မိသားစု ညစာစားပွဲ မတိုင်မှီ ယမ်းနံ့များ
Vol. 44 Ch. 656
ကျီချင်းရန် ဝမ်ချွေ့ပင်း အနားသို့ သွား၍ မျက်ရည်များကို ကူညီဖယ်ရှားပေးလိုက်သည်။
“ မငိုပါနဲ့တော့ အန်တီရယ်… ဒီကိစ္စက သမီးတို့နဲ့မှ မဆိုင်ပဲဟာကို… ဘယ်သူကကော အဲ့လိုမျိုး ဖြစ်စေချင်မှာလဲ…”
“ အန်တီကိုက ဂရုမစိုက် ဖြစ်သွားတာ…” ဝမ်ချွေ့ပင်း သူမ မျက်ရည်ကို သုတ်လိုက်ပြီး “ နောင်ကျရင်တော့ သူတို့ သွေးရင်းမိဘတွေ လာခေါ်တာကလွဲရင် ဘယ်သူလာပြောပြော မပေးတော့ဘူး…”
“ ဒါပေါ့… ကျွန်တော်လည်း သူတို့ကို ကောင်းကောင်း စောင့်ရှောက်ပေးနိုင်ပါတယ်…” လင်းရီ ပြုံးလျက် နှစ်သိမ့်လိုက်၏။
“ ဟုတ်တယ်… ငါ့သားက ခုဆို သူဌေးကြီး ဖြစ်နေပြီ… လက်ရှိ ကလေးလောက်ကို မပြောနဲ့ဦး… နောက်ထပ် ကလေး တစ်ဒါဇင်လောက် ပျိုးထောင်ပေးလို့ရသေးတယ်…”
ကျောက်ချွမ်းဖု တစ်သျှူး ကမ်းပေးလိုက်ပြီး “ အဘွားကြီးကလည်း သားနဲ့ ချွေးမရှိနေတာကိုတောင်မှ ငိုနေတယ်… ဘယ်လောက်ရှက်ဖို့ ကောင်းလိုက်လဲ…”
“ တစ်ယောက်က ကျွန်မသားလေ… တစ်ယောက်က ချွေးမလေး… ဘာရှက်စရာရှိလို့…” ဝမ်ချွေ့ပင်း ပြောလိုက်ပြီး “ သား… နင်ဒီည ရှောင်ယွဲ့နဲ့ ညစာစားတဲ့အချိန်ကျရင် အဲ့ကောင်မလေးရဲ့ လက်တွဲဖော်ကို သေချာလေး အကဲခတ်ကြည့်ကြည့်… တကယ်လို့ သူ့စရိုက်က မကောင်းဘူးဆိုရင် တစ်ခါတည်း အဆက်အသွယ်ဖြတ်ခိုင်းခဲ့…နင်တို့ ကောင်စုတ်လေးတို့က ဒေါင်ကျကျ ပြားကျကျ… ငါဂရုမစိုက်ဘူး… ဒီရဲ့ ကောင်မစုတ်လေးတွေ အိမ်ထောင်ဖက် ကောင်းကောင်း ရဖို့က အရေးကြီးတယ်…”
“ အင်း… စိတ်မပူနဲ့…. ကျွန်တော် သေချာလေး အကဲခတ်ကြည့်လိုက်မယ်…. ရှောင်ယွဲ့လေးကို ကျွန်တော်လည်း အထိခိုက်မခံနိုင်ပါဘူး….”
ကလင် ကလင် ကလင်…
လင်းရီ စကား ပြောပြီးပြီးချင်းပဲ သူ၏ ဖုန်းသံ မြည်လာလေသည်။ ကော်နင်ယွဲ့မှ ဖုန်းဆက်လာခဲ့ခြင်းပင်။
“ ကိုကြီး … ညီမ နေရာရှာတွေ့ထားပြီးပြီ… လှန့်ထောင်ရှား…ကိုကြီး အဲ့နေရာသိပါတယ်… ညနေငါးနာရီခွဲကျ တွေ့မယ်နော်….”
“ အင်း… နားလည်ပြီ…”
လင်းရီ နာရီကြည့်လိုက်တော့မှ အချိန်မှာ ငါးနာရီ ထိုးနေလေပြီ။
“ အမေ… ခုလေးတင် ရှောင်ယွဲ့ ဖုန်းဆက်လာတယ်… သူနဲ့ သွားတွေ့လိုက်ဦးမယ်..”
“ အဲ့တာဆို မြန်မြန်သွားပြီး သူ့ကောင်လေးကို အကဲခတ်ခဲ့….” ဝမ်ချွေ့ပင်း အလျင်စလို ပြောလိုက်ပြီး “ အဲ့ဟာမလေးက လည်မလိုနဲ့ အရမ်း 'အ'တယ်… သူများတွေ အခွင့်အရေး မယူစေနဲ့…”
ကျီချင်းရန်၏ မျက်နှာထက်၌ အပြုံး တစ်ပွင့်ဖြစ်ပေါ်လာလေသည်။ နှစ်ပေါင်းများစွာတိုင်အောင် အန်တီဝမ်နှင့် အန်ကယ်ကျောက်မှာ ဂေဟာကြီးတစ်ခုလုံးကို ထောက်ပံ့ပေးထားရသောကြောင့် အစိုးရိမ်လွန်သည့် ရောဂါမှာ သာမန်လို ဖြစ်နေချေပြီ။
မေမေဝမ်တို့အား နှုတ်ဆက်ပြီးနောက် လင်းရီတို့ နှစ်ယောက် တက္ကစီငှား၍ လှန့်ထောင်ရှားသို့ ဦးတည်လာသည်။ ယွဲ့ယွဲ့၏ အိမ်ထောင်ဖက်အား အကဲခတ်ရမည်ဟု ဆိုသောကြောင့် မိသားစု ညစာစားပွဲဟု ခေါ်နိုင်သည်။ ထို့ကြောင့် ကျီချင်းရန်လည်း ကားထဲ၌ မိတ်ကပ်အနည်းငယ် ပုတ်လိုက်၏။
ကြည့်ရသလောက်တော့ သူမအရှိန်အဝါများဖြင့် တစ်ဖက်သူကို တုတ်တုတ်မျှ လှုပ်မရအောင် ဖိနှိပ်တော့မည့်ဟန်ပင်။
လှန့်ထာင်ရှား။
အဆိုပါ စားသောက်ဆိုင်မှာ ရန်ချိန်၌ အထက်တန်းမြင့် စားသောက်ဆိုင်တစ်ဆိုင်ဟု သတ်မှတ်၍ရသော်လည်း ထိုနေရာရှိ စီမံခန့်ခွဲမှု သဘောတရားကတော့ အနည်းငယ် ကွဲပြားလေသည်။
ဟင်းလျာများ၏ အရသာမှာ သိပ်မဆိုးလှသော်လည်း ထိပ်တန်း ဖြစ်နေသည်လည်း မဟုတ်ချေ။ ထိုစားသောက်ဆိုင်နှင့် အနည်းငယ် မတိမ်းမယိမ်း ဆိုင်ကပင် အရသာ ပိုကောင်းနေနိုင်သည်။ သို့သော်လည်း ဆိုင်ပိုင်ရှင်မှာ စီးပွားရေး လုပ်တတ်သူ တစ်ဦးဖြစ်နေသည့် အတွက်ကြောင့် ဤဆိုင်၌ စားသောက်ရသည်ကိုပင် မီချယ်လင်းကြယ် စားသောက်ဆိုင်သို့ သွားရသည်ထက် ပိုမိုကောင်းမွန်သည့် ခံစားချက်များကို ရရှိစေသည်။
ဒုတိယအနေနှင့် ၎င်း၏ ဈေးကြီးမှုပင်။ ထိုအချက်ကလည်း အရေးကြီးသည့် ကဏ္ဍမှ ဆောင်ရွက်သွားလေသည်။
ယခုလိုနေရာမျိုး၌ ညစာစားဖို့ ခေါ်သည်က တစ်ဖက်သူ၏ သဘောထားကို ပြသရန် အပြည့်အဝ လုံလောက်၏။
ထိုအခိုက်အတန့်တွင်တော့ လှန့်ထောင်ရှား၏ အပေါက်ဝ၌ လူသုံးယောက် မတ်တပ်ရပ်နေသည်။
ကော်နင်ယွဲ့အပြင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း ရှိနေကြ၏။
ကော်နင်ယွဲ့ဘေးရှိ အမျိုးသားကတော့ သူမထက် ခေါင်းတစ်လုံးစာခန့် ပိုမြင့်ပြီး ရိုးရှင်း၍ လူကြီးလူကောင်းဆန်သည့် ဝတ်စုံနှင့် Rolex နာရီကို ဝတ်ဆင်ထားသည်။ သူ၏ ဆံပင်ကိုလည်း အကြေကောက် တွန့်ထားကာ ခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက အကျင့်စရိုက်ကိုလည်း မဆိုးလှဟု မြင်မြင်ချင်း အကဲခတ်ကြည့်နိုင်သည်။
ထိုကောင်လေးကတော့ ကော်နင်ယွဲ့နှင့် တွဲနေသည့် ချွီရွှမ့်ဟော်ပင်။
ချွီရွှမ့်ဟော်ဘေးတွင် နုနုရွရွ မျက်နှာထားနှင့် ဒေါင်ကောင်းသည့် မိန်းကလေးတစ်ဦး ရပ်နေလေသည်။
သူမက အနက်ရောင် လှိုင်းတွန့်များပါသည့် စကက်၊ အသားရောင် စတော်ကင်နှင့် ဖြူဖွေးသည့် ခြေတံတို့အား ပေါ်လွင်ထင်ရှားစေမည့် အနက်ရောင်ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ထားသည်။
လက်ထဲတွင်တော့ အကန့်အသတ်နှင့် ထုတ်ထားသည့် LV အိတ်ကို ကိုင်ထားကာ စကားလည်းတစ်ခွန်းမျှမပြော။ နှုတ်ဆိတ်နေလေသည်။
ထိုအမျိုးသမီးကတော့ ချွီရွှမ့်ဟော်၏ ဝမ်းကွဲ ချွီပင်းပင်။ နှစ်ယောက်မှာ ငယ်စဉ် ကလေးဘဝကတည်းက ဆော့ဖော်ဆော့ဖက်များဖြစ်ကာ ရင်းနှီးသည့် ဆက်ဆံရေး ရှိ၏။
ယခု တစ်ကြိမ်တွင်တော့ ကော်နင်ယွဲ့မှ သူမ၏ အစ်ကိုနှင့် ယောင်းမကို ဖိတ်၍ ညစာကျွေးမည်ဟု သတင်းရတော့ ချွီမိသားစုလည်း ထိုကိစ္စကို အရေးတယူပြုလေသည်။
သို့သော် လူကြီးများအနေနှင့် ထိုကဲ့သို့သော လူငယ်များ တွေ့ဆုံသည့် ပွဲကို တက်ရောက်ရန် မသင့်လျော်သောကြောင့် ချွီရွှမ့်ဟော်ကို ပံ့ပိုးပေးရန် ချွီပင်းအား ပို့လိုက်လေသည်။
မဟုတ်ပါက မိန်းကလေးရှင်များ၏ အနိုင်ကျင့်ချင်းကို ခံရလောက်၏။
“ ငါ ဒီနေရာ ရွေးလိုက်တာကို ချဲ့ကားတယ်လို့ နင်ထင်နေတာမလား…” ကော်နင်ယွဲ့ နူးညံ့ပျော့ပျောင်းသည့် လေသံဖြင့် မေးလိုက်၏။
ချွီရွှမ့်ဟော် လမ်းဘေးတစ်နေရာသို့ ငေးကြည့်ရင်း “ အဆင်ပြေပါတယ်… သိပ်လဲ ဈေးမကြီးပါဘူး.. ပြီးတော့ ခုတစ်ခေါက်က အစ်ကိုကြီးနဲ့ မရီးကို တွေ့ရမှာဆိုတော့ လေးနက်မှုကို ပြရမှာပေါ့…”
“ အွန်း… ငါလည်း အဲ့လိုထင်တယ်…” ကော်နင်ယွဲ့ပြောလိုက်ပြီး “ခုက ပထမဆုံ အကြိမ်တွေ့တာဆိုတော့ အထင်မြင်ကောင်းတွေ ရရှိဖို့က အရေးကြီးတယ်လေ… နောက်တစ်ခေါက်တွေ့မယ်ဆိုရင်တော့ ဒီလိုမျိုး တခမ်းတနားကြီးတွေ လုပ်စရာ မလိုတော့ပါဘူး…”
ဘေးတွင် နှုတ်ဆိတ်နေသည့် ချွီပင်းကား တစ်ခွန်းမှ ဝင်မပြောချေ။ နှစ်ယောက်လုံး ပြောသည်ကလည်း အဓိပ္ပာယ်ရှိနေလေသည်။
“ ပြီးတော့ ကပြက်ကချော်တွေ မလုပ်နဲ့.. ကိုကြီးနဲ့ ယောင်းမက ခဏနေဆို ရောက်လာတော့မှာ..” ကော်နင်ယွဲ့ ပြောလိုက်သည်။
“ အေးပါ…” ချွီရွှမ့်ဟော် ပြောလိုက်ပြီး “ ငါ့ဆံပင်တောင် သေချာပြန်သွားလုပ်ခဲ့တာကို ခုကကော မလေးနက်နေလို့လား..”
“ အွန်း… နင့် ဟန်ပန်ကတော့ မဆိုးဘူး… ဆေးလိပ်လည်း မသောက်နဲ့.. ငါ့ ကိုကြီးနဲ့ ယောင်းမက ဆေးလိပ်မသောက်ဘူး…”
“ အာ… အဲ့လောက်ထိ လိုလို့လားဟ… မိဘတွေကို တွေ့မှာလည်း မဟုတ်ပဲနဲ့… ဒီတိုင်း လူငယ်အချင်းချင်း သာမန် တွေ့လို့မရဘူးလား…”
“ ငါက ကိုကြီး နင့်အပေါ် အမြင်ကောင်းလေးတွေ ကျန်စေချင်လို့ ပြောနေတာ…” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ပြီးတော့ ငါတို့ ခဏနေစားတဲ့အချိန်ကျရင် လူငယ်သခင်လေးတွေလိုမျိုး လုပ်မနေနဲ့… ငါ့ကိုကြီးနဲ့ ယောင်းမက အရမ်းချမ်းသာတာ.. ဒါကြောင့်မို့ ဘာမှ ဟန်ဆောင်နေစရာ မလိုဘူး…”
“ ဒါက…”
ချွီရွှမ့်ဟော် ဆွံ့အသွားခဲ့၏။
မိဘမဲ့ဂေဟာမှာ မွေးလာတဲ့ ကလေးက မိဘတွေရဲ့ အကူအညီမပါဘဲနဲ့ ဘယ်လိုလုပ်ပြီး ချမ်းသာလာနိုင်မှာလဲဟ....
ဖြစ်နိုင်တာ သူမ မျက်လုံးထဲမှာ ပိုက်ဆံနည်းနည်းရှိတာနဲ့ ချမ်းသာတယ်လို့ သတ်မှတ်ထားတာများလား…
အဲ့တာ ဘယ်လို လောဂျစ်ကြီးလဲ...
“ ငါ ကိုကြီးဆီ ဖုန်းဆက်ပြီးတော့ သူတို့ ဘယ်ချိန်ရောက်မလဲလို့ မေးလိုက်ဦးမယ်…” ကော်နင်ယွဲ့ သူမလက်ထဲရှိ ဖုန်းကို ရမ်းပြရင်း ပြောလိုက်၏။
ချွီပင်းလည်း ပါနေသောကြောင့် သူမ တစ်ဖက်သူကို အချိန်အကြာကြီး စောင့်ခိုင်းဖို့ရာ အနည်းငယ် အားနာနေလေသည်။ ထို့ကြောင့် တစ်နေရာသို့ သွား၍ ဖုန်းသွားပြောလိုက်၏။
ချွီပင်း၏ အမူအရာမှာတော့ အနည်းငယ် သဘာဝမကျ ဖြစ်နေပြီး သူမ ချွီရွမ့်ဟော်ကို လက်တို့ကာ တီးတိုးလေသံဖြင့် “ နင့်ကောင်မလေးက ဘာမှားနေတာ…သူနင့်ကို ခြိမ်းခြောက်နေတာလား…”
“ အမ်… အစ်မဘာပြောချင်နေတာ…”
“ သူ နင့်ကို သူတို့မိသားစုက ချမ်းသာတယ်ဆိုပြီး ပြောသွားတာ မဟုတ်ဘူးလား…”
“ အစ်မလည်း နင်ယွဲ့နဲ့ ထမင်းအတူ စားဖူးတာကို သူမဘယ်လိုလူစားမျိုးလဲ ဆိုတာ မသိတာကျနေတာပဲ….”
“ နင်ယွဲ့က တကယ်မဆိုးရှာပါဘူး… ဒါပေမယ့် ဒီနေ့ သူမပြောတဲ့ စကားလုံးတွေကတော့ တော်တော်လေး နားကလောတယ်…”ချွီပင်း ပြောလိုက်ပြီး “ ငါတို့ ချွီမိသားစုက စီးပွားရေး လုပ်လာတာ ဘယ်နှနှစ် ရှိပြီလဲ.. ဒါပေမယ့် ငါတို့ကိုယ်ငါတို့ အပြင်လူတွေရှေ့မှာတော့ ချမ်းသာပါတယ်ဆိုပြီးတော့မှ မပြောဖူးဘူး… သေချာတယ်… သူနင့်ကို ခြိမ်းခြောက်နေတာ…”
“ ဒါက….”
ချွီရွှမ့်ဟော် ပြောစရာစကားလုံးတို့ ပျောက်ရှနေလေသည်။ နင်ယွဲ့၏ စကားလုံးများက အနည်းငယ် လွန်ကျူးသည်ဟု သူလည်း ခံစားနေရ၏။
သူ နိမ့်ချပြီး ကြည့်တာ မဟုတ်သော်လည်း အကယ်၍ မိဘမဲ့ ဂေဟာမှ ကလေးများက ကျောင်းတက်ရလျှင်တောင် အတော်လေး ကောင်းနေပြီး ဖြစ်၏။
ယနေ့ လူမှု ပတ်ဝန်းကျင်တွင် ချမ်းသာဖို့ရာက ကောင်းကင်ဘုံသို့ တက်ရသည်ထက် ပိုခက်ခဲသည်။ မည်သို့ပင်ဆိုစေ ရန်ချိန်ကဲ့သို့ မြို့ကြီးတစ်မြို့၌ ငွေ သုံးလေးသန်း ရှိသည်က ဘာမျှ မပေါက်ပေ။ အလွန်ဆုံးရှိလှ သာမန် နည်းပါးသည့် ပမာဏဟုသာ သတ်မှတ်နိုင်လေသည်။
သူ၏ ဝမ်းကွဲ ဆိုသကဲ့သို့ သူတို့လို ချွီမိသားစုကပင် ချမ်းသာသည်ဟု မဆိုဝံ့ရာ နင်ယွဲ့အနေဖြင့် ထိုသို့ ပြောရန် ပိုလို့တောင် မသင့်တော်ချေ။
“ ကောင်းပြီ.. ခုတော့ ဒီအကြောင်း ဘေးချိတ်ထားကြတာပေါ့… လူလည်း ဒီရောက်ပြီးနေပြီကိုပဲ သေချာပေါက်တွေ့ရတော့မှာ… ပြီးတော့ ကျွန်တော်တို့ ဒီလာတယ်ဆိုတာကလည်း လက်ထပ်ဖို့ ရည်ရွယ်ချက်နဲ့….”
“ ဘယ်သူကမှလည်း နင်လက်ထပ်မှာကို ပိတ်ပင်မနေဘူး..” ချွီပင်း ပြောလိုက်ပြီး “ ဒါပေမယ့် ဒီနေ့ ညစာစားပွဲက သူတို့မိဘတွေနဲ့ တွေ့တာနဲ့တောင် နည်းနည်းဆင်နေသလိုပဲ… ငါ သေချာပေါက် နင့်ဘက်ကနေ တိုက်ခိုက်ပေးမယ်.. သူတို့တွေ နင့်ကို အနိုင်မကျင့်စေရဘူး…”
ချွီရွှမ့်ဟော် သူ့ဝမ်းကွဲကို ကြည့်လိုက်ပြီး “ အစ်မ ဒီနေ့ ရည်ရွယ်ချက်ရှိရှိ ဒီလိုမျိုး ဝတ်စားထားတာမလား….”
“ ဘယ်လိုလဲ… ငါဝတ်ထားတာ အဆင်ပြေတယ်မလား..” ချွီပင်း ဂုဏ်ယူစွာ ပြောလိုက်ပြီး “ ငါအစကတော့ အကုန်လုံး အနက်ရောင် ဝတ်မလို့ပဲ… ဒါပေမယ့် နင့်ဒေါ်ဒေါ်က အရမ်းကြီး ဝင့်ကြွားလွန်းရာ ကျတယ်ဆိုလို့ အသားရောင်ပြောင်းလိုက်တာ…”
“ ကျေးဇူးကြီးလှတဲ့ အစ်မတော်ရယ်… ဒီနေ့တစ်ရက်တော့ နိမ့်နိမ့်ချချနေပြီး အဲ့ဒီ ထက်မြိတဲ့ လျှာကို သိမ်းထားစမ်းပါ…. ခုက စီးပွားရေး လုပ်နေတာ မဟုတ်ဘူး… နှစ်ဖက် မိသားစု နှစ်ခု ပေါင်းစည်းကြမှာ…”
“ နင်ပြောမှပဲ ငါက စုန်းမကြီး ဖြစ်တော့မယ်…” ချွီပင်း ပြောလိုက်ပြီး “ ငါက အခြေအနေကို ပြောနေတာ … လူပုဂ္ဂိုလ်ကို ဦးတည်ပြီး ပြောနေတာ မဟုတ်ဘူး.. တကယ်လို့ သူတို့ဘက်က အရမ်းကြီး လွန်လာရင်တော့ ဒီအစ်မက တစ်ခွန်းနှစ်ခွန်း ဝင်ပြောရမှာပဲ…”
“ ဘယ်သူက ဘော့စ်ချွီလိုမျိုး အရှိန်အဝါကောင်းတဲ့ သူရှေ့မှာ ဝင့်ကြွားရဲမှာ…” ချွီရွှမ့်ဟော် စနောက်လိုက်၏။
“ ဟမ့်.. နင်သိရင် ပြီးတာပဲ…”
“ ကောင်းပြီ… ပြောနေတာတွေ တော်လိုက်တော့… နင်ယွဲ့ လာနေပြီ…”
ဖုန်းချပြီးနောက် ကော်နင်ယွဲ့ ရောက်လာလေသည်။
“ ကိုကြီးတို့က လမ်းပိတ်နေလို့တဲ့.. ခဏနေဆို ရောက်လာတော့မှာ… ငါ့ကိုကြီးနဲ့ သူ့ကောင်မလေးက ကျိုးဟိုင်မှာပဲ နေကြတာဆိုတော့ ရန်ချိန်ရဲ့ လမ်းအခြေအနေနဲ့က မရင်းနှီးဘူး…. ငါကလည်း လမ်းကြပ်တဲ့ အချိန်မှ ချိန်းလိုက်မိတယ်..”
“ ရပါတယ်… စောင့်လက်စနဲ့ ထပ်စောင့်လိုက်ကြတာပေါ့… ဘာပြဿနာမှ မရှိပါဘူး…”
ချွီပင်း မူလအတိုင်း ဘေးတွင် မတ်တပ်ရပ်နေပြီး စကားတစ်ခွန်းမျှ မပြောချေ။
သူတို့က ကျိုးဟိုင်မှာ နေတာကြာပြီဆိုတော့ မြို့ကြီးသားဆိုပြီး ဂုဏ်မောက်နေမလား မသိ…
အဲ့လိုဆိုရင်တောင် ငါတို့ ရန်ချိန်ကလည်း မဆိုးရှာပါဘူး…. ဒါပေမယ့် မော်ကြွားသလို လုပ်လာမည်ဆိုရင်တော့ ငါ့ဘက်က တစ်ခွန်းစ နှစ်ခွန်းစ ဝင်ပြောပေးရမှာပဲ…..