မနေ့ညက ဘယ်အချိန်မှ အိပ်ကြတာ...
Vol. 44 Ch. 653
ကျီချင်းရန် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ပြီး လင်းရီကို တွန်းထုတ်လိုက်၏။
“ နင့်ကို တခြားမိန်းကလေးတွေ မကြည့်နဲ့လို့ပဲ ပြောတာလေ… ငါ့အိပ်ရာပေါ် တက်လာခိုင်းလို့လား…”
“ ငါက မင်းရဲ့ အလှတရားကို ကြည့်ချင်နေတာလေ… မရဘူးလား…”
“ ဟွန့်... နင်က အခွင့်ကောင်းယူပြီး နှာဘူးဖြစ်ချင်နေတာမလား… ယွဲ့ယွဲ့က နင့်ကြောင့် လမ်းမှား ရောက်လိမ့်မယ်…”
“ စထွင်မာမလေးတွေကို မကြည့်နဲ့ဆိုတော့ မင်းကို ကြည့်ရမှာ သဘာဝပဲ မဟုတ်ဘူးလား.. ဒီတော့ ဘာပဲဖြစ်နေ ဖြစ်နေ… ကြည့်ရမှာပဲ…”
“ ဒီတိုင်း ကောင်းကောင်းပဲအိပ်… မဆိုးနဲ့…”
“ ဘာတွေ အိပ်ခိုင်းနေတာ… တကယ်လို့ ငါက ဘာမှမလုပ်ဘူးဆိုရင် ကုတင်ပေါ် တက်လာခဲ့မယ်ထင်လား…. “
“ နှာဘူးကောင်ကြီး.. နင်… အား… ယားတယ်လို့…”
………………………….
နွေးထွေးသည့် နေရောင်ခြည်မှာ အပြင်မှ ဖြာကျနေပြီး ကျီချင်းရန်မှာ လင်းရီ ရင်ခွင်ထဲတွင် ခွေခွေလေး အိပ်စက်နေသည်။ သူမ၏ မျက်နှာအမူအရာမှာလည်း အလွန်အမင်း သက်တောင့် သက်သာ ဖြစ်နေဟန်ပင်။
ဖြန်း..
လင်းရီ ကျီချင်းရန်၏ တင်ပါးကို ခပ်ဆတ်ဆတ်လေး ရိုက်လိုက်ပြီး “ အိပ်ပုတ်.. ထတော့ .. ရှစ်နာရီထိုးတော့မှာ….”
ကျီချင်းရန် တစ်ဖက်သို့ လှည့်သွားပြီး ကိုယ်ကို ဆန့်ကာ “ ဟာ....ငါ နည်းနည်းလောက် ထပ်အိပ်လိုက်ဦးမယ်.. နင် အရင်ထလိုက်…”
လင်းရီ အိပ်ရာထပြီး ရေချိုးလိုက်၏။ မကြာမီ အခန်းတံခါးခေါက်သံကို ကြားလိုက်ရပြီး ကော်နင်ယွဲ့မှ ဂါဝန်ဖြူ တစ်ထည်ကို ဝတ်ဆင်လျက် အခန်းရှေ့သို့ ရောက်နေလေသည်။
“ အမ်…ယောင်းမလေးကော…”
“ အထဲမှာ အိပ်တုန်း…”
“ ကိုကြီး မနေ့ညက ဘယ်လောက်တောင် ဆိုးထားလို့ ယောင်းမက ခုထိ မထနိုင်သေးတာ… အိမ်မှ အခွင့်အရေး မရှိတဲ့အတိုင်းပဲ… ကောလိပ်ကျောင်းသားတွေလည်း မဟုတ်… “
“ ဒါတွေ မင်း နားမလည်ပဲနဲ့ မပြောစမ်းနဲ့… “ လင်းရီ ပြောလိုက်ပြီး “ ဟိုတယ်က ခံစားချက်နဲ့ အိမ်က ခံစားချက်နဲ့က မတူဘူးကွ…”
“ ညီမကပဲ မရင့်ကျက်သေးလို့နေမှာ…”
ချလပ်…
ထိုစဉ် အိပ်ခန်း တံခါး ပွင့်လာပြီး “ နင့်အစ်ကို ပေါက်တတ်ကရပြောနေတာတွေကို နားထောင်မနေနဲ့… ငါတို့ မနေ့ညက ဘာမှ မဖြစ်ခဲ့ဘူး… ဒီတိုင်း အိပ်တာ နည်းနည်း ညဥ့်နက်သွားလို့…”
“ ဘာမှ မလုပ်ပဲနဲ့ ဘယ်လိုလုပ်ပြီး အိပ်တာ ညနက်သွားတာ… ရင်ချင်းထပ်ပြီး စကားတွေ ပြောနေကြတယ်နဲ့တူတယ်…”
ကျီချင်းရန် ပြောစရာ စကား ကင်းမဲ့သွားတော့၏။
ကော်နင်ယွဲ့ ရယ်မောလိုက်ပြီး ကျီချင်းရန်ထံ လျှောက်လာကာ “ ယောင်းမ မရှင်းပြချင်လည်း ရတယ်… အကုန်လုံးက လူကြီးတွေကိုပဲ… နားလည်ပါတယ်…”
ကျီချင်းရန် ငိုကြွေးချင်နေသော်လည်း မျက်ရည်များက ကျမလာခဲ့။ သူမ မည်မျှပင် ရှင်းပြစေကာမူ ထိုဟာမလေးက ယုံကြည်လိမ့်မည် မဟုတ်သောကြောင့် စိတ်ချမ်းသာသလိုသာ ခွင့်ပြုလိုက်လေသည်။
“ ခု မျက်နှာသစ်ပြီး မိတ်ကပ်လိမ်းလိုက်ဦးမယ်… ခဏနေမှ စားကြတာပေါ့…”
“ အေးဆေးလုပ်ပါ..” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ယောင်းမ နင်ဒီနေ့ ဘယ်သွားချင်လဲ… ညီမ ခေါ်သွားပေးမယ်လေ…”
“ အဲ့တာ နင့်ကိုကြီးကို မေးလိုက်… ငါက သူသွားတဲ့နောက် လိုက်မှာ….”
“ ကိုကြီးက ဘယ်လဲသွားမှာ….”
“ ဒီရန်ချိန်ကတော့ ရိုးအီနေပြီ… ဘယ်မှ ထပ်မသွားချင်တော့ဘူး…” လင်းရီ ပြောလိုက်ပြီး “ ဒီနေ့ ကုမ္ပဏီသွားပြီး ဘာပြဿနာမှ မရှိရင်တော့ ဟိုဒီ လျှောက်လည်ကြတာပေါ့ကွာ…”
“ အွန်း.. အဲ့တာဆို ညီမလည်း ကိုကြီးနဲ့ လိုက်ခဲ့မယ်… ဒါပေမယ့် ကတိပေးထားတာကို မမေ့နဲ့နော်…”
“ ဘာကြီးလဲ….”
“ ယောင်းမ… ကြည့်ပါဦး.. ကိုကြီးက သူဘာကတိပေးထားလဲဆိုတာ မေ့သွားပြီတဲ့….”
ကျီချင်းရန် မျက်နှာသုတ်နေရင်း “ နင် မနေ့က ယွဲ့ယွဲ့ရဲ့ ကောင်လေးကို အကဲခတ်ပေးမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား… ဘာလို့ အဲ့ကိစ္စကို မေ့နိုင်ရတာ… သူ့အစ်ကို မဟုတ်တဲ့ အတိုင်းပဲ….”
“ အာ ဟားဟား…” လင်းရီ ကိုးရို့ကားယား ရယ်မောလိုက်ပြီး “ မှတ်မိပါတယ်ကွ…ငါက မင်းရဲ့ မှတ်ဉာဏ်ကို စမ်းသပ်ကြည့်ချင်လို့ တမင် မေးလိုက်တာ…”
“ ဟွန့်… ကိုယ့်မသိတာများ သူများအပေါ် အပြစ်လွဲချနေတယ်..”
“ ကိုကြီးက အမြဲ အဲ့အတိုင်းပဲ…တခြား ဘာ စကေးမှတော့ မရှိဘူး… ဒါပေမယ့် အပြစ်လွဲချတဲ့ စွမ်းရည်ကတော့ အမြဲ ထိပ်တန်းပဲ…” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ညီမ ကျောင်းတုန်းကလေ… ကိုကြီးဆီကို ကောင်မလေးပေးလာတဲ့ ရည်းစားစာ မေမေ မိသွားတာ…အဲ့တာကို ညီမဆီပေးတဲ့ ရည်းစားစာပါဆိုလို့ ညီမမှာ စိတ်ရောဂါကု ဆရာဝန်ဆီတောင် ခေါ်သွားခံလိုက်ရသေး…”
၎င်းကိုကြားတော့ ကျီချင်းရန် ခိုးခိုးခစ်ခစ် ရယ်မောလိုက်၏။ သူမ ဤ မောင်နှမ နှစ်ယောက်ကို မည်သို့မျှ မတတ်နိုင်ချေ။
“ မင်းက အဲ့အကြောင်းတွေ ပြန်ဖော်နေတယ်ပေါ့… ကိုယ့်ဘာကို အောက်မကြည့်ပဲနဲ့ ဗွက်အိုင်ထဲ ပြုတ်ကျတာကို ကိုကြီးက တွန်းချတာပါဆိုပြီး တိုင်တာ ဘယ်သူလဲ…”
“ နင်က အစ်ကိုပဲလေ… ညီမလေးအစား အပြစ်ခံယူပေးရမှာ ဘာမှားနေလို့…”
“ မင်းလည်း ငါ့ညီမပဲလေ… အဲ့တော့ ကိုကြီးရဲ့ အပြစ်တွေကို ကာပေးရမှာ သဘာဝပဲ မဟုတ်ဘူးလား…”
“ ယောင်းမလေး….”
“ အိုကေ အိုကေ… နှစ်ယောက်လုံး တော်လိုက်တော့..”
“ နင် ကျိုးဟိုင်မှာတုန်းက ယွမ်ယွမ်နဲ့ နေ့တိုင်း ကိုက်တယ်… ခု ရန်ချိန်ရောက်ပြန်တော့လည်း ယွဲ့ယွဲ့နဲ့ တကြတ်ကြတ် …. ဘာလို့ အဲ့လိုကြီး လုပ်နေတာ… နည်းနည်းပါးပါး အလျော့ပေးမယ်ရယ်လည်း မရှိ….”
“ မင်းနားမလည်ပါဘူးကွာ… ငါက အပြင်လောကရဲ့ အန္တရာယ်တွေကို သိအောင် လုပ်ပေးနေတာ… အဲ့တာမှ နောက်ကျရင် သူ့အပေါ် ဘယ်သူမှ ကြောလို့မရမှာ… ခပ်စွာစွာလေးလေ....”
ကျီချင်းရန်လည်း လင်းရီကို ပြောလို့မနိုင်ပေ။ ထို့ကြောင့် လွှတ်ထားလိုက်တော့၏။
နှစ်ယောက်သား ကိစ္စဝိစ္စများပြီးနောက် ဟိုတယ်အောက်ထပ်သို့ ဆင်းကာ မနက်စာ စားကြလေသည်။ ထို့နောက် ဂေဟာသို့ သွားရန် ပြင်ဆင်ကြ၏။
“ ကိုကြီး… ကိုကြီးနဲ့ ယောင်းမက အပြင်မသွားဘူးဆိုတော့ ညီမလည်း အလုပ်သွားတော့မယ်…”
“ မင်း အဲ့မောလ်မှာ စာရင်းကိုင် လုပ်နေတုန်းပဲလား…”
“ အွန်း… ညီမ အလုပ် မပြောင်းရသေးဘူး…” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ခု ညီမရဲ့ လစာက ယွမ်ခြောက်ထောင်လေ… ပြီးတော့ အစ်မဝမ်ပြောတာ ညီမ အလယ်လတ်ဆင့် စာရင်းကိုင် လက်မှတ်ရပြီးသွားရင် နောက်ထပ် ခြောက်ရာ တိုးပေးဦးမှာ…”
လင်းရီ ခေါင်း တညိမ့်ညိမ့် လုပ်လိုက်ပြီး “ အဲ့အလုပ်က ပင်ပန်းလား…”
“ အဲ့လောက်ကြီးလည်း မပင်ပန်းပါဘူး…” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ တကယ်လို့ ပင်ပန်းရင် တိုက်ရိုက်ထုတ်လွင့်ဖို့ အချိန်ရှိမှာမှ မဟုတ်တာ…”
“ အင်း… အလုပ်ကြိုးစားတာတော့ ကောင်းပါတယ်… ဒါပေမယ့် ဒဏ်တော့ မဖြစ်စေနဲ့… မလုပ်ချင်လည်း မင်းကိုကြီး တစ်ယောက်လုံးက ကျွေးမွေးနိုင်ပါသေးတယ်…”
“ အိုကေ …”
“ အဲ့တာဆို အလုပ်သွားတော့..” လင်းရီ ပြောလိုက်ပြီး “ အလုပ်မှာ မလုပ်ချင်ဘူးဆိုလည်း မလုပ်နဲ့… လုပ်မယ်ဆိုရင်လည်း ရေသာမခိုနဲ့ … ဟုတ်ပြီလား…”
“ ရက်စ် ရက်စ်…”
ကော်နင်ယွဲ့ လင်းရီတို့နှစ်ဦးအတွက် ကားငှားပေးလိုက်၏။ လင်းရီတို့နှစ်ယောက် ကားထဲ ဝင်ပြီးနောက် သူမ ဖုန်းပြောသည့် လက်ဟန်ဖြင့် “ ကိုကြီး … ညီမပြောထားတာကို မေ့မနေနဲ့ဦးနော်… ညီမ ဖုန်းခေါ်လာမှာကို စောင့်နေ…”
“ အေးပါ… ငါမေ့နေရင်တောင် မင့်ယောင်းမက မေ့မှာမဟုတ်ဘူး.. အဲ့တာကြောင့် အချိန်ဖြုန်းမနေနဲ့…. အလုပ်သွားတော့…”
“ သိပါတယ်…. ညီမက စိတ်ချရအောင် ထပ်သတိပေးနေရတာ….”
ထို့နောက် နှစ်ယောက်သား လန်ထျန်း ဂေဟာသို့ ထွက်လာကြလေသည်။
ယနေ့ ဂေဟာရှေ့ ကစားကွင်းထဲတွင်တော့ ကလေးသိပ် ရှိမနေချေ။ အဘယ်ကြောင့်ဆိုသော် တုန်းတုန်း အပါအဝင် ကလေးအများစုမှာ ကျောင်းသွားတက်ကြသောကြောင့် ဖြစ်၏။
ကျန်နေခဲ့သည့် ကလေးများကတော့ Kg အရွယ် ခုနစ်နှစ်အောက်လေးများသာဖြစ်ပြီး ၎င်းတို့ကိုတော့ ဂေဟာရှိ ဆရာမများကသာ သင်ကြားပေးလေသည်။
“ အမေ… ကျွန်တော် ဘာလုပ်ပေးရဦးမလဲ….ရှိရင်ပြောနော်… ဒီနေ့တစ်ရက်အားတယ်…”
“ ဘာမှမရှိဘူး.. နင် ဘာမှ စိတ်မပူနဲ့… အမေ့ချွေးမလေးက အလုပ်များနေတာဆိုတော့ အပြင်ထွက်လည်ဖို့ အချိန် သိပ်ရှိရှာမှာ မဟုတ်ဘူး… နင်သူ့ကို အပြင်လေးဘာလေး ခေါ်သွားပေါ့…”
“ ရတယ် အန်တီ.. သမီးက မသွားရလည်း ကိစ္စ မရှိပါဘူး…”ကျီချင်းရန် အပြုံးဖြင့် ပြောလိုက်၏။
“ မေမေလည်း အကူအညီ မလိုဘူး.. နင်တို့ ကြိုက်တာသာ လုပ်ကြ… အိမ်မှာ နေတဲ့အတိုင်း လွတ်လွတ်လပ်လပ်သာနေ…”
“အင်း…”
“ ရီလေး.. ချွေးမလေး.. ဒီခန လာကြပါဦးဟ…”
တစ်ဖက် ကော်ရစ်ဒါမှ ကျောက်ချွမ်းဖု လက်ပြခေါ်လာသည်။
“ အဖေ ဘာလဲဖြစ်လို့…”
“ ငါမင်းတို့ နှစ်ယောက်ကို အလုပ်ပေးမယ်..”
ကျောက်ချွမ်းဖု နှစ်ယောက်ကို အတွင်းခန်းထဲသို့ ခေါ်လာခဲ့ပြီး စားပွဲပေါ်တွင်တော့ အဝတ်ညှပ် ကလစ်များဖြင့် ညှပ်ထားသည့် စာရွက်စာတမ်း သုံးခု ရှိနေလေသည်။
“ တစ်ယောက်ယောက် ကလေး မွေးစားမလို့လား…”
“ အင်း…” ကျောက်ချွမ်းဖု ခေါင်းညိမ့်လိုက်ပြီး “ မိသားစု သုံးစု ရောက်လာတယ်… အားလုံးက ကလေးမရနိုင်လို့ မွေးစားချင်တဲ့ သူတွေချည်းပဲ… အဲ့တာငါ့ကို သတင်း အချက်အလက်တွေ တစ်ချက် ကူစစ်ပေးပြီးတော့ ပြဿနာ ရှိမရှိ စစ်ဆေးပေးစမ်းပါ…”
“ အိုကေ…”
ဂေဟာတွင် ကြီးပြင်းလာသောကြောင့် လင်းရီ ယခုလို လုပ်ငန်းစဉ်များနှင့် ရင်းနှီးနေပြီး ဘာလုပ်ရမလဲ ဆိုတာကို နားလည်ပေသည်။
“ကောင်းပြီ.. ဒီလိုဆို ရီလေးတို့ နှစ်ယောက်နဲ့ ထားခဲ့လိုက်တော့မယ်..ကလေး တစ်ချို့ရဲ့ ကုတင်တွေက ကျိုးနေတော့ သွားပြီး ဂဟေပြန်ဆော်လိုက်ဦးမယ်..”
“ အင်း… ကျွန်တော်တို့နဲ့ လွှဲထားခဲ့လိုက်…”
ညွှန်ကြားချက်များပေးပြီးနောက် ကျောက်ချွမ်းဖု ထွက်ခွာသွားခဲ့ကာ ကျီချင်းရန် စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ကိုင်ကြည့်လိုက်သည်။
သူမ ရုတ်ချည်း ကလေးများအား အဝေးသို့ မပို့ပစ်ချင်သည့် ခံစားချက်အားရရှိလိုက်၏။
“ ဘာလို့လဲ… သက်တောင့်သက်သာ မဖြစ်ဘူးလား…”
“ အွန်း… ကိုယ်နဲ့ အနေနီးတဲ့သူတွေကို ဒီလိုမျိုး အဝေးပို့လိုက်ရမယ်လို့ တွေးကြည့်လိုက်တိုင်း ငါတကယ် မခံစားနိုင်ဘူး…”
“ မပူပါနဲ့.. ကလေးတွေ အခြေအနေကလည်း မဆိုးရွားပါဘူး…” လင်းရီ ပြောလိုက်ပြီး “ ခု ဂေဟာက ငါ့အထောက်အပံ့နဲ့ လည်ပတ်နေတယ်ဆိုတော့ မေမေဝမ်က စည်းမျဉ်းအသစ်ထုတ်ထားတယ်လေ… သုံးနှစ်အထက် ကလေးတွေကို ခေါ်လို့ မရဘူး… သူတို့ ထွက်သွားချင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့…”
“ အဲ့တာဆို သုံးနှစ်အောက်တွေကျတော့ကော…”
“ သုံးနှစ်အောက်ကျတော့ သူတို့ရဲ့ ပင်ကိုယ် အသိစိတ်က မမွေးဖွားသေးဘူးလေ.. ဆိုတော့ မေမေဝမ်က သူတို့အတွက် မိသားစုဝင်ကောင်းတွေ ရှာပေးချင်တယ်…” လင်းရီ ပြောလိုက်ပြီး “ နောက်ဆုံး ဂေဟာက ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော မိဘမဲ့ ဖြစ်နေတုန်းပဲလေ….”