← Chapters

မစ္စတာ လင်းရီက ဘယ်သူလဲ

Vol. 44 Ch. 657

မစ္စတာ လင်းရီက ဘယ်သူလဲ

Vol. 44 Ch. 657

မိနစ်အနည်းငယ်ကြာပြီးနောက် စားသောက်ဆိုရှေ့သို့ တက္ကစီတစ်စင်း ထိုးရပ်လာပြီး ထိုအထဲမှ လင်းရီနှင့် ကျီချင်းရန်တို့ ဆင်းလာခဲ့ကြသည်။

၎င်းကိုမြင်တော့ ချွီမောင်နှမ၏ အမူအရာမှာ ရုတ်ချည်း အေးခဲသွားကြလေသည်။

နင်ယွဲ့ရဲ့ ယောင်းမက အဲ့လောက်တောင် လှတာလား …

ဒီလိုမျိုး တော်ဝင်ဆန်ပြီး ကျက်သရေရှိတဲ့ အရှိန်အဝါတွေက သူမမှာတောင် မပိုင်ဆိုင်တဲ့ အရှိန်အဝါတွေလေ…

ပြီးတော့ သူ့အစ်ကိုကလည်း အရမ်းချော… အေးတိအေးစက်နဲ့ ထီမထင်တဲ့ ဟန်အမူအရာက ကမ္ဘာကြီးကို လှုပ်ခတ်တော့မလားပဲ…

“ ကိုကြီး…ယောင်းမ…”

နှစ်ယောက်ကို မြင်တော့ ကော်နင်ယွဲ့ ပြေးလာပြီး ကျီချင်းရန်၏ လက်မောင်းကို ဖက်လိုက်သည်။

“ မိတ်ဆက်ပေးရဦးမယ်… ဒါက ကျွန်မရဲ့ ကိုကြီး .. လင်းရီတဲ့… ပြီးတော့ ဒီဘက်က ယောင်းမ .. နာမည်က ကျီချင်းရန်…”

မိတ်ဆက်ပေးပြီးနောက် လင်းရီတို့ဘက်လှည့်ကာ “ ကိုကြီး… သူက ညီမရဲ့ကောင်လေး ချွီရွှမ့်ဟော်လေ… ဒါကျတာ့ သူ့ဝမ်းကွဲ ချွီပင်း…”

“ မင်္ဂလာပါ… တွေ့ရသာဝမ်းသာပါတယ်…”

“ ဟုတ်ကဲ့… တွေ့ရသာ ဝမ်းသာပါတယ်…”

နှစ်ဖက်စလုံးမှ လက်ဆွဲနှုတ်ဆက်လိုက်ကြ၏။

ချွီရွှမ့်ဟော် သူ့ဝမ်းကွဲကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်၏။ သူ့စိတ်ထဲတွင်တော့ သူ၏ ဝမ်းကွဲမှာ အပြတ်သပ် ချေမှုန်းခံလိုက်ရပြီဟု ခံစားနေရလေသည်။

'နင်ယွဲ့ရဲ့ ယောင်းမက တကယ့်ကို ထူးခြားတဲ့ အရှိန်အဝါတွေရှိတယ်…'

'သူမ လိမ်နေတာ မဟုတ်ဘူးပဲ…'

ချွီပင်းကတော့ ချွီရွှမ့်ဟော်ကို ဂရုမထားပဲ လင်းရီကို တစ်ချက်ခိုးကြည့်လိုက်၏။

'မိဘမဲ့ ဂေဟာက ဒီလိုမျိုး ရုပ်ချောပြီး ခပ်ချေချေ ကောင်လေးကို ပျိုးထောင်ပေးနိုင်တာလား…'

'နှစ်ယောက်လုံးက ယောက်ျားလေးတွေပဲလေ… သူနဲ့ ယှဉ်ရင် ငါ့မောင်လေးက ဘာလို့ အရမ်း စိတ်ပျက်ဖို့ ကောင်းနေတာ….'

'ဖြစ်နိုင်တာ မိဘတွေရဲ့ မျိုးရိုးလိုက်လို့ပဲ ဖြစ်ရမယ်….'

လင်းရီနှင့် ကျီချင်းရန်မှာ တခမ်းတနား လုပ်ပြသည်ကို ကြိုက်နှစ်သက်သည့် လူမျိုးများ မဟုတ်သော်လည်း သူတို့ ရောက်လာသည့် အချိန်၌ ချွီမိသားစုမှာ တံခါးပေါက်ဝ၌ လာကြိုလေသည်။

ယင်းက မဆိုးရွားသည့် အခြေအနေပင်။

ကြည့်ရသလောက်တော့ တစ်ဖက် သားရှင်မှာ ကော်နင်ယွဲ့အား အတော်လေး အလေးထားဟန်တူသည်။

မည်သို့ပင်ဆိုစေ ကနေဦး တွေ့ဆုံမှုကတော့ ကောင်းမွန်သည်ဟု ဆို၍ ရ၏။

“ အထဲမှာ စကားသွားပြောကြတာပေါ့…”

“ အင်း… သွားစို့…” လင်းရီ ခေါင်းညိမ့်လိုက်သည်။

ငါးယောက်သား စားသောက်ဆိုင်ထဲသို့ ရှေ့ဆင့်နောက်ဆင့် ဝင်သွားခဲ့ကြသည်။

ကော်နင်ယွဲ့မှ လင်းရီနှင့် ကျီချင်းရန်ကို ရှေ့မှ ဦးဆောင်စေပြီး ချွီရွှမ်းကတော့ ချွီပင်းကို ရည်ရွယ်ချက်ရှိရှိ ဆွဲခေါ်၍ နောက်မှ လမ်းလျှောက်လာခဲ့လေသည်။

“ အစ်မ … နင်ယွဲ့ရဲ့ အစ်ကိုနဲ့ မရီးကို ဘယ်လိုသဘောရလဲ..”

“ သူတို့ရဲ့ သဘောထားကတော့ တော်တော်လေး ကောင်းပါတယ်… ဟန်ပန် တစ်ခွဲသားကြီးတွေ လုပ်နေတာမျိုးလည်း မရှိဘူး…” ချွီပင်းမှ ထိုကဲ့သို့ မှတ်ချက်ပြုလိုက်၏။

“ ဒါပေမယ့် သူတို့ရဲ့ လေသံနဲ့ အမူအရာကို ကြည့်ရသလောက်ဆိုရင် သူတို့အခြေအနေက တော်တော်လေး ကောင်းလောက်တယ်…”

“ အင်း….မကောင်းဘူးဆိုရင်တောင်မှ ချွီမိသားစုနဲ့ ယှဉ်လို့ရလောက်တယ်…” ချွီပင်း ပြောလိုက်ပြီး “ ဒါပေမယ့် သူတို့ရဲ့ ပြောပုံဆိုပုံ၊ ပြုမူဆက်ဆံပုံတွေနဲ့ သွင်ပန်း သဏ္ဍာန်အရဆိုရင် သေချာပေါက် အဆင့်မြင့် နယ်ပယ် တစ်ခုခုမှာ ဦးဆောင်နေကြတဲ့ သူတွေပဲ ဖြစ်ရမယ်.. သူတို့ နေ့တိုင်း ထိတွေ့နေရတဲ့ သူတွေကလည်း အဆင့်အတန်း တစ်ခု ရှိထားတဲ့သူတွေ ဖြစ်ဖို့များတယ်…မဟုတ်ရင် အစ်မတို့ကို မြင်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ စကားပြောနိုင်မှာ မဟုတ်ဘူး..”

“ ကျွန်တော့်အထင် နင်ယွဲ့က ဒါတွေကို ကြိုသိလို့ ဂရုစိုက်ဖို့ သတိပေးထားတာ ထင်တယ်….”

“ ဖြစ်နိုင်တယ်..” ချွီပင်း ပြောလိုက်ပြီး “ ဒါပေမယ့် စိုးရိမ်စရာတော့ မလိုပါဘူး.. ချွီမိသားစုက မချမ်းသာဘူးဆိုရင်တောင် အစ်မတို့မှာ ပိုင်ဆိုင်မှု တစ်ချို့တော့ ရှိပါသေးတယ်… သူတို့ နင့်ကို အနိုင်မကျင့်စေရဘူး…”

လင်းရီ ခန့်ညားနေသောကြောင့် ချွီပင်းမှာ ထိုကျော့ကွင်း၌ မိသွားသည်ဟု မဆိုလိုပေ။ သူမ အရေးကြီးသည့် ကိစ္စကိုတော့ မေ့လို့မရချေ။

“ ကျွန်တော်ကတော့ တစ်ပန်းရှုံးနေပြီ… အရှိန်အဝါဆိုရင်လည်း သူ့လောက်တောင် မကောင်းဘူး..”

“ ယုံကြည်ချက် အပြည့် ထားစမ်းပါဟယ်… ငါ့မောင်မဟုတ်တာ ကျနေတာပဲ … နင်က 1.8 မီတာတောင် မြင့်တာနော်..”

“ သူများက 1.8 မီတာတောင် ကျော်တယ်လေ…” ချွီရွှမ့်ဟော်မှ ပြောလိုက်ပြီး “ ပြီးတော့ နင်ယွဲ့ရဲ့ယောင်းမလည်း အစ်မထက် အရပ်ရှည်တယ် မဟုတ်ဘူးလား…”

ချွီပင်း မျက်လုံးလှိမ့်လိုက်ပြီး ရင်ထဲတွင်တော့ သူမမောင်ကို အားပါးတရ ကျိန်ဆဲနေလေသည်။

‘ ငါ့ထက် ရှည်ရုံတင် မကဘူးဟဲ့.. သူက ကြီးသင့်တဲ့ နေရာမှာလည်း ငါ့ထက်ကို ကြီးတယ်.. အဲ့လိုဖြစ်အောင် ဘယ်လိုများ ပျိုးထောင်ထားလဲ မသိဘူး…’

ချွီမောင်နှမမှာ တီးတိုးတီးတိုး လုပ်နေရင်း လင်းရီနှင့် ကျီချင်းရန်တို့၏ အထောက်အထားများကို အကြမ်းဖျင်း ခန့်မှန်းနေကြလေသည်။

သူတို့က လေယာဉ်မှူး ဒါမှမဟုတ် ဒီဇိုင်နာလိုမျိုး အဆင့်အတန်းမြင့် ရာထူးရှိတဲ့သူတွေဖြစ်ရမည်ဟု မှန်းဆလိုက်ကြ၏။

သို့သော် ထိုမျှနှင့်တော့ ကျိုးဟိုင်ကို မဆိုထားဘိ၊ ရန်ချိန်၌ပင် ကြွယ်၀ချမ်းသာသည်ဟု သတ်မှတ်ဖို့ မပြည့်မှီသေးချေ။

“ ကိုကြီး… ညီမက ဒီညနေပိုင်းလောက်မှ စားပွဲဘွတ်ကင်လုပ်လိုက်တာဆိုတော့ သီးသန့်ခန်းတော့ မရလိုက်ဘူး.. ဆိုတော့ ခန်းမထဲမှာပဲ စားကြတာပေါ့…” ကော်နင်ယွဲ့မှ အားတောင့်အားနာ လေသံဖြင့် ပြောလိုက်သည်။

“ ဘယ်နေရာမှာ စားရ စားရ အတူတူပါပဲ… ငါတို့ကလည်း အပြင်လူတွေမှ မဟုတ်တာ…” ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်၏။

သူမ ကားထဲမှ ထွက်လာခဲ့ပြီး ချွီပင်းကို မြင်ပြီးသည့် နောက်တွင် ယနေ့ည ညစာစားပွဲမှာ ထင်သလောက် ရိုးရှင်းလိမ့်မည် မဟုတ်ဟု ခံစားနေရလေသည်။

ကြည့်ရသလောက်တော့ သူမ အေးဆေး ထိုင်နေ၍ မဖြစ်တော့ချေ။ မည်သို့ပင် ဖြစ်စေ သူမ ယွဲ့ယွဲ့ကို ထောက်ပံ့ပေးပြီး ဂုဏ်သတင်းတစ်ခု တည်ဆောက်ထားပေးခဲ့ရမည်။ သို့မှသာ တစ်ဖက်က မဖိနှိပ်နိုင်မှာဖြစ်၏။

“ ဟိုလေ..... ဒီက ဥက္ကဌကျီလား မသိဘူး..”

ငါးယောက်သား ထိုင်ခုံကိုယ်စီသို့ ထိုင်ချပြီးနောက်တွင် ကျောအနောက်မှ တစ်စုံတစ်ယောက် စကားပြောသံကို ကြားလိုက်ရ၏။ သူမ လှည့်ကြည့်လိုက်သောအခါ သက်လတ်ပိုင်း လူတစ်ယောက်မှ သူမနောက်တွင် ရပ်နေကြောင်း မြင်တွေ့လိုက်ရလေသည်။

“ ရှင်က…”

ကျီချင်းရန် ထိုလူကို မြင်ဖူးသော်လည်း နာမည်တော့ မမှတ်မိပေ။

“ ကျုပ်က ဥက္ကဌစွန်းလေ…”

“ ဪ…”

ကြည့်ရသလောက်တော့ သူမတို့ အလုပ်တွဲလုပ်ဖူးပုံပင်။ အသေးစိတ်မမှတ်မိသော်လည်း ကျီချင်းရန် သိနေသကဲ့သို့ ဟန်ဆောင်လိုက်၏။ ယင်းက လုပ်ငန်းရှင်လောက၌ တွေ့ကြုံနေကျ သဘောသဘာဝပင်။ မည်သူဖြစ်ကြောင်း အကြမ်းဖျင်း မှတ်မိနေသရွေ့ ခေတ္တစကားပြောရန် ပြဿနာ မရှိချေ။

“ တကယ်ကြီး ဥက္ကဌကျီကိုး…” သက်လတ်ပိုင်း လူကြီးမှ ရောက်လာနှုတ်ဆက်လိုက်ပြီး “ မစ်ကျီက ဒီက ရုံးခွဲကို လာစစ်တာလား..”

“ ဒီတစ်ခေါက်က အလုပ်ကိစ္စနဲ့ လာခဲ့တာမဟုတ်ဘူး… မိသားစု ကိစ္စနဲ့…”

“ ဆိုတော့ ဒါက မိသားစု ညစာ စားပွဲပေါ့…ဒါနဲ့ ဘေးက ချစ်သူလား မသိဘူး…” သက်လတ်ပိုင်း လူကြီးမှ ပြုံးလျက်မေးလိုက်၏။

“ အင်း … ဒါကျွန်မကောင်လေး” ကျီချင်းရန် အနည်းငယ် ရှက်သွေးဖြန်းလျက် ပြောလိုက်သည်။

“ ဒါကြောင့်မို့ ဧကရာဇ်လို အရှိန်အဝါတွေ ခံစားမိနေပါတယ်လို့ လက်စသတ်တော့ ကျုပ်ထင်တာ မှန်နေသကိုးဗျ… “သက်လတ်ပိုင်း လူကြီးမှ ခပ်မြောက်မြောက်လေး ပြောလိုက်၏။

လင်းရီကတော့ ထိုမှတ်ချက်ကို အသာပြုံးပြ၍ တုံ့ပြန်လိုက်သည်။

“ ဥက္ကဌကျီက ရန်ချိန်ကို လာလေ့လာထ မရှိဘူးဆိုတော့ ဒီဝိုင်းကို ကျုပ်ရှင်းလိုက်ပါ့မယ်… ကျေးဇူးတင်တဲ့ အနေနဲ့ပေါ့…”

“ ရပါတယ်… သူစိမ်းတွေလည်း မဟုတ်တာတွေကို မလိုပါဘူး…”

သက်လတ်ပိုင်း လူကြီးမှ ဆက်လက် တင်းခံမနေတော့ပဲ “ ကောင်းပါပြီ အဲ့တာဆိုရင် ခွင့်ပြုပါဦး ဥက္ကဌကျီ… တကယ်လို့ ရန်ချိန်မှာ ပရောဂျက်လေးတွေ ရှိလာခဲ့ရင် ကျုပ်ကို သတိရပေးပါဦးနော…”

“ ဒါပေါ့ရှင့်…”

သက်လတ်ပိုင်း လူကြီး ထွက်ခွာသွားပြီးနောက် ချွီမိသားစုမှာ တခဏမျှ ကြက်သေသေသွားလေသည်။

သူမတို့ အဆိုပါ သက်လတ်ပိုင်း လူက မည်သူမှန်း မသိသော်လည်း အဝတ်အစားများကို ကြည့်ရုံမျှနှင့် ထူးခြားသည့် အဆင့်အတန်းရှိနေကြောင်းကိုတော့ ခန့်မှန်းနိုင်လေသည်။

သို့တိုင်အောင် နင်ယွဲ့၏ ချွေးမလေးအား ရိုကျိုးသည့် လေသံဖြင့် စကားပြောသွားခဲ့၏။

ဒါက လုံးဝကို ပုံမှန်မဟုတ်တာပဲ…

“ အဲ့လူနဲ့ အသိတွေလား…” လင်းရီ သာမန်အတိုင်း မေးလိုက်သည်။

“ သိပ်တော့ မရင်းနှီးပါဘူး.. ဒါပေမယ့် မနှစ်က ရန်ချိန်မှာ လုပ်တဲ့ ပရောဂျက်ကို သူတို့ ရသွားတာ..”

“ ဒါပေမယ့် ဘာပရောဂျက်လည်းတော့ ငါလည်း မမှတ်မိတော့ဘူး…”

သို့နှင့် ကျီချင်းရန် ကော်နင်ယွဲ့ကို ကြည့်လိုက်ပြီး အပြုံးလေးဖြင့် “ ယွဲ့ယွဲ့… တကယ်လို့ နင် နောင်ကျ ကျိုးဟိုင်ကို မလာချင်ဘူးဆိုလည်း ရန်ချိန်မှာပဲ နေလို့ ရတယ်နော်… ရန်ချိန်မှာ အစ်မရဲ့ ကုမ္ပဏီ ရုံးခွဲတစ်ခုရှိတယ်…. လိုအပ်ရင် အစ်မဆီသာ ဖုန်းဆက်လိုက်…”

သူမတွင်လည်း သူမ၏ တစ်ကိုယ်ကောင်းဆန်သည့် လှုပ်ရှားကွက်များ ရှိလေသည်။

ယခုလို ပြောလိုက်ခြင်းဖြင့် သူမ၏ အနေအထားကို တစ်ဖက်သူအား ပေးသိကာ အနာဂတ်၌ ကော်နင်ယွဲ့ကို အနိုင်ကျင့်ချင်ပါက နှစ်ခါစဉ်းစား ရမည်ဖြစ်ကြောင်း သွယ်ဝိုက်၍ ပြောလိုက်ခြင်းပင်။

“ ဟုတ် ယောင်းမ…” ကော်နင်ယွဲ့ ရယ်မောလိုက်၏။

သို့သော်လည်း သူမ စကားအောက်ခြေ၌ နစ်မြုပ်နေသည့် အတိမ်အနက်ကို သဘောပေါက်ခြင်း မရှိ။ ကျီချင်းရန်မှ သူမအပေါ် ကောင်းနေသည်ဟုသာ မှတ်ယူလိုက်သည်။

ထို့နည်းတူ ချွီရွှမ့်ဟော်လည်း သူ့အစ်မနှင့် မရီးကြားရှိ ပိုင်ဆိုင်မှုကို သတိပြုမိလေသည်။

ချွီပင်းလည်း ကျီချင်းရန် စကား၏ အနက်ကို သဘောပေါက်၏။ သို့သော်လည်း ဘာမျှတော့ ပြန်မပြောပေ။

ကျီချင်းရန်၏ အထောက်အထားက သူမကို အနည်းငယ် သတိအနေအထား ရောက်စေပြီး အရင်ဆုံး နက်နက်ရှိုင်းရှိုင်း စကားနှိုက်ပြီးကာမှ တန်ပြန်စစ်ထိုးသည်က ပိုကောင်း၏။

ချွီမိသားစု ကိုယ်၌က စီးပွားရေး လုပ်ငန်းခွဲများ ရှိသော်လည်း မည်သည့်ကုမ္ပဏီက ပိုကောင်းလဲဆိုတာ သူမ မသိသေးချေ။

ယခုတော့ နင်ယွဲ့မှာ ညာပြောနေခြင်း မဟုတ်ကြောင်း ပို၍ သေချာသွားတော့သည်။

‘ နင်ယွဲ့ မရီးရဲ့ နောက်ခံက တကယ့်ကို မရိုးရှင်းဘူးပဲ..’

သို့နှင့် ကိစ္စမှာ ရှင်းလင်းသွားပြီဖြစ်၏။ သူမ အစ်ကိုကြီးမှာ မိဘမဲ့ တစ်ယောက်ဖြစ်ပြီး ယောင်းမဖြစ်သူက သူ့ကို ထောက်ပံ့ပေးထားဟန်တူသည်။ မည်သို့ပင်ဆိုစေ နင်ယွဲ့အစ်ကိုကြီးက အင်မတန် ချောမေလှကြောင်းကိုတော့ သူမလည်း ငြင်းဆို၍ မရချေ။

“ ယောက်ဖ .. မရီး.. ဒီနေရာက အစားအသောက်တွေက တကယ်မဆိုးဘူး… ကြိုက်တာသာ မှာလိုက်…” ချွီရွှမ့်ဟော်မှ မီနူးတွန့်ပို့ပေးရင်း ပြောလိုက်၏။

“ မင်းတို့ ကြိုက်တာသာ မှာလိုက်.. ငါတို့က အကုန်အဆင်ပြေတယ်…”

လင်းရီ၏ အမူအရာမှာ ပေါ့ပေါ့ပါးပါးပင်။ ၎င်း ကိစ္စအား အလေးအနက်ပင် ထားမနေချေ။

ကျီချင်းရန် ရှိနေပြီး ဖြစ်သောကြောင့် သူဝင်ပါနေရန် မလိုအပ်တော့ချေ။

“ ဒါဆိုလည်း ကျွန်တော်ပဲ အဆင်ပြေရာမှာလိုက်တော့မယ်…”

“ အသီးမှာရင် သရက်သီးကော မှာလိုက်… ကိုကြီးက သရက်ကြီး အရမ်းကြိုက်တာ…” ကော်နင်ယွဲ့မှ ပြောလိုက်၏။

“ အင်း…”

ချွီရွှမ့်ဟော် မီနူးကို ဟိုလှန်ဒီလှန် လုပ်လိုက်ပြီး စားပွဲထိုးအား ခေါ်တော့မည့် အချိန်တွင် သက်လတ်ပိုင်း လူကြီးတစ်ယောက်၏ အသံကို ကြားလိုက်ရပြီး အံ့အားသင့်သွားခဲ့တော့၏။

“ ဒီမှာ မစ္စတာ လင်းရီက ဘယ်သူပါလဲခင်ဗျ….”

All Chapters