ဇနီးသည်ရဲ့ ဂုဏ်သတင်းက ခင်ပွန်းဖြစ်သူပေါ် မူတည်နေတယ်
Vol. 44 Ch. 658
သူတို့အားလုံး လင်းရီ၏ နာမည်ကို ရှင်းရှင်းလင်းလင်း ကြားလိုက်ကြရ၏။
ကျီချင်းရန် ၊ ကော်နင်ယွဲ့နှင့် ကျန်သူများအားလုံး လင်းရီကို လှည့်ကြည့်လိုက်ကြလေသည်။ သူတို့အားလုံး ဘာဖြစ်နေလဲဆိုတာ သိချင်နေကြ၏။
ကျန်သည့် စားသုံးသူများလည်း အဆိုပါ နာမည်ကိုကြားတော့ စားသောက်နေသည်ကို ရပ်တန့်လိုက်ကြပြီး သက်လတ်ပိုင်းလူကြီးကို ကြည့်လိုက်ကြသည်။
လင်းရီ ကိုယ်တိုင်လည်း ဇဝေဇဝါ ဖြစ်နေမိ၏။
သူ ရန်ချိန်မှာ စီးပွားရေးလည်း လာမလုပ်ဖူးတော့ သူ့ကို သိတဲ့သူတွေ မရှိလောက်ဘူးမလား..
“ ကျုပ်ပါပဲ..” လင်းရီ လက်ထောင်လိုက်၏။
တစ်စုံတစ်ယောက်မှ တုံ့ပြန်လာသည်ကို မြင်တော့ သက်လတ်ပိုင်း လူကြီးလည်း စားပွဲထိုးတစ်ယောက်နှင့် အတူ လင်းရီတို့ ဝိုင်းထံသို့ ရောက်လာခဲ့သည်။
“ ကျုပ်တို့ အချင်းချင်း သိကြလို့လား…. မသိဘူးထင်တာပဲ…”
“ မစ္စတာလင်း….. ဒါက ဒီလိုပါ…” သက်လတ်ပိုင်း လူကြီးမှ ပြုံးလိုက်ပြီး “ ခုလေးတင် ဒါရိုက်တာဝူက ဖုန်းဆက်ပြီးတော့ ဒီဝိုင်းကို သူရှင်းပေးပါ့မယ်ဆိုပြီး ပြောလာလို့ပါ… ပြီးတော့ မစ္စတာလင်းကိုလည်း သေချာလေး ပြုစုပေးပါဆိုပြီး မှာလိုက်လို့ပါ….”
“ ဒါရိုက်တာဝူ….”
“ ဟုတ်ပါတယ်… ပြည်ထဲရေး ကော်မတီရဲ့ ဒါရိုက်တာ ဝူကျောင်းယိုပါ…”
လင်းရီ ဝူကျောင်းယို၏ စွမ်းရည်ကို အထင်ကြီးမိသွား၏။ သူ ဘယ်နေရာရောက်နေလဲဆိုတာကို မပြောပါပဲနှင့် ဤဆိုင်၌ စားသောက်နေသည်ကို ရှာတွေ့သွားလေသည်။
ဒီလို စွမ်းရည်မျိုးနဲ့ဆိုတော့ ဒါရိုက်တာ ဖြစ်လာတာ ဆန်းတော့ မဆန်းပါဘူး…
ချွီရွှမ့်ဟော်နှင့် ချွီပင်းတို့ အချင်းချင်း ကြည့်လိုက်ကြပြီး နှစ်ယောက်လုံးမှာ ရှော့ခ်ရနေကြလေသည်။
ချွီမိသားစုမှာလည်း စီးပွားရေးသမားများ ဖြစ်ကြသောကြောင့် သဘာဝအားဖြင့် ဝူကျောင်းယို ဘယ်သူလဲဆိုတာကို သိ၏။ သို့သော်လည်း ၎င်းတို့တွင် ထိုသူနှင့် ရင်းနှီးသည့် ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်သည့် အဆင့်အတန်း မရှိချေ။
“ ရတယ်…. ကျုပ်တို့က ဒီတိုင်း မိသားစု ညစာစားပွဲ စားနေကြတာ… ဂရုစိုက်ပေးစရာ မလိုပါဘူး…” လင်းရီ ထူးမခြားနားသည့် လေသံဖြင့် ပြောလိုက်၏။
“ အာ.. အဲ့လိုမလုပ်ပါနဲ့လား မစ္စတာလင်း… ဒါရိုက်တာဝူက ကျုပ်ကို ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုထားတာဆိုတော့ သေချာပေါက် ကောင်းကောင်းလေး ပြုစုပေးရမှာပေါ့… မဟုတ်ရင် ကျုပ်ဆိုင် ဆက်ဖွင့်နိုင်တော့မှာ မဟုတ်ဘူး…”
ထိုသို့ ပြောရင်း ဆိုင်ရှင်မှာ သူ့ဘေးရှိ စားပွဲထိုးကို ကြည့်လိုက်ပြီး “ အပေါ်ထပ်က မြို့နယ် ခေါင်းဆောင်တွေအတွက် ထားထားတဲ့ သီးသန့်ခန်းကို ဖွင့်လိုက်… အရေးကြီးတဲ့ ဧည့်သည်တော်တွေကို ဒီမှာ စားခိုင်းလို့ ဘယ်သင့်တော်မှာ…”
ဆိုင်ရှင်၏ စကားလုံးများကိုကြားတော့ ချွီပင်း ရင်တစ်ချက်ခုန်သွားခဲ့၏။
သူမ စီးပွားပါတနာဖက်များကို ဤဆိုင်သို့ ထမင်းကျွေးဖိတ်ဖူးသောကြောင့် မြို့တော် ခေါင်းဆောင်များအတွက် သီးသန့်ထားထားသည့် VVIP အခန်းတစ်ခု ရှိကြောင်း သိထားလေသည်။ သို့သော်လည်း ထိုနေရာ၌ တစ်ခါမှ မစားဖူးသကဲ့သို့ မည်သည့်ပုံစံရှိကြောင်းကိုလည်း မသိရှိချေ။ သို့သော်လည်း နင်ယွဲ့၏ အစ်ကိုကျပြန်တော့ သွားဖို့ရန် ရည်ရွယ်ချက် မရှိသည့် တိုင်အောင် ဆိုင်ရှင်မှ အနူးအညွှတ်တောင်းဆို၍ ပင့်ဖိတ်နေရလေသည်။
‘ သူဘာတွေ လုပ်ခဲ့လို့ ဒါရိုက်တာဝူက သူ့အပေါ် ဒီလောက်ကောင်းနေရတာ…’
‘ ပြီးတော့ ဒီနေရာက ကျိုးဟိုင်မဟုတ်ဘူးလေ.. ရန်ချိန်မှာ ဒီလောက်ကြီးမားတဲ့ ဩဇာလွှမ်းမိုးမှုမျိုးရှိဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ…’
သူမ ခေါင်းမူးနောက်အောင် စဉ်းစားနေပါသော်လည်း အဘယ်ကြောင့် နင်ယွဲ့၏ အစ်ကိုမှာ ထိုကဲ့သို့ ဆက်ဆံပေးမှုမျိုး ရရှိနေလဲဆိုတာကို စဉ်းစားမရသေးချေ။
‘ ဖြစ်နိုင်တာ သူ့မှာ နောက်ထပ် အထောက်အထားတစ်ခုခု ရှိနေတာများလား…’
ဒါ… ဒါကြီးကတော့ လုံးဝ မဖြစ်နိုင်တာပဲ….
“ မစ္စတာလင်း… သီးသန့်ခန်းက အဆင်သင့်ဖြစ်ပါပြီ… အခုပဲ သွားကြစို့လား…” ဆိုင်ရှင်မှ လေးစားစွာဖြင့် ဆိုလိုက်၏။
လင်းရီ ကူကယ်ရာမဲ့စွာ ပုခုံးတွန့်လိုက်ပြီး ကျီချင်းရန်ကို ကြည့်ကာ “ ဘယ်လိုသဘောရလဲ…”
“ သွားလိုက်ကြတာပေါ့… သူများက အတင်းဖိတ်ခေါ်နေတာကို ငြင်းလိုက်ရင် အားနာစရာကြီး..”
“ ဟုတ်တယ် ဟုတ်တယ်…” ကော်နင်ယွဲ့ ခေါင်းညိမ့်လိုက်ပြီး " သီးသန့်ခန်းတွေက ပိုပြီး တိတ်ဆိတ်တယ်…”
“ ကောင်းပြီလေ… အဲ့တာဆိုလည်း သူဌေးရဲ့ စေတနာတွေကို မငြင်းတော့ပါဘူး…” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
ချွီမောင်နှမလည်း တုန်လှုပ်ခြောက်ခြားစွာဖြင့် ထိုင်ခုံနေရာမှ ထလိုက်ကြသည်။ အထူးသဖြင့်တော့ ချွီပင်းပင်။ မူလက သူမ မောင်လေးကို ပံ့ပိုးပေးချင်ပါသော်လည်း ယခုတော့ သူမ ကိုယ်တိုင်က ယှဉ်ပြိုင်ရန်ပင် မထိုက်တန် ဖြစ်ရချေပြီ။
မည်သို့ပင်ဆိုစေ သူမတို့ ဤနေရာ၌ ယခုလို သာမန်နေရာလေး တစ်နေရာရရန် ကြိုတင် ဘွတ်ကင်ချိတ်ရပြီး တစ်ဖက်သူမှာတော့ သီးသန့်ခန်းသို့ပင် တိုက်ရိုက်ဖိတ်ခေါ်ခြင်း ခံရလေသည်။
ယင်းကား အဆင့်အတန်းခြင်း ကွာခြားမှုပင်။
သို့သော်လည်း လင်းရီ မတ်တပ်ရပ်ပြီး အပေါ်ထပ်သို့ တက်တော့မည့် အချိန်တွင် သက်လတ်ပိုင်း လူအချို့မှ သူ့ထံ ရုတ်တရက် ချဉ်းကပ်လာခဲ့ကြ၏။
“ ဟယ်လို ဆာ… ခင်များက လင်းယွမ်အုပ်စုရဲ့ ဥက္ကဌလင်းလား မသိဘူး..” အပြာရောင် ရှပ်နှင့် အမျိုးသားမှ ဆိုလိုက်၏။
“ အမ်… ကျုပ်ကို သိတာလား… “
သက်လတ်ပိုင်း လူကြီးမှ သူ၏ လက်ကို ဆန့်တန်းကာ “ သိတာပေါ့...ကျွန်တော် ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ…ကျွန်တော်က ပေဖုန်း နည်းပညာ ကုမ္ပဏီက မာယိုရှန်းပါ…. ကျွန်တော် ဥက္ကဌလင်းရဲ့ ချစ်ပ်နည်းပညာ 2.0 သတင်းစာရှင်းလင်းပွဲကို တက်ခဲ့ဖူးတယ်… တကယ့်ကို အံ့မခန်းပါပဲဗျာ….”
“ အာ…”
လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့၏။
သူ၏ ဂုဏ်သတင်းများက ရန်ချိန်အထိ ပျံ့နှံ့နေလိမ့်မည်လို့ ထင်မထားခဲ့ချေ။
ထိုအခိုက်အတန့်တွင်ပဲ အခြား သက်လတ်ပိုင်း လူကြီးတစ်ယောက်မှ သူ၏ လက်ကို ဆန့်ထုတ်လာပြီး “ မင်္ဂလာပါ…. ဥက္ကဌလင်း… ကျုပ်က ဟုန်ချိန် ဖျော်ဖြေရေး ကုမ္ပဏီက ကျောက်ဝေတုန်းပါ… အရင်တုန်းက DIDI ကို တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ စတော့ဈေးတွေ ဖျက်ဆီးတုန်းက မစ္စတာလင်းရဲ့ တန်ပြန်တိုက်ခိုက်ချက်ကို ကြည့်ပြီးတော့ ကျုပ်တကယ်ပဲ အထင်ကြီးလေးစားမိတယ်ဗျာ…. ယွမ် ၁၀၀ ဘီလီယမ်အထိ သုံးဖို့ဆိုတာ ကျုပ် အိပ်မက်ထဲမှာတောင် မလုပ်ဝံ့တော့ ကိစ္စပဲ…”
ယွမ် ၁၀၀ ဘီလီယမ် သုံးတယ်…….
၎င်းကိုကြားတော့ ချွီမောင်နှမမှာ အကြီးအကျယ် ထိတ်လန့်သွားကြတော့၏။
‘ သူ ဘာတွေများလုပ်လို့ ငွေကြေးအင်အားက အဲ့လောက်တောင် တောင့်တင်းနေတာ..’
‘ တကယ်လို့ သူ့ဘေးက မိန်းကလေးကို မှီခိုပြီး အကျိုးအမြတ်ရှာရင်တောင်မှ အဲ့လောက်ထိ စွမ်းနိုင်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ…’
“ မြှောက်ပင့်လွန်းနေပါပြီ…”
လင်းရီ၏ အမူအရာမှာ လှိုင်းမထသည့် ရေပြင်ကဲ့သို့ တည်ငြိမ်လှ၏။ သို့သော် တစ်ဖက်ရှိ ကျီချင်းရန်ကတော့ အင်မတန် ပျော်မြူးနေလေသည်။
လင်းရီ ချီးကျုးခံရတိုင်း အမျိုးသမီးတစ်ယောက်အနေနှင့် သူမ အမြဲတမ်း ဂုဏ်ယူမိ၏။
ရိုးရှင်းသည့် စကားတစ်ချို့ ပြောပြီးနောက် လေးယောက်သား အပေါ်ထပ်ရှိ သီးသန့်ခန်းထဲသို့ ရောက်လာလေသည်။
အောက်ထပ်ရှိ အပြင်အဆင်များမှာ တစ်မူထူးခြားနေပြီး ဖြစ်သော်လည်း အပေါ်ထပ်နှင့် နှိုင်းယှဉ်ရလျှင်တော့ အနည်းငယ် လိုနေသေး၏။ အထဲရှိ အဆင်တန်ဆာ တစ်ခုချင်းစီတိုင်းက လက်ငါးချောင်း ပမာဏထက် ကျော်လွန်လေသည်။
ယင်းက ချွီမောင်နှမကိုတော့ အံ့ဩဘနန်း ဖြစ်သွားစေခဲ့သည်။
'ဒီအခန်းက မြို့တော် ခေါင်းဆောင်ပိုင်းတွေအတွက် သီးသန့်ထားထားပေးတယ်လို့တောင် မပြောရဘူး… တကယ်ပဲ ကွဲပြားတယ်…'
'တကယ်လို့ နင်ယွဲ့ရဲ့ အစ်ကိုကြောင့်သာ မဟုတ်ရင် သူတို့ သေတဲ့အထိ ဒီလိုနေရာမျိုးမှာ စားဖူးသွားမှာတောင် မဟုတ်ဘူး…'
“ ယောက်ဖ… ယောက်ဖရဲ့ နာမည် ဂုဏ်သတင်းတွေက နည်းနည်းလေး အထင်ကြီးဖို့ ကောင်းလွန်းမနေဘူးလား… ဒါရိုက်တာဝူကတောင် တကူးတက ညစာစားဖို့ စီစဉ်ပေးရတယ်…” ချွီရွှမ့်ဟော်မှ မေးလိုက်၏။
“ အေး… တလောက ပေချောင်မြို့မှာ မျှော်လင့်ခြင်း ကျောင်းနဲ့ လမ်းတံတားတွေ လုပ်ပေးထားတာလေ… အဲ့ဒီအတွက် ကျေးဇူးတင်ချင်လို့ နေမှာ…”
“ ဝါး… အထင်ကြီးလောက်စရာ ပါပဲ…. လူအများစုက အဲ့လိုအလုပ်တွေ သိပ်လုပ်လေ့လုပ်ထ မရှိကြဘူး…”
ယခုမတိုင်ခင်တုန်းက ကော်နင်ယွဲ့မှ သူမအစ်ကိုကြီးမှာ ချမ်းသာကြောင်း ပြောဖူးသော်လည်း ချွီပင်း မယုံကြည်ခဲ့ပေ။
ကြည့်ရသလောက်တော့ သူမ ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ။ ထိုသူကား ကျိကျိတက် ချမ်းသာလှ၏။
သို့သောလည်း ချွီပင်းအတွက်တော့ လင်းရီ၏ အရေးတယူ ပြုခံရမှုက ရှော့ခ်ရဖို့ အကောင်းဆုံးဖြစ်လေသည်။
ဟွာရှ၌ လမ်းတံတားဆောက်လုပ်ပြီး နာမည် ပုံရိပ်ကောင်း တည်ဆောက်သည့် သူဌေးများစွာ ရှိပါသော်လည်း လူနည်းစုကသာလျှင် မြို့တော် အထက်ကြီးပိုင်းများ၏ အရေးတယူ ပြုခြင်းကို ခံကြရ၏။
‘ နင်ယွဲ့အစ်ကိုရဲ့ အထောက်အထားက စိတ်ကူးမယဉ်နိုင်လောက်တဲ့ အဆင့်ကိုတောင် ရောက်နေပြီပဲ…’
“ ယောက်ဖက ဩဇာ တိက္ကမအရမ်းကြီးတော့ ကျိုးဟိုင်က သခင်လေးချင်းဟန်နဲ့ကော သိသားမသိဘူး..” ချွီရွှမ့်ဟော် သိချင်စိတ်ပြင်းပြသည့် လေသံဖြင့် မေးလိုက်၏။
“ ချင်းဟန်လား… ရင်းနှီးတာပေါ့… အဲ့ကောင်က ငါ့ညီလေးလေ…”
ချွီရွှမ့်ဟော် “ …. “
ချွီပင်း “ …. “
“ နာမည်ကြီး ချင်းဟန်က တကယ်ကြီး ယောက်ဖရဲ့ ညီငယ်လေးပေါ့…”
“ အေး.. အဲ့ကောင်က တကယ့် ချီးထုပ်ကွ… ငါ့နား ကားလာလာ တောင်းစီးနေတာ…”
“ ဝိုး.. ယောက်ဖကတော့ တကယ့်ကို အံ့မခန်းပဲ…. ချင်းဟန်က ယောက်ဖရဲ့ ညီငယ်လေးဆိုတာ ယုံတောင် မယုံနိုင်ဘူး…”
“ မင်းကျိုးဟိုင်ရောက်ဖြစ်ရင် ငါအဲ့ကောင်နဲ့ မိတ်ဆက်ပေးမယ်လေ..”
“ ကတိနော်… မမေ့ရဘူး…” ချွီရွှမ့်ဟော် အတော်လေး စိတ်လှုပ်ရှားနေပြီး “တကယ်လို့ ကျွန်တော် ကျိုးဟိုင်ရောက်လို့ တစ်ယောက်ယောက်က အနိုင်ကျင့်ရင် ယောက်ဖနာမည်ပဲ ပြောလိုက်တော့မယ်….”
“ ကိုကြီးနဲ့ ယောင်းမကို ပြဿနာတွေ သွားပေးမနေနဲ့… သူတို့က လေးနက်တဲ့ စီးပွားရေးသမားတွေ…” ကော်နင်ယွဲ့မှ ပြောလိုက်၏။
“ ဟားဟား… နင်ယွဲ့ကလည်း .. ငါက နောက်တာပါဟ…”
“ ရပြီ… အရင်ဆုံး စားကြစို့…ဝမ်းကွဲတောင် ဗိုက်အတော်လေး ဆာနေပြီတူတယ်…”
“ အစ်မက အဆင်ပြေတယ်…ဒါပေမယ့် နင့်ကိုကြီးနဲ့ ယောင်းမလည်း စောင့်နေတာဆိုတော့ စားလိုက်ကြတာပေါ့..” ချွီပင်း ပြောလိုက်၏။
“ အွန်း… ညီမလည်း အဲ့အတိုင်းတွေးနေတာ…”
ထို့နောက် ချွီရွှမ့်ဟော် ဟင်းပွဲတစ်ချို့မှာလိုက်ပြီး ကျန်သည့် ဟင်းများကတော့ ဆိုင်ရှင်မှ သီးသန့်ထည့်ပေးလိုက်ခြင်းပင်။ ထိုဟင်းလျာများအတွက် သူတို့ ပိုက်ဆံပေးမည် ဆိုပါသော်လည်း လက်မခံချေ။ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြုထား၏။
စားသောက်နေစဉ်အတွင်း သူမ နင်ယွဲ့၏ အစ်ကိုကြီးနှင့် ယောင်းမကို အကဲဖြတ်မှားသွားကြောင်း သတိပြုမိလိုက်သည်။
၎င်းတို့နှစ်ယောက်က တစ်မူထူးခြားသည့် အဆင့်အတန်း ရှိနေပါသော်လည်း ဂုဏ်မောက်ခြင်းတို့ တစိုးတစိမျှမရှိ။ စကားပြောရာ၌ လေသံမှာလည်း ကြင်နာညင်သာကာ အထက်စီးမှ ပြောဆိုခြင်းလည်း မရှိချေ။
ထို့ပြင် ချွီမိသားစုဘက်သို့ အထူးတလှယ်တောင်းဆိုချက်များလည်း မပြုလုပ်ပဲ သူတို့ လိုချင်သည်က နင်ယွဲ့လေးအား ကောင်းကောင်းမွန်မွန် ဆက်ဆံပေးဖို့ရာပင်။
နောက်ဆုံးတွင်တော့ သူမ နင်ယွဲ့၏ ယောင်းမနှင့် အလှကုန်ပစ္စည်းများအကြောင်းပင် တရင်းတနှီး ပြောလိုက်သေးသည်။
အချုပ်အားဖြင့် ဆိုရလျှင်တော့ ကြည်နူးဖွယ်ရာကောင်းသည့် ညစာစားပွဲပင်။
ညစာစားပြီးနောက် အုပ်စုမှာ ကိုယ်စီ လမ်းခွဲလိုက်ကြလေသည်။
ဟိုတယ်သို့ ပြန်ရောက်ပြီးနောက် လင်းရီ မေမေဝမ်ထံ ဖုန်းဆက်ပြီး အခြေအနေကို အကြမ်းဖျင်း တင်ပြလိုက်၏။ ထိုအခါမှသာ မေမေဝမ်လည်း သက်ပြင်းချနိုင်သွားသည်။
“ နင် မနက်ဖြန် ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ…” ကျီချင်းရန် မေးလိုက်၏။
“ ဝူကျောင်းယိုက ငါ့ကို ဖိတ်ထားတော့ ဒီတိုင်း ပြန်သွားရင် မကောင်းဘူးလေ.. အဲ့တာ သူနဲ့ လက်ဖက်ရည် ခဏလောက်သောက်ပြီးတော့ ငါတို့ ရင်းနှီးမြုပ်နှံမယ့် ကုမ္ပဏီကို တစ်ချက်သွားကြည့်မယ်.. ပြီးတာနဲ့ မနက်ဖြန် ပြန်ကြတာပေါ့…”
“ အဲ့လိုဆို ငါ လေယာဉ်လက်မှတ် ကြိုဖြတ်ထားလိုက်တော့မယ်…”
“ အင်း…”
နောက်တစ်နေ့ နံနက်တွင်တော လင်းရီနှင့် ကျီချင်းရန်တို့ ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီထံ သွားကြည့်ကာ ဝူကျောင်းယို၏ နေရာသို့ ဦးတည်လိုက်လေသည်။
ထိုခရီးစဉ်မှာလည်း အလဟဿ မဖြစ်လိုက်ချေ။ သူ ဝူကျောင်းယိုနှင့် လုံရှင်းအကြောင်း ဆွေးနွေးပြီး တစ်ဖက်သူမှာ ရန်ချိန်တွင် လုံရှင်း၏ အနာဂတ် တိုးတက်မှု အလားအလာတို့အတွက် ဥပဒေမူဝါဒများ ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း အတိအလင်း ပြောကြားလာလေသည်။
လင်းရီနှင့် ကျီချင်းရန်တို့ ကျိုကျုံးဗီလာသို့ ပြန်ရောက်လာချိန်တွင်တော့ အချိန်မှာ ညဆယ့်တစ်နာရီ ထိုးနေလေပြီ။
“ အားပါးပါး.... တစ်နေ့လုံး မနားတမ်း အလုပ်လုပ်ထားတော့ လူက ရိုက်ချိုးခံထားရသလိုပဲ..” ကျီချင်းရန် ဆိုဖာပေါ် လဲလျောင်းရင်း ပြောလိုက်၏။
“ အဲ့တာဆို တစ်ကိုယ်လုံး ဆီလူးပြီး နှိပ်ပေးရမလား…ပင်ပန်းနွမ်းနယ်တာတွေ အကုန်ပျောက်…ဟီးဟီး....”
ကျီချင်းရန် အပြုံးလေးဖြင့် ခေါင်းခါရမ်းလိုက်ပြီး “ တော်ပါ… နင်ငါ့ကို အခွင့်အရေး ယူတော့မှာ သိသားပဲ.. နင့်အကြောင်းပဲ မသိရင်ခက်မယ်…”
ထပြီး ကျီချင်းရန် ရေချိုးခန်းသို့ သွားကာ ရေနွေးဖြင့် ရေချိုးလိုက်သည်။ ပြီးနောက် သူမ အိပ်ခန်းထဲသို့ စောစီးသွား၍ အနားယူတော့၏။
" ဟူး… နောက်ဆုံးတော့ ခုမှပဲ မစ်ရှင်လုပ်ဖို့ အခွင့်အရေး ရတော့တယ်…”