← Chapters

မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲသို့

Vol. 82 Ch. 1131

မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲသို့

Vol. 82 Ch. 1131

" တကယ်ကို ဉာဏ်များတဲ့ မြေခွေးအိုကြီးပဲ " ဝမ်ပေါင်လဲ့မှာ မီးတောက်ခေါင်းဆောင်ကြီး၏ အသံလွှင့်အကြောင်းကြားစာကို လက်ခံရရှိလိုက်သည်နှင့် စိတ်ထဲ၌ ရေရွတ်မိလိုက်၏။ သူသည် သူ၏ဆရာအား ထိုသို့ခေါ်ရသည်မှာ သင့်တော်မှုမရှိကြောင်း ခံစားလိုက်ရပါသော်လည်း သူ၏ ရှေ့တွင် ရှိနေသည့် လူကြီးမှာ သူ့ကိုယ်သူပင် စီးတော်ယာဉ်လုပ်ကာ တက်စီးနေသူတစ်ယောက်ဖြစ်ရာ ထိုကဲ့ ခေါ်ခံရသည်ကို ဂရုစိုက်နေလိမ့်မည် မဟုတ်ဟု မှတ်ယူလိုက်၏။

အမှန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ ဆရာသည် သူ အစွမ်းအစများ ထုတ်ပြနိုင်ရန် လမ်းစဖော်ပေးခဲ့ခြင်းသာ ဖြစ်သည်ဟု ထင်မှတ်ထားခဲ့၏။ သူ၏ နှလုံးသားထဲ၌ သံသယစိတ်အချို့ ရှိနေခဲ့သည့်တိုင်အောင် သူ၏ ဆရာ၏ ရည်ရွယ်ချက်အစစ်အမှန်မှာ ယခုလိုဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

" သေသေချာချာ စဉ်းစားကြည့်လိုက်ရင်တော့ အဖြေပေါ်ပါတယ်။ အဆုံးမဲ့မျိုးနွယ်စုက သူတို့ရဲ့လုပ်ရပ်တွေကို တခြားသူတွေ သိသွားမှာကြောက်လို့ ပုန်းကွယ်နေခဲ့တာ။ ဆရာ့ကြောင့် သူတို့တွေ ရုပ်လုံးထွက်ပြလိုက်ရလို့ သူတို့ရဲ့ အစီအစဉ်တွေ ဘူးပေါ်သလို ပေါ်သွားတာ "

ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်သည်နှင့် မီးတောက်ခေါင်းဆောင်ကြီးအား လေးစားကြည်ညိုသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။ မီးတောက်ခေါင်းဆောင်ကြီးမှာမူ သူ၏ အကြည့်အား သတိထားမိလိုက်သည်နှင့် ပျော်ရွှင်ကျေနပ်သွားသဖြင့် ချောင်းဟန့်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းမော့လိုက်သည်။

သူ၏ အောက်တွင်ရှိနေသည့် နတ်နွားကြီးမှာလည်း မျက်လုံးများ မှေးသွားပြီး သူ့ကိုယ်သူ ဂုဏ်ယူနေသည့်ပုံပင်။

" တပည့်လေး။ ဆရာ ဘယ်လောက်အစွမ်းထက်သလဲဆိုတာ အခုတော့ မင်းသိသွားပြီမလား " မီးတောက်ခေါင်းဆောင်ကြီးမှာ မေးငေါ့ကာ ဝမ်ပေါင်လဲ့အားကြည့်၍ မေးလိုက်၏။

" ဆရာက အစွမ်းထက်ပြီး ဖြတ်ထိုးဉာဏ်ကောင်းလွန်းလှပါပေတယ်။ တပည့်ရဲ့ဘဝမှာ ဆရာ့ အောင်မြင်မှုတွေရဲ့ တစ်သောင်းပုံပုံ တစ်ပုံလောက်ကိုပဲ ဆွတ်ခူးနိုင်မယ်ဆိုရင်တောင် တပည့်ရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်သွားမှာပါ။ တပည့် ဆရာ့ရဲ့ ခြေရာကိုနင်းနိုင်ဖို့ အဝေးကြီး လိုပါသေးတယ်။ ကျေးဇူးပြုပြီးတော့ တပည့် လေးစားကြည်ညိုမှုအပြည့်နဲ့ ဦးညွှတ်အရိုအသေပေးပါရစေ ဆရာ " ဝမ်ပေါင်လဲ့မှာ ခံစားချက်မျိုးစုံ ရှုပ်ထွေးနေသည့် လေသံဖြင့် ဆိုလိုက်ပြီးနောက် မီးတောက်ခေါင်းဆောင်ကြီးအား ဦးညွှတ်အရိုသေပေးလိုက်၏။

ထိုအခါ မီးတောက်ခေါင်းဆောင်ကြီးမှာ ပို၍ပင် ပျော်ရွှင် ကျေနပ်သွားရသလို နတ်နွားကြီး၏ ခန္ဓာကိုယ်မှာလည်း အနည်းငယ် တုန်ရီသွားရသည်။

" စိတ်ဓာတ်မကျပါနဲ့။ မင်း ဇွဲ့မလျှော့ဘဲ ကြိုးစားပြီး လေ့ကျင့်ရင် တစ်ရက်ရက် ဆရာ့လို ဖြစ်လာမှာပါ " မီးတောက်ခေါင်းဆောင်ကြီးမှာ နောက်သို့လှည့်လာပြီး ဝမ်ပေါင်လဲ့၏ ပခုံးကို ပုတ်ကာ အားပေးစကားပြောလိုက်၏။ ထို့နောက် သူသည် မလှမ်းမကမ်းတွင် ရှိနေသည့် မီးခိုးရောင်အာကာသကောင်းကင်ကြီးအား လှမ်းကြည့်လိုက်သည်။

" မင်း မီးခိုးရောင်အာကာသကောင်းကင်ကြီးကို မြင်တယ်မလား။ မင်းရဲ့ နတ်ဘုရားအာရုံကို ဖြန့်ကြက်ပြီး သေသေချာချာ အာရုံခံကြည့်လိုက်။ ပြီးရင် မင်း ဘာကို သတိထားမိသလဲဆိုတာ ဆရာ့ကို ပြောပြ " မီးတောက်ခေါင်းဆောင်ကြီးမှာ ပျော်ရွှင်ကျေနပ်နေသဖြင့် ဝမ်ပေါင်လဲ့အား အကြံဉာဏ်အချို့ပေးရန် ဆုံးဖြတ်လိုက်၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း မီးခိုးရောင်အာကာသကောင်းကင်ကြီးအား လှမ်းကြည့်လိုက်သည်။ အမှန်တွင် သူ ဤနေရာသို့ ရောက်လာပြီး ကျင့်ကြံသူများ ထို မီးခိုးရောင်အာကာသကောင်းကင်ကြီးအား အဝင်အထွက်လုပ်နေကြသည်ကို မြင်ခဲ့ရစဉ်ကတည်းက သူ၏ နှလုံးသားထဲ၌ ထင်မြင်ချက်အချို့ ပေါ်ပေါက်လာခဲ့၏။ ဤ မီးခိုးရောင် အာကာသကောင်းကင်ကြီးထဲတွင် သာမန်ကျင့်ကြံသူများအား အချိန်အကြာကြီး မနေနိုင်အောင် လုပ်နေသည့် ထူးဆန်းသော အရာတစ်ခုရှိရပေမည်။ ထို့ကြောင့် သူတို့မှာ အချိန်အတိုင်းအတာတစ်ခု ကုန်ဆုံးပြီးသွားတိုင်း အပြင်ဘက်သို့ ပြန်ထွက်ကာ အားအင်များ ပြန်လည်ဖြည့်တင်းပြီးမှ အထဲသို့ ပြန်ဝင်သွားနေကြခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း ယခုလို အဝင်ထွက်လုပ်နေကြသည့် လူအမြောက်အမြား ရှိနေရခြင်းဖြစ်သည်။

ချီဝါးမျိုဂိုဏ်းမှ ဂိုဏ်းသားများ ပြောခဲ့သည့်အတိုင်း သူတို့၏ နံပါတ်သုံး ဂိုဏ်းတူအစ်ကိုကြီးမှာလည်း ထိုနည်းတူပင်။ သူသည် မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲ၌ အချိန်မပြည့်သေးသောကြောင့် အပြင်သို့ ပြန်ထွက်မလာသေးခြင်း ဖြစ်သည်။

ထို့အပြင် အချိန်ပေး၍ စောင့်ကြည့်နေလိုက်မည်ဆိုလျှင် ဤ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲသို့ ဝင်သွားသည့် လူအရေအတွက် ပိုများလာလေလေ ၎င်း၏ အရောင်မှာ ပို၍ စိုပြည်လာလေလေ ဖြစ်နေသည်ကို သတိထားမိလိုက်မည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများကို သတိထားမိပြီးသား ဖြစ်သည့်တိုင်အောင် သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကြက်ကာ မီးခိုးရောင်အာကာသကောင်းကင်ကြီးဆီသို့ စေလွှတ်လိုက်ဆဲပင်။ ခဏအကြာတွင် သူ၏ နတ်ဘုရားအာရုံမှာ မီးခိုးရောင်အာကာသကောင်းကင်ကြီးနှင့် ထိသွား၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားပြီး ဖိနှိပ်ချုပ်တည်းအားကောင်းသည့် တွန်းကန်အားတစ်မျိုးကို ခံစားလိုက်ရတော့သည်။

" ဟင် " ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး သေသေချာချာ အာရုံခံကြည့်လိုက်၏။

ထိုအခါ သူသည် ထို တွန်းကန်အားမှာ အားမကောင်းပါသော်လည်း တည်ငြိမ်မှုအပြည့် ရှိနေသည်ကို သိလိုက်ရသည်။ ထို့အပြင် သူ၏ အသိစိတ် ရှေ့သို့ ပျံ့လွင့်သွားသည်နှင့် ဖိနှိပ်အားများနှင့် တွန်းကန်အားများမှာ ပို၍ အားကောင်းလာသည်သာ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် ထို မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲသို့ ဝင်သွားခဲ့ကြသည့် အခြားကျင့်ကြံသူများကို ကြည့်ရင်း ကွဲပြားခြားနားချက်တစ်ခုအား ချက်ချင်းသတိထားမိသွားသည်။

ထိုတွန်းကန်အားမှာ ကျင့်ကြံသူတိုင်းပေါ်တွင် သက်ရောက်နေကြ၏။ အတွင်းပိုင်းသို့ရောက်လေလေ ထို တွန်းကန်အားမှာ ပို၍ အားကောင်းလာလေလေ ဖြစ်ပါသော်လည်း ထိုကဲ့သို့ ပို၍အားကောင်းလာသည့် ပမာဏမှာ မတူညီကြပေ။ အချို့သော ဂြိုဟ်အဆင့်ကျင့်ကြံသူများမှာ ထို တွန်းကန်အားများကို ဂရုပင်မစိုက်ပါသော်လည်း အချို့သော ထာဝရကြယ်အဆင့် ကျင့်ကြံသူများမှာမူ ပြန်ထွက်လာချိန်တွင် စွမ်းအင်အမြောက်အမြား အသုံးပြုခဲ့ရသည့်အလား မောပန်းနွမ်းနယ်နေသည့်ပုံ ပေါက်နေကြ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းနားလည်သွား၏။ သူသည် နောက်ထပ်တစ်ကြိမ် ထပ်၍ အကဲခတ်လေ့လာကြည့်ရှုလိုက်ပြီးနောက် ရုတ်တရက်ဆိုလိုက်သည် " တွန်းကန်အား တိုးတက်မှုနှုန်းက ကိုယ့်ရဲ့ ကျင့်ကြံခြင်းအဆင့်အပေါ် မူတည်နေတာပဲ။ ကိုယ့်ရဲ့ ကျင့်ကြံခြင်းအဆင့် ပိုမြင့်လေလေ အထဲကို ဝင်သွားတဲ့အချိန် ခံစားရမယ့် တွန်းကန်အားနဲ့ ဖိနှိပ်ချုပ်တည်းအားက ပိုပြီးတော့ အားကောင်းလေလေပဲ။ တခြားတစ်နည်းနဲ့ ပြောရရင်... ဒီနေရာမှာ သတ်မှတ်ထားတဲ့ ကျင့်ကြံခြင်းအဆင့်ထက် ပိုမြင့်နေတဲ့ ကျင့်ကြံသူတွေကို အထဲဝင်လို့မရအောင် တားမြစ်ထားတဲ့ အချုပ်အနှောင်တွေ ရှိနေတာပဲ "

" ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတွေဆိုရင် အထဲကို ဝင်လို့မရဘူး။ ဂြိုဟ်အဆင့် ကျင့်ကြံသူတွေကတော့ အလွယ်တကူ ဝင်လို့ရပေမယ့် အရမ်းအန္တရာယ်များတယ်။ ထာဝရကြယ်အဆင့် ကျင့်ကြံသူတွေကတော့ အထဲကို ဝင်ဖို့ အသင့်တော်ဆုံးလူတွေပဲ "

မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုစကားများကို ကြားလိုက်ရသောအခါ ပြုံးလိုက်၏။ ထို့နောက် သူသည် အဓိပ္ပါယ်လေးနက်သော မျက်ဝန်းများဖြင့် မီးခိုးရောင်အာကာသကောင်းကင်ကြီးအား ကြည့်နေလိုက်သည်။ တစ်အောင့်ခန့်ကြာမှ သူသည် လေသံတိုးတိုးဖြင့် ဆိုလိုက်၏။

" မင်းပြောတာအမှန်ပဲ။ ဒီနေရာမှာ အချုပ်အနှောင်တွေ ရှိနေတာ။ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတွေ အထဲကို ဝင်ခွင့်မရှိတာတော့မဟုတ်ဘူး။ ဒါပေမဲ့ အထဲကို ရောက်သွားရင် အလွယ်တကူ လှုပ်ရှားလို့ရမှာ မဟုတ်တော့ဘူး "

" အဲတာကြောင့်မလို့လည်း... အဆုံးမဲ့မျိုးနွယ်စုက အင်အားကြီး အဖွဲ့အစည်းတစ်သောင်း သူတို့ရဲ့ ပါရမီရှင်တွေကို ဒီနေရာဆီ စေလွှတ်ပြီး အထူးအခွင့်အရေးတွေ ရယူခိုင်းတာကို အပေါ်ယံမှာ မကြည်ဖြူတဲ့ပုံ ပေါက်နေပေမဲ့... တကယ့်လက်တွေ့မှာတော့ သူတို့က အခုလိုဖြစ်လာတာကို သဘောကျနေကြတာပဲ "

" ဘာလို့လဲဆိုရင် အထဲကို ဝင်သွားတဲ့လူတွေ ပိုများလာလေလေ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲမှာ ရှိနေတဲ့ ကံကြမ္မာစွမ်းအားတွေက ပိုပြီးတော့ ရှုပ်ထွေးလာလေလေ ဖြစ်နေမှာမလို့ပဲ။ အဲဒီ ကံကြမ္မာစွမ်းအားတွေ ထိန်းမနိုင်သိမ်းမရတော့တဲ့အထိ ရှုပ်ထွေးသွားမယ်ဆိုရင် သူတို့ရဲ့ ယဇ်ပူဇော်မှုလုပ်ငန်းစဉ်က ပိုပြီးတော့ အဆင်ပြေချောမွေ့သွားမှာလေ "

" ဒါပေမဲ့ ဒီ နေရာမှာ အသက်အန္တရာယ်တွေနဲ့လည်း ကြုံရနိုင်တာမလို့ အဆုံးမဲ့မျိုးနွယ်စုက တခြား အင်အားကြီး အဖွဲ့အစည်းတွေကို မဖိတ်ကြားခဲ့ဘဲ စိတ်မပါလက်မပါနဲ့ လက်ခံလိုက်ရတဲ့ ပုံစံပေါက်အောင် လုပ်ခဲ့တာပဲ။ အဲတာမှ ဒီ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲမှာ အင်အားကြီးအဖွဲ့အစည်းတွေရဲ့ ပါရမီရှင်တွေ အလုံးအရင်း သေသွားရင်တောင် အဆုံးမဲ့မျိုးနွယ်စုနဲ့ ဘာမှပတ်သက်နေမှာ မဟုတ်တော့ဘူးလေ။

" အင်အားကြီးအဖွဲ့အစည်းတွေကလည်း သူငယ်နှပ်စားတွေမှ မဟုတ်ဘဲ။ အဲတာမလို့ သူတို့ကလည်း အဲဒီအချက်ကို သိထားကြပြီးသား။ ဒါပေမဲ့ ဒီအခွင့်အရေးကြီးတွေက ရှားပါး အခွင့်အရေးကြီးတွေမလို့ လက်လွှတ်လိုက်ရရင် နှမြောစရာကြီးလေ။ အဲတာမလို့လည်း အခုလို အခြေအနေကို ရောက်လာတာပဲ " မီးတောက်ခေါင်းဆောင်ကြီးမှာ အင်အားကြီးအဖွဲ့အစည်းတစ်သောင်း ဤနေရာ၌ လာရောက်စုဝေးနေကြသည့် အကြောင်းရင်းအား ရှင်းပြလိုက်၏။

" ကံကြမ္မာစွမ်းအား ဟုတ်လား " ဝမ်ပေါင်လဲ့မှာ ထိုစကားကို ကြားလိုက်ရသောအခါ ဆွံ့အမှင်တက်သွားပြီး မီးတောက်ခေါင်းဆောင်ကြီးအား စိုက်ကြည့်လိုက်၏။

" အဆုံးမဲ့မျိုးနွယ်စုရဲ့ ရည်ရွယ်ချက်က ဘာလို့ မင်းထင်လဲ " မီးတောက်ခေါင်းဆောင်ကြီးမှာမူ ရယ်မောကာ မေးလိုက်သည်။

" လခြမ်းနတ်ဧကရာဇ်ကြီးကို ကယ်ဖို့မဟုတ်တာတော့ သေချာတယ်။ အဲလို ကယ်နိုင်ဖို့က အရမ်းခက်တယ်လေ။ နတ်ဧကရာဇ်ရွှမ်ဟွား တိုက်ပွဲထဲကို ဝင်သွားမှရမှာ။ ဒါပေမဲ့ သူ သွားရဲပါ့မလား။ အဲတာမလို့ သူတို့ရဲ့ ရည်ရွယ်ချက်အစစ်အမှန်က လခြမ်းနတ်ဧကရာဇ်ကြီးရဲ့ သေဆုံးမှုကို သူတို့အတွက် တန်ဖိုးရှိအောင်နဲ့ အဓိပ္ပါယ်ရှိအောင် လုပ်ဖို့ပဲ "

" ဥပမာပြရရင်... သူ့ကိုယ်သူ ဖောက်ခွဲပစ်တာမျိုးပေါ့ " မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုသို့ ဆိုလိုက်ပြီးနောက် မျက်လုံးများ မှေးသွား၏။ ဝမ်ပေါင်လဲ့မှာမူ မျက်နှာအမူအရာ တည်ကြည်နေသည်။

" ပြီးတော့... အဆုံးမဲ့မျိုးနွယ်စုက ချန်ရှင်းကို ကြောက်နေရတာဆိုပေမယ့် သူ့ကို သတိထားနေရတဲ့ အဆင့်ထက် မပိုပါဘူး။ သူ ဘယ်လောက်ပဲ အစွမ်းထက်ထက် သူတစ်ယောက်ပဲ ရှိတာလေ။ ဒါပေမဲ့ လက်ရှိမှာ အခြေအနေတွေက ပြောင်းလဲသွားပြီ။ အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအိုက အသက်ပြန်ဝင်လာတာ "

" မင်း စောစောတုန်းက မြင်လိုက်ရတဲ့ အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးတွေထဲက ထွက်လာတဲ့ မီးခိုးငွေ့တွေက အဆင့်မြင့်ပစ္စည်းတွေ။ အဲတာ အဆုံးမဲ့ မိုးကောင်ကင်တာအိုရဲ့ စွမ်းအားတွေပဲ။ သူတို့က အဆုံးမဲ့မိုးကောင်းကင်တာအိုကို အသုံးပြုပြီး အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအိုကို ဖိနှိပ်ချုပ်တည်းဖို့ ကြိုးစားနေကြတာ "

" အဲတာမှ သူတို့က လခြမ်းနတ်ဧကရာဇ်ကြီးကို ကူညီပေးနိုင်မယ့်အပြင် သူလည်း သေရေရှင်ရေး အခြေအနေတစ်ခုကို ရောက်သွားတဲ့အချိန်မှာ သူ့ကိုယ်သူ ဖောက်ခွဲပစ်နိုင်စွမ်း ရှိနေမှာ။ ပြီးတော့ အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအို ပြန်ပြီးတော့ အသက်ဝင်မလာအောင်လည်း တားဆီးနိုင်ဦးမှာ။ အဲဒီအပြင်... ချန်ရှင်းကိုပါ ဒဏ်ရာအပြင်းအထန်ရသွားအောင် လုပ်ရင်လုပ်နိုင်လောက်တယ် "

" ဒါပေမဲ့... ငါကတော့ ချန်ရှင်းက ငါတို့ကို လှည့်စားနေတာလို့ ခံစားနေရတုန်းပဲ " မီးတောက်ခေါင်းဆောင်ကြီး ထိုသို့ ရေရွတ်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် အတွေးများထဲ၌ နစ်မျောသွား၏။ သူ၏ အသိစိတ်မှာ မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အစွန်အဖျားပိုင်းတွင် တစ်ခဏမျှ ငြိမ်သက်နေသည်။ ထို့နောက် သူသည် သူ၏ အသိစိတ်အား ပြန်လည်ရုပ်သိမ်းရန် ပြင်လိုက်စဉ်မှာပင် မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အတွင်းပိုင်းထဲမှ တစ်စုံတစ်ခုမှာ သူ့အား ဆင့်ခေါ်နေသည့်အလား ခံစားလိုက်ရသည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် မျက်ဝန်းများ အရောင်တောက်ပသွား၏။ ထို့နောက် သူသည် သူ၏ အသိစိတ်အား ပြန်လည်ရုပ်သိမ်းခြင်းမရှိဘဲ ရှေ့သို့ ဆက်၍ ဖြန့်ကြက်လိုက်သည်။ မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုအချက်အား သတိထားမိလိုက်သည့်တိုင်အောင် သူ့အား တားဆီးနေခြင်းမရှိပေ။

ခဏအကြာတွင် သူ၏ အသိစိတ်မှာ မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အစွန်းအထိ ရောက်ရှိသွား၏။ သို့သော် ၎င်းအား ကူညီထောက်ပံ့ပေးထားသည့် အပြင်ခန္ဓာကိုယ်တစ်ခု မရှိသောကြောင့် ၎င်းအား ရှေ့သို့ ဆက်လက်ဆန့်ထုတ်နိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းနေပြီဖြစ်သည်။ သူသည် ပေထောင်ဂဏန်းအနည်းငယ်မျှသာ ဆန့်ထုတ်နိုင်ခဲ့သည့်တိုင်အောင် လုံလောက်ပေသည်။

သူ၏ အသိစိတ် ပေထောင်ဂဏန်းအနည်းငယ်ခန့် ရှေ့သို့ တိုးသွားသည်နှင့် သူ၏ နှလုံးသားထဲ၌ ပေါ်ပေါက်လာသည့် ဆင့်ခေါ်ခံနေရသည့် ခံစားချက်ကြီးမှာ ပို၍ အားကောင်းလာသည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့ ရင်ရင်းနှီးနှီး ကြားဖူးနေသည့် စကားသံတစ်သံမှာ သူ၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားတော့သည်။

" လာ... ဂိုဏ်းတူညီလေး။ အစ်ကို့ဆီ လာ "

ထိုအခါ ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ် ထပ်၍ မျက်ဝန်းများ အရောင်တောက်ပသွားပြီး မီးတောက်ခေါင်းဆောင်ကြီးအား ကြည့်လိုက်၏။

" မင်း သွားချင်ရင် သွားပါ " မီးတောက်ခေါင်းဆောင်ကြီးမှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးမှ ပြုံးကာ ဆိုလိုက်သည်။

" ဘာမှ စိတ်မပူနဲ့။ တစ်ခုခုလွဲနေပြီလို့ ခံစားရတာနဲ့ ငါ မင်းကိုပေးထားတဲ့ သစ်ရွက်ကို မီးရှို့လိုက်။ ငါ ဒီနေရာမှာရှိနေသ၍ မင်း ဘေးကင်းလုံခြုံနေဖို့ အာမခံပါတယ် " မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုသို့ဆိုကာ ဝမ်ပေါင်လဲ့၏ ဦးခေါင်းအား လက်ဖြင့်ပွတ်လိုက်၏။

" ကျေးဇူးအများကြီးတင်ပါတယ်ဆရာ " ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ နွေးခနဲဖြစ်သွားပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ မီးတောက်ခေါင်းဆောင်ကြီးအား အရိုအသေပေးလိုက်သည်။ ထို့နောက် သူသည် လှစ်ခနဲလှုပ်ရှားလိုက်ပြီး မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲသို့ ပြေးဝင်သွား၏။ သူ၏ နောက်တွင်မူ ရှဲ့ဟေးရန်မှာ တစ်ခဏမျှ ချီတုံချတုံဖြစ်နေသည်။ နောက်ဆုံးတွင် သူသည် ဝမ်ပေါင်လဲ့၏ နောက်သို့ လိုက်သွားခြင်းမရှိဘဲ စကားတစ်ခွန်းသာ လှမ်းပြောလိုက်သည်။

" ဦးလေးဆရာ။ ကျွန်တော့်အဖေရဲ့ ကောင်းကြောင်းလေးတွေကို ပြောပြပေးဖို့ မမေ့နဲ့ဦးနော် "

ထိုအခါ ဝမ်ပေါင်လဲ့မှာ ရယ်မောလိုက်ပြီးနောက် မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲသို့ ဝင်ရောက်သွားလိုက်၏။ သူ အထဲသို့ဝင်သွားသည်နှင့် ထို အာကာသကောင်းကင်ကြီး၏ အနက်ရှိုင်းဆုံးနေရာတွင် ဧရာမ မီးဖိုကြီးကိုးလုံး ပေါ်ပေါက်လာသည်။

ထို မီးဖိုကိုးလုံးထဲမှ ရှစ်လုံးမှာ အလယ်တွင် ရှိနေသည့် တစ်လုံးအား ဝိုင်းထား၏။ အလယ်ဗဟိုရှိ မီးဖိုထဲတွင်မူ ကမ္ဘာကြီးတစ်ခု ရှိနေသည့်ပုံပင်။ ထိုကမ္ဘာကြီးထဲတွင် အဖြူရောင်ဝတ်ရုံများ ဆင်မြန်းထားသည့် ဆံပင်ရှည်ရှည်နှင့် လူငယ်လေးတစ်ယောက်မှာ သူ၏ လက်ထဲ၌ အရက်ပုလင်းတစ်လုံးကို ကိုင်ထား၏။ အစိမ်းရောင် သစ်သားဓားပျံတစ်လက်မှာ သူ၏ ပတ်ပတ်လည်တွင် ရစ်ဝဲနေသည်။ ထိုအချိန်တွင် သူသည် အရက်ပုလင်းအား မော့သောက်လိုက်ပြီး အဝေးသို့ လှမ်းကြည့်ကာ ပြုံးလိုက်၏။

" ဂိုဏ်းတူညီလေး လာနေပြီပဲ "

သူ ထိုသို့ ဆိုလိုက်ချိန်တွင် ထိုကမ္ဘာကြီးထဲရှိ ခပ်လှမ်းလှမ်းတစ်နေရာမှ စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းသံတစ်သံ ထွက်ပေါ်လာသည်။ ထို အော်သံကြီး ထွက်ပေါ်လာသည့် နေရာတွင် အနက်ရောင်မြူခိုးများ ပျံ့လွင့်နေပြီး ဧရာမ အဆုံးမဲ့မျိုးနွယ်စုဝင်ကြီးတစ်ယောက်၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းထားသည်ကို မြင်နိုင်သည်။ ထို ခန္ဓာကိုယ်ကြီးမှာ အဆက်မပြတ် တိုက်စားခံနေရပြီး ယခုတွင် ၎င်း၏ အသွေးအသားများထဲမှ သုံးဆယ်ရာခိုင်နှုန်းသာ ကျန်ရှိတော့ပေသည်။

" ချန်ရှင်း။ ငါ့ကို သတ်လိုက်ပါ။ သတ်လိုက်ပါတော့ "

" လောနေစရာမလိုပါဘူး " ချန်ရှင်းမှာမူ ပြုံးကာ ပြန်ပြောလိုက်ပြီးနောက် သူ၏ အရက်ပုလင်းအား နောက်ထပ်တစ်ကြိမ် ထပ်၍ မော့သောက်လိုက်ပြန်သည်။

All Chapters