲ့မယ်လေ… တကယ်လို့ ယောင်းမတို့သာ သဘောတူတယ်ဆိုရင် ညီမ သူနဲ့ ဆက်တွဲမယ်… မတူဘူးဆိုရင် ဖြတ်ပစ်လိုက်မယ်…”
ထိုအခါ ကျီချင်းရန်မှာ အနည်းငယ် အခက်တွေ့နေဟန်ဖြစ်နေပြီး “ ဒီမှာ နောက်တစ်ရက် ထပ်နေဖို့က ပြဿနာမရှိဘူး.. ဒါပေမယ့် အဲ့လိုမျိုး နှစ်ဦးနှစ်ဖက် ဆက်ဆံရေး ကိစ္စတွေမှာကျ နင့်ကိုကြီးနဲ့ ငါက ဆုံးဖြတ်ပေးလို့ မကောင်းဘူးလေ… နင့်ဘာနင်ပဲ ဆုံးဖြတ်… ငါတို့က အကြံပဲပေးမှာ…”
“ ရပါတယ်…. ညီမက ယောင်းမတို့ပြောတာကို နားထောင်ပြီးသား…” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ အရင်တစ်ခေါက်တုန်းက ညီမကောင်လေးကို ခေါ်လာတဲ့ အချိန်တုန်းက ကိုကြီးသာ မရှိဘူးဆိုရင် သူ့အကျင့်စရိုက်က အဲ့လောက်ဆိုးတယ်ဆိုတာ ညီမလည်း သိမှာ မဟုတ်ဘူး…”
“ အိုကေ အိုကေ… မနက်ဖြန်ကျ ငါကူပြီး အကဲခတ်ပေးမယ် ဟုတ်ပြီလား…” လင်းရီ သဘောတူလိုက်၏။
“ ဟီးဟီး…. အဲ့တာဆို အတည်ဖြစ်သွားပြီနော်… ညီမ မနက်ဖြန်မနက် လာခဲ့မယ်…”
“ မနက်ဖြန်က တနင်္လာဆိုတော့ မင်း အလုပ်မသွားဘူးလား…” လင်းရီ မေးလိုက်၏။
“ ကိုကြီးက ဒီလောက် ချမ်းသာနေတာကို ညီမဖြစ်သူက အလုပ်လုပ်နေရင် ကိုကြီး မျက်နှာ ဖြတ်ရိုက်လိုက်တာနဲ့ တူတူပဲ မဟုတ်ဘူးလား…”
သို့နှင့် ကော်နင်ယွဲ့ တက္ကစီတစ်စီး ငှားပြီး အပြုံးလေးဖြင့် ထွက်ခွာသွားကာ လင်းရီကို ဆွံ့အစေလျက် ချန်ထားရစ်ခဲ့လေသည်။
“ ဟင်း… ငါ့မှာ ဘာလို့ အဲ့လောက် မျက်နှာပြောင်တိုက်တဲ့ ညီမတစ်ယောက် ရှိနေရတာလဲကွာ…”
“ နင်က သူ့အစ်ကိုပဲလေ… အဲ့လောက်တော့ ရှိမှာပဲ မဟုတ်ဘူးလား…”