← Chapters

အခန်း (၆၅၄) လူ့သဘာဝ

Vol. 44 Ch. 654

အခန်း (၆၅၄) လူ့သဘာဝ

Vol. 44 Ch. 654

“ နင်ပြောတာလည်း မှန်ပါတယ်… “ ကျီချင်းရန် ခေါင်းညိမ့်လိုက်ပြီး “ ဒါပေမယ့် တကယ်လို့ ကလေးကို ခေါ်သွားပြီးတော့မှ မွေးစားမိဘတွေက သေချာ မစောင့်ရှောက်ဘူးဆိုရင်ကော…”

“ အဲ့ကိစ္စလည်း သိပ်စိုးရိမ်နေစရာတော့ မလိုပါဘူး..” လင်းရီ ပြောလိုက်ပြီး “ မွေးစားမိဘတွေ အကုန်လုံးက သေချာရွေးချယ်ထားတဲ့ ဒီဒေသတစ်ဝိုက်တွေကပဲ… ပြီးတော့ သုံးလေးလတစ်ခါ လာလည်ရတယ်… တကယ်လို့ တစ်ခုခု မူမမှန်တာ တွေ့တယ်ဆိုရင် ကလေးကို ချက်ချင်း ပြန်ခေါ်မှာပဲ… အဲ့တာကြောင့်မို့ နှစ်တွေအကြာကြီး ဘာ မတော်တဆမှုတွေမှတော့ မဖြစ်ခဲ့ဖူးဘူး…. ဘာလို့လဲဆိုတော့ လာပြီး မွေးစားတဲ့သူတွေက ကလေးမရနိုင်တဲ့ စုံတွဲတွေချည်းပဲလေ…. အဆိုးဆုံး သူတို့ မိသားစု အခြေအနေ ဆိုးရွားရင် ဆိုးရွားလိမ့်မယ်.. ဒါပေမယ့် ကလေးကိုတော့ မညှဥ်းပန်းကြပါဘူး…”

ကျီချင်းရန် ခေါင်းညိမ့်လိုက်ပြီး လင်းရီ ဆိုလိုသည်ကို နားလည်သွားခဲ့သည်။

အကယ်၍ တစ်စုံတစ်ယောက်မှ ကလေးများအား သဘောမကျပါက အစကတည်းက မွေးစားဖို့ လာခဲ့လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူမ များများစားစား စိတ်ပူပေးနေရန် မလိုချေ။

“ ဒါဆို ငါတို့က အချက်အလက်တွေကို ဘယ်လိုမျိုး အတည်ပြုပေးရမှာ…”

“ ရဲဌာနကို ဖုန်းခေါ်ပြီး စစ်ဆေးတယ်လေ…” လင်းရီ ပြောလိုက်ပြီး “ လန်ထျန်း မိဘမဲ့ ဂေဟာကပါလို့ ပြောလိုက်ရင် သူတို့က ကူညီပြီးတော့ မွေးစားမယ့်သူတွေရဲ့ အချက်အလက်ကို စစ်ဆေးပေးတယ်… အဲ့ဒီကနေ တဖြည်းဖြည်း သုံးသပ်ကြည့်ပြီးတော့မှ မွေးစားဖို့ အရည်ချင်း ပြည့်မှီမမှီ အကဲဖြတ်တာ…”

“ ကောင်းပြီလေ.. ငါနဲ့ လွှဲထားခဲ့လိုက်..”

မွေးစားမည့် စာရွက်စာတမ်းမှာ သုံးခုတည်းသာ ရှိသောကြောင့် အလုပ်ဝန်မှာ သိပ်မများလှချေ။ ထို့ကြောင့် နာရီဝက်အတွင်း သုံးသပ်ပြီးသွားလေသည်။ သို့သော်လည်း ဝမ်ချွေ့ပင်းနှင့် ကျောက်ချွမ်းဖုတို့မှ ရဲစခန်းသို့ ကိုယ်တိုင်ကိုယ်ကျ သွားပြီး နောင်တစ်ချိန် ဖော်ထုတ်ခံရမည့် အရေးမှ ကာကွယ်ရန် စေ့စပ်သိကျသည့် အချက်အလက်များကို သွားရောက် စုဆောင်းရဦးမည်ဖြစ်၏။

“ ရီ… ဒီ မိသားစု အခြေအနေက တော်တော်လေး မဆိုးဘူးပဲ… သူတို့ မိသားစုက ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလည်း ရှိတယ်… ပြီးတော့ အထူးသဖြင့် ကလေးမရနိုင်တဲ့ သူ့ဇနီးက ကလေးတွေကို အရမ်းချစ်တတ်တယ်ဆိုပြီးတော့တောင် ရေးထားသေးတယ်.. ဒီလိုမိသားစုမျိုးနဲ့ဆိုရင် ကလေးလည်း ဒုက္ခရောက်မယ် မထင်ဘူး…”

“ ဟမ်… သူ့ ဇနီးက ကလေးမရနိုင်ဘူး…”

ထိုင်ခုံပေါ်တွင် ဂိမ်းထိုင်ဆော့နေသည့် လင်းရီမှာ ၎င်းကိုမြင်တော့ ထူးဆန်းသည့် အမူအရာ ဖြစ်သွားခဲ့၏။

“ ဘာလို့လဲ… တစ်ခုခု မူမမှန်လို့လား…”

“ ကုန်ကုန်ပြောရရင်… ကလေးလာမွေးစားတဲ့ စုံတွဲတွေက ပုံမှန်ဆို အမျိုးသားဘက်က ကလေးမရနိုင်လို့ပဲ… အမျိုးသမီးဘက်က ကလေးမရနိုင်လို့ဆိုတာ သိပ်မရှိဘူး…”

“ အမ်.. သိပ်မကွာဘူး မဟုတ်ဘူးလား…”

“ အကြီးကြီး ကွာတာပေါ့ကွ…” လင်းရီ ပြောလိုက်ပြီး “ ငါ မင်းနားလည်အောင် ဥပမာလေးနဲ့ ရှင်းပြမယ်..”

“ တကယ်လို့ မင်းနဲ့ ငါ… အာ… အဲ့လိုမျိုး နိမိတ်မရှိတာတွေနဲ့ နှိုင်းတာ မကောင်းဘူး ဆိုတော့ တခြား ဥပမာ တစ်ခုပေးမယ်..”

“ တကယ်လို့ ချင်းဟန်နဲ့ သူ့မိန်းမက ပြဿနာ ရှိနေတယ်...ပြီးတော့ ကလေးလည်း လိုချင်နေတယ် ဆိုရင် သူတို့ ဘယ်လိုလုပ်မလဲ…”

“ ကလေး မွေးစားမှာပေါ့…” ကျီချင်းရန် ချက်ကျလက်ကျဖြင့် ပြန်ပြောလိုက်ပြီး “ ခု ဒီထဲက စုံတွဲသုံးယောက်လိုမျိုးပဲ မဟုတ်ဘူးလား…”

“ ဒါဆို တကယ်လို့များ ချင်းဟန်ရဲ့ မိန်းမက ကလေးမရနိုင်ဘူးဆိုရင်ကော…”

“ ဘာလုပ်နိုင်မှာမို့လို့… သေချာပေါက် ကလေးမွေးစားမှာပဲလေ… မရနိုင်လို့ အချင်းချင်း အပြစ်တင်နေလို့မှ မရတာ…”

“ မှားတယ်….” လင်းရီ ပြောလိုက်ပြီး “ ချင်းဟန်က မိန်းမ နောက်တစ်ယောက် ထပ်ယူမှာ…”

“ ဟင်… မဖြစ်နိုင်တာ…”

ကျီချင်းရန်၏ မျက်လုံးလှလှလေးများမှာ မယုံကြည်နိုင်ဟန် ပြူးကျယ်နေပြီး သူမ၏ ကမ္ဘာကြီးပေါ် အယူအဆများ ပြိုကွဲသွားသည့် နှယ်ပင်။

“ အမှန်ပဲ…” လင်းရီ ပြောလိုက်ပြီး “ နောက်မိန်းမနဲ့ ကလေးရှိတယ်ဆိုရင်တောင် ဘာပဲဆိုဆို သူ့ သွေးပါတဲ့ ကလေးပဲလေ… ဘာကိစ္စ သွေးမတော် သားမစပ်တဲ့ ကလေးတစ်ယောက် ရှာပြီး မွေးစားနေမှာ…”

“ နင်အဲ့လို ပြောကြေးဆို မိန်းကလေးတွေ အတွက်လည်း အတူတူပဲ မဟုတ်ဘူးလား…တကယ်လို့ နောက်ယောက်ျားနဲ့ ကလေး ရခဲ့မယ်ဆိုရင်တောင် သူ့သွေးသား ဖြစ်နေတုန်းပဲလေ…..”

“ မင်းရဲ့ သွေးသားတော့ ဟုတ်ပါပြီ… ဘယ်ယောက်ျားက ကိုယ့်သွေးသား မဟုတ်တဲ့ ကလေးကို အကုန်ကျခံပြီး ပျိုးထောင်ပေးချင်မှာ…”လင်းရီ ပြောလိုက်ပြီး “ ထပ်ပြောရရင် အမျိုးသမီးတွေနဲ့ နူးညံ့ပြီး ထိခိုက်လွယ်တဲ့ စိတ်ခံစားချက်နဲ့ဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ်ကို အခြား ယောက်ျားတစ်ယောက် ထိတာကို ကြိုက်မှာ မဟုတ်ဘူး… ငါပြောတာ နားလည်ပါတယ်…”

“ အွန်း … နားလည်တယ်…” ကျီချင်းရန် နှုတ်ခမ်းကိုက်လိုက်ပြီး လင်းရီပြောသည်ကား အဓိပ္ပာယ်ရှိသော်လည်း သူမ ထိုအချင်းအရာအား ချေဖျက်ရန် အချိန်တစ်ချိုု့တော့ ယူရပေမည်။

ကျီချင်းရန် လင်းရီ သံသယရှိနေသည့် စာဖိုင်ကို ယူလိုက်ပြီး “ ဒါကျတော့ကော…”

“ ငါ ဖုန်းဆက်ပြီး စစ်ဆေးကြည့်လိုက်မယ်…”

လင်းရီလည်း ပြဿနာရှိမရှိ မသေချာပေ။ ထို့ကြောင့် ဖုန်းဆက်ပြီး စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်၏။ မည်သို့ပင်ဆိုစေ ဖုန်းတစ်ကော ခေါ်ရသည်က မပင်ပန်းလှ။

လင်းရီ သူ့ဖုန်းကို ကြည့်လိုက်ပြီး သူ ရန်ချိန်လာစဉ်က ရန်ချိန်၏ ဒါရိုက်တာ ဝူကျောင်းယို၏ နံပါတ်ကို မှတ်ထားလေသည်။

ယခု ပေချောင်မြို့ ပရောဂျက်မှာလည်း ဆက်လက်နေဆဲဖြစ်ကာ ဖုန်းဆက် အကူညီတောင်းရန် ပြဿနာရှိလိမ့်မည် မဟုတ်ချေ။

“ ဟယ်လို မစ္စတာလင်း… ကျုပ်တို့ မဆက်သွယ်ဖြစ်တာတောင် ကြာပြီနော…”

ဝူကျောင်းယိုမှ ယဉ်ကျေးသည့် လေသံဖြင့် ပြောလာခဲ့၏။

ဝူကျောင်းယို လင်းရီကို အတော်လေး ကျေးဇူးတင်နေလေသည်။

သူက မြို့ထံမှ ငါးမီလီယမ်မျှသာ တောင်းဆိုခဲ့သော်လည်း ၁၅ မီလီယမ်လောက်အထိ ပြန်ပေးခဲ့လေသည်။ ယင်းက သူ့အတွက်တော့ ကြီးမားသည့် နိုင်ငံရေး အောင်မြင်မှု တစ်ခုအဖြစ် သတ်မှတ်၍ ရ၏။

ထို့ပြင် လင်းရီနှင့် လျန်ရူရွှယ်တို့ နှစ်ဦး၏ ဆက်ဆံရေးက မဆိုးလှကြောင်းကိုလည်း သူနားလည်ထားလေသည်။

မည်သည့်အကြောင်းကြောင့် ဖြစ်စေကာမူ လင်းရီနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ထားသည်က မမှားချေ။

“ အင်း… တော်တော်လေးတောင် ကြာနေပြီပဲ…” လင်းရီ ပြုံးလိုက်ပြီး “ ဒါရိုက်တာဝူလည်း ခုတလော အဆင်ပြေနေတယ်မလား…”

“ ဟားဟား… ပြောပါ့ဗျာ… ကျုပ် ကျေးဇူးတင်လွန်းလို့ ကျိုးဟိုင်လာပြီး မစ္စတာလင်းနဲ့ တစ်ခွက်တစ်ဖလားလောက် လာသောက်ရင်ကောင်းမလားလို့ စဉ်းစားနေတာ…”

“ ကောင်းသားပဲ…” လင်းရီ ပြောလိုက်ပြီး “ ဒါရိုက်တာဝူ… ကျုပ်ဒီနေ့ ဖုန်းဆက်လိုက်တာက အကူအညီလေး တောင်းစရာရှိလို့…”

“ အကူအညီလား.. ပြဿနာမရှိဘူး.. မစ္စတာလင်းဘက်ကသာ ပြောလိုက်… ရန်ချိန်မှာ ကျုပ်စကားလုံးတွေက တာသွားပါတယ်ဗျ…”

“ ကျုပ်ကို ပတ်ဝန်းကျင်စိမ်းလန်းမှု ထိန်းချုပ်ရေး ကုမ္ပဏီပိုင်ရှင် ကျန်းဝန်ပေါင်း အကြောင်း ကူစုံစမ်းပေးစမ်းပါ… သူ့မိသားစုက သန့်ရှင်းလား မသန့်ရှင်ဘူးလား.. အဲ့တာသိချင်တယ်…”

နောက်ဆုံးစကားက နယ်ပယ်ရှိ ဗန်းစကားတစ်ခု ဖြစ်သော်လည်း ဝူကျောင်းယို လင်းရီ၏ ဆိုလိုရင်းကို သဘောပေါက်လေသည်။ သူလိုချင်သည်ကား ပြီးပြည့်စုံသည့် အချက်အလက်ပင်။

မဟုတ်ပါက ရဲစခန်းရှိ အချက်အလက်များနှင့်တင် လုံလောက်ပြီး ဖြစ်၏။

“ ကောင်းပြီလေ… ကျုပ်တာဝန်ထားလိုက်… ခုပဲ သူ့အကြောင်း စုံစမ်းထားခိုင်းလိုက်မယ်…”

ဖုန်းချပြီးနောက် လင်းရီ ကျီချင်းရန်ကို ကြည့်ကာ “ ပြီးသွားပြီ… ခု သူ့ဆီက အဖြေကို စောင့်ကြတာပေါ့…”

“ အွန်း..”

ကျီချင်းရန် ခေါင်းညိမ့်လိုက်၏။

“ တကယ်လို့ ပြဿနာ တစ်စုံတစ်ရာ ရှိနေတယ် ဆိုရင်တော့ ငါတို့ ပြင်းပြင်းထန်ထန် ကိုင်တွယ်မှရမှာ…”

“ ပြောစရာ လိုနေသေးလို့လား…” လင်းရီ ပြောလိုက်ပြီး “ ငါတို့ ဂေဟာကို လာပြီး ကလိမ်ကျလို့ရမယ်များ မှတ်နေလား မသိဘူး..”

မွန်းလွဲပိုင်းတွင် ရဲဌာနမှ သတင်းအချက်အလက်များ လာယူလို့ရပြီဖြစ်ကြောင်း ဖုန်းဆက်လာခဲ့လေသည်။

မူလကတော့ လင်းရီ အလျင်မလိုချေ။ သူ့အတွက် နောက်တစ်နေ့မှ သွားယူလည်း အဆင်ပြေ၏။ သို့သော်လည်း ကျီချင်းရန်မှာ ဂနာမငြိမ်ဖြစ်နေပြီး စစ်ဆေးမှု ရလဒ်ကို အလွန်အမင်း သိချင်နေကာ လင်းရီကို ဆွဲခေါ်လာခဲ့သောကြောင့် သူလည်း ကူကယ်ရာမဲ့စွာဖြင့် ကျောက်ချွမ်းဖုကို ခေါ်၍ နီးစပ်ရာ ရဲဌာနသို့ ရောက်လာခဲ့ရလေသည်။

“ အန်ကယ်ကျောက်… မိသားစု သုံးခုရဲ့ သတင်းအချက်အလက်တွေက ဒီမှာပါ. ကြည့်ရသလောက်တော့ အကုန်လုံးက အဆင်ပြေပါတယ်…”

တာဝန်ကျသူမှာ ရဲမေတစ်ဦးဖြစ်ပြီး နှုတ်စကားကတော့ အင်မတန်ချိုသာလှသည်။

“ အလုပ်ရှုပ်စေမိပြီ…” ကျောက်ချွမ်းဖု ရွာသားကြီးအပြုံးဖြင့် ပြုံးပြလိုက်၏။

“ ရပါတယ်.. ကျွန်မတို့ တာဝန်ပါပဲ… အန်ကယ်တို့ကလည်း လူမှုဝန်ထမ်းတွေပဲလေ… ဆိုတော့ အချင်းချင်း တက်တက်ကြွကြွနဲ့ ပူးပေါင်းပေးကြတာပေါ့…”

“ ကျေးဇူးပါ ကျေးဇူးပါ…”

ကျေးဇူးတင်ပြီးနောက် သုံးယောက်သား ရဲဌာနထဲမှ ထွက်လာခဲ့လေသည်။

ကျောက်ချွမ်းဖု သူ့လက်ထဲရှိ သတင်းအချက်အလက်များကို ကြည့်လိုက်ပြီး “ အားလုံးတော့ အဆင်ပြေကြပါတယ်… အထူးသဖြင့် ကျန်းဝန်ပေါင်းဆိုတဲ့ တစ်ယောက်ပေါ့… သူ့မိသားစုက တော်တော်လေး ချမ်းသာတယ်… သူတို့နဲ့ဆို ကလေးလည်း သိပ်ပြီး မခံစားရလောက်ဘူး…”

လင်းရီ တစ်စုံတစ်ခု ပြောတော့မည့် အချိန်တွင် သူ့ဖုန်းသံ မြည်လာလေသည်။

ယင်းက ဝူကျောင်းယိုထံမှပင်။

“ မစ္စတာလင်း .. ခင်များ စုံစမ်းထားခိုင်းတဲ့သူက တော်တော်လေး သန့်ရှင်းပါတယ်.. ရာဇဝတ်မှတ်တမ်းတွေလည်း မရှိသလို ပြီးတော့ သူ့မှာ တစ်နှစ်သားအရွယ် သား ယောက်ျားလေးလည်း ရှိတယ်…. ကုမ္ပဏီက လင်းယွမ်အုပ်စုနဲ့ ယှဉ်ရင် မကြီးဘူးဆိုပေမယ့် ပါတနာလုပ်ဖို့တော့ သင့်လျော်တဲ့ ကုမ္ပဏီပါပဲ…”

မှန်၏။ ဝူကျောင်းယိုမှ လင်းရီ ဤလူနှင့် အလုပ်လုပ်ချင်သောကြောင့် စုံစမ်းခိုင်းသည်ဟု အထင်လွဲနေလေသည်။

“ ခင်များပြောတာ သူ့မှာ သားတစ်ယောက်ရှိတယ်နော်…”

“ ဟုတ်တယ်လေ…ကျုပ်လူတွေ ပေးတဲ့ထဲမှာတော့ အဲ့ဒီအတိုင်းပဲ… တစ်နှစ်နဲ့ သုံးလတောင်ရှိပြီ…”

“ အိုကေ… ကျေးဇူးပါ ဒါရိုက်တာဝူ…”

“ ရပါတယ်.. အကူအညီလိုရင် အချိန်မရွေးပါပဲ…”

လင်းရီ ဖုန်းချလိုက်၏။ သို့သော်လည်း ကျီချင်းရန်နှင့် ကျောက်ချွမ်းဖုတို့ နှစ်ဦးလုံး စကားဝိုင်းကို ကြားလိုက်ရလေသည်။

“ သူတို့မှာ ကလေးတစ်ယောက် ရှိတယ်လား…”

All Chapters